Tuesday, 26 November 2013

....ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်?

ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။
နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။
“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။
ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။
ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။
ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။
ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။
နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။
လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည်။
အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။
နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။
“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။
တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။
ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ၀ိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။
အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။
ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။
“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။
၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။
သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။
“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။
လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။
သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။
“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။
“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။
အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။
“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ  Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

Sunday, 24 November 2013

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးအနွယ်တော်


သက်တော်ထင်ရှား ကုန်းဘောင်မင်း၏ နောက်ဆုံးအနွယ်တော်လည်းဖြစ်သလို
သီပေါရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ တတိယမြောက်မြေးတော်

(ပထမမြေးတော်မှာ-ပထမသမီးတော်၏သမီး- ကြီးတော်ကြီးတုတု ၊ဒုတိယမြေးတော်မှာ စတုတ္တသမီးတော်၏ သားတော်ကြီး-
တော်ဘုရားကြီး(ဘဘကြီး-မိမိတို့အခေါ်၊အမေ့အစ်ကိုကြီး)

“ထိပ်စုဖုရားကြီး”(မိမိ၏အမေ) ဖြစ်ပါသည်။

ထိပ်စုဖုရားကြီး (အမေ)သည် ၁၉၂၃-ခုနှစ် ဧပြီလ(၅) ရက်နေ့တွင် စတုတ္တသမီးတော်
(အသျှင်ထိပ်စုမြတ်ဖုရားကလေး ) နှင့် ဦးကိုကိုနိုင်တို့၏ မောင်နှမခြေက်ပါးအနက်မှ ဒုတိယမြောက် သမီးတော်ဖြစ်ပါသည်။

၁။ တော်ဘုရားကြီး(ကွယ်လွန်)
၂။ ထိပ်စုဖုရားကြီး
၃။ တော်ဘုရား
၎။ တော်ဘုရားငယ်(ကွယ်လွန်)
၅။ တော်ဘုရားလေး(ကွယ်လွန်)
၆။ ထိပ်စုဖုရားထွေး(ကွယ်လွန်)ဟူ၍ မောင်နှမခြောက်ယောက်ရှိပါသည်။

ထိပ်စုဖုရားကြီး(အမေ)သည် လာမည့်နှစ် ၂၀၁၄-ခုနှစ်တွင် သက်တော်(၉၁)နှစ်ပြည့် ပါတော့မည်။ စကားအပြောအဆိုသွက်လက်၍ မာန်မကျ ၊စိတ်ကြီးပြီးအနေအထိုင်
မြန်မာဆန်သော အမျိုးသမီးကြီးဖြစ် ပါသည်။ ယနေ့ထိ ကျန်းမာရေး ကောင်းပြီး အင်္ဂလိပ်စာ သင်ပေးချင်တုန်း ဖြစ်ပါသည်။

အမေ၏မြန်မာဆန်ပုံအားပြောရမည်ဆိုလျှင် ဒေါ်လေးမေ(တော်ဘုရားလေး၏ဇနီး) မှာကျန်းမာရေးကြောင့်ဆံပင်အတိုညှပ်ရပြီး အိမ်နေရင်း ခါးဝတ်မမြဲမှာစိုး၍ ဂါဝန်ဝတ်ထားရပါသည်။ အမေမှာ ဆံပင်များ ဖြူဖွေးနေ ပါသော်လည်း မနက်အိပ်ယာထလျှင်မည်သူ၏ အကူအညီမှ မယူပဲ ဆံထုံး ထုံးလေ့ရှိပါသည်။
အမေပင်ပန်းမည်စိုး၍ “ မေ့မေ့ဆံပင်ကို ဒေါ်လေးမေလိုအတိုညှပ်လိုက်ပါ၊ထုံးစရာမလိုတော့ဘူးပေါ့” ဟု
ပြောမိသည်ကို စိတ်ဆိုးပြီး စကားမပြောပဲနေသဖြင့် မနည်းပြန်ချော့ရဘူးပါသည်။ အင်္ကျီဆိုလျှင်လည်း ရင်ဖုံး နှင့်မြန်မာဆန်ဆန်သာဝတ်သည်က များပါသည်။ မနက်မိုးလင်းလျှင် သနပ်ခါးကိုယ်တိုင်သွေးပြီး ခြေဆုံး ခေါင်းဆုံး နေ့တိုင်းလိမ်းရ မှကျေနပ်ပါသည်။

မော်လမြိုင် စိန်ဂျိုးဇက်ကွန်ဗင့် (Moulmein St Joseph Covent) တွင် ကျောင်းအိပ်ကျောင်းစားနေခဲ့ရ၍ မြန်မာစကား မြန်မာစာကို မကျွမ်းကျင်ပါသော်လည်း မျိုးချစ်စိတ် ဇာတိမာန်အပြည့်ရှိပါသည်။ စိတ်ဓါတ်ခိုင်မာ၍ လောကဓံ အနိမ့်အမြင့်ကို ကြန့်ကြန့်ခံနိုင်ပါသည်။

အင်္ဂလိပ်စာကောင်း၍ အမေရိကန်သံရုံးတွင် လက်ထောက်စာကြည့်တိုက်မှူး၊
စိန့်ဖလောမီးနားကျောင်း (St Philomena Covent) .
စိန်ဂျူးအကယ်ဒမီကျောင်း (St Jude’s Academy) တို့တွင်လည်း အင်္ဂလိပ်စာဆရာမ။

ဖက်စပ်အကြံပေးအဖွဲ့မှာလည်း စက္ကထရီ(Secretary) ၊
သြစတေးလျသံရုံး (Australia Embassy) မှာလည်း Secretary။
သွားကောလိပ်မှာ ဆရာကြီးဦးအောင်သန်း၏ Secretary
စသည်ဖြင့် အလုပ်များစွာလုပ်ခဲ့ပါသည်။သို့သော် အမေ၏ ကုန်းဘောင်စိတ်လား၊ မဟုတ်မခံနိုင်သော စိတ်လားတော့ မပြောတတ်ပေ၊ မကြာခဏအလုပ်ပြောင်းနေသည်ကို မှတ်မိနေပါသည်။

စိတ်မကောင်းစရာတစ်ခုမှာ အမေသည်မိမိ၏ မှတ်ပုံတင်နာမည် “ထိပ်စုဖုရားကြီး”အား စိတ်နာ၍ “ဒေါ်စုစုခင်”ဟု ပြောင်းလိုက်ပြီး နာမည်မေးလျှင် ဒေါ်စုစုခင်ဟုသာဖြေပါသည်။ မေမေပြောလေ့ရှိသောစကားမှာ ဒီနာမည်ကို မုန်းတယ်။ ဒါကြောင့် “စုစုခင်”လို့ပြောင်းလိုက်တာဟု လေသံမာမာဖြင့်ပြောလေ့ရှိပါသည်။

အကြောင်းမှာ- မင်းဆွေမင်းမျိုးဟုသိရင်တောင်အရေးမစိုက်ကြတော့သည်က တစ်ကြောင်းယနေ့ခေတ်လူငယ်များသည် အများအားဖြင့် သမိုင်းကြောင်းကို သေသေခြာခြာ မသိကြသည်က တစ်ကြောင်း
အမေ့နာမည်ပြောလျှင် လှောင်ပြောင်ချင်ကြသည်ကတစ်ကြောင်း၊ မျိုးချစ်စိတ်နည်းပါး၍ လူကြီးသူမများကို ရိုသေလေးစားမှု အားနည်းသွားသည်ကတစ်ကြောင်း စသည့်အတွက် အမေက စိတ်ထန်ထန်နှင့်မိမိ၏နာမည်အရင်းပါ ဖျောက်ချင်သည်အထိ စိတ်မကောင်းဖြစ်သွားပါသည်။

(အားလုံးကိုမဆိုလိုပါ၊သမိုင်းကြောင်းကိုသိသူစိတ်ဝင်စားသူ ဆွေတော်မျိုးတော်များကို စိတ်ဝင်စားသူများ ရှိသည်ကို ဤ face book သုံးသည့်အခါတွင်မှ ၀မ်းမြောက်စွာ သိရပါသည်။

မျိုးနွယ်တော်မျာ၏ သမိုင်းကြောင်းကို ရေးတင်သည့်အခါ ကြမ်းတမ်း မိုက်ရိုင်းသော comment များနှင့်လည်း ကြုံရပါသေးသည်)

တစ်ခါတစ်ရံတော့ အားလျော့သည့်လေသံဖြင့် မေမေတို့ခေတ်က ကုန်သွားပါပြီ။ ဘယ်သူကမှလည်း မေမေတို့ကိုသိတာမဟုတ်ဘူး၊ စိတ်လည်းမ၀င်စားကြမဲ့ အတူတူ နာမည်ကအစ ဖျောက်ပြီး သာမန်အရပ်သူတစ်ယောက် နာမည်နဲ့ နေသွားတာ အကောင်းဆုံးပါဟု ရှိသည်ကို ဤ face book သုံးသည့်အခါတွင်မှ ၀မ်းမြောက်စွာသိရပါသည်။ှ မျိုးနွယ်တော်မျာ၏ သမိုင်းကြောင်း
ကို ရေးတင်သည့်အခါ ကြမ်းတမ်း မိုက်ရိုင်းသော comment များနှင့်လည်း ကြုံရပါသေးသည်)

၁၉၄၂-ခုနှစ်တွင် စက်ရှင်တရားသူကြီး ဦးသိမ်းမောင် ဒေါ်ခင်ညွန့်တို့၏ ဒုတိယသား ဦးမောင်မောင်ခင် (ပထမ သားကာယဗလဦးမောင်မောင်လွင်၊ညီမ ဒေါ်ခင်ကြည်)
နှင့်(၁၉)နှစ်အရွယ်တွင် အိမ်ထောင်ကြ၍ သားသမီး ငါးယောက်ထွန်းကားပါသည်၊

၁။ ဒေါ်ချိုချိုခင်
၂။ ဦးဝင်းခင်(ကွယ်လွန်)
၃။ ဦးကျော်ခင်
၎၊ ဒေါ်ဒေ၀ီခင်
၅။ ဦ်းအောင်မင်းခင်(ကွယ်လွန်)တို့ဖြစ်ပါသည်။

ယခုအခါ ရန်ကုန်မြို့၊စမ်းချောင်း၌ သမီးဖြစ်သူ ဒေ၀ီခင်နှင့် ကျန်းမာစွာ အတူနေထိုင် လျှက်ရှိပါသည်။

Saturday, 16 November 2013

စုဖုရားလတ်က သီပေါမင်းရဲ့ လက်ကိုဆွဲ


သူရိယသင်္ဘောပေါ် တက်တဲ့အချိန် စုဖုရားလတ် ဘာလုပ်ခဲ့ပါသလည်း...?

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့ ညနေ ၆:၃၀ နာရီမှာ နန်းကျဘုရင် သီပေါမင်းဟာ မြန်မာပြည်နဲ့ အပြီးတိုင်ခွဲပြီး သူတို့တွေကို အိန္ဒိယပို့မယ့် သူရိယသင်္ဘောပေါ် တက်ဘို့ ခပ်ငိုင်ငိုင် ဖြစ်နေတဲ့အချိန်...စိတ်မြန် လက်မြန်

စုဖုရားလတ်က သီပေါမင်းရဲ့ လက်ကိုဆွဲ၊ မျက်နှာထား တင်းတင်း နဲ့ အံကိုကြိတ်လို့ ရှေ့ကနေ ဦးဆောင်ပြီး ကုန်းပေါင်ပြားပေါ် လှမ်းတက်သွားပါသတဲ့။

အဲဒီအချိန်မှာ ဒယိမ်းဒယိုင် ဖြစ်သွားတဲ့ စုဖုရားလတ်ကို ရှေ့ကနေ မီးအိမ်ပြနေတဲ့ အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက်က ထိန်းပေးတဲ့ အနေနဲ့ စုဖုရားလတ်ရဲ့ လက်ကို လှမ်းကိုင် လိုက်ပါသတဲ့။

နန်းကျ မိဖုရား ဖြစ်ပေမယ့် မြန်မာ့ နန်းတွင်း ဓလေ့ထုံးစံအရ အရှင် နှစ်ပါးရဲ့ ကိုယ်ခန္ဓာကို (ခွင့်ပြုချက် မရပဲ) မည်သူမဆို ထိကိုင်ခွင့် မရှိတာမို့ စုဖုရားလတ်က အဲဒီ အင်္ဂလိပ် စစ်ဗိုလ်ရဲ့ လက်ကို ဆတ်ကနဲ ပြန် ပုတ်ချပြီး ဒေါသတကြီးနဲ့ တရှိန်ထိုး တက်သွားတဲ့အခါ မောင်မင်းကြီးသား အင်္ဂလိပ် စစ်ဗိုလ်ခမြာ ကုန်းပေါင်ပြားပေါ်က ခြေချော်လို့ မြစ်ထဲကို ကိုးရိုကားယားနဲ့ ပြုတ်ကျ သွားပါရော...

