Thursday, 31 May 2012

အဲသည်လို အစ်ကိုမျိုး



ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။

ခရစ်စ္စမတ်အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

“ဒါ အစ်ကို့ ကားလား” တဲ့။

ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ်စ္စမတ် လက်ဆောင် ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

“ဟာ…ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ…ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ…ကျွန်တော်သာ ဆုတောင်းလို့ ရမယ်ဆိုရင်…” ဆိုပြီး ကောင်လေး ရပ်နေသည်။

ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲဒီလိုအစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့။

သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။

“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။

ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ် သွားသည်မသိ။ “မင်း ငါ့ကား လိုက်စီးကြည့်မလား” ဟု မေးမိသည်။

ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်လှည့်ကာ “အစ်ကိုရေ…ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်းပေးလို့ ရမလားဗျ” ဟု မေးသည်။

သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ်ပြုံးမိသည်။ ဒီကောင်လေးစိတ်ထဲ ဘာရှိနေလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။

သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။

“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ” ကောင်လေးက ဆိုသည်။

လှေကားထစ်တွေ သူ ပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလိုမမြန်။ သူက ကလေးတစ်ယောက်ကို ချီ၍ ယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကိုပြသည်။

“ဟောဒီမှာ တွေ့လား ညီလေး၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ။ ဒါ သူ့အစ်ကိုကြီးက ခရစ်စ္စမတ် လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုး ကားတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ်စ္စမတ် အရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူက အားရပါးရ ပြောနေသည်။

ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲ ထည့်သည်။ အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်သည်။

အဲသည်နေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံးအတွက် တစ်သက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။

အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို နှစ်သက်ဖွယ် ချိုမြိန်လှ၏…ဟူသော အသိတရား။


[မူရင်း။ ။ Dan Clark ၏ A Brother Like That](ဖေမြင့်ဘာသာပြန်သည်။)



After You


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”

အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။

“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
 “After me”....
 “After me”....
 “After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
 ( ကျွန်တော်နှစ်သက်သည်အတွက် အများဖတ်ကြည်နိုင်အောင်  ကိုဥဏ် ( ပန်းလောင်မြေ ၏ စာမှတ်စုများမှကူးယူပါသည် )
Read more »

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ



တစ်နေ့ ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”
တက္ကစီဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟု ပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျားတည်တည် ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ”
“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။
“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေက ဆိုသည်။
“ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”
“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေကတစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီ တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”
“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”
“ဟာ…ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”
“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”
“မဖြစ်တော့လည်း ဘာနစ်နာသွားတာမှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလည်း မလို၊ လျှော့ပေးစရာလည်း မလို၊ ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွား တော့လည်း ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာ သွားအောင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”
“အင်း…ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။
“ဟာ အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော်လေ့လာထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့ အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”
“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”
“ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”
စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ သည်။ သည်မှာ အလုပ်သမား ၅ ယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။
“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လည်း များမယ့်ပုံ”
အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။
“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။
“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။
“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”
ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့ ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။
သူက အေးအေးဆေးဆေး။
“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွား လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီးထဲက တခြားလူတွေ ခံစားရလိမ့်မယ်”
“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ် ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…”
“ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။
“ဟုတ်တယ်လေဗျာ၊ ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့ သူ့ကိုလည်း သဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့တော့ ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။
ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie] (ဖေမြင့် ဘာသာပြန်သည် ။)

တစ်ကြိမ်မှာ တစ်ခု


ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”

“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။
(  ဆရာ ဖေမြင်၏ နှလုံးသား ရသစာစု များမှ )

ခွေး= လူ

စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။ `
ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´ တဲ့။ သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ
ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား ။  ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။  `ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ´
သူကမေးသည် ။  `ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ် ´လို့ဆိုင်ရှင်ကဖြေသည် ။ 
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံ အကြွေတွေနှိုက်ထုတ်လိုက်သည် ။  `ကျွန်တော့်မှာ ၂
ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ ` ဆိုင်ရှင်က ပြုံးသည်။
ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည် ။  ခွေးမကြီးဆိုင်ခန်းထဲပြေး
ဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီရ်ျ လိုက်ပါလာသည် ။ 
ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည် ။ 
အဲသည်ထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။  သူက ထော့တီးထော့နဲ့နှင့်
လမ်းမလျှောက်တတ်သလို ။  ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည် ။ 
`ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´  ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစäာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း
ဆိုင်ရှင်က ရှင်းပြသည် ။  ကောင်လေးက ပိုရ်ျ စိတ်ဝင်စားသွားသည်။  `ဒီခွေးလေး ကျွန်တော်
ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။  `ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါ ပေးပါ့မယ်´ 
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။  သူကမကျေနပ်သည့် အမူအရာမျိုးနှင့်
ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီး ပြန်ပြောသည်။  `အလကားပေတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊
ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူှး ၊ ကျွန်တော်
တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခု
အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့် ၅၀ စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်´  သို့သော်
စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။  `မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊
ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး´ 
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျ
ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။  `ကျွန်တော်လဲကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ
သူ့ကို ကိုယ်ချင်းစာပေးမဲ့ လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။  ကောင်လေး၏
ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ်တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။  
(မူရင်း။   ။Dan Clark ၏ Puppies for Sale)

သတ္တိ

အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့"
သူမက မေးသည်။
"ဟုတ်တယ်"
"အင်းလေ… ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"
* * * * * * * *

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်။ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့နည်းလမ်း တစ်ခုပဲရှိတော့တယ်။ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်။ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်။ "မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော် ပေးပါ့မယ်" တဲ့။

အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလည်း ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား" တဲ့။

ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး

"အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ"

[ဖေမြင့်၊ နှလုံးသားအာဟာရ ရသစာများ၊ ]

