Thursday, 24 November 2011

ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ၀န်ကြီးကလင်တန် မြန်မာပြည် သွားမည်




အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ထိစပ်ဆက်ဆံရေး မူဝါဒသစ်အရ နိုင်ငံခြားရေး ၀န်ကြီးကလင်တန်ဟာ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်အတွင်းမှာ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်တွေတင်မကဘဲ လူမှုအခြေပြုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား လူနည်းစုခေါင်းဆောင်တွေကိုလည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုရော ရန်ကုန်ကိုပါ သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်ကို မြန်မာပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဖြစ်လာအောင် တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
“ဒီခရီးစဉ်ဟာ ရာစုနှစ်ဝက်အတွင်း အမရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်တာမို့ သမိုင်းဝင်မယ့်ခရီးစဉ်ဖြစ်ပါတယ်။ မြန်မာအပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်လမ်းသွားမူဝါဒရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ထိစပ်ဆက်ဆံရေး မူဝါဒကိုလည်း ကျင့်သုံးသွားမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ ဒီခရီးစဉ်အတွင်း အလေးအနက်ထား ပြောသွားမှာဖြစ်ပါတယ်။
မကြာခင်က မျက်မြင်တွေ့လာရတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီးတော့ နောက်ထပ် အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင်နဲ့ ဒီတိုးတက်မှုတွေအပေါ် အမေရိကန်ဘက်က အားဖြည့် ကူညီနိုင်ဖို့ ကိစ္စတွေကို ပြောဆို ဆွေးနွေးသွားမှာဖြစ်ပါတယ်”
အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦး ပြောသွားတာပါ။ ခရီးစဉ်အတွင်း နေပြည်တော်မှာတော့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိသလို ရန်ကုန်မှာတော့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အခြား တိုင်းရင်းသား လူနည်းစုအဖွဲ့တွေနဲ့ လူမှုအခြေပြုအဖွဲ့တွေကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
“မတူကွဲပြားတဲ့ လူမှုအခြေပြုအဖွဲ့တွေ တိုင်းရင်းသားလူနည်းစုအဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ပေါ်မှုတွေအပေါ် သူတို့ရဲ့ အမြင်သဘောထားတွေကို ရယူသွားမှာပါ။ ဥပဒေအကြံပေး Cheryl Mills လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell နဲ့ မူဝါဒရေးဆွဲရေးညွန်ကြားရေးမှူး Jake Sullivan တို့လည်း ပါသွားမှာဖြစ်ပါတယ်”
အခု နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ ခရီးစဉ်ကို မြန်မာအစိုးရက ကြိုဆိုထားပါတယ်။ မြန်မာ အစိုးရသစ်ဘက်က အပြောင်းအလဲအချို့လုပ်လာပြီးတဲ့နောက် အမေရိကန်ဘက်ကလည်း မြန်မာနဲ့ ပိုပြီး ထိစပ်လာတဲ့ အမေရိကန် မြန်မာဆက်ဆံရေးသစ် ဖြစ်လာတယ်လို့ ပြောရမှာပါ။
အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် မြန်မာ့အရေးလေ့လာသူ ပါမောက္ခ David Steinberg ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာဘက်က အပြောင်းအလဲတွေကို အခုလို ချီးကျူးတာထက် ပိုပြီး တုံ့ပြန်အရေးယူဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအပြောင်းအလဲတွေကို အသိအမှတ်ပြုသင့်ပါတယ်။ နှုတ်အားဖြင့်တော့ လုပ်ထားပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒါကို အသိအမှတ်ပြုရုံတင် မဟုတ်ဘဲ နှစ်ဘက်ဆက်ဆံရေး ပိုကောင်းလာဖို့ ကျနော်တို့ဘက်က အလေးအနက်ရှိနေတယ် ဆိုတာကို ပြဖို့ တစုံတရာ သိမ်သိမ်မွေ့မွေ့ ပြောဆို ဆောင်ရွက်ရပါမယ်”
အမေရိကန်ပြည်ထောင်စုအနေနဲ့ မူဝါဒသစ် ကျင့်သုံးတဲ့နေရာမှာ အရင်တုန်းကရှိတဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း ဆက်ကိုင်ထားဆဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနကတော့ ဒီ အရေးယူမှုတွေ ရုပ်သိမ်းရမယ့်၊ သုံးသပ်ရမယ့် အဆင့်မရောက်သေးဘူးလို့ ယူဆပါတယ်။ ဒီ ဒဏ်ခတ်မှုတွေကို အရေးယူဖို့ဆိုတာလည်း အိုဘားမားအစိုးရအနေနဲ့ သူချည်းလုပ်လို့ရတာမဟုတ်ဘဲ လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက် ယူရမှာပါ။ အမေရိကန်လွှတ်တော်ဘက်က ဒီ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ဆိုတာ အခုအချိန် မဖြစ်နိုင်သေးဘူးလို့ ပါမောက္ခ Steinberg က ယူဆပါတယ်။ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ အခုအခြေအနေထက် လုပ်နိုင်တာတွေတော့ ရှိတယ်လို့ သူက ပြောပါတယ်။
“ကမ္ဘာဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ မြန်မာပြည်ကိုသွားပြီး အခြေအနေတွေကို လေ့လာမယ် ဆိုရင် အမေရိကန်ပြည်ထောင်စုဘက်က ကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ပွင့်လင်းမြင်သာမှုနဲ့ အုပ်ချုပ်မှုကောင်းတွေရှိဖို့ဆိုတဲ့ ဘဏ်တွေရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို မြန်မာပြည်ဘက်က ပြည့်မှီမယ်ဆိုရင် အကူအညီအထောက်အပံ့အချို့ပေးဖို့ စဉ်းစားဆုံးဖြတ်ခွင့် ပြုသင့်ပါပြီ”
အခုလို အမေရိကန်ဘက်က မြန်မာနိုင်ငံနဲ့ဆက်ဆံရေးသစ် ထူထောင်လာတဲ့ကိစ္စမှာ မြန်မာနိုင်ငံ ဘက်က အပြောင်းအလဲအချို့ မြင်လာရတာပါသလို ဒေသတွင်း အခြေအနေကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာနဲ့ အတော်လေးနီးစပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဒေသတွင်းသြဇာကို ဟန်ချက်ထိန်းနိုင်အောင်ဖြစ်တယ်လို့ ဆိုပါတယ်။

Labels:

“ဒွေး” ပြောတဲ့ “ပညာရှင်ဆိုတာ”


 
 


ဒေါက်တာထွန်းလွင် (MCCW)

ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။

တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။


လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။


ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။

ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။

အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။

ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။

နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။

ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။

ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။

နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။

ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။

သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။

ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။

ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။

Labels:

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး



  • ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
မြန်မာလို့ သိကြတဲ့ လူမျိုးတစ်မျိုး စပြီးပေါ်လာရပုံကို အချိန်ရရင် ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့လာဖို့ လိုတယ်လို့လည်း ထင်ပါတယ်။

မြန်မာတွေ ပြောနေကြတာတော့ ကြာပါပြီ။ “မြန်မာအစ တကောင်းက” တို့၊ “မြန်မာအစ ကျောက်ဆည်က” တို့။ တချို့ကလည်း ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။

တိတိကျကျ၊ သေသေချာချာ သိချင်စိတ်နဲ့ မြန်မာရယ်လို့ ဖြစ်လာမယ့် မြန်မာအစကို လေ့လာမယ်ဆိုရင် အချိန်ယူပြီး အသေးစိတ်လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက် အချိန်လည်း တော်တော်လေး ပေးရပါတယ်။ စာအုပ်တွေ ဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။


မိမိ မကြာခဏ ရေးခဲ့ပါတယ်။ သမိုင်းကို ပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးနဲ့ ပတ်သက်နေတာမို့ အတိမ်းအစောင်း မခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှား တာတွေကတော့ ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်တွေခေတ်ကနဲ့၊ အရင်က ပညာရှင် တချို့ ပြုစုခဲ့ကြတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ၊ ကျမ်းတွေမှာ တွေ့နေရတော့ မိမိရေးသားပြုစုတဲ့ အကြောင်းအရာ မှန်ကန်နိုင်ဖို့ဆိုတာကလည်း အချိန်ယူလေ့လာဖို့ လိုသလို ဖြစ်နိုင်၊ မဖြစ်နိုင် နှိုင်းချိန်နိုင်တဲ့ စိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။

ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့ မြေပုံစာတို့ ဆိုတာတွေကလည်း သမိုင်းမှန်ဖြစ်ဖို့ အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ ၁၉၁၁ ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာလိုကျောက်စာတွေကို ပိုအလေးထားပြီး သမိုင်းမှန်ကို ရှာလာကြပါတယ်။

ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅) ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်က စပြီး ဒီဘက် ပုဂံပျက်တဲ့ အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကို စတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း (၄၁) ဆက် ကိုတော့၊ အဲ့ဒီမင်းတွေအားလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေ နည်းလွန်းသလို အချို့မင်းတွေရဲ့ အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ (၃) ဆက်မြောက် မင်းဖြစ်တဲ့ ပျုစောထီးကို နေနတ်သားနဲ့ နဂါးမတို့က မွေးတယ် ဆိုတာမျိုးပေါ့။

ဒါပေမယ့်. . .
ပုဂံတည်တာကို ရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉) ရွာနဲ့ စပြီးတည်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီ အရင်ရှိခဲ့တဲ့ နိုင်ငံတွေကတော့ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ ဆိုတဲ့ ပျုနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ပျုခေတ်က စောပါတယ်။

ဒီနေရာမှာ ပျုနိုင်ငံတွေ အကြောင်းလဲ ရေးချင်ပါတယ်။ ပျုလူမျိုးတွေရဲ့ အစ၊ ပျုလူမျိုးတွေ ဘယ်ကလာသလဲဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့ရတာကတော့ ပျုတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ်စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့် သူတွေထက်စောပြီး ခရစ်မပေါ်မီ (၅) ရာစု နှစ်လောက်ကစလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။







သူတို့ဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ ပျုနိုင်ငံတွေကို တည်ထောင်ခဲ့ပါတယ်။ ပျုဘုရင်မ ဖြစ်တဲ့ ဗိဿနိုးက ပန်ထွာ ဘုရင်မနဲ့ သရေခေတ္တရာက ပျုဘုရင် ဒွတ္တဘောင်ကိုတော့ သမိုင်းလေ့လာသူ တော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျုမင်းတွေတည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရာကြီး၊ ဘုရားမာ စတဲ့ ပျုဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်ရှားရှိနေပါတယ်။

ပျုတွေအကြောင်းကို လေ့လာတော့ ပန်ထွာဘုရင်မ စိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုး ပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂) မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက် လုယက်ဖျက်ဆီးလို့ သရေခေတ္တရာ ပျက်သွားရတယ်။ အဲဒီမှာ ပျုခေတ်ဟာလည်း ကုန်ဆုံးသွားရတယ်။

ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေက ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကိုလည်း အရင်က ပညာရှင်တွေ လက်ခံခဲ့တာကို ရေးပါ့မယ်။

မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်က ဝင်လာတဲ့ ပျုတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာရှိတဲ့ တိဗက်နယ်စပ်ကနေ အရှေ့တောင်ဘက်ကို ဆင်းလာကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ခရစ်မပေါ်မီ (၄) ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ်တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကို ပြောင်းပြီး ရွာတည်နေကြတာ လူဦးရေကလည်း များလာပါတယ်။ နေထိုင်လုပ်ကိုင် စားသောက်ကြရတာ အဆင်ပြေကြတဲ့အတွက် လူဦးရေက ယန်ဇီ (Yantze) မြစ်ကို ကူးပြီး ယူနန် (Yunan) အရှေ့မြောက်ပိုင်းထိအောင် ရောက်ရှိပြီး တိုးပွားများပြားလာပါတယ်။

အဲဒီလို လူဦးရေတိုးပွားလာတဲ့ အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနိးဝန်ကျင်နိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလုယက်ကြတယ်။ ရှေ့မှာ မိမိရေးခဲ့သလို ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာဟာလည်း သူတို့လက်ချက်နဲ့ ပျက်စီးရပြီး ပျုနိုင်ငံ ပျောက်ကွယ်ခဲ့ရတယ်လို့ ဆိုတယ်။

တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ ပတ်သက်ပြီး ဆက်ရေးရရင် လူဦးရေတိုးတက်များပြားပြီး ယူနန်အရှေ့မြောက်ပိုင်းအထိ ရောက်ရှိလာတဲ့ တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေနဲ့ တွေ့ပြီး နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာလည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုတယ်။

ဒီလိုနဲ့ (၉) ရာစုနှစ် နှောင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ နန်ကျောင်တွေတန်ခိုးအင်အား ယုတ်လျော့လာကြပြီ ဖြစ်တဲ့အတွက် တိဗက်မြန်မာအနွယ်တွေဟာ နန်ကျောင်တွေနဲ့ လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီသို့ ရွှေ့ပြောင်းပြီးလာခဲ့ကြတယ်။

ဦးဆုံးရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူးနယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ ဆိုကြတဲ့ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့ စလင်းနယ်တွေမှာပါ နေထိုင်လာကြတယ်။

အဲဒီနောက် ဒီနယ်တွေနဲ့ ဆက်သွယ်လို့ လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီ မြစ်ရှိတဲ့၊ အားလုံးရဲ့ အလယ်ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊ အုပ်ချုပ်သူအကြီးအကဲ မင်းရှိတဲ့ပြည်အဖြစ် သတ်မှတ်ပြီး နိုင်ငံသစ်ကို တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိ ခဲ့ရပါတယ်။

ဒါပေမယ့်...
ဒီဘက် (၂၀၀၀) ခုနှစ် ဝန်းကျင်မှာတော့ အခုလေ့လာတွေ့ရှိ ကောက်ချက်ချခဲ့တာတွေကို မှန်တယ်လို့ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါပြီ။

ပျုလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့ အစဟာ ခေတ်သစ်သမိုင်းပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတဲ့ တိဗက်နယ်စပ်က လာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေဆိုတာလည်း လက်ခံလို့ မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ်လာမယ့် မြန်မာမြေထဲမှာ ပထမဆုံး ပျုနိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ ပျုလူမျိုးတွေဟာ တခြားကလာခဲ့ကြတဲ့ လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေ စပြီးပေါ်လာတဲ့ ကျောက်ခေတ်နဲ့ ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ကျောက်ခေတ်ဦး လူသားတွေကစပြီး အစဉ်အဆက် နေထိုင်လာရာကနေ ပျုတွေဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့ လက်ခံနေကြရပြီ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းကြတာ မတွေ့ရပါဘူး။

အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း (၄၀) လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ်သတ္တဝါတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရာနေရာက ပုံတောင်ပုံညာဒေသဖြစ်ပါတယ်။ အဲဒီ ပုံတောင်ပုံညာဒေသက တွေ့ရှိတဲ့ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံတကာမှ ပညာရှင်တွေက ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း (၄၀)လောက် ရှိပြီဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာဂ်မြို့၊ ကာနက်ဂီ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Synposium, USA) ဆွေးနွေးပွဲမှာ တက်ရောက်လာခဲ့ကြတဲ့ ပညာရှင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။