မြန်မာနိုင်ငံကို သူတို့လင်မယား ၇ နှစ်အကြာ အုပ်ချုပ်ခဲ့စဉ်မှာ ကောင်းတာ မကောင်းတာ အပထား။ မြန်မာ အမျိုးသမီး တစ်ယောက်ရဲ့ မာန (အထူးသဖြင့် စစ်ရှုံး မြန်မာ နန်းကျ မိဖုရားတစ်ဦးရဲ့ မာန) ကို ရန်သူ ပြုသမျှ ခေါင်းငုံ့ နေရမယ့် အချိန်မှာတောင် ရတဲ့နည်းနဲ့ ပြခဲ့တဲ့ သတ္တိကိုတော့ ချီးကျူးမိပါရဲ့ဗျာ...။

ဥရောပ တိုက်သားများနဲ့ ခွေးများ မဝင်ရ "...


မြန်မာ နိုင်ငံတစ်ဝှမ်းလုံးကို ဗြိတိသျှတို့ သိမ်းပိုက်ထားပြီး သူ့ကျွန်ဘဝမှာ ပြားပြားဝပ်နေရတဲ့ အချိန်...

" ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်းပြီး၊ မြို့သုဉ်း သုည သုဉ်းသုံဝမှာ၊ လူဖြစ်လာရ ဒို့ဘဝသည်၊ သေသော်မှတည့်.. အော်..ကောင်း၏ " လို့ ဆီးဘန်းနီ ဆရာတော်က ညည်းညူတဲ့ ကာလ...

" စာသင်တောင် ဦးချလို့၊ ပလူးရ ပြေးကြိုကြရှာ၊ ခွေးသို့ပမာ၊ တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေး " လို့ အချုပ်တန်း ဆရာဖေက စိတ်နာတဲ့ ခေတ်ပျက်...

" ဗြိတိသျှ လူမျိုးများနှင့် ဥရောပ တိုက်သားများမှ အပ မည်သူမျှ ဖိနပ် မစီးရ " လို့ ဆိုင်းဘုတ်ရေုးပြီး လေးဆူဓါတ်ပုံ ရွှေတိဂုံ အပါအဝင် ဗုဒ္ဓဘာသာ ဘုရား ကျောင်းကန် စေတီပုထိုးတွေမှာ နိုင်ငံခြားသားတွေ ဖိနပ်မချွတ်ပဲ တဂွပ်ဂွပ်နဲ့ လမ်းသလား နေတာကို မချိတင်ကဲ ဒီအတိုင်း ကြည့်နေရတဲ့ ကျွန်သဘောက် ဘဝ...

အဲဒီလို ခေတ်ပျက် ခေတ်ဆိုးကြီး ထဲမှာ " Europeans and dogs are not allowed ".. လို့ ခြံဝမှာ ခပ်တင်းတင်း ဆိုင်းဘုတ် ချိတ်ထားတဲ့ အိမ်တစ်အိမ်... အဓိပ္ပာယ်က"

ဥရောပ တိုက်သားများနဲ့ ခွေးများ မဝင်ရ "...

အဲဒီအိမ်ဟာ ဗြိတိသျှ ဘုရင်ခံချုပ်ရှိရာ အိန္ဒိယနိုင်ငံထဲကံ ကလင်ပုံမြို့ မှာ ရှိပြီး တစ်မြို့လုံး မျက်နှာဖြူ မျက်နှာမည်းတွေပဲ ရှိနေပေမယ့် သွေးရဲစွာနဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ မြန်မာ လင်မယား နေထိုင်ရာ အိမ်...တစ်မြို့လုံးမှာ မြန်မာအိမ်ဆိုလို့ သူတို့ တစ်အိမ်ထဲ...

ဥရောပတိုက်သားတွေ လာရင် တံခါးမှူးက အဲဒီ ဆိုင်းဘုတ်ပြ။ ဘယ်သူမှ မဝင်ရ။ ဆိုင်းဘုတ်ကို ကြည့်၊ မျက်နှာကြီးတွေ နီပြီး နောက်ကြောင်း ပြန်။ သူတို့ကို အာခံတဲ့ ဒီအိမ်.. တစ်ကြိမ်ကြိမ်တော့ တွေ့ကြသေးတာပေါ...

နယ်ချဲ့ အင်္ဂလိပ်ကို အဲဒီလောက်ထိ ခါးခါးသီးသီး မုန်းတီးလှတဲ့ အဲဒီ နေအိမ်ကို တစ်နေ့တော့ အကဲစမ်းချင်တဲ့ မျက်နှာဖြူ တစ်ကောင် ရောက်လာပြီ.. သူကတော့ ကလင်ပုံမြို့ရဲ့ အင်္ဂလိပ် အရေးပိုင်...

ဗြိတိသျှ ဘုရင်ခံက အဲဒီ ဆိုင်းဘုတ်ကို သိတ်ပြီး ကြည့်လို့မရတာ ကြာပြီ။ ဒါကြောင့်လည်း အင်္ဂလိပ် ဗိုလ်မှူးဟောင်း တစ်ယောက်ကို အရေးပိုင်ခန့်... အဲဒီအိမ်ထဲကို ရအောင်ဝင်.. အိမ်ကြီးရှင် လင်မယားနဲ့ တွေ့ဖြစ်အောင်တွေ့...

လက်ရဲ ဇက်ရဲ ဗိုလ်မှူးဟောင်း ဆိုတော့ အမိန့်အတိုင်း အရေးပိုင် အသစ်စက်စက်ကလည်း အဲဒီအိမ်ကို ရောက်အောင်သွား... အင်း.. ကျားနဲ့ဆင်တော့ လယ်ပြင်မှာ တွေ့ကြပြီ။

ဒီလိုနဲ့ ခြံဝင်းရှေ့ကို အရေးပိုင် ဂျစ်ကားနဲ့ ရောက်လာ။ တံခါးမှူးက ဆိုင်းဘုတ်ကို ပြ.. မောက်မာလှတဲ့ အရေးပိုင်ကလည်း တံခါးမဖွင့်ရင် ဂျစ်ကားနဲ့ တိုက်ဖွင့်မယ်လို့ ကြိမ်းဝါး.. တံခါးမှူး စိတ်ညစ်ရတော့ အိမ်ကြီးရှင်ကို အကျိုးအကြောင်းသွားပြော..
ပြန်လာတော့ အမောပြေ ဘီတီ ဆေးလိပ်လေး ခဲ၊ ကင်းတဲ ထဲက ထွက်မလာတော့ဘူး...

အရေးပိုင်ကလည်း နာရီကိုကြည့်၊ တံခါး မဖွင့်ပေးတဲ့ တံခါးမှူးကိုပါ ဂျိုကြည့် ကြည့်ပြီး တံခါးကို ဂျစ်ကားနဲ့ တအားဝင်တိုက်.. ခပ်မိုက်မိုက်ပဲ...

အဲဒီ အခိုက်မှာပဲ ဒိုင်း ကနဲဆို သေနတ်သံ တစ်ချက် ထွက်လာ၊ ပြာယီးပြာယာ ဖြစ်သွားတဲ့ အရေးပိုင်.. တစ်ချက်ငိုင်ပြီး ဆောင်းထားတဲ့ ဖော့ဦးထုပ်ကို ချွတ်ကြည့်လိုက်တော့.. လား လား.. ဖော့ဦးထုပ်မှာ ကျည်ဆံ တစ်တောင့်က ဖောက်ထွင်းလို့ သွားပြီ..ကံကောင်းလို့ ခေါင်း မထိ...

အရေးပိုင်က ဣနြေ္ဒဆည်ပြီး အိမ်ပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့ ပြူတင်းပေါက်မှာ ရပ်နေတဲ့ အိမ်ကြီးရှင် မြန်မာက သေနတ်ကို ထောင်ပြပြီး ပြန်သွားခိုင်း...

အရေးပိုင်ကလည်း ခပ်မိုက်မိုက် ခပ်ရိုင်းရိုင်း ထဲကဆိုတော့ လွယ်လွယ်နဲ့ အလျှော့မပေး..သူ့ ဂျစ်ကားလေးကို နောက်ပြန်ဆုတ်၊ စက်ကုန်သုတ်ပြီး မလဲတလဲ ဖြစ်နေတဲ့ ခြံတံခါးကို ထပ်ပြီးကြုံး.. ဝုန်းဒိုင်းတွေ ဖြစ်ကုန်ရော...

ဒီတစ်ခါတော့ ထပ်ရောက်လာတာက ကျည်ဆံ တစ်တောင့်ထဲ မဟုတ်တော့ဘူး။ အရေးပိုင် မထိုင်တဲ့ ဘက်ခြမ်းက ကားမှန်ကို ကျည်ဆံတွေ တဒိုင်းဒိုင်းနဲ့ အဆက်မပြတ် လာမှန်၊ ကားမှန်တွေ ကြေမွကုန်ရော...

စောစောက သတ္တိကောင်းဟန် ဆောင်ထားတဲ့ မျက်နှာဖြူ အရေးပိုင်၊ အိမ်ကြီးရခိုင်က ပုဂ္ဂိုလ်က သူ့ထက် သတ္တိပိုကောင်းမှန်းလည်း သိရော.. ဝေါ ဆို တစ်ချိုးထဲလစ်.. ဦးထုပ်တောင် ခြံဝမှာ ကျန်ရစ်လေရဲ့...

အဲဒီလို ဗိုလ်ကျတဲ့ အရေးပိုင်ကို သူ့မြေ သူ့ရေ သူ့နိုင်ငံမှာ အနိုင်မခံ အရှုံမပေး ခပ်ကြမ်းကြမ်းလေး ဆုံးမခဲ့သူကတော့ လတ်သခင်.. ဒုတိယ သမီးတော်ရဲ့ ကြင်ယာတော်..ပါခင်ဗျာ...။

သွေးဆာနေတဲ့ မိဖုရား.


ရက်စက်တဲ့ မိဖုရား...
သွေးဆာနေတဲ့ မိဖုရား...
သနားညှာတာစိတ် ကင်းမဲ့တဲ့ မိဖုရား... တဲ့...

အပျိုတော် မိခင်ကြီး (ဒိုင်းခင်ခင်) အပေါ် စုဖုရား ရက်စက်မိခဲ့တာနဲ့ ပတ်သက်ပြီး အပြစ်တင်နေကြတဲ့ သူတွေကို ပြန်မေးလိုက် ချင်ပါတယ်...

စုဖုရားကို.. မိဖုရားခေါင်ကြီးဆိုတာ ခဏလေး မေ့ထားပေးပြီး သာမန် မိန်းမတစ်ယောက်အဖြစ် (ကျေးဇူးပြုပြီးတော့) တွေးကြည့် ပေးကြစမ်းပါ...စုဖုရား နေရာမှာ ခဏလောက်ဖြစ်ဖြစ် ဝင်ပြီး ခံစားကြည့် ပေးကြစမ်းပါ...

ကိုယ့်ခင်ပွန်း ဖောက်ပြန်တာကို ကျေကျေနပ်နပ်နဲ့ လက်ပိုက၊် ပြုံးပြီး ကြည့််နေနိုင်တဲ့ မိန်းမမျိုး ဒီကမ္ဘာပေါ်မှာ ရှိခဲ့ရဲ့လား... တကယ်လို့ ရှိခဲ့တယ် ဆိုရင်လည်း အဲဒီ မိန်းမရဲ့ အချစ်နဲ့ စုဖုရားရဲ့ အချစ် မတူနိုင်ဘူး ဆိုတာကော မစဉ်းစားပေး တော့ဘူးတဲ့လား...