အဖေ

1989 ခုနှစ် အာမေနီးယားပြည်တွင် ရစ်ချတာစကေး 8.2 ရှိသည် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု
ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည်အချိန်အတောအတွင်း
လူပေါင်း 30.000 ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေ ဖရို ဖရဲ ကစဥ့် ကလျားကြားမှာ ဖခင် တစ်ယောက်
ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူသားရှိနေမည့် စာသင်ကျောင်းဆီသို့ပြေးလာသည်။
သို့သော်ကျောင်းကိုရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီး။ရုတ်တရက်သူရင်ထဲ ဆို့နင့်ကာ ကယောင်
ချောက်ချားဖြစ်သွားသည်။သည့်နောက်မှာသားကိုသူပေးထားသည် ကတိစကားကိုပြန်ပြီးသတိရသည်။
.ဘယ်လိုကိစ္စမိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲံ ဖေဖေ အရောက်လာမယ်စိတ်ချဆိုသောစကား။ သူမျက်လုံးအစုံ
ထဲမှာမျက်ရည်တွေအိုင်လာသည်။   သူရှေ့တွင်တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သောနေရာတွင် အုတ်ပုံအစု
အဝေးတစ်ခုရှိနေသည်။ ဘယ်လို့မှ မျှော်လင့်နိုင်စရာမရှိအောင်ပိပြားနေသည်အုတ်ပုံကြီးတစ်ခု။ သို့သော်သား
ထံပေးခဲ့သည် ကတိစာကားကိုမူ သူထပ်တလဲလဲကြားနေသည်။စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာသူ
နေ့စဉ်နံနက်တိုင်းလိုက်ပိုနေကျဖြစ်သည် သူ သားငယ်၏ စာသင်ခန်းရှိရာနေရာကိုမှန်းဆရှာဖွေမိသည်။
သားတို့အခန်းသည်အဆောက်အဦး၏လက်ယာဘက် အပိုင်းအနောက်ဘက်အခြမ်းမှာ။သည်နေရာသို့သူပြေး
သွားသည်။ ပြီးအုတ် ကိုး အုတ်ပဲ့တွေကိုစတင်တူးဆွဖယ်ရှားခြင်းပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘ
တွေရောက်လာကြသည်။...ငါ့သားလေးသေပါပြီး...ငါ့သမီးလေး မရှိတော့ဘူ..စသည်ဖြင့် သောကမီး ပရိဒေဝမီး
တွေတောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ် ရှိသည်တခို့မိဘများက တော့
( သွေးရူး သွေးတန်း လုပ်ကိုင်နေဟန်ရှိသော ) သူအား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကိုးပုံမှ
ဖျောင်းဖျခေါ်ယူကြသည်။ မရတော့ပါဘူးဗျာ..ဘယ်သူမှအသက်မရှိတော့ပါဘူးဗျာ.အဲဒီလိုလုပ်နေလို့အကိုး
မထူးတော့ပါဘူးအိမ်သာပြန်ပါဗျာ..စိတ်ထိန်းမှပေါခင်ဗျာမြင်တဲ့အတိုင်းပဲဘာလုပ်လိုရအုံးမှာလည်းစသဖြင့်
ပြောကြသည်။တခို့ကဆိုလျှင်..ဟောလူ တော်ပါတော့ဗျာ ..ခင်ဗျာလုပ်တဲ့အတွက် ပိုတောင်ဆိုးဦးမယ်ဟု
ပြစ်တင်ကြသည်။သည်လိုလာပြောသည်မိဘတိုင်းကိုသူကစကားတစ်ခွန်းပဲပြန်ပြောသည်။ဒီမှာ..ခင်ဗျာအခု
လုပ်နေတာကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောဟုဆိုသည်။ ဒီလူတွေကိုလျစ်လျူရူ ကာ သူသားကို
ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူ
ဖယ်ရှားသည်။ သည်အချိန်မီးသတ်အရာရှိရောက်လာပြီး သူကိုဆွဲထုတ်ဖို့ကြိုးစားသည်။ မီးတွေလောင်နေ
ပြီးဘယ်နေရာကမဆို အချိန်မရွေးထပေါက်နိုင်တယ်..ခင်ဗျာအတွက်အန္တရာယ် ရှိတယ် ကျွန်တော်တို့
လုပ်ပါ့မယ် ကိုယ့်အိမ် ကိုယ်ပြန်ပါဟုဆိုသည်။သားကိုချစ်သောအဖေကတော့သူစကားကိုအလေးမထား
ခင်ဗျာကူပ် ကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောပါဟုပြန်ပြောသည်။  ရဲကလည်းရောက်လာသည်
ခင်ဗျာသွေး ရူး သွေးတန်းတွေ လျှောက်လုပ်မနေနဲ့  ခင်ဗျာကြောင့်တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်အိမ်
ပြန်ပါ..ကျွန်တော်တို့လုပ်ပါမယ်....ရဲ ကိုလည်းခင်ဗျာကူညီမှာလားမကူညီဘူးလားဟုမေးသည်။
မည်သူကမျှမကူညီ သို့သော်ကိစ္စမရှိသူဘာသာသူတစ်ယောက်တည်းဇွဲနပဲကြီးစွာသူတူးဖော်သည်။သူမှာ
အရေးကြီးနေတာတစ်ခုပဲရှိတယ်..ငါ့သားလေးသေပြီးလား..အသက်ရှင်နေသေးလား  ဒါ အရေးကြီးသည်။
မျက်မြင်ဒိဋ သူတွေဖို့လိုသည်..သူတစ်ယောက်တည်းအုတ်ကိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်...8 နာရီ.....
12  နာရီ.....24  နာရီး....36  နာရီ..38  နာရီ..မြေုက်ဍ်  အုတ်အင်္ဂတေ တုံးကြီးတစ်တုံးကို သူဆွဲထုတ်ပြီးသည်
နောက်တွင် သား၏“ အသံကို ကြားရသည် ..ချင်ချင်းပင် သားနံမည်ကို သူအသံကုန်အော်ခေါ်လိုက်သည်။
...အာမန်း....ပြန်အော်သံကြားရသည်..ဖေဖေ..ဖေဖေလား..သားပါဖေဖေရ..သူငယ်ချင်းတွေကိုလဲသား
ပြောထားတယ်..ဘာမှမကြောက်နဲ့ ငါ့အဖေ မသေသေးရင်ငါ့ကိုသေချာပေါက်လာကယ်မှာ..ငါ့လွတ်ရင်
မင်းတို့လည်းလွတ်မယ်လို့...ဖေဖေ သားကိုကတိပေးထားတယ်မဟုတ်လား..ဘယ်လိုကိစ္စမိုးကြုံကြုံ
သားမစိုးရိမ်နဲ့ဖေဖေ အရောက်လာမယ်စိတ်ချဆိုတာလေအခုဖေဖေပြောထားတဲ့အတိုင်းပဲရောက်လာပြီး
လေ။  အဲဒီအောက်မှာဘယ်လိုအခြေအနေရှိလဲသားဟု အဖေကမေးသည်...သားတို့ 33 ယောက်မှာ 14
ယောက်ပဲကျန်တယ်..သားတို့ကြောက်လဲကြောက်တယ်ဆာလဲဆာတယ် ရေလဲငတ်တယ် ဖေဖေရောက်
လာတော့အရမ်းဝမ်းသာတာပဲ...ကျောင်ကြီးပြိုကျတော့ သားတို့နေရာလေးကွတ်ပြီးကြိဂံ မမြှောင့်လေး
တစ်မြှောင့်မပိပဲကျန်နေတယ်..အဲဒါကြောင့်သားတို့မသေတာ..ကဲ ..ကဲ..ထွက်ခဲ့တော့သားရေ..နေဦး
ဖေဖေရ တခြားလူတွေအရင်ထွက်ပါ့စေ...သားမှာကဘယ်လိုကိစ္စမိုးကြုံကြုံ သားကမစိုးရိမ်ဘူး ဖေဖေ
လာကယ်မယ်ဆိုတာသိနေတယ်။။ (   ကျွန်တော်၏ဖခင်အားသတိရသောအားဖြင့် ဆရာဖေမြင်၏ နှလုံး
သား စာစုများမှကူယူဖော်ပြပါသည်  )

Tuesday, 29 May 2012

ပထမဦးဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိ

Friday, 18 May 2012

စမ်းချောင်းမြို့နယ်ဂွဈေးမီးလောင်မူဖြစ်ပွား

စမ်းချောင်းမြို့နယ် ဂွဈေးတွင် ယနေ့မနက် ၁ နာရီဝန်းကျင်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်ကျွမ်းမှုကို ရှို့မီးအဖြစ်ဈေးသူဈေးသားများနှင့် စမ်းချောင်းဒေသခံအများစုက သံသယဖြင့် ဝေဖန်ပြောဆိုနေကြသည်။
စမ်းချောင်းမြို့နယ် ဂွဈေး မီးလောင်နေစဉ် 
ဆိုင်ခန်းပေါင်း သုံးရာကျော်ရှိသည့် ယင်းဈေးတွင် ယနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မနက် ၁ နာရီဝန်းကျင်မှ လောင်ကျွမ်းသော မီးကို မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွန့်ချိုးနိုင်ခဲ့ကြောင်း၊ ယင်းဂွဈေးနေရာကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် ညှိုနှိုင်းခဲ့သော်လည်း ဈေးသူဈေးသား များက လက်မခံဘဲ အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း၊ ယခုအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ခြင်းအပေါ် ဈေးသူဈေးသားများအများစုက ဈေးဖျက်သိမ်းလို၍ လုပ်ဆောင်သော ရှို့မီးဖြစ်နိုင်သည်ဟု ဝေဖန်နေကြသည်။
“အထပ်မြင့်ဈေးဆောက်ဖို့ စည်ပင်က ဈေးသူဈေးသားတွေကို ညှိုတယ်။ အဲဒါ အဆင်မပြေဘူး။ ဈေးသူ ဈေးသားတွေဘက်ကလည်း လက်မခံဘူး။ နှစ်အတော်ကြာနေပြီ အဲဒီလိုညှိုမရဖြစ်နေတာ။ အဲလိုအချိန်မျိုးကြီးမှာမှ ထဖြစ်တယ်ဆိုတော့ သံသယဖြစ်စရာတွေဖြစ်ကုန်တယ်။ ဒါက ရှို့မီးလား။ မနေ့ ညနေက မိုးကသဲသဲမဲမဲရွာထားတယ်။ တညလုံးလည်း မိုးတဖွဲဖွဲလေးကျနေတာ။ မီးလောင်ဖို့ မလွယ်လှဘူး။ ဘာပဲပြောပြော အခု စည်ပင်က လုပ်ချင်နေတဲ့ ဈေးသစ်စီမံကိန်းကြီးဖြစ်လာတော့မှာပေါ့” ဟု ဂွဈေးတွင် ဈေးရောင်းချသူ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက သုံးသပ်သည်။
စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကမူ ဂွဈေးလောင်ကျွမ်းသော မီးသည် ရှို့မီးမဟုတ် ကြောင်း၊ ပေါ့ဆမီးဖြစ်ပြီး မီးလောင်မှုစတင်ဖြစ်သော  ဆိုင်ခန်းပိုင်ရှင်ကို ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“စပြီးလောင်တာက ဈေးရုံ ဃ ရုံ၊ ဆိုင်ခန်း အမှတ် ၁ က စလောင်တာပါ။ အဲဒီဆိုင်က ကုန်စုံဆိုင်။ မနေ့ ညနေပိုင်းက ကုန်စုံဆိုင်မှာ ကုန်ပစ္စည်းတွေချတဲ့နေရာမှာ ထွန်းထားတဲ့ လေးပေမီးချောင်းနားမှာ ပစ္စည်းတွေချသွားတယ်။ အဲဒါ လေးပေမီးချောင်းကိုလည်း တညလုံးထွန်းထားခဲ့တော့ အပူလွန်ပြီး ဘေးနားမှာရှိတဲ့ ပစ္စည်းတွေကို စပြီး မီးလောင်တယ်။ အဲဒီကစလို့ မီးကူးစက်တာ။ ဆိုင်ရှင် နာမည်က ဒေါ်အေးသန်း။ အခုကျနော်တို့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေလုပ်နေပါပြီ” ဟု စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်းသွားသောကြောင့် ဈေးပြန်မဖွင့်နိုင်တော့ကြောင်း၊ ဈေးသူဈေးသား အများစုက  ဆိုင်ခန်းနေရာ ပြန်မရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။
“မီးလောင်ထားတော့ ဈေးဆိုင်တွေ ပြန်ဖွင့်ခွင့် မရဖို့က များတယ်။ တကယ်လို့ အထပ်မြင့် ဈေးသစ်ကြီးဆောက်ရင်ကော ဆိုင်ခန်း နေရာပြန်ပေးပါ့မလား။ အဲဒါကို အားလုံးစိုးရိမ်ကြတယ်။ ဘာမှကို မသေချာဘူး။ စောင့်ကြည့်ရမယ်” ဟု ဈေးသူဈေးသားတဦးက ပြောသည်။



 
 