ပညာရှင်တွေဟာ မြန်မာမြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ အဲဒီကျောက်ခေတ်မှာ သုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။

ကျောက်လက်နက်ကိရိယာတွေကိုတော့ အထက်အညာဒေသဖြစ်တဲ့ မကွေး (ချင်းမအောင်ကုန်း)၊ ချောက်၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရား အရှေ့ဘက်ဒေသ၊ မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ (ဝက်ဆိုးကုန်း)၊ ဝိုင်းတောင်ကြီးရွာ (ထောက်မကုန်း)၊ ကနီမြို့နယ် အိုင်တောင်ရွာ (သူဌေးကုန်း)၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ (ကြက်မြုံကုန်း)၊ ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း) နဲ့ မုံရွာမြို့နယ် လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိရာမှာ လူသိများတာကတော့ နွယ်ခွေလူသားကျောက်ဖြစ်ရုပ်ကြွင်းပဲဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာအနီးရှိ ယာကွက်ထဲက တွေ့ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြတ်လျှောက်သွားရင်း ခလုတ်တိုက်မိလို့ ငုတ်နဲ့ တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ်မဟုတ်ပဲ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုးက အပေါ်မေးရိုးဖြစ်ပြီး အံသွားတစ်ချောင်းနဲ့ ရှေ့သွား တစ်ချောင်းပါတာကို တွေ့ရပါတယ်။ ဒီမေးရိုးနဲ့ သွားတွေကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက်တဲ့ အခါ မေးရိုးဟာ အနည်းဆုံး နှစ် (၂) သိန်း သက်တမ်းရှိပြီ ဖြစ်တဲ့ မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။

မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိ ရပါတယ်။ ပြဒါးလင်းဂူရဲ့ နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူသားတွေရဲ့ ဓလေ့အတိုင်း ရေးဆွဲထားတဲ့ ပန်ချီပုံတွေ တွေ့ရပြီး၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် (၂၅၀၀၀) လောက်က ပန်ချီလက်ရာတွေလို့ ခန့်မှန်းခဲ့ကြပါတယ်။

မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်းကာလတွေမှာသာ မကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့တယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။

ကြေးခေတ်အထောက်အထားတွေ ဖြစ်တဲ့ ကြေးလက်နက်ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုးကြာရွာ၊ မထုံချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ်။

ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေသနဲ့ နှောကန်ဒေသ၊ တောင်သာမြို့နယ် အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းဒေသတွေမှာ တွေ့ရှိခဲ့ပါတယ်။ ညောင်ကန်ဒေသမှာ မန္တလေး ရှေးဟောင်းသုတေသနက တူးဖော်ရရှိခဲ့ရာမှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊ ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃) ခု တွေ့ခဲ့ရပါတယ်။

ဟန်လင်းဒေသတဝိုက်မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျုစာပါရှိတဲ့ တံဆိပ်တုံးတွေ၊ ပျုအရိုးအိုးတွေ လက်စင်းရာပါ အုတ်ချပ်တွေ၊ ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင်ပါ မြေ ဆီမီးခွက်တွေနဲ့ အိုးပုံစံအမျိုးမျိုးကို တွေ့ရတဲ့အတွက် ဒီဒေသဟာ ကျောက်ခေတ်က စပြီး ပျုတွေနေထိုင်ကြတဲ့ ပျုခေတ်အထိ အစဉ်တစိုက် နေထိုင်လာခဲ့ကြတဲ့ ဒေသတခုဖြစ်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။










ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချတာကတော့ ပျုတွေဟာ မြန်မာမြေထဲကို တခြားဒေသတွေကနေ ဝင်ရောက်လာပြီး အခြေချနေထိုင်ကာ မြို့ပြနိုင်ငံတည်ထောင်လာကြသူတွေ မဟုတ်ပဲ ကျောက်ခေတ်ကတည်းက နေထိုင်လာကြတဲ့ အမျိုးအနွယ်တွေ ဖြစ်ကြောင်း၊ အဲဒိကမှ မြို့ပြနိုင်ငံပေါ်ထွန်းခဲ့တဲ့ ခေတ်အထိ ယဉ်ကျေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေထိုင် လာခဲ့သူတွေ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာဆိုတာလည်း တခြားဒေသတွေကနေလာရောက်တဲ့ သူတွေမဟုတ်ဘဲ ပျုတွေရဲ့ အနွယ်ဘဲဖြစ်ကြောင်း၊ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာ ပျက်ပြီးတဲနောက်မှာမှ ပျုရွာ (၁၉) ရွာနဲ့ စပြီး ပုဂံမှာ မြို့တည်ကာ ပုဂံမှာမှ မြန်မာဖြစ်လာတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့ လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျုတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာဘုရင်မနဲ့ အရင်ဘဝက မောင်နှမ တော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးထောင့်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံး၊ မြောင်းတွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်းတယ် ဆိုတာမျိုးတို့၊ သာသနာသက္ကရာဇ် (၁၀၁) ခုနှစ်မှာ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမေသူရ ဆိုတဲ့ သူမြတ် (၇) ဥိးတို့က မြို့အင်္ဂါ (၇) ပါး တို့နဲ့ ပြည့်စုံတဲ့ သရေခေတ္တရာကို တည်ခဲ့တယ် ဆိုတာမျိုးတို့ အရင်က စာအုပ်တွေမှာ ဖတ်ခဲ့ရတယ်ဆိုရုံလောက်နဲ့ ဒီကနေ့ လက်တွေ့ကျတဲ သိပံ္ပခေတ်မှာ အမှန်လို့ ယူမှတ်ပြီး တရားသေကိုင်စွဲထားလို့ မရတော့ပါဘူး။ သုတေသနပြုနေကြတဲ့ ပညာရှင်တွေ ကိုယ်တိုင်လည်း ဘာကိုမှ ပုံသေကားချပ်မသတ်မှပဲ သုတေသနအထောက်အထားတွေ ပိုပြီးခိုင်လုံရင် ခိုင်လုံနေသလို မိမိတို့ရဲ့ နှိုင်းချိန်တွေးဆချက်တွေ ကို ပြောင်းသင့်က ပြောင်းရတဲ့အကြောင်း ရေးလိုက်ပါရစေ။



Labels:

Wednesday, 23 November 2011

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)

  • ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လား ဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာ တစ်ခုပါ။ ဘဝဖြတ်သန်းမှု ဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့ အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီး ရှိပါတယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း လွတ်လပ်စွာ တွေးပြီး လွတ်လပ်စွာ ရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင်ပါတယ်။


ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာ ပြနေတဲ့ ကိုရီးယားဇာတ်ကားတွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရော အရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တု တစ်အုပ် ရေးနိုင်တဲ့သူတွေ ရှိပါတယ်။ ငွေရပြီးစတမ်း ဘာရေးရမလဲ ဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင် ရေးနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ် အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ရေးသားဖို့၊ ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့ အကြောင်းအရာ အဖြစ်အပျက်ကို ပြုစုရမှာ ဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာ တာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့ လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်းတစ်ပါးရဲ့ အကြောင်းကို ပြုစုမယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာ စာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာ အလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင် မရေးနိုင်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူ မရှိပဲထားလို့ ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာမျိုးမို့ စေတနာနဲ့ ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်း မရပါ။ စာမျက်နှာတွေ များအောင်ဆိုပြီး ရှိတာထက် ပိုပြီး ချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါတယ်။ ရသဖွဲ့ သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်း ပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာ ဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန် မရေးပဲ လူပြိန်းကြိုက်ဆိုတာမျိုးတွေ ထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာ သွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။

ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာ ထားပါဦး။ အခုထိ သမိုင်းဆောင်းပါး အချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာ တွေ့နေရပါသေးတယ်။ တတိယအကြိမ် ပြန်ရိုက်ပြီး ရောင်းနေရတဲ့ ပုံဂံနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီး တည်တံ့အောင်၊ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ်တပါးဖြစ်တဲ့ မြန်မာတွေရဲ့ ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင် မှားပြီး ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက်နစ်နာလှပါတယ်။

အဲ့ဒါကတော့...

နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင်ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှ ရတဲ့ ရာဇတမန်အမတ်ရဲ့သား ဖြစ်တယ်။

နံပါတ် (၂) လူမျိုးအနေနဲ့ ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီက မွေးလို့ ရခိုင်မြန်မာလူမျိုးဖြစ်တယ်။

နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ အတွက် ကျန်စစ်သားက ကုလားကို မုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်း ဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။

အလွန်စိတ်မကောင်းစရာဖြစ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။

ရှင်းရရင်တော့...

နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့ သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ်ပါ။ ဦးကုလားရဲ့ မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီ မင်းသမီးနဲ့ လူသားမဟုတ်တဲ့ နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုးကလည်း နိုင်ငံတကာ လက်သင့်ခံတဲ့ သမိုင်းရှု့ထောင့်ကကြည့်ရင် ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာ မရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲ ပါတဲ့ နေနတ်သားနဲ့ နဂါးမဇံသီးက မွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက်မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့ မိခင် အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါရစေ။

နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုး ဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီ ဆိုတာက ဝေသာလီပြည် ရခိုင်ဘုရင်ရဲ့ သမီးတော် မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ ခေါ်တဲ့ နယ်နဲ့ ဘင်္ဂလားနယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသား ဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကို ကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့ သား ဆိုတာလည်း မဟုတ်နိုင်တော့ပါ။

နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေ ပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေ လက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် ကျန်စစ်သားက ရန်ခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ် ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။

တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေ ရေးတာတွေကို ဇာတ်ထုပ်ခင်းပြီး ကပြခဲ့ကြတာ စာရေးသူလည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန် လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီး တာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာ တစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်းလို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့ အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ်ထုပ်မှာ ကျန်စစ်သားကို အားလုံးက မုန်းကြတဲ့ ကုန်းရုပ်ကီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ်မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာ တင်ရေးတဲ့ ရသဖွဲ့ ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ ရပါတယ်။

စာရေးသူ အနေနဲ့ စာရေးသူတို့ရဲ့ နိုင်ငံသမိုင်းမှာ ထင်ရှားပြီး နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်းမြတ်တွေရဲ့ အကြောင်းကို ဓာတ်ပုံတွေ စုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာ ကြာပါပြီ။ အခမှပဲ ရေးဖြစ်ပါတော့တယ်။

သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက် ကနေ ရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့ လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါး ကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါး ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင် ဘိုးတော်ဘုရားနဲ့ မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲ ဖြစ်ပါတယ်။

ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်းမှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကို ဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှားတွေ ပါလာမှာ စိုးတဲ့အတွက် အချိန်ယူပြီး သတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာ ထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတမ္တဘောင်မင်းတို့ရဲ့ ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင်ငံတွေ မတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့ အကြောင်းကိုလည်း သုတေသနပြုကြတဲ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေနဲ့ အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစု ထားပါတယ်ဆိုတာကို ရေးလိုပါတယ်။



ဟိန်းဇေ

(အပိုင်း - ၂ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ) မကြာမီ ဆက်လက်တင်ပါမည်။

Labels:

Saturday, 19 November 2011

ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည်

 
အနှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ပြောဆိုအပြီးတွင် ဟီလာရီကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိုဘားမား ပြောကြား


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ဘာလီသို့ နိုဝင်ဘာ(၁၇) ရက်နေ့က ရောက်ရှိလာစဉ်

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် သည်  ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေ စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းဆုံးဖြတ်ချက်မချမီတွင် အိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်စကားပြောခဲ့ကြောင်း သိရသည်။ ဟီလာရီကလင်တန်နှင့် အတူ  ဘာလီတွင်ကျင်းပနေသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်လာသည့် အိုဘားမားက မြန်မာနိုင်ငံ တွင်ဖိနှိပ်မှုများနှစ်ပေါင်းများစွာ ကြုံ တွေ့ရပြီးသည့်နောက်ပိုင်း အစိုးရ သည် ပြောင်းလဲလာသည့်လက္ခဏာ များပြသလာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည်အရေးပါသော ခြေလှမ်းများဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကန့်သတ်မှုများ လျှော့ချခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

''ဒါတွေဟာ နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံမှာအပြောင်း အလဲဆီကိုလှမ်းတဲ့အရေးပါဆုံးခြေ လှမ်းတွေပါ။နောက်ထပ်လုပ်စရာ တွေအများကြီး လည်းရှိပါသေးတယ် '' ဟုအိုဘားမားကပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် အပြည့်အဝအသွင်ကူးပြောင်းရန် ပြင်ဆင်ထားခြင်းရှိ၊မရှိမှာ မရှင်း လင်းသေးကြောင်းအိုဘားမားက ပြောကြားခဲ့သည်။
သို့ရာတွင်  တောက်ပသောအနာဂတ်အတွက် ဖြစ်တန်စွမ်းများကို လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ''အမှောင်ကာလကိုနှစ်ပေါင်း များစွာဖြတ်သန်းပြီးတဲ့နောက် လွန် ခဲ့တဲ့ရက်သတ္တပတ်တွေမှာ တိုးတက် မှုရောင်စဉ်တန်းတွေကိုမြင်တွေ့ခဲ့ရ ပါတယ် ''ဟု အိုဘားမားက မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။ ယခုခရီးစဉ်သည် အမေရိကန်-မြန်မာဆက်ဆံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲ တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသူတို့ကသုံးသပ်သည်။
အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာနေလာပြီးနောက်ပိုင်း ရွေးကောက်ပွဲများကျင်းပပြီး  စစ်ဘက်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရသစ် တက်လာပြီးနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးဆောင်ရွက်မှုများ စတင်ပြုလုပ်လာခဲ့သည်။
ဟီလာရီကလင်တန်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင်တိုးတက်မှုရှိစေရေး အမေရိကန်က မည်သို့ကူညီနိုင်မည်ကို လေ့လာသွားမည်ဖြစ်သည် ဟု အမေရိကန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော အမေရိကန်မှအဆင့် အမြင့်ဆုံးပုဂ္ဂိုလ်မှာ မက်ဒလင်း အောဘရိုက် ဖြစ်ပြီး ၁၉၉၅ ခုနှစ် က အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာသံအမတ်အဖြစ်လာ ရောက်ခဲ့ခြင်း ဖြစ်သည်။မက်ဒလင်းကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ တွင်မှ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ထိုစဉ်က  အမေရိကန်သမ္မတ ဘီလ်ကလင် တန်ကခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံသို့လာရောက် စဉ်က သံအမတ်သာ ဖြစ်သေးသည်။

Labels:

ထူးဆန်းအံ့သြဖွယ်မြို့တော်

Labels:

`` ပုဂံ ´´

                        `` ပုဂံ ´´ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ဗဟိုချက်မ... မြန်မာတို့၏ ပြယုဂ်၊ မြန်မာနိုင်ငံ၏ အသည်းနှလုံး.... မြန်မာတို့၏
အမှတ်တံဆိပ်ဖြစ်သည်.......။
                         ပုဂံပြည်ကို နှစ်ပေါင်းထောင်ကျော်က မြန်မာမင်းများတည်ထောင်ခဲ့ကြသည်၊ မြန်မာနိုင်ငံသားများမှဝိုင်းဝန်းထိန်းသိမ်းခဲ့ကြသည်၊ မြန်မာတို...့ ကာကွယ်ခဲ့ကြသည်၊ မြန်မာတို့သာ ပိုင်ဆိုင်ပါသည်။
                         `` ကျွန်ုပ်တို့သည် ရပ်နေသည်ဖြစ်စေ၊ လဲလျောင်းနေသည်ဖြစ်စေ.... ကျွန်ုပ်တို့၏ အောက်တွင် အဘိုး၊ အဘွားတို့၏  အသွေးအသားများ မြှုပ်နှံထားခဲ့သည်´´   ဒီစကားလေးကို ပြောကြားခဲ့သူကတော့......     ဆရာမကြီး ဒေါက်တာမတင်ဝင်း ( ပညာရေးတက္ကသိုလ်) ဖြစ်ပါသည်။ ပြောကြားဖြစ်သော အကြောင်းအရာနှင့် ရက်စွဲတို့အား မမှတ်မိတော့ပါ... စကားလေးကိုသာ မှတ်မိနေပါသည်။
                           ပုဂံဆိုသည်မှာ  မြန်မာကြောင့်ဖြစ်သည်။ မြန်မာသည် ပုဂံကြောင့် ထည်ဝါခဲ့သည်။ နေ၀င်ဆည်းဆာအချိန်တွင်လည်း
ပုဂံသည် နူးညံ့နေသည်၊   အရုဏ်တက်ချိန်တွင်လည်း  ပုဂံတည် ထွန်းတောက်နေသည်၊   လရောင်အောက်တွင်လည်း ပုဂံသည် လှပနေ
သည်၊ လရောင်မဲ့သောညများတွင်လည်း ပုဂံသည် ခန့်ငြားနေသည်။

  ပုဂံတွင် ရာဇ၀င်ပေါင်းများစွာရှိသည်။  ဇာတ်လမ်းပေါင်းများစွာရှိသည်။ အတုယူစရာတွေရှိသည်၊  မှတ်သားစရာတွေ
ကျန်ရစ်သည်။   အမျှော်အမြင်တွေကိုတွေ့ရသည်။  စီမံခန့်ခွဲမှုတွေကို နားလည်ရသည်၊  ယဉ်ကျေးမှုတွေကို မြင်တွေ့ရသည်။   ပုဂံသည်
နူးညံ့လှပသည်။ စေတနာတွေကို နားလည်ရသည်။ မေတ္တာတရားကို ခံစားရသည်။  အထီးကျန်မှုတွေကိုလဲရယူနိုင်သည်၊  တက်ကြွခြင်း
တွေကိုလည်းဖြစ်ပေါ်စေသည်။ ပုဂံသည် ပုဂံနှင့်တူသဖြင့်သာ လှပနေပါသည်...........။
                          ပုဂံ၏  နေ၀င်ချိန်များကို  ထိုင်ကြည့်နေပါက ၀င်လုဆဲ  နေရောင်အောက်တွင် ခန့်ငြားထည်ဝါသော  စစ်သည်တော်
များ၊ ဆင်များ၊ မြင်းများ၊ တံခွန်များ၊ အရောင်တ၀င်းဝင်း ထွက်နေသော ဓါးလှံများကိုလည်း ပန်းပွါးတဖွါးဖွါးဖြင့်  တွေ့မြင်နိုင်သည်.......
လရောင်အောက်တွင်လည်း ရွှေခြေကျင်းများ တချွင်ချွင်ဖြင့် ပျော်ရွှင်နေကြသော ပြည်သူများကို မြင်တွေ့နိုင်သည်၊ နံနက်ခင်းတွင်လည်း
ဆွမ်းအုပ်များ၊ ယွန်းချိုင့်ကြီးများ၊ ခေါင်းပေါင်းများဖြင့် ဘုရားကျောင်းကန်သွားနေကြသူများကို ရှုမြင်နိုင်သည်။  အထူးအားဖြင့် ပုဂံသည်
ရွှေရောင်လွှမ်းနေခဲ့သည်။ လွှမ်းနေဆဲဖြစ်သည်၊ လွှမ်းနေဦးမည်သာဖြစ်ပါသည်။ ပုဂံကို မြင်တွေ့ရခြင်းဖြင့် ရာဇ၀င်ထဲသို့ ရောက်ရှိခဲ့သည်။
ပီတိဖြစ်သည်၊ ပျော်ရွှင်သည်၊ ကျေနပ်ခဲ့သည်..... ပုဂံ၏ အငွေ့အသက်များ ရစ်ပတ်နှောင်ဖွဲ့ခဲ့သည်.....

  ဖြစ်နိုင်လျှင်ပုဂံသို့ တစ်ခေါက်သွားပါ..... ပုဂံကို ရှုမြင်ခံစားပါ..... ပုဂံအငွေ့အသက်များရစ်ပတ်
နှောင်ဖွဲ့ပါ......ဤသို့
ဆိုလျှင် သင်သည် မြန်မာနိုင်ငံသားဖြစ်ရခြင်း၏ တန်ဘိုးကို သင်နားလည်လာပါမည်.......။

                          `` ကျွန်ုပ်တို့သည် ရပ်နေသည်ဖြစ်စေ၊ လဲလျောင်းနေသည်ဖြစ်စေ....ကျွန်ုပ်တို့၏ အောက်တွင် အဘိုး၊ အဘွားတို့၏ အသွေးအသားများ မြှုပ်နှံထားခဲ့သည်´´

Labels:

NLD အဓိကလုပ်ငန်း ဖွဲ့စည်းပုံပြင်ရေး ဖြစ်မည်

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက မြန်မာနိုင်ငံအတွက် အကျိုးမရှိစေတဲ့ အချက်တွေကို ပြင်ဆင်သွားနိုင်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ပြန်မှတ်ပုံတင်ပြီးတဲ့ နောက်မှာ အဓိကထားပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စတွေကိုလည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ ကိုသားညွှန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခု အနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ မနေ့က NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
အခုလို NLD ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံအတွက် အကျိုးမရှိစေတဲ့ အချက်တွေကို ပြန်လည် ပြင်ဆင်သွားနိုင်ဖို့ ကိစ္စဟာ NLD ရဲ့ အဓိကလုပ်ငန်းကြီး ဖြစ်လာမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က အဲဒီ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးသတ် မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကိုအကျိုးပေးတယ်လို့ ကျမတို့မမြင်တဲ့အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျမတို့ ကြိုးစားသွားရမှာပဲ။ ဒါ နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်တစ်ခုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျမ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာက ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်တဲ့အခါမှာ လုပ်ဆောင်ရမယ့် အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာတော့ ဖွဲ့စည်းပုံကို ထိန်းသိမ်းကာကွယ်ရမည် ဆိုတဲ့နေရာမှာ လေးစားလိုက်နာပါမည် ဆိုတာကို ပြောင်းလဲ ပြင်ဆင်ခဲ့ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံပါအရ လက်ခံရမှာဖြစ်သလို ပြုပြင်ပြောင်းလဲသင့်တာတွေကိုလည်း ပြောင်းလဲရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ တတိုင်းတပြည်လုံးအခြေအနေ တိုင်းရင်းသားတွေရဲ့ အခြေအနေ စသဖြင့် လိုအပ်ချက်တွေအတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ကျမတို့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့ရတဲ့အကြောင်းတွေမှာ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ရတဲ့ အကြောင်း တစ်ခုထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက်အရ၊ ဆုံးဖြတ်ချက်အရကတော့ ဒီ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျမတို့ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ရွှေဂုံတိုင် ကြေညာချက်တုန်းက ပါခဲ့ပါတယ်။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာ ကျမတို့က နိုင်ငံရဲ့အနာဂတ်ကို ကြည့်ပြီးတော့ပြောတာပါ။ ကျမတို့ အဖွဲ့တစ်ခုတည်းအတွက် ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် ကျမတို့ရဲ့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေအတွက် ကျမတို့ ဦးတည်ပြီးတော့ လုပ်သွားရမှာဖြစ်ပါတယ်။”
တဆက်တည်းပဲ အခုလို တရားဝင်မှတ်ပုံတင်ဖို့ ဆုံးဖြတ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေးသက်သက်အတွက် မဟုတ်ပေမဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်ရေးဟာလည်း အသုံးချရမယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
“အဖွဲ့ချုပ်ရဲ့ ရပ်တည်ရေးတစ်ခုတည်းအတွက် ဒါ လုပ်တယ်ဆိုရင် သဘောမတူဘူးလို့ပြောတာ ဒါဟာ အင်မတန်မှ မှန်ကန်တဲ့သုံးသပ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုပဲ ကျမ သတိပေးချင်တာက အဖွဲ့ချုပ်ရဲ့ ရပ်တည်ရေး ဆိုတာကတော့ အရေးကြီးပါတယ်။ အရေးကြီးတာက ဒါက ပန်းတိုင်အနေနဲ့ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ထုံးတစ်ခု အနေနဲ့ပါ။ အသုံးချသွားဖို့ နည်းလမ်းတစ်ခု အနေနဲ့ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေးဆိုတာဟာ ဒီအဖွဲ့ချုပ် ရပ်တည်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူတွေအတွက် ရပ်တည်တယ်လို့ ကျမ မြင်ချင်ပါတယ်။”
တချိန်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတရပ်လို ပီပီပြင်ပြင် ရပ်တည် လှုပ်ရှားသွားနိုင်ဖို့လည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ။ နိုင်ငံရေးပါတီတစ်ခုရဲ့ အလုပ်တွေကို မလုပ်ခဲ့တာ အတော်ကြာပြီ။ ကျမတို့ ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုတာ ကျမတို့ လူငယ်တွေလည်း ရှိတယ်။ အရင်တုန်းက လက်ဟောင်းတွေလည်း ရှိတယ်။ အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ရတော့မယ်။ ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီဆိုကတည်းက ရွေးကောက်ပွဲတွေမှာ တချိန်တခါမှာ ယှဉ်ပြိုင်ရတော့မှာ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီမူအရလည်း လုပ်သင့်တဲ့ကိစ္စဖြစ်လို့ ကျမတို့ လုပ်ချင်တယ်။”
အခုလို အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်လိုက်တဲ့နောက် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်း စစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စတွေကို သူတို့အနေနဲ့ ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တဘက်မှာ အဖွဲ့ချုပ် မှတ်ပုံတင်တာကို မလိုလားတဲ့ အဖွဲ့ဝင်တွေကိုလည်း အဖွဲ့ချုပ်လုပ်ငန်းတွေမှာ နားလည်မှုရှိရှိ ဆက်လက် လက်တွဲဆောင်ရွက်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။


Labels:

Sunday, 13 November 2011

ချစ်သူတိုက်ခဲ့သော ကျိန်စာ

ချစ်သူတိုက်ခဲ့သော ကျိန်စာ




          အဲဒီနေ့က ကျွန်တော်မက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနာဂတ်အိပ်မက်လေးကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးလိုက်တဲ့နေပေါ့။ သူ့မရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေတယ်။ မျက်နှာမှာတော့ နာကြည်းမှုတွေနဲ့ပေါ့။ သူ့မ ရင်ထဲမှာ ဘယ်လောက်တောင် နာကြည်းသွားမလဲ ကျွန်တော်ခံစားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့မကို တကယ်ချစ်ခဲ့တာကို။ ချစ်တဲ့သူတစ်ယောက်ကို လမ်းခွဲစကားပြောရတာ မုန်းတဲ့သူကို ချစ်တယ်လို့ ပြောရတာထက် ပိုခက်တယ်ဆိုတာ ကျွန်တော် အဲဒီအချိန်မှာ သိလိုက်ရတယ်။
“နင့်သဘောက ဒီလိုရှိမှတော့ ငါနင့်နားမှာ ဆက်ပြီး ရှိနေစရာမလိုတော့ဘူး။ နင့်လိုလူမျိုးကို ငါချစ်မိခဲ့တဲ့အတွက် ငါ့နှလုံးသားကို ငါသိပ်မုန်းတယ်။ သတ္တိကြောင်တဲ့နင့်ကိုလည်း ငါမုန်းတယ်။ ငါ့ကို ဒီလိုဒဏ်ရာတွေနဲ့ ခံစားရအောင် လုပ်တဲ့နင့်ကို ငါလုံးဝခွင့်မလွှတ်ဘူး။ ငါခံစားခဲ့ရသလို နင်လည်းအခုဘ၀မှာ နင်ချစ်တဲ့သူနဲ့ ဘယ်တော့မှ မနီးစပ်ရပါစေနဲ့ ။ ဒါဟာ ငါရဲ့ နောက်ဆုံးကျိန်စာပဲ။”
သူမကတော့ စိတ်မြန်သူပီပီ သူမပြောချင်သောစကားတွေကို ပြောပြီး ကျွန်တော်ကို ကျောခိုင်းထွက်ခွာသွားတယ်။ ၀ဲတက်လာတဲ့ မျက်ရည်နဲ့အတူ ရင်ထဲမှာ ဆို့တက်လာခဲ့တယ်။ သူမပြောခဲ့သလိုပဲ ကျွန်တော့်ဘ၀မှာ ကျွန်တော်ချစ်တဲ့သူနဲ့ ဘယ်တော့မှ နီးစပ်ရမှာမဟုတ်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သိပ်ချစ်တဲ့သူမကို ကျွန်တော်ကိုယ်တိုင်ပဲ စွန့်လွှတ်ခဲ့တာ။ ကျွန်တော်ရင်နာနာနဲ့ စွန့်လွှတ်ပြီး သူမ မဟုတ်တဲ့ ဘယ်သူ့ကိုမှ ကျွန်တော်ရင်ထဲကို အ၀င်ခံမှာမဟုတ်လို့ပဲ။ သူမနဲ့ကျွန်တော် လမ်းခွဲပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရင်ထဲမှာ ပြည့်နှက်နေတဲ့ သူမရဲ့ ပုံရိပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်။
          သူမကို ကျွန်တော်သိပ်ချစ်ပါတယ်။ ချစ်လို့လည်း မာနကြီးတဲ့သူမနဲ့ ကျွန်တော်ချစ်သူဖြစ်ခွင့်ရအောင် ကြိုးစားခဲ့တာပေါ့။ သူမက ဆွေကြီးမျိုးကြီးထဲကပါ။ တစ်နည်းအားဖြင့် သူမက အသိုင်းအ၀ိုင်းအင်အားတောင့်တယ်။ အားလုံးက ချမ်းသာတဲ့လူကုန်ထံတွေပဲ။ ကျွန်တော်နဲ့ သူမက သိပ်ကို ကွာခြားလွန်းပါတယ်။ သူမက ကြီးကြီးတက်ချမ်းသာသလောက် ကျွန်တော်ကတော့ သာမာန်မိသားစုလေးထဲက မွေးဖွားလာတဲ့သူတစ်ယောက်ပါ။ ဒါဟာလည်း သူမနဲ့ကျွန်တော့်ကို ကံကြမ္မာက စည်းတားပေးလိုက်တာပဲ။ သူမနဲ့ကျွန်တော် နှစ်ယောက်စလုံးက တစ်ဦးတည်းသော သားနဲ့သမီးတွေ။ သူဌေးသမီးဖြစ်တဲ့သူမကို တစ်အိမ်လုံးက သည်းသည်းလှုပ်ချစ်ကြသလို၊ အလိုလည်းလိုက်တယ်။ သူမ လိုချင်တာမရ မရှိရအောင်ကို သူမအလိုဆန္ဒမှန်သမျှ သူမ အိမ်ကဖြည့်ဆည်းပေးခဲ့တယ်။ ဒါကြောင့်မို့ သူမက နည်းနည်းတော့ ဆိုးတယ်လို့ပြောလို့ရတယ်။လိုချင်တာ မရတဲ့အခါ မကျေနပ်တာရှိရင် ကလေးလိုပဲ စိတ်ကောက်တတ်တာလည်း ကျွန်တော်ချစ်မိတဲ့သူမရဲ့ အကျင့်ပါပဲ။