စုဖုရား နားလည်ထားတဲ့ အချစ်က စွန့်လွှတ်ခြင်း မဟုတ်ဘူး။ "အချစ်ဆိုတာ ရယူ ပိုင်ဆိုင်လိုခြင်း"... အချစ်ကို တစ်ခြား မိန်းမ တစ်ယောက်နဲ့ ဝေမျှ ခံစားနိုင်လောက်တဲ့ အထိ စုဖုရားမှာ ခန္တီပါရမီ မပြည့်စုံဘူး။

စုဖုရားဟာ မောင်တော် သီပေါကို ဟိုး.. ငယ်ငယ်လေးထဲက အမြဲတမ်း ချစ်လာခဲ့တဲ့ သူပါ။ တစ်နေ့ကြရင် မောင်တော် သီပေါ ဘုရင် ဖြစ်လာလိမ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချစ်ခဲ့တာ မဟုတ်ဘူး။ မောင်တော် ..ဘုရင် မဖြစ်လည်း စုဖုရားက လက်ထပ်မယ် ဆိုတဲ့ အတွေးနဲ့ ချစ်ခဲ့ရသူပါ...

ပြောရရင် ကလေးကလား ဆန်နေမလားတော့ မသိဘူး။ စုဖုရားက အပျိုပေါက် မင်းသမီးလေး ဘဝမှာတောင် ယောင်္ကျားလေးလိုဝတ်၊ ယောင်္ကျားလေးတွေနဲ့ ခပ်ကြမ်းကြမ်း ဆော့ကောင်းတုန်း...

နန်းတော်ထဲက အဆောင်တော် မှန်သမျှ စုဖုရား မရောက်တဲ့နေရာ မရှိဘူး။ ယောင်္ကျားလေးလို ဝတ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်လွန်းလို့ နန်းတွင်းက သတင်း၊ အတင်းပေါင်းစုံ စုဖုရား သိပါရဲ့။ ကလေးပီပီ သိသမျှ အကုန် ပြောတတ်လွန်းလို့ ခမည်းတော်က သမီးတော်တွေ အများကြီးထဲမှာ စုဖုရားကို အလိုလိုက်ပြီး မျက်နှာသာပေး၊ ပြောရရင် (အမိန့်တော်ထုတ်ပြီး ခန့်အပ်ထားခြင်း မရှိတဲ့) ခမည်းတော်ရဲ့ ကလေးသူလျှို ပေါက်စလေးပေါ့...

တစ်ခြား မင်းသားတွေနဲ့ စုဖုရားတို့ ကစားနေပြီဆို မောင်တော် သီပေါက ခပ်လှမ်းလှမ်းကနေ ငေး... သူ့ ပုံစံက ခပ်အေးအေးလေ.. စုဖုရားက အတူ ကစားဘို့ခေါ်ရင် ခေါင်းခါပြီး ထွက်ပြေးရော...

တစ်နေ့တော့ စုဖုရားလည်း စိတ်ပေါက်ပေါက် ရှိတာနဲ့ သူ့ လက်ကို အတင်းဆွဲပြီး အတူ ကစားခိုင်းပါလေရော.. သူ့ခမြာ စုဖုရားကို ကြောက်လို့ ကစားသာ နေရတယ်.. မျက်နှာက ငိုမဲ့မဲ့နဲ့...

အဲဒီ အချိန်ကတည်းက စိတ်အားငယ်တတ်တဲ့ သူ့ကို (မင်းသမီး ဖြစ်ပါလျှက် ယောင်္ကျားလေးလို ခပ်ကြမ်းကြမ်း နေလာခဲ့တဲ့ ) စုဖုရားက.. သနားစိတ်နဲ့ ချစ်မိသွားသလားတော့ မပြောတတ်ပါဘူး...

အမယ်.. တစ်နေ့တော့ ကိုယ်တော်ချောက ဘာစိတ်ကူး ပေါက်လာလည်း မသိဘူး။ ကစားရင်းနဲ့ လူရှင်းသွားတော့ သူ့ ခါးကြားထဲက စာလွှာတစ်စောင် ထုတ်ပေးပါရော...

ဘာစာတုန်းလို့ မသိချင်ယောင် ဆောင်ပြီး မေးလိုက်တော့ ထုံးစံအတိုင်း မျက်နှာကြီး နီလို့.. ခေါင်းကြီး ငုံ့ပြီး တေမိမင်းသား လုပ်နေပြန်ပေါ့...

ဒီလောက် ပျော့စိစိ နိုင်တဲ့ သူ့ကို စုဖုရား စိတ်ပေါက်ပေါက်နဲ့ ခေါင်းကို ဒေါက်ကနဲ ခေါက်ထားခဲ့ပြီး ပြေးထွက်လာခဲ့တယ်...(တကယ်ဆို သူက စုဖုရားထက် ၂ နှစ်တောင် ကြီးတာ။ တတ်နိုင်ဘူး.. ငရဲ့ကြီးလည်း ကြီးပစေပေါ့။ နေရာတကာ မြုံစိစိ နိုင်လွန်းတဲ့ ရေခဲတုံးကို တစ်ခါတစ်လေ အမြင်ကို ကတ်ရော.. ဟွန်း..)

ခစ်ခစ်.. စာလွှာလား... ဘယ်ကျန်ခဲ့မှာတုန်း။ သူ့လက်ထဲက ဆတ်ကနဲ ဆွဲယူလာပြီး အဆောင်တော်ကို အပြေးတပိုင်း ပြန်လာတာပေါ့။ ပြေးရလို့လား.. သူ့ မေတ္တာစာကြောင့်လား မသိ.. စုဖုရား ရင်ထဲမှာ တလှပ်လှပ် တဖိုဖိုနဲ့ အဲဒီနေ့ တစ်နေ့လုံး ထိုင်ရမလို၊ ထရမလို ဖြစ်နေခဲ့တာ.. သူကတော့ သိမှာ မဟုတ်ပါဘူးလေ...

ပြောပြီုးပြီပဲ.. စုဖုရားက မဆွတ်မှီ ကတည်းက ညွှတ်ချင်နေတဲ့ သူပါ.. မချွေခင် ကတည်းက ကြွေချင်နေတဲ့ သူပါ..ဒါပေမယ့် ထုံးစံအတိုင်း မိန်းကလေး ပီပီ နည်းနည်းတော့ အိုက်တင် ခံရသေးတာပေါ့နော့...

အင်း... ပြောရရင်တော့ အဲဒီရက်တွေဟာ စုဖုရားရဲ့ ဘဝမှာ ပျားရည်မြစ်တွေ စီးဆင်းခဲ့တာပါ။ မြင်မြင်သမျှ လောကကြီးဟာ.. စုဖုရားအတွက်တော့ အလှပဆုံး ကမ္ဘာ၊ အလှပဆုံး အချိန်တွေပဲပေါ့။ ဖြစ်နိုင်ရင်.. စုဖုရားလေ.. အဲဒီအချိန်တွေကို ပြန်လိုချင်လိုက်တာ...

ကိုရင်ဝတ်ခဲ့တဲ့ မောင်တော် .. ပထမကြီး၊ ပထမလတ်၊ ပထမကျော် စာမေးပွဲတွေ အောင်တော့ ခမည်းတော် မင်းတုန်းမင်းက" ဒါမှ ငါ့သား" ဆိုပြီး လက်ခမောင်း ခတ်သလို စုဖုရားမှာလည်း မောင်တော့်အတွက် ဂုဏ်ယူလိုက်ရတာ.. တစ်သက်လုံး ယောင်္ကျားလေးလို နေလာတဲ့ စိတ်ကြမ်း၊ ကိုယ်ကြမ်း စုဖုရားက ချစ်ရသူအတွက် ကြည်နူးမျက်ရည်တွေ ကျခဲ့ရတယ် ဆိုရင် ဘယ်သူ ယုံမှာတဲ့လည်း...

တစ်နေ့..
မယ်တော်ဘုရားရဲ့ အဆောင်တော်မှာ ခမည်းတော်ဘုရားက " ငါ့ သားတော်ကြီးတွေထဲမှာ ထက်မြက်တဲ့ သူတွေ ရှိသလို၊ အပျော်ကြူးနေသူတွေလည်း ရှိရဲ့။ အိမ်း.. ဒါပေမယ့် ပထမကျော်တော့ ဘယ်သူမှ မဖြစ်ခဲ့ဘူး။ အဲဒီတော့..မင်းသားငယ် ဆိုပြီး အားတော့ မငယ်နဲ့။ ကြိုးစားရင် ဘုရင် ဖြစ်နိုင်တာမို့ ကြိုးစားဗျ".. လို့ မိန့်တော်မူတာကို မောင်ဘုရားက ထုံးစံအတိုင်း ငူငူကြီး လုပ်နေပြန်ရော...

စုဖုရားမှာ သူ့ကိုကြည့်ပြီး အားမရလိုက်တာလေ.. ဒါနဲ့ တော်၏၊ မတော်၏ မစဉ်းစားတော့ဘူး... ခမည်းတော်တို့ ရှေ့မှာတင် သူ့ကို တွန်းပစ်လိုက်ပြီး "အဲလိုဆိုလည်း ဘုန်းကြီးပဲ တစ်သက်လုံး ဝတ်နေတော့"..လို့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်မိတယ်...ဟုတ်တယ်လေ.. အဲဒါသာကြည့်။ စုဖုရား စိတ်တိုတာ လွန်သလားလို့...

ခမည်းတော်နဲ့ မယ်တော် ဆင်ဖြူမရှင်ကတော့ " အိမ်း.. သီပေါမင်းသားကတော့ ရိုးယုံတင်မကဘူး။ အ တာကွဲ့.. အတာ "..လို့ မိန့်ပြီး ပြုံးနေလေရဲ့...

တိုတိုပဲ ပြောကြပါစို့ရဲ့။ နောက်တော့ မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန် ဘိုးဘိုးတို့ရဲ့ ထောက်ခံမှုနဲ့ မောင်တော် အိမ်ရှေ့မင်းသားဖြစ်၊ ခမည်းတော် နန်ရွာစံတော့ ဘုရင်ဖြစ်လာပါလေရော...

အင်း.. မောင်တော်ကတော့ "မရွယ်ပဲနဲ့ စော်ကဲ မင်းဖြစ်" ပြီ... ဒါဆို.. သူ့ကို ရွှေရင် သိမ်းသစ်စ အရွယ်ကတည်းက သနားစိတ်နဲ့ ချစ်အားပိုခဲ့ရသူ နှမတော်လေး စုဖုရားကကော.. ဘာဖြစ်လာမှာတုန်း...

အို.. စုဖုရား တစ်ကိုယ်လုံး ရင်တွေ ဖိုလိုက်တာ မောင်တော်ရယ်...