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ်ထားတွေကို လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၂ ခုနှစ် မေလ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆက်ဆံရေး လမ်းပွင့်လာတာဟာ မြန်မာအစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အထောက်အကူပြုနိုင်ဖို့အတွက် အဓိက အရေးပါကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလို အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ မနေ့က ကျင်းပခဲ့ပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တားမြစ်ထားတာကို ဆိုင်းငံ့လိုက်ပေမဲ့ ပြောင်းလဲတိုးတက်မှုတွေ နောက်ပြန်လှည့် လာတာမျိုးမရှိအောင် ပိတ်ဆို့မှုဥပဒေတွေကတော့ ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။
ဒါ့ပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေထဲက သင့်တော်တဲ့ အချက်တွေကို ဆက်ပြီးထိန်းထားအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပေမဲ့ အရပ်သားအုပ်ချုပ်ရေးစနစ် အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေးတာကြောင့် လက်နက်ရောင်းဝယ်တာတွေကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုးရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကိုလည်း ကျေနပ်အားရမိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Thursday, 17 May 2012

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။

ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။



အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေ ပြောကြားချက်ပါတယ်။

"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။

အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။


"ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"


ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ

"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် ဒေသခံအာဏာပိုင်တွေ တားမြစ်မှုရှိ


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆိုင်းဘုတ်တွေနဲ့ မကြိုဆိုရဘူးဆိုတဲ့ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ခရီးစဉ်မှာလည်း ပိတ်ပင်တားမြစ်မှုတွေ ကြုံရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက သတင်းဌာနများကိုပြောပါတယ်။
" ဒီနေ့ဆိုလို့ရှိရင် ကလိန်အောင်၊ ဘဂေါစွန်း၊ နဘူးလယ်၊ မောင်းမကန်၊ ပိတ်ပင်တားဆီးတာတွေ အဲဒီမှာလည်းဖြစ်တယ်။ ပန်းကုံးတွေနဲ့ မကြိုရဘူး။ အသံချဲ့စက်မသုံးရဘူး စတဲ့တားမြစ်မှုတွေကို ကျွန်တော်တို့ တောက်လျှောက်တွေ့ရတယ်။
တကယ့်တကယ် ကျွန်တော်တို့ရောက်တော့ ဒေသခံရွာသူ ရွာသားတွေက သူတို့မတရားခံနေရတဲ့ ကိစ္စတွေကို တိုင်ချင်လို့စောင့်နေတာ။ အဲတော့ ကျွန်တော်တို့က ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော်တို့နဲ့ ဒေသခံတွေနဲ့တွေ့မှာကို ကြောက်လို့ တားမြစ်တဲ့သဘောမျိုး အဲဒီလိုတွေ့ရတယ်။
ရောက်တဲ့နေ့ အဲဒီမင်းရပ်ကျေးရွာမှာ စပြီးကြုံရတာ။ အဲဒီမှာ ဦးကျော်မင်းသန်းဆိုတာ သူကဒုဦးစီးမှူး၊ မြို့နယ်က သူကနေပြီးတော့ ကျွန်တော်တို့ကို ကြိုဆိုပါသည်ဆိုတဲ့ ဆိုင်းဘုတ်မတင်ရဘူး။ အသံချဲ့စက်မသုံးရဘူး ဆိုတာတွေလုပ်တော့ အမှန်ကတော့ ကျွန်တော်တို့က အဲဒီလမ်းကနေ ဖြတ်သွားဖို့ပဲ "
အဲဒီလို ပိတ်ပင်တားမြစ်တဲ့အတွက် ရွာသားတွေက ပိုပြီးကြိုဆိုကြသလို ဟောပြောဖို့ အစီအစဉ်မရှိတဲ့ ရွာတွေမှာလည်း ဒေသခံတွေရဲ့ တောင်းဆိုချက်အရ ခေတ္တနားပြီး ဟောပြောရတာတွေ ရှိတယ်လို့ ကိုကိုကြီးက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဒီနေ့ဟောပြောခဲ့ရတဲ့ နဘူးလယ်ရွာမှာ ထားဝယ်ရေနက် စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမယ့် ရွာသားတွေက သူတို့ဆန္ဒတွေ ထုတ်ဖော်တဲ့အနေနဲ့ စုပေါင်းလက်မှတ်ထိုးကြတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးလေးလွင်က RFA ကို ပြောပါတယ်။
ဒါ့အပြင် ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ရေးဆွဲထားတဲ့ ပုဒ်မ ၃၄ မှာဖော်ပြထားတဲ့အတိုင်း ဒေသခံတွေ ဖယ်ပေးရမယ့် မြေဈေးနှုန်းတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူနဲ့ ဒေသခံတွေ တိုက်ရိုက်ပြောဆို ဆွေးနွေးခွင့်ရဖို့ အခုလို ဆန္ဒပြုလက်မှတ်ထိုးကြတာလို့ ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း သူတို့တင်ပြချက်တွေကို စုဆောင်းခဲ့သလို၊ နောက်နေ့တွေမှာလည်း အဲဒီဒေသတဝိုက် ခရီးဆက်ဖို့ စီစဉ်ထားကြပါတယ်။

သေမင်းတမန် ရထား လမ်းဟောင်းအား အသစ် ပြန်လည် ဖောက်လုပ် သွားမည်ဟု ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယမာန်နေ့ နံနက် (၉) နာရီ၌ ကျင်းပသော KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ဖွင့်ပွဲ၌ ပြောကြား သွားပါသည်။


Sweat_army2မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ကို ဆက်သွယ်ထားသော သေမင်းတမန် ရထား လမ်းဟောင်းအား အသစ် ပြန်လည် ဖောက်လုပ် သွားမည်ဟု ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယမာန်နေ့ နံနက် (၉) နာရီ၌ ကျင်းပသော KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ဖွင့်ပွဲ၌ ပြောကြား သွားပါသည်။
“အခုသုံးနေတဲ့ ကားလမ်းက ရထားလမ်းဟောင်းပါ၊ ရထားလမ်း ပျက်သွားတော့ ဘောင်တွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီ လမ်းအဟောင်းကိုပဲ သုံးပြီး ပြည်လည် ဖောက်လုပ်ပါမယ်။ ကားလမ်းကိုတော့ ရထားလမ်းနဲ့ ယှဉ်ပြီး ပြန်ဖောက် ပေးပါမယ်၊ အစီအစဉ် တွေဆွဲပြီးပါပြီ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြား သွားပါသည်။
ဤကိစ္စကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ညစာစားပွဲ၌ ပထမအကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ယိုးဒယား - မြန်မာ သေမင်းတမန် မီးရထားလမ်းအား ဖောက်လုပ် ခဲ့စဉ်က အဓိက ရည်ရွယ်ချက် (၄) ရပ် ဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ဒုတိယ ကမ္ဘာစစ်ကို ဂျပန်တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်း မီးကျောက် များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊ မြန်မာ့ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်ရောင်းဝယ် နိုင်ရေး၊ မြန်မာနိုင် ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊ စစ်ဒဏ်ကြောင့် မြန်မာ လူမျိုးများ ဆင်းရဲ ကျပ်တည်း လျက် ရှိရာ မီးရထားလမ်း ဖောက် လုပ်ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ဖြင့် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန် ဦးဘ စောမှ ဥက္ကဋ္ဌအဖြစ် သီးဆောင်ပြီး ဖောက်လုပ်ခဲ့ပါသည်။
400
သေမင်းတမန် ရထားလမ်းမြေပုံ (ဓါတ်ပုံ - အင်တာနက်)
“လျာထားချက် အရကတော့ သုံးလေးနှစ်ခန့် ကြာနိုင်ပါတယ်၊ နိုင်ငံတကာနဲ့လည်း တိုင်ပင်ထားပါတယ်။ ယိုးဒယားနဲ့လည်း ကျွန်တော်တို့ ညှိထားပြီးပါပြီ။ ယိုးဒယားဘက်က ဆည်ကြီးတွေ ဆောက်လိုက်တဲ့အတွက် ရထားလမ်း အပိုင်းတွေ ရေမြုပ်သွားတယ်၊ အခုရထား လမ်း အသစ်တွေ ဖောက်ပေးပါဆိုပြီး သူတို့ကို ကျွန်တော်တို့က ပြောထားတယ်၊ နောင်သုံးလေးနှစ်ဆိုရင် ခင်ဗျားတို့ ရထားစီးပြီး ဗန်ကောက် ကို သွားနိုင်ပါပြီ” ဟု ဦးအောင်မင်းမှ ဘုရားသုံးဆူရှိ နယ်မြေခံ လူထုအား ကတိပေး ပြောကြား သွားခဲ့ပါသည်။
သေမင်းတမန် ရထားလမ်းသည် ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၂ ခုနှစ်မှ စတင် ဖောက်လုပ်ခဲ့သည့် ရထားလမ်းဟောင်း တစ်ခု ဖြစ်သည်။ စုစုပေါင်း ရထားလမ်း အရှည်မှာ ၄၁၅ ကီလိုမီတာ ရှိပါသည်။ ရထားလမ်း ဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ် ပွဲအား ၁၉၄၃ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။ လူ့အသက် ပေါင်း များစွာတို့ စတေးကာ သေဆုံးခဲ့ကြရသည့်အတွက် “သေမင်းတမန် ရထားလမ်း”ဟု အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။
Sweat_army
ဒုတိယကမ္ဘာစစ်အတွင်းမှ သေမင်းတမန် ရထားလမ်း
ဖောက်လုပ်နေမှု မြင်ကွင်း
“ရထားလမ်း ဇလီဖာတုံး တစ်ခု စီမှာ အသက်တွေ ရှိနေတယ်လို့ တင်စားပြီး သေမင်းတမန်  ရထားလမ်းလို့ နာမည်ကြီး ပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ရထားလမ်း ဖောက်လုပ် ခဲ့စဉ်က မြန်မာလူမျိုးများ အပါအဝင် မဟာမိတ် စစ်သုံ့ပန်း ဦးရေးပေါင်း ၇၈၀, ၀၀၀ ဦးတို့ အသက် ဆုံးရှူံး ခဲ့ပါသည်။ အဓိကမှာ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် နှိပ်စက် ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်ပါသည်။ သေမင်းတမန် ရထားလမ်းသည် သံဖြူဇရပ်မြို့မှ စတင်ကာ ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်းဘွန် (Ban Pong) ဘူတာ၌ ဆုံးပါသည်။