          သူမက ဘယ်လောက်ပဲ ဆိုးဆိုး ကျွန်တော့်အတွက်တော့ သူမရဲ့ ခပ်ဆိုးဆိုးပုံစံလေးကပဲ သိပ်ကိုချစ်ဖို့ကောင်းပါတယ်။ နွဲဆိုးလေးဆိုးတတ်တာက လွဲရင် သူမက သိပ်ကိုစိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒီကမ္ဘာပေါ်မှာ ကျွန်တော့်အကြောင်းကို သိတာဆိုလို့ အမေပြီးရင် သူမလို့ပြောလို့ရတဲ့အထိ သူမက ကျွန်တော့်အပေါ်ကို နားလည်ပေးခဲ့တယ်။ မိန်းကလေးတစ်ယောက်မို့လို့ ယောကျာ်းလေးတွေနဲ့ ပတ်သက်လာရင် မာနကြီးတတ်တာကလည်း သူမကို ကျွန်တော်ချစ်မိတဲ့အချက်တစ်ချက်ပါပဲ။ သူမရဲ့ ဘ၀မှာ ယောက်ျားလေးနဲ့ပတ်သတ်တာဆိုလို့ ကျွန်တော်က ပထမဆုံးပါပဲ။ ကျွန်တော့်ဘ၀မှာလည်း သူမက နံပါတ်တစ်ပါ။
          ချစ်သူသက်တမ်းတစ်လျှောက် သူမနဲ့ကျွန်တော် သာမန်ချစ်သူစုံတွဲတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဆိုးစိတ်ကောက်ဖြစ်တာကလွဲရင် ပြဿနာကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်နားလည်ပြီး အမြဲတမ်းနားလည်မှုနဲ့ပဲ ကျွန်တော်တို့ရဲ့ ချစ်သူဘ၀လေးကို ဖြတ်သန်းခဲ့ကြတယ်။ မြင်သူတိုင်းအားကျရတဲ့ သူမနဲ့ ကျွန်တော်ရဲ့ ချစ်သူဘ၀လေးဟာ အခုလိုမျိုးအဆုံးသတ်မှာလို့ သူမကော ကျွန်တော်ပါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ သူမနဲ့ကျွန်တော့်ရဲ့ ချစ်ဇာတ်လမ်းထဲကို သူမအမေ ၀င်မလာခင်အထိတော့ ကျွန်တော်တို့ ချစ်သူဘ၀က တကယ်ကို သာယာခဲ့ပါတယ်။ 

          သူမနဲ့ ကျွန်တော့်ရဲ့ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှာ သူမအိမ်က သူမနဲ့ ကျွန်တော် ချစ်သူဖြစ်နေတယ်ဆိုတာကို သိသွားတယ်။ သူမကိုတော့ သဘောမတူကြောင်းပြောပြီး ချုပ်ချယ်တာတွေ၊ ကန့်ကွက်တာတွေ ဘာမှမလုပ်ခဲ့ပါဘူး။ တစ်နေ့ ကျွန်တော်ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း ကျွန်တော့်ဟန်းဖုန်းကို call တစ်ခုဝင်လာတယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ နံပါတ်ဖြစ်နေတယ်။ ဖုန်းကို လက်ခံစကားပြောလိုက်တဲ့အခါ သူမရဲ့ အမေဖြစ်သူဆက်မှန်း ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော့်ကို အပြင်မှာတွေ့ဖို့ချိန်းတယ်။ အဲဒီနေ့က သူမအမေနဲ့ ထိပ်တိုက်တွေ့တဲ့နေ့၊ ကျွန်တော့်ရဲ့ ယောကျာ်းသိက္ခာကိုလည်း ပထမဆုံးစော်ကားခံရတဲ့နေ့ ဆိုရင်လည်း ဟုတ်တယ်။
          လူရှင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ သူမအမေနဲ့ ကျွန်တော်နှစ်ယောက်တည်း တွေ့ဖြစ်တယ်။ သူမနဲ့ အဆင့်အတန်းခြင်းသိပ်ကို ကွာခြားတဲ့ ကျွန်တော့်ကို သဘောမတူကြောင်းပြောတယ်။ သူမကို ဆွေမျိုးနီးစပ်ထဲက သူတို့နဲ့ အဆင့်အတန်းခြင်းတူ၊ ဂုဏ်ဒြပ်တွေခြင်းတူတဲ့ သူတစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်ထားကြောင်းပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော်သိပ်ချစ်တဲ့ သူမကို မစွန့်လွှတ်နိုင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ဦးလမ်းခွဲမှာ မဟုတ်ဘူးလို့ အပြတ်ကို ပြောခဲ့တယ်။ သူမနဲ့ ပတ်သတ်လို့ ဒီလိုကြုံတွေ့ရမယ်ဆိုတာ ကျွန်တော်ကြိုတင်တွေးပြီးသားပေမယ့် တကယ်တမ်းလက်တွေ့ ကြုံလိုက်ရတော့ နည်းနည်းတော့ တုန်လှုပ်မိတယ်။ ကျွန်တော့်ဆန္ဒတွေကို ကျွန်တော်ပြောပြီး သင်တန်းကိုထွက်ခဲ့တယ်။
          အဲဒီနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ထိုင်ပြီး ငိုနေတဲ့ အမေ့ကို တွေ့လိုက်ရတယ်။ ဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံး ကျွန်တော့်အမေ မျက်ရည်ကျတာကို မြင်ရခြင်းပါ။ သားတစ်ယောက်အနေနဲ့ ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ အမေဘာလို့ ငိုလဲ ကျွန်တော်မေးကြည့်တော့ တရားခံက သူမအမေဖြစ်နေတာကို သိလိုက်ရတယ်။ ကျွန်တော်သင်တန်းတက်နေတဲ့အချိန် အိမ်ကိုရောက်လာပြီး အမေ့ကို နောက်ဆုတ်ပေးဖို့၊ သူ့သမီးကို ကျွန်တော်နဲ့ လမ်းခွဲခိုင်းဖို့ လာပြီးပြောသွားတယ်။ အဆိုးဆုံးကတော့ သူမ သမီးနဲ့ လမ်းခွဲဖို့အတွက် လျော်ကြေးဆိုပြီး အမေ့ကို ငွေတွေပုံပေးခဲ့သွားတာပဲ။ ဒါဟာ အေးအေးချမ်းချမ်းနေတဲ့ ကျွန်တော့်တို့မိသားစုရဲ့ အပြင်းထန်ဆုံးသော စော်ကားခံရမှုပါပဲ။ သာမန်ချိန်မှာ အမြဲတမ်းအေးအေးဆေးဆေးနေတတ်တဲ့ ကျွန်တော့်အမေက ဒီအချိန်မှာတော့ ကျွန်တော့်ကို သူမနဲ့ လမ်းခွဲဖို့တောင်းဆိုလာခဲ့တယ်။ သူတို့နဲ့ ငွေကြေးချမ်းသာမှု မတူညီတာကလွဲရင် ကျွန်တော့်မှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး။ အဲဒီအတွက် ဒီလိုစော်ကားမှုမျိုးကို ကျွန်တော်နာကြည်းမိတာတော့အမှန်ပါ။ ဒါပေမယ့် ကျွန်တော်သူမကို မစွန့်လွှတ်နိုင်ပါဘူး။ ကျွန်တော့်ခံယူချက် ကျွန်တော့်ဦးနှောက်ထဲမှာ စွဲမြဲနေတဲ့အရာတစ်ခုက စွန့်လွှတ်အနစ်နာခံခြင်းဆိုတာ မရှိပါဘူး။ ကျွန်တော်ချစ်တဲ့သူမကို ကျွန်တော့်ဘေးမှာပဲ စိတ်ချမ်းသာအောင် ထားနိုင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ 

          ဒါပေမယ့် ဒါတွေအားလုံးက သူမရဲ့ အခြေအနေကို သိလိုက်ရတဲ့အချိန်မှာ ပြောင်းလဲသွားခဲ့တယ်။ အားလပ်ရက်တစ်ရက်မှာ သူမနဲ့ ကျွန်တော် သူငယ်ချင်းတွေနဲ့အတူ ဘုရားကိုသွားကြတယ်။ ဘုရားသွားပြီး  ကျွန်တော်တို့ အိမ်မပြန်ကြသေးဘဲ ကစားကွင်းကိုဝင် ကစားခဲ့တယ်။ ကစားရင်း ခဏနားနေတဲ့အချိန်မှာ သူမရုတ်တရက်သတိလစ်သွားခဲ့တယ်။ သူမကို ကျွန်တော်တို့ ဆေးရုံတင်လိုက်တယ်။ သတိမရသေးတဲ့ သူမဘေးနားမှာ သူမအိမ်သားတွေ မရောက်သေးခင်အထိ ကျွန်တော်စောင့်နေခဲ့တယ်။ ဆရာဝန်က ကျွန်တော့်ကို ဘာဖြစ်တယ်လို့ ရေရေရာရာ မပြောသေးဘူး။ ခဏကြာတော့ သူမအိမ်သားတွေရောက်လာတယ်။ ရောက်ရောက်ချင်းပဲ သူမရဲ့ အမေဖြစ်သူက ကျွန်တော့်ကို ဒုန်းဆို မျက်စောင်းလှမ်းထိုးလိုက်တယ်။ နောက်တော့ ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုပြီး လူနာခန်းအပြင်က လူသွားလူလာနည်းတဲ့ ချောင်ကျကျ နေရာလေးကို ခေါ်ထုတ်သွားတယ်။ ပြီးတော့ ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ အံ့သြလွန်းလို့ ကျွန်တော့်ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင်ကို ဖြစ်သွားတယ်။ အံသြမှုကြောင့် ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်နေတဲ့ ကျွန်တော့်ရဲ့ အမေ မတော်ရသေးတဲ့ ယောက္ခမကို ပြန်ထဖို့ မခေါ်မိသလို ကျွန်တော့်ပါးစပ်ကလည်း ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ မျက်ရည်တွေနဲ့ သူမ့အမေ စကားတွေက ကျွန်တော့်ရဲ့ အံသြမှုကို ပိုပြီး အရှိန်ပိုမြင့်စေခဲ့တယ်။ ကျွန်တော် ဘာစကားမှ ပြောမထွက်ဘဲ အဲဒီနေရာကနေ အဝေးဆုံးကို ထွက်ပြေးခဲ့တယ်။ ကျွန်တော်ပြေးနေခဲ့ပေမယ့် ကျွန်တော့်နားထဲမှာ သူမ့အမေရဲ့ စကားသံတွေကို ကြားနေရတယ်။ လူညံ့လူဖျင်းတွေက ကံကို အပြစ်ပုံချတယ်တဲ့။ ကျွန်တော် လူညံ့ပဲဖြစ်ပါစေတော့ ဖြစ်သမျှအားလုံးက ကံစီမံရာပေါ့။ သူမက မွေးရာပါ နှလုံးအားနည်းတာတဲ့။ အဲဒါကြောင့် အမြဲတမ်းဆေးမပြတ်သောက်နေရပြီး ဆေးစစ်မှုကိုလည်း ခဏခဏ ခံယူနေရတဲ့ သူမအတွက် ကျွန်တော့်လို……………
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဆုံလာတဲ့အခါ ကျွန်တော်သူမကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်။ သူမနဲ့ အဆက်အသွယ်ကို ဖြတ်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ သူမ ဖုန်းဆက်တိုင်းလည်း ကွှန်တော်ရှောင်ခဲ့တယ်။ သိသိသာသာကြီး လမ်းခွဲလို့ရပေမယ့် ကျွန်တော့်အသည်းက သူမနဲ့ ပတ်သတ်ရင် အဲဒီလောက်မာနိုင်ခဲ့ဘူး။ သူမကလည်း ကျွန်တော့်ကို အသာတကြည်လမ်းခွဲပေးမှာ မဟုတ်သလို ကျွန်တော်ကလည်း သူမကို မခွဲနိုင်ပါဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော့်ကို သူမ စိတ်နာသွားစေမယ့် နည်းလမ်းကို ကျွန်တော်ရွေးချယ်လိုက်တယ်။ တိုက်ဆိုင်မှုကြောင့်လား ကံတရားရဲ့ သူမနဲ့ ကျွန်တော့်ကို မနာလိုစိတ်ကြောင့်လားမသိဘူး နောက်နေ့မှာ အိမ်က သဘောတူတဲ့ ပေးစားတော့မယ့်အကြောင်း သူမ ကျွန်တော့်ကို ပြောလာတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ဆုံးဖြတ်ချက်အတိုင်းပဲ သူမကို လမ်းခွဲစကားပြောခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ချစ်တဲ့သူရဲ့ အထင်လွဲမှု၊ နားကြည်းချက်တွေနဲ့ ကျိန်စာတွေပဲ ကျွန်တော်ရရှိလိုက်တယ်။ 

          လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့ပေမယ့် လက်တွေ့ကျတော့ ခံနိုင်ရည်မရှိဘူး။ အရင်ကတည်းက မျှော်လင့်ခဲ့တာ ဒီလို အဆုံးသတ်မျိုးမဟုတ်တော့ ခံနိုင်ရည်ရှိအောင် ကျွန်တော်တော်တော်ကို ကြိုးစားယူရတယ်။ သူမနဲ့ လမ်းခွဲပြီးတဲ့နောက် ကျွန်တော်သင်တန်းလည်း မတက်ဖြစ်တော့ဘူး။ အိမ်မှာလည်း နေချင်တဲ့ဆန္ဒမရှိ၊ ခြေဦးတည့်ရာကို လျှောက်သွားနေမိတယ်။ သူမနဲ့ သူမရဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျွန်တော်အဆက်အသွယ်ဖြတ်လိုက်တယ်။ သွားတဲ့နေရာတိုင်းကလည်း သူမနဲ့ ကျွန်တော်သွားခဲ့ဖူးတဲ့နေရာတွေချည်းပဲမို့ ကျွန်တော့်အလွမ်းတွေ တစ်ဝက်သက်သာသလိုပဲ ခံစားရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဘ၀ထဲက သူမပုံရိပ်တွေကို ကျွန်တော်ဖျောက်ပစ်ဖို့အစား သူမအကြောင်းကိုပဲ အချိန်ပြည့်တွေးမနေဖို့ ကျွန်တော်ကြိုးစားမိတယ်။
          တစ်လလောက်ကြာတော့ ကျွန်တော့်ဆီကို ဖိတ်စာတစ်စောင်နဲ့ သူမရောက်လာခဲ့တယ်။ သူမရဲ့ မျက်နှာက မာကျောခက်ထန်ပေမယ့် သူမရဲ့မျက်ဝန်းတွေက အရင်လိုပဲ ကျွန်တော့်အပေါ်ကို သံယောဇဉ်ရှိတုန်းပဲဆိုတာကို ဖော်ပြနေတယ်။ ဘာစကားမှ မပြောဘဲ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် တော်တော်ကြာကြာကြည့်နေမိတယ်။ အချစ်ကို တမ်းတမှုနဲ့ အလွမ်းရဲ့ နှိပ်စက်မှုကြောင့် ကျွန်တော်ပုံစံ တော်တော်ကို ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတဲ့ ကျွန်တော့်ပုံစံကို ကြည့်ပြီး သူမရဲ့ မျက်နှာမှာ အံ့သြမှုပုံရိပ်တွေ ပြည့်နှက်သွားတယ်။ ကျွန်တော်ပြောင်းလဲသွားသလို သူမလည်း ပြောင်းလဲသွားခဲ့တယ်။ အရင်လို သူမမျက်နှာမှာ တောက်ပတဲ့မျက်ဝန်းတွေ မရှိတော့ဘူး။ အိပ်ရေးပျက်တာများရင် မျက်ကွင်းညိုတတ်တဲ့သူမ အခုတော့ သိသိသာသာကို မျက်ကွင်းတွေ ညိုပြီး ကျနေတယ်။ သူမ အတတ်နိုင်ဆုံး သူမမျက်နှာမှာရောင်စုံတွေ ခြယ်သထားပေမယ့် သူမနဲ့ ပတ်သတ်ရင် အသက်ရှုသံကအစ အလွတ်ကျက်ထားတဲ့ ကျွန်တော့်အတွက် သူမရဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်ဖတ်နိုင်ခဲ့တယ်။ သူမက လက်ထဲက ဖိတ်စာကို ကျွန်တော့်ကိုပေးပြီး ဘာတစ်ခွန်းမှ မပြောဘဲထွက်သွားတယ်။ တချိန်က တစ်ယောက်ရဲ့ ဆန္ဒကို တစ်ယောက်ဖွင့်မပြောစရာမလိုဘဲ သိနေကြတဲ့ ချစ်သူတွေပဲ သူမရဲ့ အပြုအမှုတွေက ဘာကိုဆိုလိုလဲဆိုတာ ကျွန်တော်သိနေခဲ့တယ်။ စွန့်လွှတ်သင့်လို့ စွန့်လွှတ်ခဲ့ရပေမယ့် သူမ မပျော်ရွှင်တာကို မြင်မိတော့ ကျွန်တော့်ဆုံးဖြတ်ချက်တွေ မှားလားဆိုတဲ့အတွေးမျိုး ၀င်ခဲ့မိတယ်။ 

          ဘယ်သူက ကိုယ်အသက်လောက်ချစ်ရတဲ့ ချစ်သူနဲ့ တခြားသူရဲ့ နာမည်တွဲရိုက်ထားတဲ့ ဖိတ်စာမျိုးကို ကြည့်ချင်မှာလဲ။ ကျွန်တော်လည်း မကြည်ချင်ခဲ့ဘူး။ ဖြစ်နိုင်ရင် အဝေးဆုံးကို လွင့်ပစ်လိုက်ချင်ပေမယ့် သူမရဲ့ နာမည်လေးပါနေတာကြောင့် ကျွန်တော်မလွင့်ပစ်ရက်ခဲ့ဘူး။ အိမ်ရောက်တော့ ကျွန်တော်ဘယ်သူ့ကိုမှ စကားမပြောဘဲ အခန်းထဲဝင်ပြီး ကုတင်ပေါ်မှာ တစ်ယောက်တည်း ငိုနေမိတယ်။ ဖိတ်စာလေးကိုတော့ စာကြည့်စားပွဲပေါ်တင်ထားလိုက်တယ်။ အဲဒီညက ကျွန်တော့်ဘ၀မှာ ပထမဆုံးသော မျက်ရည်တွေနဲ့ ပျော်မွေ့ရတဲ့ ညလေးတစ်ညပေါ့…….
          နောက်မနက် အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ စာကြည့်စားပွဲပေါ်တင်ထားတဲ့ ဖိတ်စာလေးကို အမှတ်တမဲ့ ကျွန်တော်တိုက်မိလိုက်တယ်။ ဖိတ်စာနဲ့အတူ စာလေးတစ်စောင် အိတ်ထဲကနေ ထွက်ကျလာခဲ့တယ်။ စာကို ကျွန်တော်ယူကြည့်လိုက်တော့
        နင်ဘာလို့ ငါ့ကို ထားခဲ့ပြီး ငါတို့နှစ်ယောက်လုံး ထိခိုက်နာကျင်အောင် လုပ်ရတာလဲ ငါမသိဘူး။ ငါသိတဲ့နင်က ဒီလိုမျိုး အပြောင်းအလဲမြန်တဲ့သူမဟုတ်ဘူးဆိုတာတော့ ငါယုံတယ်။ နင် ငါ့ဘေးနားမှာမရှိတော့ ငါတစ်စက္ကန့်လေးတောင် မပျော်ခဲ့ဘူး။ ငါအခု ငါမချစ်တဲ့သူနဲ့ လက်ထပ်ရတော့မယ်။ ငါ့ဘ၀တစ်သက်လုံး စိတ်ဆင်းရဲစွာနဲ့ နေထိုင်သွားရတော့မယ်။ နင်မရှိတော့ ငါ့နှလုံးသားလည်း သေသွားခဲ့ပြီ။ နင်ငါ့ကိုဘယ်လိုပဲ ရက်စက် ရက်စက် ငါနင့်ကို ချစ်တုန်းပဲ။ အခုလည်း ချစ်တယ်။ နောင်လည်း ချစ်တယ်။ သေတဲ့အထိ နင့်ကိုပဲ ငါချစ်သွားမှာ။ နင်သိလား ငါ့ဘ၀က အရာရာပြည့်စုံနေပေမယ့် လိုအပ်ချက်တွေများနေတယ်ဆိုတာလေ။ အဲဒီလိုအပ်ချက်တွေကို နင်ပဲ ဖြည့်ပေးနိုင်မှာပါ။ တကယ်လို့ နင့်ရင်မှာ ငါရှိသေးရင် ငါ့မင်္ဂလာဆောင်ကို နင်လာခဲ့ပါ………

စာဖတ်ပြီး ကျွန်တော်တွေဝေသွားခဲ့တယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်ချစ်တဲ့သူမကို စိတ်ဆင်းရဲတွင်းဆီ တွန်းပို့ပေးသလိုများ ဖြစ်နေလား။ ကျွန်တော့်စိတ်တွေ ယောက်ယက်ခတ်ကုန်တယ်။ ကျွန်တ်ာဘာလုပ်သင့်လဲ။ ကျွန်တော်ချစ်တဲ့သူမ စိတ်ချမ်းသာဖို့အတွက် ကျွန်တော် တစ်ခုခုကို အခိုင်အမာဆုံးဖြတ်သင့်တယ်။ သူမ မင်္ဂလာဆောင်ကို သွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်………..
          ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားတဲ့ သူမရဲ့ မင်္ဂလာအခမ်းအနားကို ကျွန်တော်ရောက်သွားခဲ့တယ်။ မင်္ဂလာခန်းမရှေ့မှာ သူမနာမည်နဲ့ သတိုးသားနေရာမှာ ကျွန်တော့်နာမည်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့နာမည်တို့ ရေးထားတဲ့ ဆိုင်းဘုတ်က ကျွန်တော့်ရင်ကို ပြာပုံအတိဖြစ်သွားစေတယ်။ သူမရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေက အလုပ်တွေ ရှုပ်နေကြလို့ ကျွန်တော်ရောက်မှန်းတောင် သူတို့ သတိမထားမိကြဘူး။ ကျွန်တော်ခန်းမထဲက စားပွဲထိုးတစ်ယောက်ကို သတိုးသမီးရှိနေတဲ့အခန်းကို မေးပြီး သူမဆီကို သွားခဲ့တယ်။ သူမရှိနေတဲ့ အခန်းဝနားကို ရောက်တော့ တံခါးလေးက နည်းနည်းလေးဟထားတယ်။ ကျွန်တော် အသံမပေးဘဲ တိတ်တိတ်လေး ရပ်ကြည့်နေမိတယ်။ မင်္ဂလာဝတ်စုံနဲ့ တခြားသော ပြင်ဆင်ခြယ်သမှုတွေကြောင့် သူမရဲ့ အလှက အရင်ထက်ပိုပြီး အသက်ဝင်လှပနေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ မျက်နှာမှာတော့ အရယ်အပြုံးလုံးဝမရှိခဲ့ဘူး။ မသိမသာမို့မောက်နေတဲ့ မျက်လုံးတွေက သူမရဲ့ အချိန်တော်တော်များများကို မျက်ရည်နဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာ ဖော်ပြနေတယ်။ ကျွန်တော်အခန်းထဲကို ၀င်ဖို့ တံခါးခေါက်ပြီး ခွင့်တောင်းလိုက်တယ်။ ကျွန်တော့်ကို မြင်တော့ သူမရဲ့မျက်လုံးတွေ အရောင်တောက်လာခဲ့တယ်။ သူမအခန်းထဲမှာရှိတဲ့ သူငယ်ချင်းတွေ အားလုံးက အလိုက်တသိနဲ့ အခန်းထဲကထွက်သွားတယ်။ အခုတော့သူမနဲ့ ကျွန်တော်နှစ်ယောက်တည်း………….

နင်ငါ့ဆီကို လာတယ်နော်။ ဒါဆိုရင် နင့်ရင်ထဲမှာ ငါရှိသေးတယ်ပေါ့ ဟုတ်လား ”  သူမရဲ့ အသံတွေက အက်ကွဲကွဲနဲ့ သူမ ဘယ်လောက်ဝမ်းနည်းနေတယ်ဆိုတဲ့အကြောင်းကို ဖော်ပြနေတယ်။ သူမရဲ့မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်တွေကို ကျွန်တော်သုတ်ပေးမိရင်း ကျွန်တော်ခေါင်းငြိမ့်လိုက်မိတယ်။
“ငါအခုသိပ်ကို စိတ်ဆင်းရဲနေတယ်။ နောက်အချိန်ပိုင်းလေးအတွင်းမှာ ငါဟာ ငါမချစ်တဲ့သူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်သွားတော့မယ်။ ငါမချစ်တဲ့သူရဲ့ အနားမှာ ငါ့ရဲ့ နောက်ဆုံးထွက်သက်အထိ ငါနေထိုင်သွားရတော့မယ်။ ငါ့ဘ၀မှာ ရှင်လျက်နဲ့ သေလူအဖြစ်ငါရှင်သန်နေရတော့မယ်။ ” သူမစကားမဆုံးသေးပေမယ့် ကျွန်တော့်မှာ ဆက်ပြီး နားထောင်ဖို့ ခံနိုင်ရည်မရှိတော့ဘူး။
နင်ဆက်မပြောပါနဲ့တော့။ ငါသိပ်ကို မှားခဲ့တယ်။ နင့်ကို ချစ်လျက်နဲ့ ငါစွန့်လွှတ်မိတာ ငါသိပ်ကို မှားသွားတယ်ဆိုတာ ငါသိလိုက်ရပြီ။ ငါ့ရင်ထဲမှာအခုနောင်တတွေနဲ့ ပြည့်နှက်နေတယ်။ အခုချိန်များ ငါ့မှာ ပြင်ဆင်နိုင်ခွင့်ရှိသေးရင် ငါ…….
နင်ဘာလုပ်မှာလဲဟင်။ နင့်မှာ နင့်နောင်တတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်ဆိုရင် နင်ဘာလုပ်မှာလဲဟင်
ငါ……..ငါနင့်လက်ကိုဆွဲပြီး အားလုံးနဲ့ ဝေးရာကို ထွက်သွားမိမှာပဲ
နင်တကယ်ပြောတာလား။ နင်ငါ့ကို ချစ်သေးလား။ ငါ့ကို ပြောပါ ချစ်သေးလားဟင်
ငါနင့်ကို ချစ်ပါတယ်။ နင့်ကို ငါချစ်လွန်းလို့ ဒီလိုလမ်းခွဲခဲ့တာပါ။ ငါသိပ်ချစ်ပါတယ်။
သူမက ကလေးလေးတစ်ယောက်လို ကျွန်တော့်ရင်ခွင်ထဲကို တိုးဝေ့ပြီး တင်းတင်းကျပ်ကျပ်ကို ဖက်ထားတယ်။ ကျွန်တော်လည်း သူမကို ပြန်ပြီး ဖက်ထားမိတယ်။
နင်ငါ့ကို ချစ်သေးတယ်ဆိုရင် ငါပြောသလို လုပ်ပေးနိုင်မလား။သူမရဲ့ အမေးကို ကျွန်တော်ကျေကျေနပ်နပ်နဲ့ ခေါင်းငြိမ့်လိုက်တယ်။
ဒါဆိုရင် ငါတို့ထွက်ပြေးရအောင် အခု အချိန်မှီသေးတာပဲ။သူမရဲ့ မျက်ဝန်းတွေက အားကိုးတကြီးနဲ့ ကျွန်တော့်အဖြေကို စောင့်မျှော်နေသလိုပဲ၊ အခုချိန်မှာ ကျွန်တော့်ချစ်သူစိတ်ချမ်းသာဖို့ကလွဲရင် ကျွန်တော်ဘာကိုမှ မသိချင်၊ မစဉ်းစားချင်တော့ပါဘူး။