ပန်းချီတော် ဆရာချုံ



ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တော်မှစ၍ ထင်ရှားကျော်စောလာသော မန္တလေးမြို့ စွယ်စုံရ မြန်မာပန်းချီတော် တစ်ဦးကား ဆရာချုံဖြစ်သည်။
ဆရာချုံ၏ မွေးသက္ကရာဇ်ကို အသေအချာမသိရသော်လည်း မြန်မာသက္ကရာဇ် ၁၂၂၈ခုနှစ် (ခရစ် ၁၈၆၆ခုနှစ်)တွင် ဖွားမြင်သည်ဟု ခန့်မှန်းရသည်။ မောင်ချုံကို မွေးဖွားစဉ်က မြင်ကွန်း၊ မြင်းခုံတိုင်ညီနောင်တို့သည် မင်းတုန်းမင်းတရားကြီးကို ပုန်ကန်ခြားနားနေသောကြောင့် မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ အင်းဝနှင့် အထက်အညာတစ်ဝိုက်တွင် ရွာသူရွာသားတို့သည် ပြေးလွှား ပုန်းလျှိုးကွယ်လျှိုးနေကြရသည့်အခါဖြစ်သည်။ ထိုသို့ ကာလပျက်ကြီးတွင် မောင်ချုံကို ဖွားမြင်ခဲ့ရသဖြင့် မိဘများက ‘မောင်ယာချုံ’ဟု အမည်ပေးခဲ့ကြသည်။ ထို့နောက်တွင် ‘မောင်စံချုံ’ဟု အမည်ပြောင်းသည်။ နောက်ဆုံး ‘မောင်ချုံ’ ဟူသော အမည်မှာ ရွှေနန်းတော်ကြီးအတွင်း ရောက်ရှိပြီး ပန်းချီတော်ဖြစ်သည်အထိ တွင်၍သွားလေသည်။
မောင်ချုံကို မိဘနှစ်ပါးက ရှေးမြန်မာထုံးစံအတိုင်း ဘုန်းတော်ကြီးကျောင်းတွင် အပ်နှံ၍ ပညာသင်ကြားစေသည်။ ဘုန်းကြီးကျောင်းတွင် မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး စသည်တို့ကို သင်အံလေ့လာရင်း ပန်းချီပုံဆွဲ ဝါသနာသန်လှသဖြင့် ဘုန်းကြီးပျံ၊ မယ်တော်ပျံများ ကြုံကြိုက်သည့်အခါ ဆေးဖျော်စုတ်ဆေးစသည့် တောက်တိုမည်ရအလုပ်များကို ဝင်ရောက်လုပ်ကိုင် ကူညီတတ်သည်။ ရိုးသားဖြောင့်မတ်ပြီး သွက်လက်ဖျတ်လတ်သဖြင့် စပ်ဆရာများက မောင်ချုံကို ဆရာတော်ကြီးထံ ခွင့်ပန်၍ ခေါ်ယူပြီး ပန်းချီပညာသင်ပေးသည်။
မောင်ချုံသည် စပ်လုပ်ငန်းကို အောက်ခြေမှစ၍ လုပ်ကိုင်ရရာ ဝါးခွဲသည့်အခါ ခွဲရသည်။ ငြမ်းဆင်သည့်အခါ ဆင်ရသည်။ အောက်ခံဆေးသုတ်သည့်အခါ သုတ်ရသည်။ ခြူးပန်း၊ ကနုတ်တို့ကို ဆရာလုပ်သူက ကြောင်းပေးသည့်အခါ ဆေးဖြည့်ရသည်။ တစ်ကွက်ချင်းရေးပြသွားသည်ကို ထပ်တူထပ်မျှဖြစ်အောင် ကြိုးစား၍ တုပရေးခြယ်ရာက သုံးနှစ်ခန့်ကြာသည့်အခါ ခြူး၊ ပန်းကနုတ်တို့၏ အခြေခံကို သိတန်သလောက် သိလာသည်။ ခံဆေး၊ အုပ်ဆေးအကြောင်းကို သဘောပေါက်သင့်သလောက် ပေါက်လာသည်။ အတိုင်းအထွာ အချိုးအစားနှင့် ပုံစံထုတ်လုပ်နည်းများကိုလည်း သိမြင်လာသည်။ ရွှေမင်၊ ငွေမင်တို့ကိုလည်း သူ့နေရာနှင့်သူ အကွက်စေ့အောင် ရေးတတ် ခြယ်တတ်လာသည်။ နှီး၊ ဝါး၊ ကြိမ်တို့ဖြင့် ရုပ်လုံး၊ ရုပ်ကြွ လုပ်ပုံလုပ်နည်းများကိုလည်း လက်တွေ့ဝင်ရောက် လုပ်ကိုင်ရာမှ အခြေခံကို နားလည်လာသည်။ ဒုမင်္ဂလ၊ သုမင်္ဂလ ခွဲခြား၍ လုပ်ကိုင်ရသည့် စပ်ပန်းချီခေါ် ယာယီပန်းချီလုပ်ငန်း၏ အခြေခံကို မောင်ချုံ အတော်အသင့် သိမြင်နားလည်လာသည့်အခါ မောင်ချုံ၏ ရှေ့ရေးကို မျှော်ကိုး၍ ဆရာဘုန်းတော်ကြီးက ပန်းချီတော် ဦးကြာညွန့်၏သား ဆရာစာထံသို့ ပို့ပေးသည်။ ထိုအချိန်တွင် မောင်ချုံသည် (၁၄)နှစ်သား အရွယ်ရှိပေပြီ။ ဆရာစောထံတွင် တပည့်ခံရင်း ရွှေရေးပန်းချီ၊ ငွေရေးပန်းချီနှင့် ဆေးရေးပန်းချီဆိုင်ရာ ရေးပုံခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီဆိုင်ရာရေးပုံ ခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီတော်အဖြစ် အမှုထမ်းရွက်နေသော ဆရာစာ မျက်စိကွယ်၍ အလုပ်ခွင်မှ အနားယူသော် ဆရာချုံကို ပန်းချီတော်အဖြစ် ဆက်လက်ခန့်ထားခဲ့သည်။ ထိုစဉ်က ဆရာချုံမှာ (၁၆)နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ပန်းချီတော်အဖြစ် အမှုထမ်းစဉ် ရိက္ခာတော် ငွေကျပ်ချိန် (၄ဝ)၊ (၅ဝ) ခန့် ရသည်ဟု အဆိုရှိသည်။ ထိုခေတ်က မန္တလေးရတနာပုံနေပြည်တော်သို့ လာရောက် အမှုထမ်းကြသော အီတာလျံပန်းချီဆရာ နှစ်ဦးရှိကြရာ ထိုသူတို့ထံမှလည်း ဆရာချုံသည် ပန်းချီပညာရပ်များနှင့် ပန်းချီပစ္စည်းကိရိယာများကို ရလိုက်လေသည်။
ထို့ကြောင့်ပင် ဆရာချုံ၏ လက်ရာများတွင် အနောက်တိုင်းပန်းချီနည်းစနစ်များ ထည့်သွင်းရေးဆွဲနိုင်သည်ကို တွေ့ရသည်။ ဆရာချုံ၏ ‘ညီလာခံ’၊ ‘နန်းမြို့တွင်း တစ်နေရာ’ စသော ကားတို့တွင် ရှေးရိုးမြန်မာပန်းချီနည်းဖြစ်သော မျဉ်းရေးဆေးခြယ်ခြင်းကို အခြေခံထားသော်လည်း အနီးအဝေးမြင်ကွင်းသဘော၊ အလင်းအမှောင်တို့ဖြင့် ရေးဖော်သည့် ထုထည်သဘောများ စနစ်တကျ ထည့်သွင်းရေးချယ်နိုင်သည်ကို တွေ့ရသည်။
ဆရာချုံသည် ပန်းချီတော်အဖြစ် အမှုထမ်းရင်း မျက်စိကွယ်နေသည့် ဆရာစာကို ဆက်လက်ပြုစုလုပ်ကျွေးသည်။ ဆရာချုံသည် နန်းတွင်းသို့ ပန်းချီတော်အဖြစ် ရောက်ရှိသည့်အချိန်တွင် နေပြည်တော်၌ ပုံတူရေးခြယ်မှု ခေတ်စားလျက်ရှိပေပြီ။ ဦးကြာညွန့် အသက်ထင်ရှားရှိစဉ်ကတည်းက ကြိုးပမ်းရေးဆွဲခဲ့သည့် ပုံတူရေးခြယ်နည်းစနစ်သည် အမြစ်တွယ်နေပြီ ဖြစ်သည်။ ခဲဖြင့်လည်းကောင်း၊ ဆေးရောင်စုံဖြင့်လည်းကောင်း၊ မင်းမှူးမတ်တို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်လာကြရာ ရေးရိုးရေးစဉ် ရှေးရိုးမြန်မာ့ပန်းချီတွင် ပုံတူရေးခြယ်နည်းသည် တစ်ကဏ္ဍအဖြစ် သက်ဝင်လှုပ်ရှားလာခဲ့ပေသည်။ ဆရာချုံ အပါအဝင် နန်းတွင်းပန်းချီတော်များသည်လည်းကောင်း၊ နန်းတော်ပြင်ပမှ ပန်းချီပညာရှင်များသည်လည်းကောင်း၊ မိသားစုပုံနှင့် တစ်ဦးချင်းစီ၏ ပုံများကို ပုံတူအဖြစ် ရေးဆွဲကြသည်။ ဇာတ်နိပါတ် သရုပ်ဖော်ပုံများ အကြားတွင် ပုံတူပန်းချီကားများကို ကြိုကြားကြိုကြား မြင်တွေ့လာရသည်မှာ အမြင်ဆန်းသလိုလိုရှိသည်။ မင်းမှူးမတ်နှင့် ထေရ်ကြီးဝါကြီး ရဟန်းတော်များ၏ ပုံတူများကို စတင် ရေးခြယ်ကြရာမှ နောင်သောအခါ အရပ်သူအရပ်သားတို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်သည့် အဆင့်သို့ ကူးပြောင်း ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဆရာချုံသည် ပုံတူရေးသည့်အခါ ရေးသည်။ မင်း၊ မိဖုရားတို့၏ ကောင်းမှုစေတီပုထိုးများတွင် နံရံပန်းချီရေးခြယ်သည့်အခါ ရေးခြယ်ရသည်။ တစ်ခါတစ်ရံ မင်း၊ မိဖုရား၊ သမီးတော်၊ သားတော်ကလေးများကို ကြည့်ရှုမှတ်သားစိမ့်သောငှာ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် ဗုဒ္ဓဝင်ကျမ်းထွက်များကို ကောက်နုတ်စီစဉ်၍ ပုရပိုက်ဖြူပေါ်တွင် ဆေးရောင်စုံဖြင့် ဆေးရေးပန်းချီခြယ်ရသည်။ ဝဲယာမိဖုရားတို့၏ ကုသိုလ်တော် စေတီပုထိုးများကို ပုရပိုက်ဖြူဖြင့် ရေးကူးခြင်း စသည်တို့ကိုလည်း ပြုလုပ်ရသည်။
နန်းတွင်းပန်းချီတော်တစ်ဦးအနေဖြင့် ဆရာချုံသည် မြေပုံ၊ ထွက်တော်မူ အခမ်းအနားနှင့် ဆင်ခင်း မြင်းခင်းပုံများကို ရံဖန်ရံခါ ရေးဆွဲပေးရသည်။ မြေပုံများမှာ နယ်မြေအပိုင်စားပေးမှုများနှင့် စပ်လျဉ်း၍ မြို့စား၊ ရွာစား၊ နယ်စားများအား သက်ဆိုင်ရာ နယ်မြေတစ်ရပ်ရပ်ကို ဘုရင်က အပိုင်စားပေးသည့်အခါ နယ်မြေသရုပ်ပြမြေပုံကိုပါ ပူးတွဲပေးအပ်လေ့ရှိသည်။ ထွက်တော်မူ အခမ်းအနားနှင့် ဆင်ခင်း၊ မြင်းခင်းပုံများကို များသောအားဖြင့် ပိတ်၊ ပိုး၊ ဖဲ စသည့် ဖျင်များပေါ်တွင် ရေးခြယ်လေ့ရှိပြီး ပြည်ပမှ သံတမန်များနှင့် ဧည့်သည်တော်များကို လက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်လေ့ ရှိပေသည်။
ရှေးမင်းအဆက်ဆက်တို့ လက်ထက်တွင် ဆက်သခဲ့သော ဆင်ဖြူတော်များနှင့် စပ်လျဉ်း၍ ဆရာချုံသည် မူပွားများကို ရေးခြယ်ရသည့်အခါ ရေးခြယ်ရပြီး ဆင်၊ မြင်းတို့၏ ကြန်အင်လက္ခဏာပြ ပုရပိုက်များနှင့် အာကာသသျှတ္တရကျမ်းလာ (၁၂)ရာသီခွင်နှင့် နေလနက္ခတ်ဆိုင်ရာများကိုလည်း ပုရပိုက်အမျိုးမျိုးကို ရေးခြယ်ရာတွင် ဗေဒင်ပုရပိုက်များလည်း ပါသည့်အခါ ပါပေသည်။