Wednesday, 16 May 2012

မြန်မာ နိုင်ငံအနေနှင့် မြောက်ကိုးရီးယားနှင့် ဆက်ဆံနေမှုသည် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်ရာ ရောက်နေကြောင်း




550743_3300531276684_1369995141_32722457_1643598412_nမြန်မာ နိုင်ငံအနေနှင့် မြောက်ကိုးရီးယားနှင့် ဆက်ဆံနေမှုသည် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်ရာ ရောက်နေကြောင်း ယမန်နေ့၌ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ် တို့၏ ပူး တွဲ သတင်းစာ ရှင်းလင်းပွဲ၌ တောင်ကိုးရီးယား သမ္မတက သတိပေး ပြောကြား လိုက်ပါသည်။
မေလ (၁၄) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုးရီးယား သမ္မတလီမြောင်ဘတ်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်၌ မြန်မာသမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံအနေနှင့် မြောက်ကိုးရီးယားထံမှ နျူးကလီးယားနှင့် အခြားစစ်ရေး စီမံကိန်း အကူအညီ များကို ရယူခဲ့ခြင်း မရှိပါ ကြောင်း ငြင်းဆို ပြောကြား လိုက်ပါသည်။
တောင်ကိုးရီးယား သမ္မတသည် ၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မြောက်ကိုးရီးယား သူလျှိုများ၏ လက်ချက်ကြောင့် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော တောင်ကိုးရီးယား နိုင်ငံခေါင်းဆောင်များအား အမှတ်ရသောအားဖြင့် အာဇာနည် ဗိမာန်သို့ သွား ရောက်ကာ လွှမ်းသူ့ပန်းခွေချ၍ ဂုဏ်ပြုခဲ့ပါသည်။
83-kDnqn.AuSt.55
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်
ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် 
 ကျဆုံးသွားသော တောင်ကိုးရီးယား ခေါင်းဆောင်များမှာ  ဒုဝန်ကြီးချုပ်တစ်ဦး အပါအဝင် ဝန်ကြီး လေးဦးနှင့် အဆင့်မြင့် အရာရှိများ၊ သတင်းထောက်များ၂၁ ဦး သေဆုံးခဲ့ရပြီး၊ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သည့်အနေနှင့် ၄င်းတို့၏ သံတမန် များအား နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် နဝတ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် မြောက်ကိုးရီးယား မြန်မာသံတမန် အဆက်အသွယ်များ ပြန်လည်စတင်ခဲ့ပါသည်။
r942493_9984521
တောင်ကိုးရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၁၄) ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး လာရောက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဤခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ပါသည်။

နောက်ပြန်ဆုတ်သွား​နိုင်တယ်ဆိုတာ မ​မေ့​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော


စီး ​ပွား​ရေး​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေ ဆိုင်း​ငံ့​လိုက်တာကို မကန့်​ကွက်​ပေမယ့်​ မြန်မာ့​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်​တွေဟာ ​နောက်ပြန် ဆုတ်သွား​နိုင်တယ် ဆိုတာကို မ​မေ့​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က တိုက်တွန်း​ ​ပြောဆိုလိုက်ပါတယ်။
မေ ၁၅ ရက်​နေ့​ မနက်ပိုင်း​က အ​မေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အ​မေရိကန် သမ္မတ​ဟောင်း​ George W. Bush ကြီး​မှူး​ကျင်း​ပတဲ့​ ​ဆွေး​နွေး​ပွဲတခုမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က Skype အင်တာနက် ဗွီဒီယိုကတဆင့်​ ပါဝင်​ဆွေး​နွေး​ခဲ့​ပြီး​ တက်​ရောက်လာသူ​တွေကို အခုလို ​ပြောကြား​လိုက်တာပါ။
“စီး​ပွား​ရေး​ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး​ယူမှု​တွေကို ဆိုင်း​ငံ့​ပေး​တာဟာ လက်ရှိအ​ခြေအ​နေမှာ သင့်​တော်တဲ့​ ကိစ္စဖြစ်တယ်လို့​ အ​မေရိကန်နိုင်ငံသား​တွေ ယူဆတယ်ဆိုရင် ကျမအ​နေနဲ့​ မကန့်​ကွက်ပါဘူး​။ လူ​တွေဟာ မြန်မာနိုင်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေအ​ပေါ် သိပ်ကိုအ​ကောင်း​မြင်လွန်း​ကြတယ်လို့​ ကျမ တခါတ​လေ ခံစား​မိတယ်။၊​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီအသွင် ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်​တွေဟာ ​နောက်ပြန်ဆုတ်သွား​နိုင်တယ်ဆိုတာကို မ​မေ့​သင့်​ပါဘူး​။ စစ်တပ်အ​နေနဲ့​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ကို ​လေး​လေး​နက်နက်နဲ့​ ထိထိ​ရောက်​ရောက် ​ဆောင်ရွက်သွား​မယ်ဆိုတဲ့​ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ မချမချင်း​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ဟာ ​နောက်ပြန်ဆုတ်လို့​မရဘူး​လို့​ ဘယ်​တော့​မှ မ​ပြောနိုင်ဘူး​ဆိုတာ ကျမပွင့်​ပွင့်​လင်း​လင်း​ ​ပြောခဲ့​ပြီး​ပါပြီ။”
အခမ်း​အနား​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ကိစ္စ​တွေ၊​ ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ ကိစ္စ​တွေနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ကိစ္စရပ်​တွေကိုလည်း​ ​ဆွေး​နွေး​ပြောဆိုသွား​ခဲ့​ပါတယ်။

နဝရတ်ဟိုတယ်ကို ဦးနေဝင်းမိသားစုဝင်များ လုပ်ကိုင်ခွင့်ပြန်ရ

၁၉၉၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့တော်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သော ဟိုတယ်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ နဝရတ်ဟိုတယ်ကို ကွယ်လွန်သူ နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်း၏ မိသားစုဝင်များ ပြန်လည်လုပ်ကိုင်ခွင့်ရကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းနှင့် ဟိုတယ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ သမိုင်းလမ်းဆုံအနီး ပါရမီလမ်းထောင့် အင်းစိန်လမ်း အမှတ် ၂၅၇ တွင်ရှိသော ယင်းဟိုတယ်ကို ယခုအခါ ပိုင်ရှင်ဟောင်းများက အမိုးအကာပိုင်းနှင့် အပြင်ပိုင်းပြင်ဆင်မှုများကို လုပ်ဆောင်နေခဲ့သည်မှာ တစ်လနီးပါးမျှရှိပြီဖြစ်ကြောင်း ယင်းဟိုတယ်တာဝန်ခံက ပြောကြားသည်။ 
ယခင်ပိုင်ရှင်များပင် ပြင်ဆင်မှုလုပ်နေပြီး နောက်ပိုင်းတွင် တိုင်းရင်းသားပိုင် ဖြစ်မည်၊ မဖြစ်မည်ကို မသိရသေးကြောင်း၊ ဟိုတယ်ကို ပြန်ဖွင့်မည်မှာ သေချာကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) တာဝန်ရှိသူက ပြောကြားသည်။ ယခုအခါ ရန်ကုန်မြို့တွင် ပိတ်ပင်ထားသော ဟိုတယ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါက်တာခင်စန္ဒာဝင်းပိုင်း နဝရတ်ဟိုတယ်သည်လည်း တစ်လုံးအပါအဝင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ယင်းနဝရတ်ဟိုတယ်သည် ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂလိကပိုင် အဆင့်မြင့်ဟိုတယ် ၁၀ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Yahao! Travels Website စာမျက်နှာတွင် Average Overall Rating ရမှတ်မှာ ဝန်ဆောင်မှု ၃ မှတ်၊ သန့်ရှင်းမှု ၃ မှတ်၊ တည်နေရာ ၁ မှတ်နှင့် ဈေးနှုန်းတန်ဖိုး ၂ မှတ်ရထားသည်ဟု ဖော်ပြထားကြောင်း  သိရှိရသည်။