          သူမရဲ့လက်ကို ဆွဲပြီး မင်္ဂလာခန်းမရဲ့ အနောက်ဘက်ထွက်ပေါက်နေ ကျွန်တော်တို့နှစ်ယောက်ထွက်ပြေးခဲ့တယ်။ တက္ကစီကိုတားပြီး ကျွန်တော်တို့နှစ်ယောက် အားလုံးနဲ့ဝေးရာကို ပြေးထွက်ခဲ့ကြတယ်။ မင်္ဂလာဆောင်မှာ သတိုးသမီးပျောက်လို့ ဗျာများနေကြမယ့် သူတွေကိုလည်း ကျွန်တော်မသိချင်တော့၊ ကျွန်တော့်ရဲ့ အမေစကားဖြစ်တဲ့ သူမနဲ့ လမ်းခွဲဖို့တောင်းဆိုထားတာကိုလည်း ကျွန်တော် မလုပ်ပေးချင်တော့ဘူး။ အခုကျွန်တော့်ရင်ထဲမှာရော ကျွန်တော့်အတွေးထဲမှာရှိတဲ့ ဆန္ဒက ကျွန်တော်သိပ်ချစ်တဲ့သူမကို စိတ်ချမ်းသာအောင်ထားဖို့ တစ်ခုတည်းပင်။
          သူမရဲ့ သတိုးသမီးဝတ်စုံကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ လဲလိုက်ပြီး ကျွန်တော်နဲ့သူမ တရားရုံးကို လက်မှတ်ထိုးဖို့ သွားခဲ့တယ်။ တရားရုံးက လက်မှတ်ထိုးပြီး အပြန် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတဲ့ ပဲခူးကို ကားတစ်စီးငှားပြီး ကျွန်တော်တို့ ချက်ချင်းထွက်လာခဲ့တယ်။ သူမကတော့ ပြုံးလို့ ပျော်လို့၊ သူမရဲ့ အပြုံးတွေ အခုမှပြန်ပြီးရှင်သန်လာတော့ ကျွန်တော်လည်း အပျော်ကြီးပျော်မိတယ်။ လောကမှာ အပျော်ရွှင်ရဆုံးအချိန်က ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရခြင်းနဲ့ ကိုယ်ချစ်တဲ့သူရဲ့ ပျော်ရွှင်နေတဲ့ပုံကို မြင်နေရတဲ့ အချိန်ဆိုတာကို ကျွန်တော်သိလိုက်ရတယ်။
          သူမ ဘယ်လောက်တောင် အိပ်ရေးပျက်ခဲ့လည်းမသိ၊ ရန်ကုန်မြို့ထဲက မထွက်ခင်ကတည်းက သူမ ကျွန်တော့်ပုံခုံးထက်မှာ အိပ်ပျော်သွားခဲ့တယ်။ ကျွန်တော်လည်း သူမကို တယုတယထွေးပွေ့ရင်း အိပ်ပျော်သွားခဲ့တယ်။ အချိန်တွေ ဘယ်လောက်ကြာသွားလဲမသိဘူး။ ၀ုန်းဆိုတဲ့ အသံအကျယ်ကြီးနဲ့ အတူ ကျွန်တော်လန့်နိုးသွားခဲ့သလို ကျွန်တော်လည်း လွင့်စင်သွားသလို ခံစားလိုက်ရတယ်။ နောက်တော့ ကျွန်တော်ဘာကိုမှ မသိတော့ဘူး။
          ဆေးရုံအနံ့လိုမျိုး ခပ်ပြင်းပြင်းအနံ့တစ်ခုကြောင့် ကျွန်တော်သတိဝင်လာခဲ့တယ်။ ကျွန်တော်အားတင်းပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။ ကျွန်တော်ဆေးရုံကို ရောက်နေတယ်ဆိုတာကို သိလိုက်မိခြင်း ကျွန်တော့်အတွေးထဲမှာ သူမကောဆိုတဲ့အတွေးမျိုး ၀င်လာမိတယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ကို သွင်းထားတဲ့ဆေးတွေ ဖြုတ်နေတဲ့ သူနာပြု ဆရာမလေးကို ကျွန်တော် သူမအကြောင်းမေးလိုက်တယ်။ သူနာပြုဆရာမလေးက အလုပ်ရှုပ်နေတာလား၊ မကြားတာလားမသိဘူး ကျွန်တော်မေးတာကို မဖြေဘဲ သိမ်းစရာရှိတာကို သိမ်းပြီးထွက်သွားတယ်။ ကျွန်တော် ကုတင်ပေါ်ကနေ ဆင်းပြီး သူမကို လိုက်ရှာမိတယ်။ ဆေးရုံရဲ့အခန်းတစ်ခန်းမှာ သူမကို ကျွန်တော်တွေ့လိုက်တယ်။ သူမ မင်္ဂလာဆောင်က ကျွန်တော်နဲ့အတူ ထွက်ပြေးပြီး ကားအက်စီးဒင့်ဖြစ်တာကို သူမအိမ်က သိသွားတဲ့ပုံပဲ သူမရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ သူမရဲ့ဘေးမှာ ရောက်နေကြပြီ။ ကျွန်တော်ဝင်သွားရင်ကောင်းမလားလို့ တစ်ချက်တွေဝေမိပေမယ့် သူမနဲ့ ကျွန်တော်တရားရုံးမှာ လက်မှတ်ထိုးထားတာပဲ။ အခုချိန်မှာ ကျွန်တော်က သူမရဲ့ တရားဝင်ခင်ပွန်းဖြစ်နေပြီပဲ။ ကျွန်တော်ရဲရဲတင်းတင်းပဲ အခန်းထဲကို ၀င်သွားလိုက်တယ်။ ကျွန်တော့်ကို အသိအမှတ်မပြုတဲ့ သူမရဲ့ မိဘတွေကတော့ ကျွန်တော်ရောက်လာတာတောင် မသိချင်ယောင်ဆောင်နေလေရဲ့။ ကျွန်တော်သူမရဲ့ အနားကို တဖြည်းဖြည်းနဲ့ တိုးသွားပြီး သူမကို ကြည့်မိတယ်။ သူမအခြေအနေကို ကျွန်တော်သိချင်လို့ သူမရဲ့ ဘေးမှာရှိနေတဲ့သူတွေကို မေးမလို့ ကျွန်တော်လိုက်ကြည့်မိတယ်။ ဘယ်သူမှ ကျွန်တော့်ကို အရေးတယူလုပ်ဖို့ နေနေသာသာ ကျွန်တော့်ကို လှည့်တောင်မကြည့်ကြဘူး။ အားလုံးက သူ့အာရုံနှင့်သူ အလုပ်ရှုပ်နေကြတယ်။ အဲဒီအချိန်မှာ သူနာပြုဆရာမတစ်ယောက်က သူမကို လိုအပ်တာတွေလာလုပ်ဖို့ ၀င်လာခဲ့တယ်။ သူမကို လုပ်ပေးစရာရှိတာတွေလုပ်ပြီး အခန်းထဲက ပြန်ထွက်ခါနီးမှာ သူမရဲ့ မိသားစုတွေကို စိတ်ပူစရာမရှိကြောင်း ပြောနေတယ်။ သူမကို ဘာမှမဖြစ်ဘူးလို့ ပြောတော့မှပဲ ကျွန်တော့်ရင်ထဲက စိတ်ပူနေတာတွေ လျော့သွားသလိုပဲ။ 

          ကျွန်တော်သူမရဲ့ ဘေးနားမှာပဲ စောင့်နေခဲ့တယ်။ သူနာပြုဆရာမလေး ထွက်သွားပြီး သိပ်မကြာဘူး သူမ သတိရလာတယ်။ သူမသတိရလာလာခြင်းပဲ ကျွန်တော့်နံမည်ကို ခေါ်နေတယ်။ သူမရဲ့ အသံကြောင့် သူမ မိဘတွေ သူမဘေးကို ရောက်လာတော့ ကျွန်တော်က အလိုလိုနေရင်း အနောက်ဘက်ကို ရောက်သွားတယ်။ သူမက လှဲနေရာကနေ ထထိုင်ပြီး ကျွန်တော့်နံမည်ကို ခေါ်ရင်း ကျွန်တော့်ကိုလိုက်ရှာနေတယ်။ ကျွန်တော်သူမရှေ့ကို သွားပေမယ့် သူမမိသားစုတွေနဲ့ ပြည့်နေတော့ ကျွန်တော့်ကို သူမ မတွေ့ရဘူးထင်တယ်။ ကျွန်တော်က ဒီမှာရှိတယ်လို့ အသံပြုလိုက်ပေမယ့် သူမ မကြားဘူးထင်တယ်။ ကျွန်တော့်ကိုပဲ မေးနေတယ်။ သူမရဲ့ အမေက ကုတင်ပေါ်ကနေ အတင်းဆင်းပြီး ကျွန်တော့်ကို သွားကြည့်မယ်လို့ ပြောနေတဲ့သူမကို ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်နားကို ကျွန်တော်မယုံနိုင်အောင်ဖြစ်သွားတယ်။
          ကျွန်တော် တကိုယ်လုံးထူပူပြီး ကျွန်တော်ကိုယ်တိုင်တောင်မသိဘဲ သူမရဲ့ အခန်းထဲကနေ ကျွန်တော်ထွက်ပြေးလာမိတယ်။ အခန်းတစ်ခန်းရှေ့ကိုရောက်တော့ ငိုသံတစ်ခုကို ကြားလိုက်ရတယ်။ ဒါကျွန်တော့်အမေရဲ့ အသံပဲ။ အသံလာရာ အခန်းကို ကျွန်တော်တံခါးဖွင့်ကြည့်လိုက်တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ငိုမိတယ်။ ဒါပေမယ့် မျက်ရည်မကျဘူး။ ၀ိညာဉ်တွေမှာ မျက်ရည်မရှိဘူးဆိုတာကို ကျွန်တော်ကိုယ်တိုင် အဲဒီအချိန်မှာ သိလိုက်ရတယ်………..

ဆက်လက်ကြိုးစားပါဦးမည်
                   Written By Rukia
(03.10.2011/8:00 PM)

Labels:

သခင်သန်းထွန်း ကို လေ့လာကြည့်ခြင်း


ရေးသူ - ဒဂုန်တာရာ





[၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]



လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။


သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့်အဖို့ရာကား၊ မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်း လူ၊ အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲ မြင်သည်။

သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကို ယုံကြည် ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိ နားလည်ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်ဖြင့် ပေါင်းစပ်၍ ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်း လူ့အဖြစ်အပျက်များ ကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။

နောက် လီနင်က မာက့်စ်၏ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီး ကို ဆိုရှယ်လစ်နိုင်ငံတော်အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျှကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် 'စတာလင်ဝါဒ' ဟု ခေါ်စပြုပေပြီ။

ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှု စသည်တို့၏ အဖြစ်အပျက်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှ ပြည့်အောင်မရှိသူနှင့် အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူ စသဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓါတ်ပညာ ထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့ လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။

ဥပမာ- တိုင်းပြည်တွင် လူ ၁၀၀ ရှိသည် ဆိုကြပါစို့။ ထိုပြည်၏ တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာ ဓနရှင်များဖြစ်၍ သူ၏ အလုပ်သမား လယ်သမားများကို လုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန် လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ် လုပ်၍ ဝင်ငွေ ၁၀၀ ရသည်ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။

တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြောခဲ့ပေသည်။ 'ဆိုရှယ်လစ်လုပ်ခြင်း ဆိုသည်မှာ မညီမညာရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့် ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင် လုပ်တာ မဟုတ်ပါဘူး'

သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင် ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။

ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ "သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှုထိုင်မှု) ကို သူ့အား ပေးရမည်" ဟု ဖြစ်သည်။ အချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲတတ်သူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍၊ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင် နေနိုင်သော နေမှုထိုင်မှုကို ရရှိကြပေသည်။

ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို- သိရှိနားလည် ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာအခြေခံများ ရှိရပေမည်။ ဤအခြေခံရဘို့ တော်တော်တတ်သိ နားလည်ရပေမည်။

ထို့ကြောင့်ပင်၊ အထက်တန်းပညာတတ်သူများသည် အများအားဖြင့် ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။

ကျွန်တော့်အဘို့ရာကား ကွန်မြူနစ်ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ၊ တကယ့်ပညာ တတ်များကို မြင်နေ၏။ သခင်သန်းထွန်းဆိုလျှင် ပညာတတ်အဖြစ်သာ မြင်နေမိ၏။

[၂]

သခင်သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဘူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ၊ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

"သခင်သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာ့က်စ်စာပေလဲ အတော် ဖတ်တယ်။ စာရေးလဲ ကောင်းတယ်" ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးဘဲဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဘဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ၊ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

"သြ…. သြ… ခင်ဗျား အကြောင်းလဲ ကိုဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ….." ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

သူသည် မန္တလေးပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားကား ဝါလဲ့လဲ့၊ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပြော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်ညံညံ လေသံနှင့်၊ ကဗျာဆရာမီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချာလ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် (၁၀)တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ ဖြစ်ခဲ့၏။ ထိုစဉ်ထိုအခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြဆရာ လုပ်လျက်ရှိသည်။

တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂဇင်းဟောင်း တစောင်တွင် ဘတ်ရဘူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးသားနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ် သူ ရေးထားသော အင်္ဂလိပ်စာကို ဖတ်၍၊ ယခု ဆိုရှယ်လစ်ဝန်ကြီး ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါဘဲ' ဟု ချီးကျူးသည်ကို ကြားရဘူး၏။

၁၉၃၉ က ဒို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည်၊ ကွန်ဂရက်၏ ဘိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏ ဘိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။

သခင်စိုး၏ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းစာအုပ်၏ အမှာကို သခင်သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆံ၏။ ဘတ်သူစွဲပြီး အနက်ပေါက်လွယ်၏။ အဖြတ်အတောက် ကလေးများမျာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာဆရာလုပ်လျှင် သတင်းစာဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။

သူသည် နဂါးနီစာအုပ်အသင်းကို တည်ထောင်သူ တဦးဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက့်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်းစိုးက စကားလုံး အသစ်ထွင်၍ ခံ့ညာသော စာကြီးပေကြီး၊ ပိဋိကတ်စာပေဖြစ်အောင် လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာစသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်သန်းစိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။

သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဘတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ်နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။

(၃)

တက္ကသိုလ်သမဂ္ဂ အမှုဆောင်အခန်းတွင် သခင်သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေးနွေးလေ့ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေးအပေါ်ဖုံး၊ မန္တလေးလုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။

ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင်ဆန့်ကျင်ရေး ဆောင်းပါးများကို ဘတ်မိ၏။ သူသည် ကိုလိုနီတော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဝင်စားလာကြလေပြီ။

သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ 'ဓနရှင်လောက' စာအုပ် အမှာတွင် သူသည် ကိုဘဟိန်းအကြောင်းပါ ရောဘက်ကာ ရေးထားရာ၊ အတော်ဘတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။

အိုးဝေမဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ တောင်းဘူး၏။ သခင်စိုး၏ 'လွတ်လပ်ရေးတိုက်ပွဲ' မှာ၊ မထုတ်မီ ပြည်ထဲရေးဌာနက ဆင်ဆာလုပ်ရာတွင် ပါသွား၏။ သခင်သန်းထွန်း၏ 'နိုင်ငံရေး လက်တွေ့လုပ်လိုသူများအဘို့ စကားလက်ဆောင်' ကား ပုံနှိပ်ဖြစ်၏။

ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင်လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင်နိုင်ငံရေးသမားများကို ပြောင်လှောင်၍ထားသည်။ သရော်ချက်ပါ၏။ ဘတ်ယင်း ရယ်မောမိသည်။

ထိုဆောင်းပါး အိုးဝေမဂ္ဂဇင်းတွင် ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်းလူကြီး။ ဒို့ဗမာအစည်းအရုံး အမှုဆောင်အဖြစ်တွင် ထောင်ထဲရောက်နေပေပြီ။

နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်းအကြောင်း စကားစပ်မိရာ….
'အဲဒီဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်' ဟု ကျွန်တော်အား ပြောသည်။

'ကျွန်တော်လဲ အဲဒီတုံးက မထည့်ဘူးလို့ နေသေးတာ။ သခင်သန်းထွန်းဆောင်းပါးဘတ်ပြီး သခင်တွေဟာ ဒီလိုဘဲ၊ နိုင်ငံရေးသမားလုပ်နေတာလို့ ထင်မှာစိုးလို့ဘဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာဘဲ' ဟု ကျွန်တော်က ပြော၏။

သခင်သန်းထွန်းကား ပြုံးနေပေသည်။

သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉- ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့် ဂိုရှယ်(ထိုအခါက ဘောဂဗေဒဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။

သခင်သန်းထွန်းတို့သည် ၁၉၃၉ ခုလောက်ကတည်းက ဗမာပြည်တွင် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းနေကြ သည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကို ပေးဘတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပိုချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

လျှို့ဝှက်၍ ထုတ်ဝေသော အရေးတော်ပုံအမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဘတ်လိုက်ရလေ၏။ ထို 'အရေးတော်ပုံ' ကား ပဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။

(၄)

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။

ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်းအဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင်တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။

ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များ တွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေးနှစ်လက် ဆင်ထား၏။ အိမ်ရှေ့မျက်နှာစာရှိ မြက်ခင်းကား အနီအဝါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

ဂျပန်ခေတ်က ထိုနေရာတဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင် (ယခု သံအမတ်) ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ဤပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။

ထို အမြောက်နှင့်အိမ်တွင် ပဌမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။

ယခင်က အင်္ဂလိပ်အထက်တန်း အရာရှိကြီးများနေသော တိုက်ဖြစ်၍၊ ခမ်းနား ထယ်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက်ရှိသည်။

ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ်ပန်းခက်တို့ဖြင့် ရှက်လိမ်သော ဆိုဖာများသည် အဝါနုနံရံနှင့် အသွေးချင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင်စားပွဲသည် တူရကီကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြတင်းမှ အစိမ်းပုတ်ရောင် ဇာခန်းဆီးသည်အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်လာအောင် ကာယင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။

သခင်သန်းမြိုင်သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းဒေါင့်တွင် ရှိပေသည်။ အပေါ်မှာ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သ, ပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းသည် မာက့်စ်၏ 'အရင်း' စာအုပ်ကို ဘတ်နေ၏။ သခင်တင်သည် ညနေဆိုလျင် ရောက်လာကာ စန္ဒယားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပြီကလာ တီးကြည့်တတ်၏။ တီးယင်း အသံပျောက်နေသဖြင့် 'လုပ်ပါဦးဗျ… တီးစမ်းပါအုန်း' ဟုဆိုကာ ကျွန်တော့်ဘက်ကို လှည့်၍ ပြောတတ်၏။

သခင်လင်းကား ဆိုဖာတွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက်ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။

သခင်သန်းထွန်းသည် မာက့်စ်စာအုပ်ကို ချလိုက်ပြီး 'လုပ်ပါဦးဗျ၊ သီချင်းတပုဒ်လောက်…. သက်ဝေဆိုတာလေ……' ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် 'သက်ဝေ' သီချင်းကို အလွန်နှစ်သက်၏။

ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင်သန်းမြိုင်သည် ဘေးမှ ရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

လှသထက်လှမယ်ဆိုယင်
ဆေးဘက်ဝင်ပါသလားလို့
မောင့်အသဲတွေ မောင့်အသွေးတွေ
မောင့်နှလုံးတွေ
အသုံးပြုပါလေ……..
သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။

ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင်သန်းထွန်းနှင့် စကားပြောကြပြီး၊ မကြာမီ ကားနှင့် အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။

ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူနေရာ လူစုံတတ်သဖြင့် သခင်သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ်နေတတ်၏။

ဤစိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်စာတမ်းများကို ရေးကြသည်။ ဤဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ်တယောက်သည် 'ပုန်ကန်ထကြွလော့' ဟူသော စာတမ်းများကို လွယ်အိပ်နှင့်ထည့်ကာ အိမ်ရှေ့လမ်းပေါ်တွင် လမ်းသလာားနေသော ဂျပန်စစ်သားလေးတဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြ တွေ့ကြ ရယ်စရာ မောစရာပြောခဲ့ကြသော သူများသည်ပင် ဖဆပလကို ဖွဲ့စည်းကာ၊ တော်လှန်ရေး ပြုခဲ့ကြသည်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင်၊ အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။

(၅)

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစီးနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလအလံကို နှဲ့နေကြပေပြီ။

သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ္မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန်ရှင်းဖြူစင်ခြင်း တို့ဖြင့် ရောပြွမ်းကာ နေပေမည်။

သခင်သန်းထွန်းလည်း သည်လူများအလည်မှ လူပင် ဖြစ်လေသည်။

ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာ ဝတ်၏။

သခင်သန်းထွန်းသည် ထို ငရှင့်သွေး ဂျာကင်အင်္ကျီကို အတော်နှစ်သက်သည်။ ချမ်းသည့်အခါတိုင်း ငရှင့်သွေးအင်္ကျီကို ဝတ်ကာနေတတ်၏။ သူနှင့်အတူ နေကြသော သခင်တင်ထွန်း၊ သခင်လှကွန်းတို့ကား သခင်သန်းထွန်း ရုံးကအပြန် ကားဆိုက်လျင် ဆိုက်ခြင်း အဝမှ ကြိုကာ ငရှင့်သွေး ဂျာကင်ကို ဆီးပေးပြီး၊
'သခင်သန်းထွန်း ဒီဟာလေး ဝတ်ထားပါ' ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံ အပေါ်ထပ်အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါး မှီဝဲနေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် စုံလှ၏။

ဆရာမဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏အစ်မ)သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။

'သောက်ပါအုန်း'
ကျွန်တော်က 'ဟာ… ဒုက္ခ၇ှာလို့' ဟုဆိုကာ အားနာဟန် ပြုနေ၏။
'သခင်သန်းထွန်းဧည့်သည်ဆိုယင် ကော်ဖီနဲ့ ဧည့်ခံပါတယ်' ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင်သန်းထွန်းကမူ ရှက်နေ၏။

နောက်တလခန့် ကြာသောအခါ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။

ဂျပန်တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ၊ ဖဆပလ၏ သတင်းများကိုသာ နားထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာဂျာနယ်ကို ဘတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင်သန်းထွန်း အမည်ကို နိုင်ငံခြားသတင်းစာများ တွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေအတွင်းရေးမှူး ဖြစ်လေ၏။

သူဖဆပလမှ ထွက်သောအခါ၊ သူ့နေရာတွင် တွဲဘက်အတွင်းရေးမှူး ကိုကျော်ငြိမ်းရောက်လာ၏။

တာရာမဂ္ဂဇင်း ထွက်ခါစက သခင်သန်းထွန်းထံ ဆောင်းပါးတောင်းဘူး၏။ သို့သော သူလည်း မရေးဖြစ်၊ ကျွန်တော်လည်း မရောက်တော့။

နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ်တရားပွဲတွင် တူတဇင်အလံနီကို နောက်ကျောခံလျက် ဓါတ်ခွက်ေ၇ှ့တွင် တရားဟောနေသော သခင်သန်းထွန်းကို ပရိသတ်အလယ်မှ မြင်လိုက်ရ၏။ သခင်သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ပြီး၊ နောက်… တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးခါနီးတွင် သွေးကြွလာစေသည်။ ဒါဘဲ သိလိုက်သည်။

သူသည် (၃) နာ၇ီခန့် မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆံဆံ စကားကြီး စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်းနားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကားနှင့်တကွ ပြော၏။

လူအများသည် စိုက်ကာ နားထောင်နေကြ၏။

ဂျစ်ကားနှင့် အထက်တန်းအရာရှိဟု ထင်ရသော သူတဦးက 'တယ်တော်တဲ့ လူဘဲ။ အချက်အလက်တွေ ချည်းဘဲ….. ကျုပ်အစက လက်သီးလက်မောင်းတန်းပြီး ကြိမ်းမယ် မောင်းမယ် ထင်နေတာ' ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။

ဓါတ်ခွက်မှ သခင်သန်းထွန်း၏ အသံသည် ညိုမှောင်မှိုင်းမြသော ညည့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။

ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။

ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းကြပ် ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲနေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကို လိုချင်၏။

Labels:

ဇာဂနာမေးတဲ့ခင်ဗျာတို့ဘာတွေလုပ်နေလဲ



တိုင်းပြည် နိုင်ငံရေးအကြောင်းပြောရင် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲ ဆိုတာ အမြဲပြောလေ့ပြောထ ရှိကြပါတယ်။ ငယ်သားတွေ နောက်လိုက်တွေကော ဘာလုပ်နေလဲလို့ ပြောကြစေချင်ပါသေးတယ်။ တစ်ဆိတ်ရှိ အစိုရကို အပြစ်တင်လိုက်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဝေဖန်လိုက်နဲ့ ပြည်သူတွေကရော ကိုယ့်တာဝန်ကိုယ်ကျေကြပါရဲ့လား။
နိုင်ငံသားဆိုတာ
(သူနဲ့သူ့ နိုင်ငံအကြားမှာ တာဝန်နဲ့အခွင့်အရေးဆိုတဲ့ ကြိုးနှစ်ကြိုး ချဉ်နှောင်ခံ ထားရသူပါ)
ကိုယ်တာဝန်ကိုယ်မယူဘဲ ကိုယ့်တာဝန်ကို သူများအပေါ် ပုံထားတဲ့ သူတွေက နိုင်ငံသားအခွင့်အရေး ဆိုတာကို တစာစာ တောင်းသင့်ရဲ့လား။ သားသမီးဝတ် မကျေပွန်ဘဲ သားသမီး အခွင့်အရေးကို ဇွတ်အတင်းတောင်း နေတာ တရားနည်းလမ်းကျပါရဲ့လား။


နိုင်ငံသားဆိုတာ
၁။  တစ်ဦးချင်းစီရဲ့ အရေးနဲ့
၂။  အစုအဖွဲ့ရဲ့အရေးဆိုတဲ့ တာဝန်နှစ်ရပ်ရှိပါတယ်။
          ခရစ်တော်မပေါ်ခင် ဘီစီ ၄၃၁ တုန်းက ပရီကယ်လိစ် ရဲ့စကားလေးတစ်ခွန်း ဖောက်သည်ချပါရစေ။
“လူဟာ ကိုယ့်အိမ်ကိုယ့်မိသားစုကို စောင့်ရှောက်ရမယ့် ၀တ္တရားရှိသလို ပြည်သူ့အရေးအရာကိုလည်း မျက်ကွယ်မပြုရဘူး။ နိုင်ငံသားတိုင်းဟာ သူ့နိုင်ငံရဲ့ တရားသူကြီးတွေပါပဲ” တဲ့။
          ဒီတော့ ခေါင်းဆောင်မဟုတ်တဲ့ နိုင်ငံသားတွေက…
၁။  နိုင်ငံသားအခွင့်အရေးနဲ့တာဝန်
၂။  နိုင်ငံရေးအခွင့်အရေးနဲ့တာဝန်
၃။  လူမှုရေးအခွင့်အရေးနဲ့နတာဝန် သုံးမျိုးလုံး ကျေပွန်ကြဖို့လိုပါတယ်။
          နိုင်ငံသားအခွင့်အရေးဆိုတာ တစ်ဦးချင်းတစ်ယောက်ချင်းနဲ့ဆိုင်တာပါ။ လွတ်လပ်စွာ ပြောခွင့်ရေးခွင့် စီတန်းလှည့်လည်ခွင့် ဆိုတာမျိုးတွေပေါ့။ ကိုယ့်သဘောနဲ့ကိုယ်ပါပဲ။ ဒါတွေကို လုပ်ချင်လုပ် မလုပ်ချင်နေပေါ့။ ကိုယ်နဲ့သာဆိုင်ပါတယ်။ လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း နေပိုင်ခွင့်ရှိကြပါတယ်။ ဒီတော့ ဒီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ အခွင့်အရေးလို့ဆိုကြရအောင်ပါ။
          နိုင်ငံရေးအခွင့်အရေးဆိုတာကျတော့ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်၊ တစ်နိုင်ငံလုံးအတွက် အကျိုး ကျေးဇူးဖြစ်ထွန်းမယ့် ကိစ္စရပ်တွေမှာ ပါဝင်ခွင့်စတာတွေပါပဲ။ ရွေးကောက်ပွဲမှာပါဝင်ခွင့်မရရင် ရွေးကောက်ပွဲကို သပိတ်မှောက်ခွင့်ရှိတာ နိုင်ငံသားတိုင်းရဲ့တာဝန်ပါပဲ။
          လူမှုအခွင့်အရေးဆိုတာကျတော့ စာသင်ကြားခွင့်၊ကုသခွင့်၊ နိုင်ငံရေးဝေဖန်ဆွေးနွေးခွင့်၊ တန်းတူညီမျှ စီးပွားရှာခွင့်ဆိုတာတွေပါပဲ။ စီးပွားရေးမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီးတာကို ၀ိုင်းပြီး ဆန့်ကျင်ကန့်ကွက်ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ပါပဲ။
          အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုအခွင့်အရေးကိုတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခွင့်အရေးလို့ ဆိုကြရအောင်ပါ။
          ဒီတော့ဗျာ  လွတ်လပ်စွာဆန္ဒပြခွင့်လောက်နဲ့တင် နိုင်ငံသားတာဝန် မကျေပွန်သေးဘူးလို့ ကျွန်တော် ကတော့ ပြောရမှာပဲ။ ဒီနေ့ကမ္ဘာမှာ အခွင့်အရေးနဲ့တာဝန်ကို တွဲပြီးပြောနေကြပါပြီ။ “အခွင့်အရေးအတွက် နိုင်ငံရေး” ဆိုတဲ့ စကားကို “အားလုံးကောင်းဖို့ နိုင်ငံရေး” ဆိုတဲ့စကားနဲ့ အစားထိုးသုံးစွဲကြပါစို့။ အားလုံးကောင်း စေချင်ရင် ကိုယ်ကလည်း ကောင်းကြပါ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင်အုပ်ချုပ်ရေးပါ။
          ကိုယ်အပါအ၀င် ကိုယ့်အသိုက်အ၀န်းရဲ့ တာဝန်ကိုနိုင်သလောက် ၀ိုင်းထမ်းကြမှ နိုင်ငံသားပီသတော့ မှာပေါ့။ Autonomy ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်တာဝန်နဲ့ကိုယ် အုပ်ချုပ်တတ်ကြဖို့လိုပြီ။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံ တိုးတက်မှာပေါ့။ လူ့အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေးချက်ချင်းပေး လို့ အော်တိုင်းသာ ပြည့်ဝမယ် တိုးတက်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။  ။

Labels:

ပွင့်ချပ်များကို ပိတ်လှောင်ထားသည့် အတွေးများ




”ကလေးတွေ ဖမ်းပြီး တောင်းစားခိုင်းတဲ့ အမျိုးသမီး ထောင်ဒဏ် တစ်နှစ်ပဲ ကျသတဲ့” အမေက လှမ်းပြောတော့
”နည်းလိုက်တာအမေရယ်။ ဒီထက်တောင် ပိုကျဖို့ကောင်းတယ်” ဟု ကျွန်မက စိတ်တိုတိုနဲ့ပဲ ပြောလိုက်မိတယ်။
”ဒါနဲ့ အဲဒီ မိန်းမကြီးနှစ်ယောက်က ထောင်ကျတာ ဟုတ်ပါပြီ။ ကလေးတွေကရော ဘယ်ရောက်သွားလဲ”
”ကလေးတွေက ဘယ်သူဘယ်ဝါ ကလေးတွေမှန်း စုံစမ်းလို့မရလို့ မိဘမဲ့ကျောင်း ပို့ထားရတယ်ဆိုလား” အမေကလည်း ပြန်ပြောပါတယ်။
”အို” ကျွန်မစိတ်ထဲ ရေရွတ်မိပါတယ်။
”ဟဲ့ ဒါနဲ့လမ်းထိပ်က ဒေါ်လုံစိမ်း ယောက်ျားလေ၊ ဟိုတစ်ခါ အကျဉ်းသားတွေ လွှတ်တော့ သူလည်း ပါလာတယ်။ နှစ်နှစ်ဆယ် ထောင်ကျတာလေ။ ၁၀ နှစ်လောက်နဲ့ သူလည်း ပြန်လွှတ်လာပြီ” ဟု အမေကလည်း သူ့ရပ်ကွက်က သတင်းစကားကို ဆက်ပြောပြန်ရော။


