သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။
မင်းကိုနိုင်
(၂ဝဝ၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, September 14, 2011
ကမ်းပေါ်ကနေ အောက်ကိုငုံ့ကြည့်တယ်
အောက်ကနေ ကမ်ပါးပေါ်ကိုမော့ကြည့်တယ်
အဲဒါ ကျနော်တို့ နေ့စဉ်ဘဝ ဖြစ်ခဲ့ပါတယ်
ကျနော်တို့က နောက်တွန်းကြီးတွေလို့ခေါ်တဲ့ ရေနံတွဲကြီးတွေ
သွားနေရင်း မြစ်လယ်မှာ ရုတ်တရက်ဘာကြောင့်
ရပ်သွားကြတာလဲ
သူ့ဘေးနားမှာ ပဲ့ထောင်လေးတွေ ပျားလိုတဝီဝီ
အလုပ်ရှုပ်နေတာ ဘာကြေင့်လဲ
အဲဒီလိုနဲ့ ဆိုရှယ်လစ်ခေတ်ကြီး ပြီးဆုံးခဲ့ပါတယ်
မိုးဦးကျမှာ မြစ်ရေတွေနောက်တယ် ရေစီးကြမ်းတယ်
ဆောင်းနဲ့ နွေရာသီတွေမှာတော့ အလွန်ကြည်လင်လှပါတယ်
ဧရာဝတီကို ရေမိုင် ၇ မိုင်လောက်ပဲ ကျနော် သိပါတယ်
ဒီလိုနဲ့ ဧရာဝတီကိုကာကွယ်ဖို့ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်
ဒီလိုနဲ့ ဧရာဝတီဟာ ထာဝရစီးဆင်းနေမယ့် မြစ်ကြီးလို့
ငယ်ငယ်ကသိခဲ့တာကို ပြန်စဉ်းစားမိလာပါတယ်
ဒီလိုနဲ့ တောကနေမြို့ရောက် ယောက်ယက်ခတ်ခဲ့တယ်
ဓာတ်ပုံတွေထဲကတဆင့် မြစ်ဟာ ကျဉ်းကျဉ်းလာတယ်
ဆောင်းပါးတွေထဲကတဆင့် သောင်တွေထွန်းထွန်းလာတယ်
မြစ်ဆုံကကျောက်စရစ်ခဲလေးတွေဟာ ဓာတ်ပုံတွေထဲမှာတော့
အတော့်ကိုလှပါတယ်
သို့သော် ရေစပ်စပ်နဲ့မြစ်ကြီးကိုတွေ့ရတော့
အလွန်ကိုထိတ်လန့်မိပါတယ်
ဧရာဝတီရယ် စီးဆင်းနေမြဲ ဆိုတဲ့သီချင်းကိုသတိရမိတယ်
ဒီလိုနဲ့ခေတ်တွေပြောင်းလဲခဲ့ပြန်ပါတယ်
ဒီလိုနဲ့ရေစီးတွေနှေးနှေးလာတယ်
ဟိုး . . . ဝေးဝေးဆီမှာ
ကျေးတောသားကိုယ်လုံးတီးလေးတယောက်
ကမ်းပါးပေါ်ကနေ မြစ်ထဲကို
ဒိုင်ဗင်ထိုးချဖို့ လုပ်နေတာတွေ့ရတယ်။
သို့သော် မြစ်ရေကတအားတိမ်တော့ သူတွန့်ဆုတ်နေတာ
တွေ့ရတယ်
အဲသမှာ မိတ်ဆွေကဗျာဆရာတယောက်ရဲ့ ကဗျာလေးကို
ဖျတ်ခနဲ သတိရလိုက်တယ်
မြစ်ကိုလည်းတည်ဆောက်ကြ မြစ်ကိုလည်းတည်ဆောက်ကြတဲ့
မြစ်ရဲ့သမိုင်းကို သဲသောင်တွေအကုန်မဖုံးခင်
ပြန်လည်တည်ဆောက်ကြ။

Wednesday, August 31, 2011
သမိုင်း ရာစုများစွာထဲ့ကဧရာဝတီ
မြစ်ကြီးဧရာ....မြစ်မဟာ...လူသားအကိုးသင်သယ်ပိုးခဲ့..
ရာစုများစွာ...သမိုင်းမှာ...သင်တာဝန်ကိုကျေခဲ့တယ်..
ကျေးဇူးမဟာ..မြစ်ဧရာ...အခုများတော့လေ..
အာဏာကရူး...စစ်ဘီလူး..ကိုကိုးကိုတွက်.သူတို့မငဲ့ကွက်..
မျက်စေ့ကိုမှိတ်..နားကိုပိတ်...ဧရာဝတီကိုသတ်ပြီလေ..
ငါတို့ချစ်တဲ..မြစ်မဟာ...ဧရာဝတီရေကျဆုံးပြီးလား..
ကျေးဇူးရှိတဲ့..မြစ်ဧရာ...မင်းကိုငါတို့အဆုံးရူံးမခံဘူး
ငါတို့ခွန်အား..စုကာပေါင်းလို့...ဧရာဝတီကိုကာကွယ်မယ်...
အမိုးသားရေးတာဝန်အဖြစ်ကျွန်တော်ချစ်တဲ့ဧရာဝတီကို ကာကွယ်ကြပါစို့

Subscribe to:
Posts (Atom)