ကျောက်တံတားနှင့် ဗိုလ်တထောင်ကို အမျိုးသား ရှေးဟောင်းအမွေအနှစ် ဇုန်အဖြစ် သတ်မှတ

အမျိုးသား ရှေးဟောင်းအမွေအနှစ်ဇုန်အဖြစ် ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို သတ်မှတ်ကာ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်သော်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံဘေးရှိ အဆောက်အအုံများမှာ ယင်းအဆောက်အအုံနှင့် လိုက်လျောညီထွေမရှိ ဖြစ်နေခြင်းမှာ အဓိက အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ “ကျောက်တံတားနဲ့ ဗိုလ်တထောင်မှာ ဟိုက်ကုတ်နဲ့ ရန်ကုန်မြို့တော်ခန်းမကြီး အပါအဝင် ရှေးဟောင်းအဆောက်အအုံ ၄၁ လုံးရှိတဲ့အတွက် ဇုန်အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းပါတယ်။ အဆောက်အအုံ ထိန်းသိမ်းမှုအပြင် အမြင်တင့်စေဖို့အတွက် အဓိက အခက်အခဲက ဘေးမှာရှိတဲ့ အဆောက်အအုံတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုပါတယ်။ ဒါတွေကို လုပ်ဖို့ လိုအပ်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။ အဆိုပါ ရှေးဟောင်း အဆောက်အအုံများထဲမှ အချို့ကို ဟိုတယ်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် ငှားရမ်းမည်ဖြစ်သော်လည်း အဆောက်အအုံ၏ မျက်နှာစာကို မူလပုံစံ ရှေးမှုမပျက် ထားရှိရမည်ဟု သိရသည်။ ဟိုက်ကုတ်ရုံးကို မူလအဆောက်အအုံတစ်လုံးကို ငှားရမ်းခြင်း မပြုဘဲ အထပ်တစ်ထပ်သာ ငှားရမ်းမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ ၁၈၉ လုံးရှိပြီး ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တွင် ၄၁ လုံးရှိ၍ အမျိုးသားယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထိန်းသိမ်းစောင့်ရှောက်မှုများကို ယခုထက် ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယခုလအတွင်း ကျင်းပရန်ရှိသည်ဟု မြို့တော်ဝန်က ပြောကြားခဲ့ကြောင်း   သိရှိရသည်။







တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်



မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ တိုင်းရင်းသားအရေး ဖြေရှင်းရာမှာ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိရမှာ ဖြစ်သလို၊ လက်နက်ကိုင် နှိမ်နင်း မနေဘဲ နိုင်ငံရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောလိုက်တာပါ။
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ကမကထလုပ် ကျင်းပတဲ့ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနား အတွင်း ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကတဆင့် တိုက်ရိုက် ဗွီဒီယို မိန့်ခွန်း ပြောဆိုရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မေးခွန်းထုတ်ခဲ့တဲ့အပေါ် မပြေလည်နိုင်သေးပဲ ဖြစ်နေရတဲ့ တိုင်းရင်းသား အရေးကိစ္စကို အလေးထား ဖြေကြားသွားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က စလို့ အစိုးရသစ် တရပ်တက်လာပြီးနောက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး မြန်မာအစိုးရက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ အပြီးသတ် ပြေလည်မှုတွေ မရနိုင်ဘဲ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဓိက အခြေစိုက် လှုပ်ရှားနေကြတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ဆိုရင်လည်း တိုက်ပွဲတွေဟာ အခုအချိန်အထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

လှိုင်သာယာ အထည်ချုပ်စက်ရုံ ၂ ရုံ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ


ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ အခြေခံလုပ်ခလစာ တိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ဆန္ဒပြနေကြစဉ်။
စပယ်ပွင့်စက်ရုံ အလုပ်သမားတွေကို လက်ရှိ နေ့စားလုပ်ခပဲ ပေးနေလို့ တစ်လကို သုံးသောင်းနှုန်းနဲ့ လစားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပေမယ့် မပြေလည်သေးဘူးလို့ အလုပ်သမားတစ်ဦး ဖြစ်တဲ့ မခိုင်မြသွယ်က သတင်းဌာနများ ကိုအခုလို ပြောပါတယ်။
" ဒေးကြေးက သမီးတို့အတွက် ၅၈၀ ပဲပေးထားတယ်။ အိုတီကြေးက ၁၄၀ ပေးတယ်။ အခု ဧပြီလထုတ်တာလေ သုံးသောင်းကျော်ပဲရတယ်။ သုံးသောင်းကျော်ပဲရတော့ အဆောင်နေတဲ့သူတွေဆိုရင် ပိုပြီးတော့ မခံနိုင်ဘူး။ အခုက အထူးထောက်ပံ့ကြေး သုံးသောင်းလည်းလိုချင်တယ်။ ဘောနပ် သဘောပေါ့နော်။ အဲတာ ငါးထောင်တောင်းတယ်။ နှစ်ထောင်ပဲပေးတယ်။ အဲဒီ သုံးသောင်းကလည်း တစ်သောင်းပဲပေးမယ်တဲ့။ အလုပ်သမား ညှိနှိုင်းရေးမှူး ဦးဝင်းတင်ကလေ သူလုပ်ပေးတာကို လက်သင့်မခံဘူးဆိုလို့ရှိရင်တဲ့ မလုပ်ပေးတော့ဘူးတဲ့"
ပုလဲ အထည်ချုပ်စက်ရုံမှာလည်း ရက်မှန်ကြေး ကျပ် သုံးသောင်း တောင်းတာကို အလုပ်ရှင်ဘက်က သဘောမတူနိုင်သေးတဲ့အတွက် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ဆန္ဒပြခဲ့တဲ့ Hi Mo ဆံပင်တုစက်ရုံမှာလည်း ဆန္ဒပြစဉ်က သက်ဆိုင်ရာ အာဏာပိုင်၊ စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေ သဘောတူလိုက်တဲ့ အချက်တွေကို တရားဝင် မလိုက်လျောသေးတဲ့အတွက် ဒီနေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေကို စက်ရုံဝင်းထဲကနေ အပြင်ပေးမထွက်တဲ့အတွက် စက်ရုံဝင်းထဲမှာပဲ အလုပ်မလုပ်ပဲ ဆန္ဒပြနေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ Hi Mo စက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ မယမင်းလွင် က သတင်းဌာနများကိုအခုလို ပြောပါတယ်။
" ၁၀ ရက်နေ့တုန်းက ချုပ်ထားတဲ့ စာချုပ်ကို လူကြီးတွေက တရားဝင်သတ်မှတ် မပေးဘူး ဖြစ်နေတယ်။ လစာတိုးတယ်ဆိုတဲ့ အကြောင်း၊ အိုတီကြေး အခုတစ်လကြေးကို ဘယ်လောက်ရတယ်ဆိုတဲ့ အကြောင်း တရားဝင် ခလေးတွေသိအောင် ကြေညာပေးပါလို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့တွေက ဘယ်လိုမှ တုံ့ပြန်မှု မရှိဘူး။ ဒီနေ့မနက် ၈ နာရီက စတင်လိုက်တယ်။ ၁ နာရီခွဲအထိ အချိန်ပေးမယ်တဲ့။ နောက်ပိုင်းကို ကျွန်မတို့ တာဝန်မယူနိုင်ဘူး။ ခလေးတွေ အရမ်းဆူနေပြီလို့ ပြောတဲ့အခါမှာ သူတို့တွေက လုံးဝ ဘယ်လို အကြောင်းပြချက်မျိုးမှ မပေးဘူး"
တောင်းဆိုချက် မရမချင်း အလုပ်သမားတွေက ဆက်လက်ဆန္ဒပြ တောင်းဆိုကြမယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရက်ပေါင်း ၆၀ အတွင်း မရပ်တန့်ပါက ဗိုလ်ချုပ်မင်းအောင်လှိုင်ကို တရားစွဲမှာ ဖြစ်ကြောင်း ဥရောပရောက် မြန်မာများက ကြေငြာချက် ထုတ်ပြန်