ထို့ပြင် ဆရာချုံသည် ရံဖန်ရံခါ ရွှေနန်းလက်သုံး ပုရပိုက်ငါးဆူတွဲများအနက်မှ သင့်တော်ရာပုံများကို ရွေးချယ်ကူးယူပေးရသည်။ ရေကင်းလှည့်လည်ရာတွင် လည်းကောင်း၊ ရေကြောင်းဖြင့် ချီတက်ရာတွင်လည်းကောင်း စီးနင်းအသုံးပြုသည့် ပဉ္စရူပလှေတော်၊ သတ္တရူပလှေတော်၊ ဒွါဒသရူပလှေတော်၊ တောင်လုံးမှိုင်းလှေတော်၊ ကရဝိက်ဖောင်တော် စသည့် လှေတော်ဖောင်တော် အမျိုးမျိုးနှင့် ကန်တော့ခံထွက်တော်မူရာတွင် မင်း၊ မိဘုရား၊ မှူးမတ်တို့ စီးနင်းမြဲဖြစ်သည့် ဝေါအမျိုးမျိုး၊ ရထားအမျိုးမျိုးနှင့် စီးတော်ဆင်အမျိုးမျိုးကို မှတ်တမ်းတင် ရေးဆွဲရာ၌ ကသည်းမြင်း၊ အက္ကပတ်မြင်းနှင့် မြင်းခင်းသဘင်တွင်ပါမြဲဖြစ်သည့် မြင်းများပါ မကျန်ခဲ့ပေ။ စည်တော်အမျိုးမျိုးကိုလည်း မှတ်တမ်းတင်ရပေရာ ရှေ့တော်ပြေး ဝင်စည်ထွက်စည်နှင့် တစ်ဖက်ပိတ်စည်မျိုးစုံကိုပါ လေ့လာရေးခြယ်ရပေသည်။
ဝဲယာမင်းခမ်းတော်ပစ္စည်းနှင့် စပ်လျဉ်း၍ ထီးဖြူတော်၊ ယပ်၊ ရေတကောင်း၊ ကွမ်းအစ်၊ စလင့်ကြာကြီး၊ ကလပ်၊ ယပ်မား၊ ခြေနင်း၊ သန်လျက်နှင့် အုပ် စသည်တို့ကို စာရင်းကောက်ယူ၍ မှတ်တမ်းတင်ရေးခြယ်ရသည့်နည်းတူ မဟာသင်္ကြန်တော် အခမ်းအနား၊ ရွှေနန်းတော်ကြီးသိမ်း အခမ်းအနား၊ အိမ်ရှေ့အိမ်တော်သိမ်း အခမ်းအနား၊ မင်းညီမင်းသားအိမ်သိမ်း အခမ်းအနား၊ မှူးတော်မတ်တော်ကြီးတို့အိမ်သိမ်း အခမ်းအနား၊ ထွက်တော်မူရာတွင် ခင်းကျင်းရသည့် ဝတ္ထုပစ္စည်းမျိုးစုံကိုပါ မှတ်တမ်းတင် ရေးခြယ်ရပေသည်။ ထွက်တော်မူကြီးများနှင့် စပ်လျဉ်း၍ ၁၈၆၅ခုနှစ်က မင်းတုန်းမင်းတရားကြီး ကျောက်တော်ကြီးဘုရားကို ထွက်တော်မူကြီးဖြင့် ထွက်တော်မူသည့် အခမ်းအနားမျိုးကိုလည်း ဆရာချုံသည် ပြန်လည်ကူးယူ၍ မှတ်တမ်းတင် ရေးခြယ်ခဲ့ရသည်။ ယင်းထွက်တော်မူကြီးသည် ကုန်းဘောင်ခေတ်နောက်ပိုင်း မြန်မာ့နန်းတွင်း မင်းပွဲသဘင်များအနက် အကြီးကျယ်ဆုံး အခမ်းအနားဆုံးနှင့် အစုံလင်ဆုံး မင်းခမ်းမင်းနားတစ်ရပ် ဖြစ်ကြောင်း သိရပေသည်။
ရှေးမင်းတို့လက်ထက် သမီးတော်၊ တူမတော်၊ မြေးတော်တို့နှင့်တကွ မိဖုရားမောင်းမမိဿံတို့၌ ဆင်ယင်ထုံးမြိတ်ရိုးဖြစ်သော မဏိကိုးပါး၊ လေးပါးရာသီ၊ နဂါးပတ်ကျော့ကွင်း၊ ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင်၊ မောရဂီဝါ၊ ဟင်္သာစာခွန့်၊ ပုစဉ်းတောင်ဖြန့် စသည့် ဆံထုံး (၅၅)မျိုး အပြင် သားတော်များ သျှောင်ထုံးမင်္ဂလာ အခမ်းအနားတွင် ဆင်ယင်မြဲသျှောင် (၁၂)ရပ်၊ သမီးတော်များ နားထွင်းမင်္ဂလာ အခမ်းအနားတွင် ဆင်ယင်မြဲ ရတနာစည်းပုံတော်လေးရပ်၊ နဖူးစည်းပါ ရတနာ ပေါက်ချပ်သျှောင်ပုံ၊ နဖူးစွဲပရိတ်ချည်ကုံးပါသျှောင်ပုံ (၁ဝ)မျိုး၊ ကိုယ်ဝတ်ရွှေပုစွန်ဆီ အင်္ကျီတော် အမျိုးမျိုး၊ မလ္လိကာအဆင်တန်ဆာတော်၊ မဟလ္လတာအဆင်တန်ဆာတော်၊ မကိုဋ်တော်လေးဆူ၊ မင်းဧကရာဇ်တို့၏ ဆင်ယင်မြဲမကိုဋ်တော်၊ စိန္တာမဏိမကိုဋ်တော်၊ ဗြဟ္မတန်ဆာတုရင်တော်၊ သိကြားတန်ဆာတုရင်တော်၊ မောက်တို၊ မောက်ရှည်နှင့် ကိုယ်ဝတ်တန်ဆာတော်မျိုးစုံကိုလည်း ရေးရခြယ်ရပေသည်။
ထို့အတူ အိမ်ရှေ့မင်းနှင့် သားတော်၊ သမီးတော်များအား ပေးသနားသည့် ဗောင်း၊ နားတောင်း၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ မှူးတော်မတ်တော်ကြီးများအား ပေးသနားသည့် ဗောင်း၊ နားတောင်း၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ ထို့အောက်နေရာငါးသွယ်နေ မှူးတော် မတ်တော်တို့အား ရာထူးကြီးငယ်အလို ပေးသနားသည့် ဗောင်း၊ နားတောင်း၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ နန်းတွင်းနေသူတို့ အသုံးအဆောင် အမျိုးမျိုး၊ စည်းပုံ၊ ထိပ်ချုပ်ပန်းနှင့်ဖက်၍ ဝတ်ဆင်မြဲအင်္ကျီကြီး၊ လက်များတုရင်ရောင် အင်္ကျီကြီး၊ ရွှေထီးရွှေနန်းအဆက်ဆက်၊ အမိန့်တော်ထွက်၊ ထုံးမြိတ်ရိုး၊ ဆံထုံးခုနှစ်လုံးပုံ၊ ယင်းနှင့်တွဲဖက်၍ ဝတ်ဆင်မြဲ ဒွါဒရာပါ လက်ဖျားနှစ်ဖက်တုရင်တပ် တန်ဆာကြီး လေးမျိုး၊ ပန်းသွယ်နားတောင်း အမျိုးမျိုးကိုလည်း ရေးခြယ်မှတ်တမ်းတင်ရပေသည်။
ထို့ပြင် မှန်နန်းတော်အတွင်း ထားရှိသည့် သိကြား၊ ဗြဟ္မာ၊ စတုလောကပါလနတ်ရုပ်၊ ဒန္တိမုခနတ်တိုင်ကျမ်းထွက်၊ အဋ္ဌဝီသနတ် (၂၈)၊ လောကီကျမ်းထွက်၊ သူရဿတီ၊ စန္ဒီ၊ ပရမိသွာ၊ မဟာပိန္နဲ၊ ဂေါရမန္တနတ်(၅)၊ ရာဇမတ္တဏ်ကျမ်းထွက် ဗနီနတ်ကစ၍ မာရ်နတ်ရောက် နတ်ကြီး (၁၅)ပါး၊ ကိုယ်စောင့်နတ် (၁၂)ပါး၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး၊ ရိုးရာနတ်များနှင့် ဘေးတော်များ လက်ထက်တော် အရပ်ရပ်မြို့ရွာများက လာရောက် ဆက်သသည့် ဇော်ဂျီ၊ ပုဏ္ဏား၊ လူ၊ မျောက်၊ နဂါး၊ ဂဠုန်၊ ကိန္နရာ၊ ကျား၊ ဆင်၊ ကျီးဖြူ၊ ကုလားအုပ်နွား၊ စာမရီ၊ မြင်း၊ ဆိတ်၊ ကရဝိက်၊ ဥဒေါင်း၊ ခြင်္သေ့၊ ကြက်၊ လူကဖွားသော ဘီလူး၊ ဆင်ဖြူတော်၊ မျောက်ဖြူနှင့် ရခိုင်ပါ ကြေးရုပ်နှင့် အမြောက်အမျိုးမျိုးကို ရေးခြယ်မှတ်တမ်းတင်ရသည်။
ရွှေနန်းလက်သုံး ပုရပိုက်များသည် နန်းဓလေ့သရုပ်ဖော်ရုပ်ပြ စာအုပ်ကြီးများသဖွယ်ဖြစ်သည့် အတွက် မြန်မာ့နန်းတွင်း၌ အရေးပါအရာရောက်သည်နှင့်အမျှ နန်းတွင်းပန်းချီတော်များအဖို့လည်း အမြဲထာဝစဉ် လက်ကိုင်ပြုရမည့် ပုရပိုက်ကြီးများ ဖြစ်ပေသည်။ ထို့ကြောင့် ဆရာချုံသည် ပန်းချီတော်ဘဝတွင် ရွှေနန်းလက်သုံး ပုရပိုက်များကို ကြေညက်အောင် အကြိမ်ကြိမ်လေ့လာ၍ ကူးယူရေးဆွဲရခြင်း ဖြစ်ပေသည်။
ဆရာချုံတစ်ယောက် လူလားမြောက်၍ မြန်မာ့နန်းတွင်း၌ ပန်းချီတော်အဖြစ် အမှုထမ်းနေသည့် ခေတ်ကာလတွင် မြန်မာ့ရိုးရာပန်းချီသည် နံရံပန်းချီမှ ပုရပိုက်ပန်းချီသို့ ကူးပြောင်းခဲ့ပြီး ပုရပိုက်ပန်းချီများအရှိန်ရ အားကောင်းစကာလဟု ဆိုရမည်။ ပန်းချီအနုပညာသည် များသည်လည်း နန်းတွင်းသို့ စုသေးစုန်စာရင်းဝင်အဖွဲ့အစည်း တစ်ရပ်အနေဖြင့် စနစ်တကျ ရောက်ရှိလာကြပြီး ရွှေရေးပန်းချီ၊ ငွေရေးပန်းချီ၊ ဆေးရေးပန်းချီ တာဝန်အဆင့်ဆင့် ပန်းချီတော်၊ ပန်းချီတော်ခေါင်း၊ ပန်းချီတော်အုပ်ဟူ၍ ရာထူးအဆင့်ဆင့်ဖြင့် နန်းဓလေ့တို့ကို မှတ်တမ်းတင်နေချိန် ဖြစ်လေသည်။
အကြောင်းအရာပိုင်းအနေဖြင့် ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ဘွဲ့မှသည် ပဒေသရာဇ် ဧကရာဇ်တို့၏ ဘုန်းတော်ဘွဲ့ဆီသို့ ပြောင်းလဲလာပြီး နန်းစနစ်ပိုင်းအနေဖြင့်မူ အနီး၊ အဝေးစနစ်ကို မြန်မာပန်းချီဆရာများ တစ်စတစ်စ ပြောင်းလဲကြိုးပမ်း အားထုတ်လာခြင်းမှာ ထူးခြားချက်တစ်ရပ်ဟု ဆိုရပေမည်။ ထိုကဲ့သို့သော အနီး၊ အဝေးစနစ်ဖြင့် ရေးဆွဲပုံ ရေးဆွဲနည်းဟု မိန့်ဆိုကြသည်။
ဖော်ပြပါ အနီး၊ အဝေးစနစ်ကို (၁၈)ရာစု မြန်မာပန်းချီလောကတွင် ကြိုကြားကြိုကြား တွေ့မြင်လာရပြီး ပန်းချီတော် ဦးကြာညွန့်၏ လက်ရာပုရပိုက် ပန်းချီများတွင် အများဆုံး တွေ့မြင်ရပေသည်။ ယင်းစနစ်ကို ဆရာစာနှင့် ဆရာချုံတို့က ဆက်လက်ကြိုးပမ်းအားထုတ်ကြရာ တစ်စတစ်စ တိုးတက်အောင်မြင်လာသည့် သဘောကို တွေ့မြင်ရပေသည်။ အထူးသဖြင့် ဆရာချုံ ရေးဆွဲသော မိသားစုပုံများမှ နောက်ခံတိုက်တန်းလျားများတွင် အထင်အရှားတွေ့မြင်နိုင်ပေသည်။ ဆရာချုံသည် ယင်းအနီး၊ အဝေးစနစ်မျိုးကို လေ့လာရေးဆွဲနေရာမှ သဘာဝနည်းမှ အနီး၊ အဝေးစနစ်ဆီသို့ တဖြည်းဖြည်း တစ်စတစ်စ ပြောင်းလဲရေးခြယ်သည်။ ရာခိုင်နှုန်းကြည့် အောင်မြင်မှု မရသော်လည်း ဆရာချုံ၏ လုံ့လ၊ ဝီရိယ၊ ဇွဲနှင့် ကြိုးပမ်းအားထုတ်မှုကြောင့် အတော်အသင့် အောင်မြင်သည်ဟု ဆိုရပေသည်။
သို့ကလို ပန်းချီတော်ဆရာချုံသည် ပန်းချီပညာကို နေ့မအားညမနား ကြိုးပမ်းအားထုတ် ရေးဆွဲနေစဉ်အတွင်း အင်္ဂလိပ် – မြန်မာ တတိယစစ်ပွဲဖြစ်ပွား၍ အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းခံရကာ (၃)လမျှ အကျဉ်းချခံရသည်။ အကျဉ်းမှလွတ်သောအခါ ဆရာချုံအား ‘ကာနယ်ဆလေဒင်’ က သူ့ထံ၌ အမှုထမ်းရန်ခေါ်သည်ကို တိုင်းတစ်ပါးသားတို့ လက်အောက်တွင် အမှုမထမ်းလိုသဖြင့် ငြင်းပယ်ခဲ့လေသည်။