အန်တီလုံစိမ်းဆိုတာက သူ့အမျိုးသား ထောင်ကျတော့ ရှမ်းခေါက်ဆွဲရောင်းပြီး ကလေးတွေကို ခိုင်းလည်း ခိုင်း၊ ကျောင်းလည်း ထားတယ်။ ယောက်ျားကတော့ မူးယစ်မှုနဲ့ပဲ ထောင်ကျတာပါပဲ။ သူတို့ရဲ့ ကလေးတွေက လေးယောက်တောင်။
 ”အင်း သူ့ကလေးတွေတောင် အတော်ကြီးပြီနော်။ အကြီးလေးဆို ဆယ်တန်း အောင်ပြီတောင်မှတ်တယ်။ ဟိုရက်ကတောင် သီလရှင်တွေလား အုပ်စုလိုက်။ သေချာတော့ မသိပါဘူး။ နွမ်းနွမ်းလေးတွေ ဆွမ်းခံလှည့်တာ တွေ့လို့ စိတ်ထဲမှာ မသင်္ကာဖြစ်မိသေးတယ်။ တစ်ယောက်ယောက်ကများ ခိုင်းစားသလား ဆိုပြီးတော့ ရပ်ပြီးတော့တောင် မေးလိုက်ချင်သေးတယ်”။ ကျွန်မစိတ်ထဲ အန်တီလုံစိမ်းတို့ အမျိုးသား ထောင်က လွတ်တဲ့အကြောင်းအရာထက် ကလေးတွေကို ဖမ်းပြီး ခိုင်းစား သတင်းကိုပဲ ပိုစိတ်ဝင်စားမိတယ်။
ဒီနှစ်ထဲမှာပဲ ကလေးတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ ခဏခဏ ကြားနေရတယ်လို့ပဲ ကျွန်မ ထင်မိနေသလား။ ဒါမှမဟုတ် ဒီသတင်းကို အာရုံစိုက်လွန်းလို့ပဲ သတိထားမိနေလွန်းသလားတော့ မပြောတတ်။
 ကျွန်မတို့ငယ်စဉ်က ရန်မျိုးလုံ ရပ်ကွက်ထဲတွင် ကလေးခိုးမှုတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ကလေးပါ ပြန်တွေ့လို့ တော်သေးတယ်ဆိုရပေမယ့် တစ်ချို့ ပြန်မတွေ့တဲ့ ကလေးတွေ ရှိခဲ့တာပဲ။  ကျွန်မတို့နေတဲ့ “ဏ – ၁” ရပ်ကွက်ထဲမှာလည်း ကလေးပျောက်လို့ ဆိုပြီး ရပ်ကွက်ရုံးက ကြော်ငြာတဲ့ လော်စပီကာ အသံများ ရံဖန်ရံခါ ကြားနေရဆဲ။ အသက်ဘယ်လောက်ရှိ၊ အမည်က ဘယ်သူ၊ အကျီ ဘာအရောင် ၀တ်ထားသော ကလေး တွေ့ပါက ရပ်ကွက်ရုံးသို့ လာရောက်ပို့နိုင်ပါသည်ဆိုတဲ့ အသံတွေ။ ကြားရတိုင်း စိတ်ညစ်လိုက်တာ အမေရယ်လို့ ကျွန်မညည်းတွားနေကျ။ နောက်ပုံစံတစ်မျိုး မြင်တွေ့ရသည်က နေ့စဉ် သတင်းစာတွေထဲမှာ ကလေးပျောက် ကြော်ငြာတွေကိုပါ။ မသိတတ်လို့ လျှောက်သွားလို့ ပျောက်သွားခြင်းမဟုတ်။ အရွယ်က သိတတ်နေသည့်အရွယ် ခုနှစ်တန်း၊ ရှစ်တန်းဝန်းကျင် ကလေးတွေ။ နောက်တစ်မျိုးက ဥာဏ်ရည်မမှီတဲ့ ကလေးတွေ။ ကျွန်မ အသိ ဦးလေးလင်မယား နှစ်ယောက်ဆိုရင် သူတို့ရဲ့ ဥာဏ်မမှီကလေး ပျောက်သွာလို့ လင်မယား ကွဲမလိုအထိ ဖြစ်သွားခဲ့ရတယ်။ နောက်ထပ် အသိထဲက ဥာဏ်ရည်မမှီတ့ ကလေးကြီးတစ်ယောက်မှာလည်း ရိုက်နှက်ခံပြီး အ၀တ်အစားကအစ လုယူခံရတယ်။ လူလူချင်းအပေါ် အနိုင်အထက် ပြုကျင့်မှုတွေ။
ကျွန်မရဲ့ အိမ်နီးနားချင်း မဇာခြည်ဆိုရင် သူ့ကလေးကို ခဏခဏ သတိပေးတယ်။ ဟိုဘက်အိမ် လျှောက်လည် ဒီဘက် လျှောက်လည်ချင်တဲ့ သူ့သမီး သဲသဲကို ”သိပ်သိပ် မလည်ချင်နဲ့ဟဲ့” ဆိုပြီး ခြောက်ကြ၊ ချော့ရနဲ့။
 အခုချိန်ထိ တော်တော်များများ မှတ်မိကြချင် မှတ်မိကြပါလိမ့်မယ်။ သတိပြုမိချင်မှလည်း ပြုမိကြပါလိမ့်မယ်။ အိန္ဒိယမှာ ဖြစ်တဲ့ ကလေးပျောက်တဲ့ကိစ္စ။ ဖမ်းယူသတ်စားတဲ့ ပေါရိဒသ အမှု။ ဒီလို စက်ဆုပ်ဖွယ်အမှုကို ဖန်တီးသူက အိန္ဒိယက သူဌေးကြီးနဲ့ သူ့ရဲ့လူယုံ။ ပျောက်သွားတဲ့ ကလေးတွေကလည်း အခြေအနေမဲ့ အိမ်ရာမဲ့ကလေးတွေမို့လို့ တော်တော်နဲ့ သတိမမူမိကြပဲနဲ့ နောက်ပိုင်းမှ ဟိုးလေးတစ်ကျော်။
ဒါကြောင့် ”အမရယ်၊ ဗိုက်ဆာလို့ပါ” ဆိုပြီး တောင်းစားတဲ့ ကလေးတွေ မြင်ရင် ကျွန်မ ဘယ်လို စိတ်မချမ်းသာမှန်း မသိ။ ဘယ်ကရောက်လာတဲ့ ကလေးတွေမှန်းလည်း မသိ၊ ဘယ်သူခိုင်းလို့ ရောက်လာတယ်မှန်းလည်း မသိ။  ဈေးတွေ ဘာတွေမှာ ဒီလိုကလေးတွေတွေ့လို့ ငွေအကြွေရှိရင် ပေးလိုက်ပေမယ့် ကိုယ့်ရုံးရှေ့၊ အိမ်ရှေ့မှာ တွေ့ရင်တော့ မပေးတတ်ပါ။ အကျင့်ပါသွားလို့ အမြဲတမ်း ရောက်ပေါက်နေရင် ခက်ရချည်ရဲ့ဆိုပြီး မူထားကာ မပေးရတာကိုလည်း စိတ်ထဲ သိပ်မကောင်းလှ။
ဟိုတစ်နေ့က ကဒါဖီ သေတဲ့အကြောင်း ဂျာနယ်တွေမှာ အကျယ်တ၀င့် ပါလာတော့ ဒီကလူတွေရဲ့ ဝေဖန်ချက် အမျိုးမျိုးကို ကြားရပါတယ်။ ရုရှားဝန်ကြီးချုပ်ကတော့ အင်မတန် စက်ဆုပ်စရာလို့ မှတ်မှတ်ရရ ဆိုပါတယ်။ သူ့သေဆုံးပုံတွေကို ကလေးတွေ မြင်မှာ စိုးရိမ်စရာလို့ ပြောတယ်လို့လည်း သိရတယ်။
တစ်ခါက ကျွန်မအသိ အန်ကယ်ကြီးက ဂျာနယ်တစ်စောင်က ပုံတစ်ပုံကို ယူပြပါတယ်။ ဒီပုံ သိပ်ကောင်းတယ် သိလား။ စာပေစိစစ်ရေးက သေချာမမြင်လို့ လွှတ်လိုက်တာတဲ့။ ကျွန်မကလည်း နဝေတိမ်တောင်၊ ဘာကောင်းလို့လဲဟင်လို့ ပြန်မေးလိုက်မိတယ်။ ပုံကတော့ ငွေဆောင်ကမ်းခြေလား၊ ငပလီလား သေချာတော့ မသိပါဘူး။ မျက်နှာ ရွှင်ရွှင်လန်းလန်းနဲ့ ကလေးတစ်ယောက် ပို့စကတ်တွဲကြီး ကိုင်နေပြီး ရောင်းချဖို့ပြနေတဲ့ပုံ။
”အဲဒါ ကလေးဥပဒေ ငြိစွန်းတယ်”လို့ဆိုတော့ သြော် အဲလိုဆိုတော့ ဟုတ်သား… ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်စားသောက် နေရပါလားဆိုပြီး စိတ်ထဲတစ်မျိုး ဖြစ်သွားရပါတယ်။ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေနဲ့ ကျွန်မတို့တတွေ ဘယ်လောက်များ ရင်းနှီးကြပါသလဲ။
ဒါပေမယ့်လဲ လဘက်ရည်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာပါ ကလေးတွေကို တွေ့နေရတာက ကျွန်မတို့အတွက် သိပ်တောင် မဆန်းတော့သလိုပဲ။ တစ်ခါလား မနေနိုင်လို့ ကလေးတစ်ယောက်ကို မေးကြည့်ဖူးတယ်။ သားက ဘယ်ကလဲ၊ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ၊ ပျော်လား ဆိုပြီးတော့ပေါ့။ ကလေးက အညာမှာရှိတဲ့ ရွာတစ်ရွာက၊ အဖေကိုယ်တိုင် ဒီနေရာကို အပ်ပေးတာလို့ဆိုတယ်။ ကျွန်မက  သိပ်မကျေနပ်သေးလို့ ”ဒါဆို သားက ပျော်တယ်ပေါ့။ ကျောင်းမနေချင်ဘူးလား”…. ထပ်ကွန့်ပြီး မေးလိုက်တော့..ကလေးက ”မနေချင်ပါဘူးတဲ့”။ သူထပ်ပြောလိုက်တာက ”သားက အလုပ်လုပ်ချင်တာ။ အလုပ်လုပ်မှ ပိုက်ဆံရမှာ” တဲ့လေ။ ကျွန်မမှာ ဘာဆက်ပြောရမယ်မှန်း မသိတော့ပါဘူး။ မိဘကိုယ်တိုင်၊ သားသမီးကိုယ်တိုင် ဖြစ်နေတဲ့ အာသီသ။ လက်ရှိငွေရှိမှ စားနိုင်သောက်နိုင်မည့် အနေအထား။ ကဲ… ကလေးက ကျောင်းနေချင်လို့ ဆိုရင်ရော အင်တာဗျူးမေးတဲ့ ကျွန်မက ကျောင်းရော ထားပေးနိုင်လို့လား။ တကယ်တမ်းလည်း ကျွန်မမှာ ကလေးကို ကူကယ်မပြီး ကျောင်းထားပေးနိုင်တဲ့ ငွေကြေးအင်အားလည်း မရှိပါဘူး။
ကလေးတွေနဲ့ ပတ်သက်ပြီး ကြားရတဲ့သတင်းစကားတွေက အဖုံဖုံ။ ကလေးတစ်ယောက်က ကလေးအချင်းချင်းအပေါ် အနိုင်ကျင့်မှုတွေရော ပါနေတာပါပဲ။ ”ဆယ်ကျော်သက်ကလေးအုပ်စုက ကလေးလေးတစ်ယောက်ကို သတ်လိုက်တယ်တဲ့၊ ရုပ်ရှင်ကားတွေထဲကလိုပဲ ၀ိုင်းလုပ် လိုက်ကြတာ” ဆိုတဲ့ သတင်းစကားတွေ။ ”ဆယ်ကျော်သက် ကလေးတစ်ဦးက သူ့အိမ်နီးချင်း ကောင်မလေးကို ဘယ်လိုလုပ်လိုက်သတဲ့”ဆိုတဲ့ ပြောမထွက်ဝံ့တဲ့ စကားလုံးတွေ။
ကြားလိုက်ရရင် ဒီလောက်အရွယ်ကလေးက အဲလို လုပ်တယ်။ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ။ သူတို့ရဲ့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကြောင့်လား၊ ဗီဇကြောင့်ပေပဲလား… ကြီးပြင်းလာတဲ့အခါ ဖြစ်ပွားလာတတ်တဲ့ အနိုင်ကျင့်မှု၊ ကောက်ကျစ်မှု၊ လှည့်ဖျားမှုတွေ။ ဒီလို အကြောင်းအရာတွေနဲ့အတူ အကြောက်လွန်မိသည့် အဖြစ်တစ်ခုက ဘူတာရုံမှာ ကိုယ့်အိတ်ကိုမ ကိုယ်သယ်နိုင်လောက်အောင် ကျွန်မ မောနေတာကို မြင်လို့ ၁၄ နှစ်ဝန်းကျင် ကလေးတစ်ယောက်က အိတ်သယ်ပေးမယ်ဆိုလာတော့ မယုံသင်္ကာစိတ်နဲ့ အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားတဲ့အထိပါပဲ။
ဒီရက်ပိုင်းမှာ စိတ်ရှုပ်စရာ အတွေးတသီတတန်းကြီးထဲမှာ ကလေးတစ်ယောက်ကို စိတ်ဓါတ် မှန်မှန်ကန်ကန်နဲ့ ကြီးပြင်းစေတဲ့ အုပ်ထိန်းသူတွေအကြောင်းလည်း ပါတယ်။ အဲဒီလို အုပ်ထိန်းသူတွေကို အထူးတစ်လည်ပဲ အံ့သြ ချီးကျုးနေမိတာပါ။ နောက်တစ်ခုက ပတ်ဝန်းကျင်ကောင်း။ ကလေးတစ်ယောက် တော်တာ မတော်တာထက် လူပတ်ဝန်းကျင်မှာ နေတတ်ဖို့၊ လူပီသဖို့ သေချာသင်ပြပေးနိုင်တဲ့ အုပ်ထိန်းသူကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ တကယ်ပဲ ကျွန်မတို့ဆီမှာ ခုချိန်ထိ လိုအပ်နေတာပါ။
ကျွန်မကပဲ အတွေးပိုနေမိနေသလား။ လက်ရှိဖြစ်ပျက်နေတဲ့ ခေတ်စနစ်အခြေအနေကြောင့်ပဲ ကျွန်မ မကြားလိုတဲ့ သတင်းစကားတွေကို ကြားနေရတာပဲလား။ မုန့်လုံးစက္ကူ ကပ်ဖြစ်နေပြီလား။ ဒီလို ကြားရတဲ့ စကားလုံးတွေကို အဖြေရှာဖို့ လိုအပ်နေသလို ကျွန်မစိတ်ကိုပဲ ကျွန်မ အဖြေရှာနေသင့်နေပြီလားလို့ပဲ ခုချိန်မှာ စဉ်းစားမိပါတယ်။
 လာရာ

Labels: