Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Thursday, November 24, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး



  • ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
မြန်မာလို့ သိကြတဲ့ လူမျိုးတစ်မျိုး စပြီးပေါ်လာရပုံကို အချိန်ရရင် ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့လာဖို့ လိုတယ်လို့လည်း ထင်ပါတယ်။

မြန်မာတွေ ပြောနေကြတာတော့ ကြာပါပြီ။ “မြန်မာအစ တကောင်းက” တို့၊ “မြန်မာအစ ကျောက်ဆည်က” တို့။ တချို့ကလည်း ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။

တိတိကျကျ၊ သေသေချာချာ သိချင်စိတ်နဲ့ မြန်မာရယ်လို့ ဖြစ်လာမယ့် မြန်မာအစကို လေ့လာမယ်ဆိုရင် အချိန်ယူပြီး အသေးစိတ်လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက် အချိန်လည်း တော်တော်လေး ပေးရပါတယ်။ စာအုပ်တွေ ဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။


မိမိ မကြာခဏ ရေးခဲ့ပါတယ်။ သမိုင်းကို ပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးနဲ့ ပတ်သက်နေတာမို့ အတိမ်းအစောင်း မခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှား တာတွေကတော့ ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်တွေခေတ်ကနဲ့၊ အရင်က ပညာရှင် တချို့ ပြုစုခဲ့ကြတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ၊ ကျမ်းတွေမှာ တွေ့နေရတော့ မိမိရေးသားပြုစုတဲ့ အကြောင်းအရာ မှန်ကန်နိုင်ဖို့ဆိုတာကလည်း အချိန်ယူလေ့လာဖို့ လိုသလို ဖြစ်နိုင်၊ မဖြစ်နိုင် နှိုင်းချိန်နိုင်တဲ့ စိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။

ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့ မြေပုံစာတို့ ဆိုတာတွေကလည်း သမိုင်းမှန်ဖြစ်ဖို့ အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ ၁၉၁၁ ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာလိုကျောက်စာတွေကို ပိုအလေးထားပြီး သမိုင်းမှန်ကို ရှာလာကြပါတယ်။

ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅) ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်က စပြီး ဒီဘက် ပုဂံပျက်တဲ့ အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကို စတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း (၄၁) ဆက် ကိုတော့၊ အဲ့ဒီမင်းတွေအားလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေ နည်းလွန်းသလို အချို့မင်းတွေရဲ့ အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ (၃) ဆက်မြောက် မင်းဖြစ်တဲ့ ပျုစောထီးကို နေနတ်သားနဲ့ နဂါးမတို့က မွေးတယ် ဆိုတာမျိုးပေါ့။

ဒါပေမယ့်. . .
ပုဂံတည်တာကို ရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉) ရွာနဲ့ စပြီးတည်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီ အရင်ရှိခဲ့တဲ့ နိုင်ငံတွေကတော့ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ ဆိုတဲ့ ပျုနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ပျုခေတ်က စောပါတယ်။

ဒီနေရာမှာ ပျုနိုင်ငံတွေ အကြောင်းလဲ ရေးချင်ပါတယ်။ ပျုလူမျိုးတွေရဲ့ အစ၊ ပျုလူမျိုးတွေ ဘယ်ကလာသလဲဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့ရတာကတော့ ပျုတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ်စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့် သူတွေထက်စောပြီး ခရစ်မပေါ်မီ (၅) ရာစု နှစ်လောက်ကစလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။







သူတို့ဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ ပျုနိုင်ငံတွေကို တည်ထောင်ခဲ့ပါတယ်။ ပျုဘုရင်မ ဖြစ်တဲ့ ဗိဿနိုးက ပန်ထွာ ဘုရင်မနဲ့ သရေခေတ္တရာက ပျုဘုရင် ဒွတ္တဘောင်ကိုတော့ သမိုင်းလေ့လာသူ တော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျုမင်းတွေတည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရာကြီး၊ ဘုရားမာ စတဲ့ ပျုဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်ရှားရှိနေပါတယ်။

ပျုတွေအကြောင်းကို လေ့လာတော့ ပန်ထွာဘုရင်မ စိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုး ပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂) မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက် လုယက်ဖျက်ဆီးလို့ သရေခေတ္တရာ ပျက်သွားရတယ်။ အဲဒီမှာ ပျုခေတ်ဟာလည်း ကုန်ဆုံးသွားရတယ်။

ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေက ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကိုလည်း အရင်က ပညာရှင်တွေ လက်ခံခဲ့တာကို ရေးပါ့မယ်။

မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်က ဝင်လာတဲ့ ပျုတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာရှိတဲ့ တိဗက်နယ်စပ်ကနေ အရှေ့တောင်ဘက်ကို ဆင်းလာကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ခရစ်မပေါ်မီ (၄) ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ်တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကို ပြောင်းပြီး ရွာတည်နေကြတာ လူဦးရေကလည်း များလာပါတယ်။ နေထိုင်လုပ်ကိုင် စားသောက်ကြရတာ အဆင်ပြေကြတဲ့အတွက် လူဦးရေက ယန်ဇီ (Yantze) မြစ်ကို ကူးပြီး ယူနန် (Yunan) အရှေ့မြောက်ပိုင်းထိအောင် ရောက်ရှိပြီး တိုးပွားများပြားလာပါတယ်။