ကချင်တိုင်းရင်းသားများနဲ့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖောက်ဖျက်ကာ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေတဲ့ မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ထို ကျူးလွန်မှုများကို မရပ်တန့်ပါက ဥရောပနိုင်ငံရှိ တရားရုံးများတွင် တရားစွဲဆိုသွားမှာဖြစ်ကြောင်း ဥရောပရောက် မြန်မာများနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပရောက် မြန်မာများ ညီလာခံ (Forum of Burmese in Europe) အဖွဲ့က ၂၀၁၂ မေလ ၁၅ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုအချိန်ဟာ ဥရောပသမဂ္ဂနိုင်ငံများရဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့ထားတဲ့အချိန် ဖြစ်နေပြီး မြန်မာအစိုးရနဲ့ ဥရောပနိုင်ငံများရဲ့ သံတမန်ဆက်ဆံရေး ကောင်းမွန်နေတဲ့အချိန် ဖြစ်နေတဲ့အတွက် ထိုသို့ တရားစွဲရန် ကြိုးစားမှုဟာ ဖြစ်နိုင်ခြေ ရှိပါ့မလားလို့ ယနေ့မြန်မာက Forum of Burmese in Europe အဖွဲ့ တာဝန်ရှိသူ ဦးနွယ်အောင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ “ကျွန်တော်တို့ ဥရောပနိုင်ငံတွေဟာ များသောအားဖြင့် တရားဥပဒေ စိုးမိုးတဲ့နိုင်ငံတွေ ဖြစ်တယ်။ ဥရောပသမဂ္ဂက ပိတ်ဆို့မှုတွေကို ခေတ္တ ရပ်ဆိုင်းထားတယ်၊ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေကို ဗီဇာပိတ်ဆို့မှုက ရပ်ဆိုင်းထားတယ် ဆိုပေမယ်လည်း ဥရောပနိုင်ငံတွေရဲ့ တရားဥပဒေက ပြောင်းလဲမှု မရှိဘူး။ မြန်မာနိုင်ငံမှာ ပြစ်မှု ကျူးလွန်တာ ရှိခဲ့လို့ရှိရင် ဒီ ပုဂ္ဂိုလ်တွေဟာ ဥရောပနိုင်ငံတွေမှာ တရားဥပဒေအရ ရင်ဆိုင်ရမှာကတော့ ရှိနေတာပဲ။ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံကနေ ဥရောပကို မရောက်တောင်မှ ဥရောပတရားရုံးတွေမှာ ပြစ်မှုရှိတဲ့ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ ဆိုတာက ဥရောပမှာရှိတဲ့ မြန်မာတွေက တောင်းဆိုရင် တရားစွဲဆိုနိုင်တဲ့ ဥပဒေတွေ ရှိပါတယ်။ ဥပမာအားဖြင့် - ၁၉၉၈ ခုနှစ်လောက်က ချီလီ စစ်အာဏာရှင် ပီနိုချေးကို စပိန်မှာ တရားသူကြီးက ဖမ်းမိန့်နဲ့ တရားစွဲတဲ့တာမျိုး ရှိခဲ့ဘူးပါတယ်။ ဘယ်လ်ဂျီယမ် တရားဥပဒေအရလည်း မြန်မာနိုင်ငံမှာ တိုတယ်လ်ရေနံကုမ္ပဏီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးကနေ တရားစွဲဆိုတာလည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရှိခဲ့ဘူးပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ကို ဥရောပတရားရုံးတွေမှာ တရားစွဲလို့ရတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ကျွန်တော်တို့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ် ခင်ဗျ“ လို့ ရှင်းပြပါတယ်။ အခုအချိန်ဟာ မြန်မာအစိုးရဟာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြုပြင် ပြောင်းလဲရေးသမားတဦးလို့ အနောက်နိုင်ငံတွေက ရှုမြင်နေလေတော့ အခုလို တရားတဘောင်ကိစ္စတွေ လုပ်ကိုင်နိုင်မယ့် အခြေအနေတွေက ဖြစ်နိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ “မင်းအောင်လှိုင် ကြီးမှူးပြီး လုပ်ကိုင်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်တွေ ချတယ်၊ တိုက်ခိုက်မှုတွေ လုပ်နေတာတွေကို လုပ်နေတာတွေဟာ ဥပဒေကို ချိုးဖောက်ပြီး လုပ်နေတာ ဖြစ်တယ်။ ဒီတော့ စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်မှာတင် တာဝန်ရှိတာ မဟုတ်ဘူး။ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိတယ်။ သူ့အနေနဲ့ တားဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ဘူးဆိုတာ ကျွန်တော်တို့ ယနေ့အထိ တွေ့နေရတယ်။ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံမှာ ဒီ အဖြစ်အပျက်တွေ ရပ်ဆိုင်းအောင် ကျွန်တော်တို့က ဒီ ကြေငြာချက် ထုတ်တယ်။ ထုတ်ခြင်းအားဖြင့်လည်း ကျူးလွန်မှု၊ ကျူးကျော်မှုတွေ မဖြစ်အောင် တားဆီးတဲ့သဘောပဲ။ ဒါကြောင့်မို့ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ သူ့လက်အောက်က စစ်ဦးစီးချုပ်ကို အမိန့်ပေးနိုင်ရမယ်၊ ဒါမှသာလျှင် သမ္မတသိန်းစိန် အစိုးရကို မြန်မာနိုင်ငံပြည်သူတွေလည်းပဲ ယုံကြည်လာမယ်၊ နိုင်ငံတကာကလည်းပဲ ယုံကြည်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကနေပြီးတော့ ထုတ်ပြန်ခြင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ (ကျွန်တော်ထင်ပါတယ်။) မြန်မာနိုင်ငံအတွက် ရှေ့ရေးမှာ ဒီလို တရားဥပဒေ ချိုးဖောက်မှုတွေ နည်းသွားလိမ်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ“ လို့ ပြန်လည် ဖြေကြားသွားပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ တနေ့တခြား ဆိုးရွားလာနေပြီး ဘယ်နေ့မှာ ရပ်ဆိုင်းမယ်ဆိုတာ မသိကြရသေးလေတော့ ဥရောပရောက် မြန်မာများကလည်း ဥပဒေကြောင်းအရ လုပ်ကိုင်နိုင်အောင် ကြိုးစားကြမယ်ဆိုရင် နောက်ကြောင်းပြန် မလှည့်ပါဘူးလို့ ဆိုနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးလမ်းစဉ်ရဲ့ ရှေ့ရေးကို ခန့်မှန်းဖို့က ခက်ခဲနေပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ မရပ်ဘူးဆိုရင် အခု ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးအဆင့် လျှော့ချနိုင်တယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့ ရက်အတွင်းက ထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် အသားမကျသေးတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လျှော့သွားမှာ၊ ပြည်သူများရဲ့ဘ၀အတွက် စိုးရိမ်ပူပန်မှုတွေ များပြားလာနိုင်မှာကို လေ့လာသူများက စိုးရိမ်လျက် ရှိနေကြပါတယ်။

မြောက်ကိုရီးယား လက်နက်များကို ၀ယ်ယူတော့မှာ မဟုတ်ကြောင်း မြန်မာသမ္မတက တောင်ကိုရီးယား သမ္မတကို ပြောကြား



မြန်မာနိုင်ငံအနေနဲ့ နှစ် ၂၀ ကြာ မြောက်ကိုရီးယားလက်နက်များကို ၀ယ်ယူခဲ့ကြောင်း၊ သို့သော်လည်း နောက်ထပ် ၀ယ်ယူတော့မှာ မဟုတ်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) နဲ့ ၂၀၁၂ မေ ၁၄ ရက်နေ့က ကြပ်ပြေးနေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း ရန်ကုန်ကလာတဲ့ အေပီသတင်း အပါအ၀င် မြန်မာဆိုင်ရာသတင်းများတွင် ဖော်ပြထားပါတယ်။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) ဟာ ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် (၁၉၈၃၊ အောက်တိုဘာ ၉ ရက်နေ့) က တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ ရန်ကုန် အာဖာနည်ကုန်းတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များအား အလေးပြုရန် စီစဉ်နေစဉ် မြောက်ကိုရီးယားသူလျှိုများရဲ့ ဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရပြီး ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူများထဲတွင် တောင်ကိုရီးယား အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ် ၁၄ ဦးနဲ့ သတင်းသမား ၃ ဦး ပါဝင်ခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ၂၀၀၉ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူးကျွန်းတွင် ကျင်းပခဲ့တဲ့ အာစီယံ - တောင်ကိုရီးယား ဆက်ဆံရေး နှစ် ၂၀ ပြည့် အခမ်းအနားတွင် တွေ့ဆုံခဲ့ပြီး အခုတခေါက် ကြပ်ပြေးနေပြည်တော်တွင် ထပ်မံ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ရဲ့ ဆွေးနွေးပွဲတွင် နည်းပညာ ကူညီရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယား အရေးကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ က ဦးသိန်းစိန်အား မြောက်ကိုရီးယားထံမှ လက်နက် ၀ယ်ယူခြင်းဟာ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ လက်နက် မ၀ယ်ယူရန် ပြောဆိုခြင်းဟာ တရားဝင် တောင်းဆိုမှု ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ထိုအခါ မြန်မာသမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ တားမြစ်ချက်တွေကို လေးစားလိုက်နာတဲ့အနေနဲ့ မြောက်ကိုရီးယားထံမှ လက်နက် ၀ယ်ယူမှု ပြုလုပ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာပြည်က လာတဲ့ အေပီသတင်းတွင် ရေးသားထားပါတယ်။ မြန်မာနိုင်ငံဟာ တောင်ကိုရီးယား အဆင့်မြင့် အစိုးရ တာဝန်ရှိသူများ သေဆုံးခဲ့ရတဲ့ ၁၉၈၃ အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှု နောက်ပိုင်း မြောက်ကိုရီးယားနဲ့ တရားဝင် သံတမန် ဆက်ဆံမှု ဖျက်သိမ်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တရားဝင် ပြန်လည် စတင်ခဲ့ပါတယ်။ တရားဝင် ဆက်သွယ်မှု မပြုသော်လည်း မြောက်ကိုရီးယားရဲ့ စစ်လက်နက်များကို မြန်မာစစ်အာဏာရှင်များ ကာလကြာမြင့်စွာ ၀ယ်ယူ အသုံးပြုခဲ့ကြပြီး အခုတခါကျမှ တောင်ကိုရီးယားခေါင်းဆောင်ကို လူသိရှင်ကြား ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အီမြောင်ဘတ်ဟာ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးဆိုင်ရာများ အကူအညီ ပေးလျက်ရှိပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကို သူကောင်းပြုနေကြပါတယ်။ သို့သော်လည်း မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားနဲ့ ထဲထဲဝင်ဝင် ဆက်ဆံမှု ရှိခဲ့မှုအပေါ်မှာတော့ အတော့်ကို စိုးရိမ်မကင်း ဖြစ်နေကြဆဲဆိုတဲ့အချက်ကိုတော့ မြောက်ကိုရီးယားဆီက လက်နက် မ၀ယ်ပါဘူးဆိုတဲ့ ဂတိကို မြန်မာသမ္မတ ဦးသိန်းစိန်ဆီကနေ တောင်ကိုရီးယားသမ္မတ မရအရ ယူခဲ့ခြင်းက သက်သေခံနေပါတယ်။

Monday, 14 May 2012

ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း

။ ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း မြို့တော်စည်ပင် သတင်းစာ ရှင်းလင်းပွဲတွင် ဌာနအတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။