မြန်မာသက္ကရာဇ် ၁၂၄၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက် (ခရစ် ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ရက်) တနင်္ဂနွေနေ့သည်ကား ဆရာချုံအဖို့ သူ့ဘဝ၌ တစ်သက်မေ့မရသည့်နေ့ ဖြစ်သည်။ ထိုနေ့ကား အရှင်နှစ်ပါးကို ဥပယ်တံမျဉ်ဖြင့် အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ‘ပါတော်မူနေ့’ ဖြစ်သောကြောင့်ပင်တည်း။ ပါတော်မူစဉ်က ဆရာချုံသည် မန်းနေပြည်တော်မှာပင် ရှိနေသည်။ အရှင်နှစ်ပါးအား ကြက်ငှက်ဖမ်းဆီးသလို လွယ်လင့်တကူ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖြစ်ကို ဆရာချုံသည် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ဆရာချုံသည် နောင်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန်တက်စိမ့်သောငှာ အရှင်နှစ်ပါး ပါတော်မူပုံကို ပန်းချီရေးခဲ့လေသည်။
ထို့ပြင် ဆရာချုံသည် လယ်ထွန်မင်္ဂလာသဘင်ကို ပြန်လည်ရေးဆွဲ မှတ်တမ်းတင်သည်။ ရှေးအခါက နန်းမြို့အတွင်း မင်းမှူးမတ်တို့ သွားလာနေထိုင်ကြပုံကို ပန်းချီဖြင့် ခြယ်မှုန်းသည်။ တွေ့ကြုံခဲ့သည်တို့ကို ပြန်လည်ရေးမှတ်သည်။ ပိတ်ကားတွင်လည်း ရေးဆွဲသည်။ ပုရပိုက်တွင်လည်း ခြယ်မှုန်းသည်။ သို့သော် ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုံးညဖြင့် တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်နေရချိန်မို့ အားပေးမည့်သူမရှိ။ ဝယ်ယူချီးမြှင့်သူ မရှိချေ။ အခက်အခဲ အမျိုးမျိုးကြားမှ ဆရာချုံသည် ထွက်ပေါက်ကို ရှာကြံခဲ့သည်။ အများမိုးခါးရေသောက်သလို သူမသောက်လို။ မိမိတတ်ကျွမ်းရာ ယုံကြည်ရာအလုပ်မျိုးကိုသာ လုပ်ကိုင်လိုသူဖြစ်သည်။
ဆရာချုံသည် ပိတ်များကို လက်မ (၂ဝ)ပတ်လည် အရွယ်ပိုင်းဖြတ်ကာ သစ်သားဖြင့် ဘောင်ကြက်လုပ်ပြီးနောက် ပုံတူ၊ ရှုခင်း၊ နန်းမြို့ရိုး၊ ဘုရားပုထိုးနှင့် ဇာတ်နိပါတ်တို့ကို ရေးခြယ်သည်။ ပန်းချီကားနှစ်ဆယ်၊ အစိတ်ခန့် စုမိသည့်အခါ ဆောင်းအကုန် နွေအကူး စပါးပေါ်ချိန်တွင် ကျင်းပလေ့ရှိသည့် ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံများမှ တလားကြီးလောင်တိုက် စသည်များတွင် ချိတ်ဆွဲပြသ၍ ရောင်းချခဲ့သည်။ တစ်ခါတစ်ရံ မဏ္ဍပ်အငယ်စားထိုးပြီး ပန်းချီကားများ ချိတ်ဆွဲပြီး ဘုန်းကြီးပျံများတွင် ပြသသည်။ ၁၈၉၀ပြည့်နှစ်လောက်တွင် ဆရာချုံသည် ထိုသို့ တီထွင်ပြသကြောင်း မှတ်သားရသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပသော တစ်ကိုယ်တော် ပန်းချီပြပွဲမျိုးဟု ဆိုရပေမည်။ နောင်အခါ ဆရာချုံကိုအားကျ၍ အခြားပန်းချီဆရာများကလည်း ထိုသို့ပြသကြောင်း သိရပေသည်။
ဆရာချုံသည် ပုံတူ၊ ရှုခင်းနှင့် နိပါတ်တော် အကြောင်းအရာများကိုသာမက နန်းတွင်း မိသားစုတို့၏ နေပုံထိုင်ပုံများကိုလည်း မကြာခဏ ရေးဆွဲလေသည်။ မင်းသားတစ်ယောက်၊ မင်းသမီးနှစ်ယောက်နှင့် အခြွေအရံများပါသောပုံများကို ဆရာချုံ အများဆုံးရေးဆွဲလေ့ရှိပေသည်။ ယင်းပုံများတွင် ရှေးမြန်မာမင်းမှုထမ်းနှင့် နန်းတွင်းသူနန်းတွင်းသားများ၏ ဆင်ယင်ထုံးဖွဲ့မှုကိုသာမက ရှေးမြန်မာအမျိုးသမီးများဆေးပေါ့လိပ်(ပြောင်းဖူးဖက်လိပ်) ကိုင်ဟန်နှင့် သားငယ်အားနို့တိုက်ဟန်များ ပါဝင်တတ်လေသည်။
ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးပြီဆိုသော်လည်း အနေအထား မကျသေးပေ။ ငြိမ်ဝပ်ပိပြားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရချိန်ဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာရေးတွင်လည်း စိတ်မချရ။ ရောင်းရေးဝယ်တာတို့လည်း ကမောက်ကမ ဖြစ်နေရာ ဝမ်းရေးအတွက် ပြည်သူတို့ အနိုင်နိုင် လုံးပမ်းနေရချိန်ဟု ဆိုရပေမည်။ ဝမ်းဝဖူလုံပါမှ အနုပညာကို အားပေးနိုင်မည့် အခြေမျိုးတွင် ပြည်တွင်းမှ တိုင်းရင်းသားထက် ပြည်ပမှ ခရီးသည်နှင့် ဗြိတိသျှစစ်တပ်မှ စစ်ဗိုလ်များ၏ ဝယ်ယူအားပေးမှုကို အနုပညာသည်များ မျှော်ကိုးနေရချိန် ဖြစ်ပေသည်။ ထို့နောက် ဆရာချုံသည် ငယ်ဆရာ ဆရာတော်ဦးတိဿ၏ ဖိတ်ခေါ်ချက်အရ မအူပင်မြို့နယ် မလက်တိုရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဆရာချုံမိသားစုကို ဆရာတော်က နေရေးစားရေးကို တာဝန်ယူထားလေရာ အပူအပင်သိပ်မရှိလှချေ။ ဆရာချုံသည် ဆရာတော်၏ ကူကုံးကျောင်းတိုက်ဝင်းအတွင်းရှိ ပထမအာရုံခံတန်ဆောင်းအတွင်း ချိတ်ဆွဲရန် ငရဲကြီးရှစ်ထပ် သရုပ်ဖော်ပန်းချီကားကို ရေးဆွဲပေးခဲ့သည်။ တစ်စတစ်စ သတင်းပျံ့နှံ့သွားရာ ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမများက နိပါတ်၊ ရာဇဝင်ကားများ အပ်နှံကြသည်။ ဆရာချုံသည် မလက်တိုရွာသို့ ရောက်နေသော်လည်း အတတ်ပညာခန်းနှင့် အဆက်မပြတ်ပေ။ မန္တလေးမှတစ်ဆင့် အင်းဝ၊ မုံရွာ၊ ပခုက္ကူမြို့များသို့ သွားရောက်ကာ ပန်းချီဆွဲသည်။
သို့ကလို အခြေအနေ၌ ဝမ်းရေးအတွက် ဆရာချုံသည် ရရာအလုပ်ကို လက်ခံသည်။ ရရာအလုပ်ဆိုသော်လည်း မိမိတတ်ကျွမ်းသည့် ပန်းချီပညာဖြင့် ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်းခြင်း ဖြစ်သည်။ သို့သော် ရွှေနန်းတွင်း ပန်းချီတော်ဘဝမှာကဲ့သို့ နေရာအတည်တကျ မရှိချေ။ ကသီလင်တ ဖြစ်ရသည်။ တစ်ခါတစ်ရံ အလှူမဏ္ဍပ် ဆင်ယင်မွမ်းမံရသည်။ တစ်ခါတစ်ရံ ပုရပိုက်အချို့ကို မိတ္တူကူးဆွဲပေးရသည်။ ဘုန်းကြီးပျံများ ကြုံကြိုက်သည့်အခါ စပ် (ခေါ်) ယာယီလုပ်ငန်းကို အများနှင့်ပူးပေါင်း လုပ်ကိုင်ရသည်။ ဆရာချံဘဝသည် နှဲသမား၏ပါးစပ်ကဲ့သို့ ပိန်လိုက်ဖောင်းလိုက်ဖြင့် (၁၂)နှစ်မျှ အချိန်ကုန်ခဲ့သည်။ ထို (၁၂)နှစ်အတွင်း မန္တလေးမိုးတားကျောင်းတိုက် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာတွင် ဆရာတော်ဘုရားကြီး၏ ပုံတူကို ရေးဆွဲပေးဖူးသည်။ ရွှေဘိုနယ် ဇင်းကုန်း၊ ထန်းတပင်နှင့် တစ်မိုင်လောက်အကွာ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူစဉ်အခါက တလားကြီး၊ လောင်တိုက်တို့တွင် ချိတ်ဆွဲရန် ကားလေးချပ် ရေးဆွဲပေးဖူးသည်။ မေမြို့ အနီးစခန်း ဆင်ခေါင်းကြီးရွာ၊ သူကြီး ဦးခေါင်းလောင်း၊ ဒေါ်အဲလင်တို့၏ အလှူမဏ္ဍပ်ကို တခမ်းတနား ဆင်ယင်ပေးဖူးသည်။ ကသာခရိုင် မန်လည်မှ ဒကာ၊ ဒကာမများ အပ်နှံသဖြင့် မိသားစုပုံ လေးချပ်ရေးဆွဲဖူးသည်။ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များတွင် ချိတ်ဆွဲ၍ ကိုးကွယ်ပူဇော်ရန် အလို့ငှာ အပ်နှံကြသည့် မဟာမုနိရုပ်ရှင်မြတ်ကြီးပုံတော်ကို အရွယ်အစား အမျိုးမျိုး ရေးဆွဲပေးရသည်။ ထိုခေတ်က သုံးပေပတ်လည်အရွယ်ကား တစ်ချပ်ကို စရိတ်ငြိမ်း (၁ဝ)ကျပ် ရသည်။ သို့သော် အမြဲတမ်းဝင်ငွေမှန်သည့် အလုပ်မျိုး မဟုတ်သဖြင့် ဆရာချုံတို့လို အနုပညာသည်တို့၏ ဘဝသည် အာမခံချက် မရှိပေ။
ထို့နောက် ဆရာချုံတို့ မိသားစုသည် ၁၉၁၁ခု နှောင်းပိုင်းတွင် မအူပင် မလက်တိုရွာမှတစ်ဆင့် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ရန်ကုန်မြို့ ကျုံးကြီးလမ်းထောင့်မှ (ယခင် အဆွေတော်ဆံသနေရာ) နှစ်ထပ်ပျဉ်ထောင်အိမ် လေးခန်းတွဲ၌ ငှားရမ်း၍ အခြေစိုက်နေထိုင်သည်။ ရန်ကုန်သို့ ရောက်ခဲ့သော်လည်း ဆရာချုံမှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ ရန်ကုန်တွင်လည်း မိမိပညာကို အားပေးခြင်း မရှိရကား ဆိုင်းဘုတ်များ ရေးဆွဲခြင်းဖြင့် ဆင်းတောင့်ဆင်းရဲ နေထိုင်ရလေသည်။ ဆရာချုံသည် မင်းနေပြည်တော် မန္တလေးတွင်လည်း မြန်မာ့ပန်းချီကို အားပေးမည့်သူ မရှိ။ ရန်ကုန်တွင်လည်း အရာသွင်းသူ မရှိတော့သဖြင့် မြန်မာမှုပန်းချီကို အတော်စိတ်ကုန်သွားပုံ ရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာချုံသည် ကျုံးကြီးလမ်း၌ နေထိုင်နေစဉ် ပန်းချီဆရာ ဦးဘလုံနှင့် ခေတ်ပြိုင်ရေးဆွဲနေသူ ပန်းချီဆရာ ဦးဘစိန်က ဆရာချုံထံသွားပြီး မြန်မာမှုပန်းချီ သင်ပြပေးရန် တောင်းပန်သောအခါ -
‘မြန်မာမှု ပန်းချီတွေကို မင်းလိုက်စားလို့တော့ ဟန်မယ်မထင်ဘူးကွယ်။ ငါ တယ်အားမပေးချင်ဘူး၊ ဒီပညာတွေက မင်းခမ်းမင်းနားနဲ့ ဘုရားပုထိုးတွေမှာသာ သုံးတာကွ၊ အခု တို့ရဲ့မင်းလည်း မရှိတော့ဘူး၊ ကုလားမင်း အုပ်စိုးနေပြီ။ ဗုဒ္ဓကိစ္စက ကြည့်ပြန်တော့လည်း သာသနာ့ ဒါယကာမရှိတော့ သာသနာမကွယ်လျှင် တော်သေးသပေါ့ကွယ်။ ဒါ့ကြောင့် မြန်မာမှုပန်းချီကို ဗဟုသုတအဖြစ် လေ့လာပေါ့ကွယ်။ ကုလားလက်ထက် ကုလားပန်းချီပဲ ကြိုးစားသင်ရင် ကောင်းလိမ့်မယ်ထင်တယ် မောင်ဘစိန်ရာ’
ဟု ဆရာချုံက ပြောခဲ့လေသည်။
တကယ်ပင် ဆရာချုံသည် မြန်မာမှုပန်းချီကို စိတ်ကုန်ခဲ့ပြီး တစ်ခါတစ်ရံ ပန်းချီပညာဖြင့် အသက်မွေးခြင်းကိုပင် စွန့်လွှတ်၍ ဆန်အရောင်းအဝယ်လုပ် ကုန်ကူးရန်ပင် စိတ်ကူးဖူးသည်ဟု ဆိုသည်။
ထို့နောက် ဆရာချုံသည် လက်တည့်စမ်း၍ ရုပ်ရှင်ကြော်ငြာများ ရေးဆွဲလိုသဖြင့် ရုပ်ရှင်ရုံပိုင်ရှင်တို့နှင့် ဆက်သွယ်ခဲ့လေသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်၊ တရုတ် ရုပ်ရှင်ပိုစတာများကို စမ်းသပ်ရေးဆွဲသည်။ တစ်စတစ်စဖြင့် ဆရာချုံနာမည်ထွက်လာသည်။ ဆရာချုံရေးဆွဲသော ပိုစတာကားချပ်များမှ အထူးသဖြင့် ဆင်ရုပ်နှင့် ကျားရုပ်များသည် လက်ရာမြောက်ပြီး သဘာဝကျလှလေရာ တစ်နေ့တွင် အိန်အန်ထောင်ကနားဆေးတိုက် သူဋ္ဌေးကိုယ်တိုင် လာရောက်ပြီး ဆရာချုံ၏ထံတွင် ကျားတံဆိပ်ဆေးကြော်ငြာများ အပ်နှံလေသည်။ ကျားသူဋ္ဌေးနှင့် ဆက်သွယ်မိသည့် အချိန်မှစ၍ ဆရာချုံ၏ နေရေးစားရေးမှာ ပူပင်စရာ မလိုတော့ပေ။
ကနားသူဋ္ဌေးသည် ဆရာချုံ ရန်ကုန်မရောက်မီက ဆေးကြော်ငြာများကို မြန်မာနှင့် တရုတ်ပန်းချီဆရာ အချို့ထံတွင် အပ်နှံဖူးသည်။ ကျားရုပ်များသည် လှပသော်လည်း အားမာန်မပါသဖြင့် အသက်မဝင်ဘဲ ရှိသည်။ ဆရာချုံက ကျားရုပ်များကို နိုင်နိုင်နင်းနင်း ရေးဆွဲနိုင်မှန်း သိသည့်အခါ ကျားဆေးတိုက်ကြော်ငြာများကို ဆရာချုံထံ အမြဲအပ်နှံပေတော့သည်။ ဆရာချုံသည် ကျားဆေးတိုက်ကြော်ငြာများ ရေးလိုက်၊ ရုပ်ရှင်ပိုစတာကြော်ငြာများ ရေးလိုက်ဖြင့် တဖြည်းဖြည်း လက်ရာတက်လာသည်။ သားကိုမြနှင့် ကိုခ တို့ကလည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရာ ဆရာချုံနှင့် သားအဖများ ပန်းချီလုပ်ငန်းဟူ၍ တစ်စတစ်စ ထင်ပေါ်လာသည်။
လေးနှစ်ခန့်ကြာသောအခါ လုပ်ငန်းတစ်စတစ်စ အရှိန်ရလာခဲ့ပြီး တပည့်လက်သားများနှင့် တိုးချဲ့လုပ်ကိုင်လိုသည့်အတွက် အခြားသူစိမ်းများကို မခေါ်ယူတော့ဘဲ တူ ကိုကျောက်နှင့် ကိုပုတို့ကို ရန်ကုန်သို့ ခေါ်ယူသည်။ များမကြာမီ ကျားသူဋ္ဌေးက ကိုပု၏ နေပုံထိုင်ပုံနှင့် ရိုးသားမှုကို သဘောကျလှသဖြင့် သားအမှတ်ဖြင့် မွေးစားလိုသည့်အတွက် ဆရာချုံထံ ခွင့်ပန်လေရာ ဆရာချုံကလည်း ရှောရှောရှူရှူဖြင့် ခွင့်ပြုလေသည်။ ကျားသူဋ္ဌေး စင်ကာပူသို့ တစ်နှစ်တစ်ခေါက် ပြန်တိုင်းလိုလို ကိုပုပါသွားတတ်ပြီး နောင်အခါ တရုတ်အသိုင်းအဝိုင်းတွင် ‘အောင်ဘွန်ပု’ ဟူ၍ အမည်တွင်ကာ စင်ကာပူတွင် နေထိုင်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုပုသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ကိုရင်ဝတ်သည်။ ထို့နောက် ပဉ္စင်းတက်သည်။ နောက်ဆုံး ရေစကြိုတွင် ပျံလွန်တော်မူသည်။
ဆရာချုံသည် ပန်းချီရေးဆွဲနေသော်လည်း ဝါသနာကို မဖျောက်နိုင်ဘဲ အားလပ်သည့်အခါ သရက်တောကျောင်းတိုက်အတွင်းသို့သွားရောက်၍ဖိုထိုးလေ့ရှိသည်။ အဂ္ဂိရတ်ဆိုင်ရာသိုက်သမိုင်းနှင့် ကျမ်းစာအုပ်များကိုလည်း ရှာဖွေဖတ်ရှုသည်။ ရပ်ရေးရွာရေးကိစ္စများကိုလည်း မေ့လျော့လေ့မရှိ။ ဘီဘီအမ်အေ (ခေါ်) ‘ပုညကုသလဗဟုကရအသင်း’ တွင် အသင်းဝင်လူကြီးတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သည်။
ဆရာချုံနှင့် သားများသည် ပန်းချီကိုသာမက အားလပ်သည့်အခါ နတ်၊ ဗြဟ္မာ၊ သိကြား၊ (၃၇)မင်း၊ ဘီလူး၊ ဇော်ဂျီ၊ မြင်း၊ သူငယ်တော်၊ ရဟန်းနှင့် ပန်း၊ ခြူး၊ ကနုတ်အမျိုးမျိုးကို ထုလုပ်ရောင်းချသည်။ ကိန္နရာ၊ ကိန္နရီ၊ ဟင်္သာ၊ ခြင်္သေ့၊ မင်းသားမင်းသမီး ရုပ်ထုများကို သီးခြားအပ်နှံလျှင်လည်း ထုလုပ်ပေးသည်။ အပ်ထည်များပြားလာသည့်အခါ မန္တလေးမှ ပညာသည်များ အကြောင်းကြားပြီး ခွဲဝေလုပ်ကိုင်ကြသည်။ မန္တလေးမှ ပညာသည်များကလည်း ဆရာချုံနှင့် သင့်တော်မည့် လုပ်ငန်းများ ရှိသည့်အခါ ခွဲဝေပေးတတ်သည်။ အလုပ်လုပ်ရာ၌ သူ့စည်းကိုယ့်စည်းထားပြီး လုပ်ကိုင်လေ့ရှိရာ လာရောက်ပြီး အပ်နှံသရွေ့ အလုပ်အားလုံးကို တစ်ဦးတည်းက လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်သည့်စနစ်မျိုးကို ဆရာချုံမကျင့်သုံးပေ။ ကျွမ်းကျင်ရာ ဆီလျော်ရာ ပညာသည်များနှင့် ဆရာချုံသည် ခွဲဝေလုပ်ကိုင်လေ့ရှိသည်။ ထို့ကြောင့် ဆရာချုံသည် ရန်ကုန်သို့ ရောက်နေသော်လည်း မန္တလေးနှင့်လည်း အဆက်မပြတ်၊ မအူပင်၊ မလက်တို၊ ညောင်တုံးစသည် မြစ်ဝကျွန်းပေါ်ဒေသများနှင့်လည်း အဆက်အသွယ်မပြတ်ပေ။
ဆရာချုံကား အလွန်မြန်မာဆန်သူတစ်ဦးဖြစ်လေရာ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံကအစ မြန်မာစိတ်ပြင်းပြသူတစ်ဦး ဖြစ်သည်။ ဆရာချုံသည် အသားလတ်၍ အရပ်မနိမ့်မမြင့် အလွန်မွန်ရည်၍ သိမ်မွေ့သည်။ ဆေးပေါ့လိပ်ကြိုက်သည်။ အဂ္ဂိရတ်ဝါသနာထုံသည်။ သူတစ်ပါး၏ ကျေးဇူးကိုအထူးသိတတ်သည်။ စည်းစနစ်ကြီးသည်။ ဘာသာရေးတွင်လည်း ကိုင်းရှိုင်းသည်။ ရှေးအခါက သျှောင်နောက်တွဲထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ခေါင်းတုံးတုံးကြောင်း သိရသည်။ ခေါင်းတုံးတုံးလိုက်သော်လည်း ခေါင်းပေါင်း သို့မဟုတ် တဘက်မပတ်ဘဲနှင့် ဘယ်အခါမှ မတွေ့ရပေ။ ဘောင်းဘီကိုလည်း လုံးဝ မဝတ်ပေ။ ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်းညည်းဖြင့် ရေးဆွဲတတ်သည်။ ပညာကိုဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလျှင် ကျကျနန သင်ကြားပြသပေးလေ့ရှိသည်။ နေမှုထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သူ ဖြစ်သည်။
ဆရာချုံ၏ တပည့်များအနက် ပန်းချီဦးဘစိန်၊ ဦးဘဇော်၊ ဦးအောင်မြတ်ကျော်တို့မှာ ထင်ရှားသည်။ ပန်းချီဦးဘစိန်သည် ဆရာချုံရေးဆွဲပြသော ပုံကြမ်းများကို အခြေပြုပြီးနောက် ရွှေဘုံနိဒါန်းနှင့် လောကဗျူဟာကျမ်း ခေါ် အင်ရုံစာတမ်းလာ အဆိုအမိန့်များကို ပေါင်းစပ်ပြီး သူရိယ၊ ကြီးပွားရေးစသော မဂ္ဂဇင်းများတွင် မြန်မာမှုကဏ္ဍဖွင့်ကာ ပြန်လည် ရေးသားဖော်ပြသည်ကို တွေ့ရပေသည်။ ပန်းချီးဦးဘဇော်သည် ဆရာချုံထံမှ ခြူး၊ ကနုတ်နှင့် ကောက်ကြောင်း ရေးနည်းရေးဟန်များတို့ကိုမှီး၍ ရှေးမြန်မာပန်းချီကို တစ်ခါတစ်ရံ ပြန်လည် စမ်းသပ်ရေးဆွဲခဲ့သည်။
ပန်းချီဦးဘစိန်သည် ဆရာချုံထံမှ ရွှေနန်းလက်သုံး ပုရပိုက်လာ အကြောင်းအရာများနှင့် မြန်မာမှုများကိုသာမက ပိုစတာရေးနည်းရေးဟန်နှင့် ဆေးဖျော်နည်း၊ အရောင်ချွတ်နည်း၊ ထိန်းနည်း ချွတ်နည်းများကိုပါ လေ့လာဆည်းပူးခဲ့သည်။
ပန်းချီတော်အဖြစ် အသက် (၁၇)နှစ် အရွယ်မှစ၍ အမှုထမ်းခဲ့သော ဆရာချုံသည် အသက် (၅ဝ) အရွယ် ၁၉၁၈ခုနှစ်တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းနေအိမ်၌ပင် ကွယ်လွန်သွားခဲ့လေသည်။ ပန်းချီသက်တမ်း (၃၄)နှစ်အတွင်း ဆရာချုံသည် စပ်ပန်းချီ၊ ပန်းပု၊ ရုပ်လုံး၊ ဗိသုကာ၊ လက်သမား စသည့် ပညာရပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရာ မြန်မာ့ပန်းချီပန်းပုလောကတွင် ဆရာချုံလို ပညာစုံသည့် ပုဂ္ဂိုလ်မျိုးသည် ရှာမှရှားသည်ဟု ဆိုရပေမည်။ ဆရာချုံကွယ်လွန်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၉၀)နီးပါးရှိပြီ ဖြစ်သော်လည်း ဆရာချုံကွယ်လွန်ခြင်းသည် မြန်မာ့နန်းတွင်းပန်းချီသမိုင်းတွင် ကွင်းဆက်ပြတ်ခြင်းပင် ဖြစ်သည်။ ‘ပန်းချီတော်’ ဟူသော ဝေါဟာရသည်လည်း မြန်မာ့ပန်းချီသမိုင်းတွင် နိဂုံးချုပ်လေပြီဟု ဆိုရပေမည်။
ဆရာချုံသည် ပထမဇနီးမှ ကိုမြ၊ ကိုခ၊ မတင်နှင့် မတင်ဥတို့ ထွန်းကားခဲ့သည်။ ဒုတိယဇနီး ဒေါ်ငွေခင်မှ သား မောင်အေးကြည်နှင့် သမီး မတင်နုတို့ ဖွားမြင်သည်။
မည်သို့ဆိုစေ မြန်မာ့ပန်းချီလောကတွင် သူမတူအောင် ထူးချွန်ပြောင်မြောက်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပည့်တပန်းများအား ပန်းချီပညာ အမွေပေးခဲ့သော မျိုးချစ်စိတ် အလွန်ထက်သန်သည့် ပန်းချီတော် ဆရာချုံ ကွယ်လွန်သွားသဖြင့် မြန်မာ့အနုပညာလောကအတွက် နှမြောတသဝမ်းနည်းစရာပင် ဖြစ်ပါသည်။
—————————

နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်


စုဖုရားလတ်နဲ့ ပတ်သက်လာရင်...

သီပေါမင်းနဲ့ စုဖုရားကြီး မင်္ဂလာ ဘိသိက်ခံနေတဲ့အချိန် အစ်မဖြစ်သူကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..
လင်ကို အရမ်းနိုင်တဲ့ မိဖုရား...
ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား...
စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။

ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ...

ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...

သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...

သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...

ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...

အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...

ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...

အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၃ နှစ်နဲ့ ၂ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...

အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...

သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့

နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။

မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာန


အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျားရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....

ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...

၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...

အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။

ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။

မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်းမပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။

အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...

ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ် လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။

မယ်ကံဆိုး သားအမိတွေရဲ့ ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့် ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...

နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့က စပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...

မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ...

ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...

ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...



သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ

Saturday, 9 November 2013

“ အစဉ်သဖြင့်ရင်ထဲကပုဂံ



{ ကောဏာဂုံမြတ်စွာဘုရား }
~~~~~~~~~~~~~~~~~

အာနန္ဒာစေတီတော်၏ အတွင်းလှိုဏ်အတွင်းမှ အရှေ့အရပ်သို့ မျက်နှာတော်မူလျက် စံပါယ်တော်မူနေသည့် “ ကောဏာဂုံမြတ်စွာဘုရားရှင်၏ကိုယ်စားတော် မတ်ရပ်ရုပ်ပွား ”ဖြစ်ပြီး ဉာဏ်တော် ( ၃၁ )ပေခန့် မြင့်တော်မူပါသည်။

မူလ ပုဂံခေတ်ရုပ်ပွားတော်မှာ မီးလောင်သွားသဖြင့် ပြန်လည်အစားထိုးထားသော ရုပ်ပွားတော် ဖြစ်ပါသည်။ ကိုယ် စိတ်နှစ်ပါးတို့တွင် ကြုံတွေ့ခံစားနေရသော သောကနှင့် ဝေဒနာများအား မြတ်စွာဘုရားရှင်မှ တရားတော်ဖြင့် ကုသပေးသည်ကို ပူဇော် ပုံဖော် ပူဇော်သောအားဖြင့် ဘုရားရှင်မှ လက်မတော် လက်ခလယ်တော်တို့ဖြင့် ကျဇုသီးကို ကိုင်ထားသောဟန် ထုလုပ်ထားပါသည်။

ဖူးမြော်သည့်နေရာ အကွာအဝေးပေါ်တွင်လိုက်၍ ရုပ်ပွားတော်တို့၏ မျက်နှာတော်အမူအရာ ပြောင်းလဲသွားခြင်းသည်လည်း ဤရုပ်ပွားတော်တို့၏ ထူးခြားချက်ပင်ဖြစ်ကြောင်း မှတ်သားသိရှိရပါသည်။

Friday, 8 November 2013

ပြတိုက်ထဲကဒေါ်လာနဲ့ ပြတိုက်ထဲက ဝမ်းစာ




မလေးရှားရောက်တာကြာပါပြီ မာလာကာမြို့ကို သွားမယ်သွားမယ်နဲ့အခုမှပဲ ရောက်ဖြစ်တော့တယ်။ မာလာကာရေလက်ကြားဆိုတာကိုတော့ ငယ်ငယ်က ပထဝီမှာသင်ထားဖူးတော့ နည်းနည်းသိနေတယ်။ ကြီးလာတော့ ထပ်သိရတာက အနောက်တိုင်းက ကုန်တင်သဘောင်္တွေက အရှေ့တိုင်းကိုသွားတဲ့အခါ အိန္ဒိယသမုဒ္ဒရာ အစွန်းထိပတ်သွားစရာမလိုပဲ မာလာကာရေလက်ကြားက ဖြတ်သွားတော့ အချိန်ကုန်လူမပန်းစရိတ်သက်သာသွားကြလို့ ကမ္ဘာမှာ ထင်ရှားလာတဲ့ နေရာတခုလို့ သိခဲ့ရပါတယ်။ အကယ်၍ ကော့သောင်းနဲ့ထိုင်းနိုင်ငံ နှစ်နိုင်ငံပေါင်းပြီး တူးမြောင်းဖေါက်မယ့် အစီအစဉ်သာ အောင်မြင်ခဲ့ရင် အဲဒီရေလက်ကြားကတော့ သင်္ဘောတွေအဝင်အထွက် နည်းသွားမှာ ကျိန်းသေပါတယ်။
ပထမဦးဆုံး မာလာကာမြို့ကို ခြေချမိတာနဲ့ ကျွန်တော့်ဇာတိ မော်လမြိုင်သင်္ကြန်ကို ပြန်ရောက်နေသလား ထင်ရအောင် ဆိုက်ကားတွေမှာ ပန်းတွေနဲ့ မိုးထားဆင်ထားတာအပြင် အနောက်မှာ ကက်ဆက်တွေ ဘောက်တွေ တပ်ထားပြီး သီချင်းဖွင့်ထားတာ တမြို့လုံး ညံနေတာပါပဲ။ ကျောချင်းကပ်ထိုင်တာနဲ့ ဘေးချင်းယှဉ်ထိုင်တာပဲ ကွာတာမို့ ပိုက်ဆံအကုန်ခံပြီး မစီးတော့ပါဘူး။ သူတို့တွေက ပျော်ပျော်ပါးပါးကြီး နိုင်ငံခြားဝင်ငွေရှာနေကြတဲ့ အချိန်မှာ ကိုယ့်နိုင်ငံမှာတော့ စားစရိတ်တောင်အနိုင်နိုင်ရအောင် နင်းနေရတာကိုတွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပထမဦးဆုံးရောက်ခဲ့တဲ့ အဆောက်အဦးကတော့ ၁၅၅၀ ခုနှစ် ပတ်ဝန်းကျင်က တည်ဆောက်ခဲ့တဲ့ ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟောင်းကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းကို ပေါ်တူဂီလ် သင်္ဘောကပ္ပတိန် Duato Coelho က ရွက်လွှင့်လာစဉ် တောင်တရုတ်ပင်လယ် အရောက်တွင် ရန်သူတို့၏ အတိုက်အခိုက် ခံရပြီး အသက်ဘေးမှလွတ်မြောက်၍ မာလာကာသို့ရောက်ရှိစဉ် ဘုရားသခင်အား ကျေးဇူးဆပ်သည့်အနေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုတော့ အမိုးတွေမရှိတော့ပါဘူး။ နံရံတွေကိုတော့ အလျားတစ်ပေခွဲ အနံဆယ်လက်မလောက်ရှိတဲ့ ဂဝံထွင်းအုတ်တွေနဲ့တည်ဆောက်ထားပါတယ်။ မြို့ရိုးတွေကိုလည်း ရှေးပုံစံမပျက်အောင် မပြုမပြင်ပဲ သန့်သန့်ရှင်းရှင်းလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီရှေးဟောင်း အဆောက်အုံနဲ့သာ နိုင်ငံခြားဝင်ငွေရှာမယ်ဆိုရင် တစ်နိုင်ငံလုံးနီးပါးမှာ ရှိပါတယ်။ အခုတော့ ပြုပြင်တာ လွန်သွားလို့ ကျုံးမြို့ရိုးနဲ့နန်းတော်ဟောင်းက တရုတ်ဘုံကျောင်း ဖြစ်နေပါပြီး။
အဲဒီကနေ ပြန်ထွက်လာတော့ ပြတိုက်တွေအများကြီးကိုတွေ့ရပါတယ်။ အချိန်မရလို့အားလုံးကို မဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရွက်လှေအဟောင်းကြီးဆီကိုတော့ သွားခဲ့ပါတယ်။ နိုင်ငံသားက ၃ ရင်းဂေ့ပေးရပြီး ကျွန်တော်တို့က နိုင်ငံခြားသားဖြစ်တော့ ၆ ရင်းဂေ့ပေးခဲ့ရပါတယ် ။ ကိုယ်တွေက နိုင်ငံခြားသားဆိုပေမယ့် ရေက အမြဲတမ်းခမ်းနေတာ၊ အလကားရတဲ့ နေရာတွေပဲ သွားတာပေါ့။
သြော်... တွေ့ပါပြီ မီးရထားဟောင်းကြီးတစ်စီးနဲ့ လေယာဉ်ဟောင်းကြီးတစ်စင်း ဒါကတော့ သိပ်မထူးဆန်းဘူးလို့စိတ်ထဲမှာ ထင်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထက်ဟောင်းတဲ့ဟာတွေကို ကိုယ့်နိုင်ငံကသုံးနေတုန်းပဲလို့ ထင်မိလို့ပါပဲ။ အဆိုးဆုံးက နွားလှည်းပါပဲ။ အဲဒီည အိမ်ပြန်ရောက်တော့ မြန်မာပြည်က ဘကြီးဆီကို ချက်ချင်းဖုန်းဆက်လိုက်ပါတယ်။ ဘကြီးရေ .. သူများနိုင်ငံမှာ နွားလှည်းကို ပြတိုက်ထဲမှာ ထည့်ပြီး ဒေါ်လာ ရှာနေတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ နွားလှည်းကို ဝမ်းစာအတွက် အသုံးချရနေတုန်းပဲ ဘကြီးရေ...
( ကျွန်တော်ပါဝင်ခဲ့တဲံ သူငယ်ချင်းဇင်ဝင်းလတ်၏ ခရီးသွားဆောင်းပါး)