“လက်ရှိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အခုလို ဆုံးဖြတ်တာပါ။ နောက်ပိုင်းတော့ လိုအပ်ချက်ရှိလာရင်
ဆောက်ပါမယ်။ ခုကတော့ လျာထားမှုကနေ ခေတ္တ ပယ်ထားပါတယ်။ ဒီစစ်တမ်းကလည်း ကျနော်တို့ အနည်းဆုံး တပါတ်အကြာ ကောက်ယူခဲ့တာပါ။ အနီးအနား မြို့နယ်ပေါင်း ၆ မြို့နယ်ရဲ့ ကားသွားလာမှုကို ကောက်ယူခဲ့တာ
ဖြစ်တယ်။ စစ်တမ်းအရ အဲဒီနေရာမှာ လမ်းချဲ့ပြီး မီးပွိုင့်စနစ် ထပ်တိုး ဆောင်ရွက်တာနဲ့တင် ယာဉ်ကြောပိတ်ဆို့မှု
ပြေလည်နိုင်ပါတယ်။ ဒီအပိုင်းတော့ ဆောင်ရွက်ဖို့လုပ် ဆောင်သွားပါမယ်။ ဆောက်ရင် ပိုက်ဆံကုန်တာပဲ ရှိမယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

ဆုံးဖြတ်ချက်အရ လှည်းတန်း၊ ရွှေဂုံတိုင်နှင့် အင်းစိန်မြို့နယ်များတွင်သာ တည်ဆောက်သွားမှာဖြစ်ပြီး စည်ပင် အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ တည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။
skybridge1
ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် ကုန်းကျော်တံတား တည်ဆောက်ရန်အတွက် မြေစမ်းမှုပြုလုပ်နေသည့် အလုပ်သမားများကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ 

“အခုက စည်ပင်ကနေ ဆောင်ရွက်ရမှာဆိုတော့ ငွေကြေးကုန်ကျမှု အပိုင်းအရ လုပ်ငန်းရှင်တွေဆီက ချေးပြီး
ဆောင်ရွက်သွားမှာပါ။ ဒီတော့ စနစ်တကျနဲ့ အကုန်အကျ နည်းအောင် ဆောင်ရွက်သွားမယ်။ ခုက တာမွေပိုင်းက မလိုအပ်လို့ မတည်ဆောက်တာပါ” ဟု ပြောသည်။

တည်ဆောက်ရေးပိုင်းတွင် ရေရှည်ခံ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ/မရှိကို လုပ်ဆောင်ရာတွင် စစ်တမ်းကောက်ယူပြီးမှ ဆောင်ရွက်သည့် အလေ့အထဖြင့် မြို့တော်စည်ပင် အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့တော်ဝန် ဦးလှမြင့် ကလည်း ထပ်မံဖြည့်စွက်ပြောသည်။

“အရင်ကတော့ စစ်တမ်းကောက်ယူပြီး လုပ်ဆောင်မှုမျိုး မရှိခဲ့ဘူး။ ခုလက်ရှိမှာတော့ ဘာလုပ်လုပ် မြို့တော်စည်ပင် အနေနဲ့ စစ်တမ်းကောက်ပြီးမှ ပြည်သူတွေအတွက် လိုအပ်မှု ရှိ/မရှိကို လုပ်ဆောင်ပေးတယ်။ ဒါမှလည်း ပြည်သူတွေ အနေနဲ့ ဘာကြောင့် လုပ်ဆောင်ရသလဲ ဆိုတာကို သေချာနားလည်စေမယ်”ဟု မြို့တော်ဝန်က ပြောသည်။

စစ်တမ်းကောက်ယူမှုအပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းတခုဖြစ်သော Vertect က ကူညီဆောင်ရွက်ပေးခဲ့ပြီး ခုံးကျော် တံတား တည်ဆောက်ရေးအတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများနှင့် ချေးငွေယူသော ကုမ္ပဏီများ စာရင်းကိုမှု ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

“ဒါက ခုချိန်မှာ ပြောဖို့ စောသေးတယ်။ သေချာစိစစ်ဦးမှာပါ။ သူတို့တွေဘက်က ဘယ်လောက် လုပ်ပေးနိုင်မလဲ။ အဓိက ပြည်သူတွေအပေါ် ဘယ်လောက် စေတနာထား လုပ်ဆောင်နေလဲဆိုတာကို ကြည့်ပြီးမှ လုပ်မှာမို့ပါ” ဟု မြို့တော်ဝန်က ဆိုသည်။

ဂျပန်နိုင်ငံ ဂျကာကုမ္ပဏီမှ မိုးပျံတံတား နှစ်စင်း ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသော်လည်း လောလောဆယ်
ဆောက်လုပ်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားသည်။

လျာထားသော တံတားသုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားမှာမူ စတင် ဆောက်လုပ်နေပြီး တနှစ်နီးပါး ကြာမြင့် မည်ဟု သတ်မှတ်ထားသည်။ ကျန် တံတားနှစ်စင်းမှာမှု တိုင်းတာမှုများသာ ဆောင်ရွက်ရသေးသည့် အတွက် ပြီးဆုံး မည့်ကာလ မခန့်မှန်းနိုင်သေးကြောင်း မြို့တော်စည်ပင်က ဆိုသည်။

သို့ရာတွင် လျာထားသော တံတားများကို ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရန် သမ္မတကြီးက ညွှန်ကြားထားသည်။

ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့်  ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း
သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် ပြောကြားနေစဉ် (ဓာတ်ပုံ - သမ္မတရုံး ဝက်ဘ်ဆိုဒ်)
နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း အသစ်လွှင့်တင်လိုက်သော နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အစိုးရသစ်အနေနှင့် လမ်းများဆောက်၊ တံတားဖောက် စသည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ပြည်သူလူထု၏ လိုအပ်ချက်ကို
မထိတွေ့နိုင်ဘဲဖြစ်နေကြောင်း၊ အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပြည်သူများ အဆင်ပြေစေရေး ထိရောက်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ နှိုင်းယှဉ်ရင် များစွာကွာဟနေမှုအပေါ်  အားမလိုအားမရဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို၊ ထက်ဝက်ကျော်သော မြို့လူထုရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ၊ ထရံကာ မီးဘေးစိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ၊ သူတို့ရဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်တွေ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို၊ လုပ်ငန်းခွင်က အပြန်မှာလည်း ညမိုးချုပ်မှ အိမ်ပြန်ရောက်၊ မနက်မိုးလင်း အစောကြီး ပြန်သွား၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလိုအားမရဖြစ်နေတဲ့ လူတန်းစားအလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လမ်းဘေးဈေးသည်များကို အာဏာပိုင်များက တားမြစ်မှု၊ မြို့တွင်းကားရပ်ရန် နေရာရှားပါးမှု စသည့်ပြဿနာများအထိ ပြောင်းလဲအောင် စီမံရမည်ဟု သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။
လတ်တလော အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး ဗဟာဗျူဟာ ဒုတိယအဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ခပ်သွက်သွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုးတက်လိုသော ဆန္ဒရှိသော်လည်း အလုပ်မလုပ်ကြလျှင် တိုးတက်နိုင်မည် မဟုတ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိပြီး နိုင်ငံတကာချေးငွေမှာလည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၀၁၈ သန်းသာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း သိရှိရသည်။
“အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီးဖြစ်ပါတယ်။ မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူး။
တိုးတက်လိုတဲ့အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျနော်တို့ တွန်းတင်ရပါမယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် ခေါင်းမာဂိုဏ်းသားဟု အများက ယူဆသည် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်ထားသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သမ္မတ ဦးသိန်းစိန် ပြောဆိုသော မိန့်ခွန်းအပြည့်အစုံကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများက အပြည့်အစုံ ဖော်ပြခြင်းမပြုဘဲ အရေးကြီးသောသတင်းများကိုချန်ထားခဲံသည်။

Sunday, 13 May 2012

ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို



မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းဌာနများကိုပြောပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း SSA တပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်း SSDP တပ် အပါအ၀င် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
"ကျွန်တော်တို့ ဒီအပစ်ရပ်ထားတဲ့ UNFC အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ အပစ်ရပ်ထားတဲ့ သဘောတူညီချက်တာဝန် ရှေ့လုပ်ရမည့် လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ ဒီဟာကို ထုတ်ဖော်တာပါ။ ကချင်မှာ အပစ်ရပ်ဖို့ပေါ့။ အပစ်မရပ်ဘူး ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေ ဆက်ပြီးတော့ အပစ်ရပ်တာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောမျိုး၊ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ သဘောမျိုး တင်ပြတာပါ" လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေဟာ ဒေသတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပြီး နိုင်ငံခြား အကျိုးစီးပွားအတွက် တိုင်းရင်းသား အချင်းချင်းအပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေ ဖန်တီးနေတဲ့အပေါ် UNFC အဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ပွဲတွေ မရပ်တန့်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ မလုပ်ဘဲ စောင့်ကြည့် အကဲခတ်ဖို့ UNFC အနေနဲ့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်



မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။ "ဒါကအင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ ကတော့ ကြိုဆိုတယ်။ ကျွန်တော်တခု ပြောချင်တာကတော့ ပြည်ပမှာ ရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ် တိုင်းပြည်အတွက် ပြန်ပြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ် ဆိုရင် အဲဒီသူတို့ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုတော့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည် အတွက်ကတော့ သူတို့ ပြန်လာမယ် ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်း ရှိနေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ် ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့ ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေ ရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲဝင်ဝင် ပြန်လုပ်မယ် ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ ပဲများပါတယ်။ အကျိုး ဆုတ်ယုတ်စရာဘာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။" နိုင်ငံတကာက မိမိတို့ နိုင်ငံကို ကူညီထောက်ပံ့မှုများ ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ၀န်ကြီး ဌာနများနဲ့  အစိုးရအဖွဲ့ အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ စီမံကိန်းများ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့  လည်း သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။

ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ



ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။ "ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။" အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။ အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ သတင်းဌာနများကဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက - သူ မကြားသိတဲ့အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး သတင်းဌာနဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရပါတယ်။ အောင်ရွှေဆိုင် ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။ "တယောက်က ယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကို တက်တယ်။ ကားသမားကို ၀ိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ မထောက်တာလည်း မတွေ့ပါဘူး ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီးလုပ် သွားတာ။ ဂတ်ရှေ့မှာဗျ။" အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအ၀င် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်း က တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

Friday, 11 May 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မေလမှစပြီး လုံခြုံရေး တင်းကြပ်လာပြီဟု မြစ်ကြီးနား ဒေသခံများပြောသည်။


ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် အစိုးရက ပိုမိုလုံခြုံရေး တင်းကြပ်လာသည့်အနေဖြင့် ရပ်ကွက်တိုင်းတွင် အလည့်ကျ ည ကင်းစောင့်ခိုင်းသည်ဟု ဒူကထောင် ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ယခု လဆန်းမှစပြီး ရပ်ကွက်တိုင်းတွင် တစ်အိမ် တစ်ယောက်ဖြင့် ညတိုင်း လူ ၅ ယောက်စီ အလည့်ကျ စောင့်ရကြောင်းနှင့် အကယ်၍ တစ်အိမ်မှ တစ်ယောက်မသွားပါက အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။


“ရပ်ကွက်တိုင်းမှာ ကင်းစောင့်ဖို့ နေရာလုပ်ထားတယ်။ အဲဒီနေရာမှာ အလေ့ကျသွားစောင့်ရတယ်။ တစ်အိမ် တစ်ယောက် တစ်ညကို ၄၊ ၅ ယောက်သွားစောင့်ရတယ်။ တစ်အိမ်က တစ်ယောက်မသွားဘူးဆိုရင် အရေးယူမှာတဲ့။ ဘယ်လို အရေးယူမယ်ဆိုတာက မသိသေးဘူး။ အခုချိန်ထိတော့ အရေးယူခံရတာ မရှိသေးဘူး။ ရပ်ကွက်လူကြီးတွေ အမိန့်ပေးတာပဲရှိသေးတယ်။” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဂိတ်များနှင့် ရပ်ကွက်အ၀င်အထွက်ပေါက်များတွင်လည်း ညနေ ၇ နာရီ နောက်ပိုင်း ဆယ်ကယ်ဖြင့်သွားလာသူများကို ညကင်းများ၊ မီးတပ်နှင့် ရဲများမှ မော်တော်ဆိုင်ကယ် ထိုင်ခုံအဖုံးများဖွင့်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သီတာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ပတ် မေ ၅ ရက်နေ့ ညတွင်လည်း အမြောက်ကားကြီး ၂ စီးဖြင့် အစိုးရစစ်သားများနှင့် ရဲများက မြစ်ကြီးနားမြို့တွင်း လည့်ပတ်သွားလာသည်ကို မြင်ရသည်ဟု စီတာပူရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

“ရှေ့မှာတော့ ရဲကားတစ်စီးအရင်သွားတယ်။ အဲဒီနောက်မှာ အမြောက်ကား ၂ စီး၊ အဲဒီနောက်မှာတော့ ဆိုင်ကယ်နဲ့ စစ်သားတွေသွားတယ်။ စစ်သားတွေရဲ့နောက်မှာတော့ ရဲကားတစ်စီးပြန်သွားတယ်။ အဲဒီလို လမ်းမကြီးအတိုင်း လည့်ပတ်ကြတာဟုတ်တယ်။” ဟု ၎င်းကပြောသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုများဖြစ်ပေါ်တိုင်း နိုင်ငံပိုင်အစိုးရသတင်းစာများတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကိုစွပ်စွဲထားသော်လည်း KIA က မြန်မာအစိုးရ စစ်ရေးပစ်မှတ်များမှတပါး လက်နက်မဲ့ပြည်သူများကို တိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။



 မြန်မာ့လေကြောင်းက
ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန်  စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။


လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။


မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။


“မြန်မာနိုင်ငံအတွင်း လူစီးများပြီး ခေါက်ရေများများ ပြေးဆွဲနေရတဲ့ ခရီးစဉ်လမ်းကြောင်းတွေအတွက် ကိုလည်း စင်းလုံးငှား လေယာဉ်တွေစီစဉ်သွားမယ်”ဟု မြန်မာ့လေကြောင်းရုံးချုပ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။


လေယာဉ်များကို ငှားရမ်းအသုံးပြုလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့လေကြောင်းသို့ ဆက်သွယ် ငှားရမ်း ရမည်ဖြစ်သည်။


အဆိုပါ လေယာဉ်စင်းလုံး ငှားရမ်းခနှုန်းထားမှာ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀) ကျသင့်မည်ဖြစ်ပြီး   မြန်မာကျပ်ငွေဖြင့်လည်းပေးချေနိုင်ပြီး ငှားရမ်းမည်ဆိုပါက ခရီးစဉ် အသွား၊အပြန် အပြင်စောင့်ဆိုင်းခအပါအ၀င် စုစုပေါင်းကြာချိန် (၃)နာရီအားဋ္ဌားရမ်းအသုံးပြုနိုင်မည်ဖြစ်ပြီး အကယ်၍ သတ်မှတ်နာရီထက်ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏   (၃၀)ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။


စင်းလုံးငှားလေယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းများ၊ အရေးပေါ်လူနာများအတွက်စင်းလုံးငှားရမ်းမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၊ရေနံတူးဖော်ရေးလုပ်ငန်းစသည့် လုပ်ငန်းများတွင်းလည်း ငှားရမ်းနိုင်ကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်မှဒုတိယအဆင့်မဟာဗူဟာရေးဆွဲရန်မှာကြား

ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် င်းလဲဒုတိယအဆင့် မဟာဗျူဟာ ရေးဆွဲကာ ပြုပြင်ပြောမှုများ လုပ်သွားရန် သောကြာနေ့နံနက် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန် မှာကြားသွားသည်ဟု သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

“အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ရှေးကနှင့်မတူဘဲ စိတ်ဓါတ်အရ၊ လူမှုဆက်ဆံရေးအရ ပြည်သူ့အကျိုး စီးပွားအတွက် ပြည်သူများကို မိမိတို့မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူ မလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက္က ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” ဟု ဦးသိန်းစိန်က ညွှန်ကြား သွားသည်။

ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားသည်။
p
“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။

ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတ က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး
ဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်”
ပြောဆိုသွားသည်။

သောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိသည်။

မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ် သတင်းစာရှင်းလင်းပွဲပြုလုပ်



ကလိုထူးဘော (ယခင် DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ခေါ်ဗိုလ်နှုတ်ခမ်းမွေးအား ထိုင်းနိုင်ငံမှ မူးယစ်ရာဇာစာရင်းထဲ ထည့်သွင်းကာ ဆုငွေထုတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းသတင်းမီဒီယာများအား ဖိတ်ကြား၍ ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားသည်။
သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယနေ့နံနက် ၉နာရီခွဲမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့ပြီး ၎င်းတို့လက်နက်ကိုင် အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး
ကိစ္စနှင့် လုံးဝပတ်သက်ခြင်းမရှိပဲ နယ်စပ်အကောက်အခွန်၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မိုင်းတွင်းတူးဖေါ်သည့် လုပ်ငန်းများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးဆန်းအောင်က ရှင်းလင်းပြောဆိုသွားသည်။
မူးယစ်ဆေးဝါး နှင့်ပတ်သက်သည်ဟု ထိုင်းနိုင်ငံ၏ သံသယကို ရှင်းလင်းသွားစေရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဋ္ဌာနတို့ပူးပေါင်း၍ လာရောက်စစ်ဆေးမေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်သည်ဟုလည်း ရှင်းလင်းပွဲတွင် ပြောသည်။
ကလိုထူးဘော အဖွဲ့အား ထိုင်းအစိုးရမှ ယခုကဲ့သို့ စွပ်စွဲသည့်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပင်ရန် မြန်မာအစိုးရသို့ အဆိုပြုသွားမည်ဟု
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း ယခုလောလောဆယ် မဟုတ်သေးကြောင်းလည်း သတင်းထောက်တဦး၏ မေးမြန်းချက်ကိုဖြေကြား ပြောဆိုသွားသည်။
 
ကလိုထူးဘော အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး (ဓါတ်ပုံ-သူရမျိုး YPI)
ကလိုထူးဘောခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်အား ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးစာရင်းထဲတွင် ပါဝင်နေသည်ဟု ထိုင်းနိုင်ငံ ချယ်နယ် (၃) ရုပ်သံ ဧပြီလ ၂၀ ရက်နေ့ကထုတ်လွှင့်သွားခဲ့ပြီးနောက် ကလိုထူးဘောအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ယခုလို သတင်းမီဒီယာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းမီဒီယာများမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ချယ်နယ် ၃ ရုပ်သံအပါအ၀င် သတင်းမီဒီယာသမားများပါ
တက်ရောက်ခဲ့ကြသည်။
ကလိုထူးဘောအဖွဲ့ (ယခင် ဒီကေဘီအေ) အဖွဲ့သည့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (ကေအန်ယူ) အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့တဖွဲ့ဖြစ်ကာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့်ငြိမ်းချမ်းရေး ပျက်ပြားကာ မြ၀တီမြို့ကို တိုက်ခိုက်ခဲ့သည်။ ၎င်းနောက် ယခုနှစ်အစောပိုင်းတွင်
အစိုးရနှင့်ငြိမ်းချမ်းရေးပြန်လည် ရယူခဲ့သည်။       ။