အဲဒီလို လူဦးရေတိုးပွားလာတဲ့ အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနိးဝန်ကျင်နိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလုယက်ကြတယ်။ ရှေ့မှာ မိမိရေးခဲ့သလို ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာဟာလည်း သူတို့လက်ချက်နဲ့ ပျက်စီးရပြီး ပျုနိုင်ငံ ပျောက်ကွယ်ခဲ့ရတယ်လို့ ဆိုတယ်။

တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ ပတ်သက်ပြီး ဆက်ရေးရရင် လူဦးရေတိုးတက်များပြားပြီး ယူနန်အရှေ့မြောက်ပိုင်းအထိ ရောက်ရှိလာတဲ့ တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေနဲ့ တွေ့ပြီး နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာလည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုတယ်။

ဒီလိုနဲ့ (၉) ရာစုနှစ် နှောင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ နန်ကျောင်တွေတန်ခိုးအင်အား ယုတ်လျော့လာကြပြီ ဖြစ်တဲ့အတွက် တိဗက်မြန်မာအနွယ်တွေဟာ နန်ကျောင်တွေနဲ့ လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီသို့ ရွှေ့ပြောင်းပြီးလာခဲ့ကြတယ်။

ဦးဆုံးရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူးနယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ ဆိုကြတဲ့ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့ စလင်းနယ်တွေမှာပါ နေထိုင်လာကြတယ်။

အဲဒီနောက် ဒီနယ်တွေနဲ့ ဆက်သွယ်လို့ လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီ မြစ်ရှိတဲ့၊ အားလုံးရဲ့ အလယ်ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊ အုပ်ချုပ်သူအကြီးအကဲ မင်းရှိတဲ့ပြည်အဖြစ် သတ်မှတ်ပြီး နိုင်ငံသစ်ကို တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိ ခဲ့ရပါတယ်။

ဒါပေမယ့်...
ဒီဘက် (၂၀၀၀) ခုနှစ် ဝန်းကျင်မှာတော့ အခုလေ့လာတွေ့ရှိ ကောက်ချက်ချခဲ့တာတွေကို မှန်တယ်လို့ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါပြီ။

ပျုလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့ အစဟာ ခေတ်သစ်သမိုင်းပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတဲ့ တိဗက်နယ်စပ်က လာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေဆိုတာလည်း လက်ခံလို့ မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ်လာမယ့် မြန်မာမြေထဲမှာ ပထမဆုံး ပျုနိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ ပျုလူမျိုးတွေဟာ တခြားကလာခဲ့ကြတဲ့ လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေ စပြီးပေါ်လာတဲ့ ကျောက်ခေတ်နဲ့ ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ကျောက်ခေတ်ဦး လူသားတွေကစပြီး အစဉ်အဆက် နေထိုင်လာရာကနေ ပျုတွေဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့ လက်ခံနေကြရပြီ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းကြတာ မတွေ့ရပါဘူး။

အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း (၄၀) လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ်သတ္တဝါတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရာနေရာက ပုံတောင်ပုံညာဒေသဖြစ်ပါတယ်။ အဲဒီ ပုံတောင်ပုံညာဒေသက တွေ့ရှိတဲ့ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံတကာမှ ပညာရှင်တွေက ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း (၄၀)လောက် ရှိပြီဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာဂ်မြို့၊ ကာနက်ဂီ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Synposium, USA) ဆွေးနွေးပွဲမှာ တက်ရောက်လာခဲ့ကြတဲ့ ပညာရှင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။

ပညာရှင်တွေဟာ မြန်မာမြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ အဲဒီကျောက်ခေတ်မှာ သုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။

ကျောက်လက်နက်ကိရိယာတွေကိုတော့ အထက်အညာဒေသဖြစ်တဲ့ မကွေး (ချင်းမအောင်ကုန်း)၊ ချောက်၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရား အရှေ့ဘက်ဒေသ၊ မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ (ဝက်ဆိုးကုန်း)၊ ဝိုင်းတောင်ကြီးရွာ (ထောက်မကုန်း)၊ ကနီမြို့နယ် အိုင်တောင်ရွာ (သူဌေးကုန်း)၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ (ကြက်မြုံကုန်း)၊ ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း) နဲ့ မုံရွာမြို့နယ် လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိရာမှာ လူသိများတာကတော့ နွယ်ခွေလူသားကျောက်ဖြစ်ရုပ်ကြွင်းပဲဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာအနီးရှိ ယာကွက်ထဲက တွေ့ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြတ်လျှောက်သွားရင်း ခလုတ်တိုက်မိလို့ ငုတ်နဲ့ တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ်မဟုတ်ပဲ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုးက အပေါ်မေးရိုးဖြစ်ပြီး အံသွားတစ်ချောင်းနဲ့ ရှေ့သွား တစ်ချောင်းပါတာကို တွေ့ရပါတယ်။ ဒီမေးရိုးနဲ့ သွားတွေကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက်တဲ့ အခါ မေးရိုးဟာ အနည်းဆုံး နှစ် (၂) သိန်း သက်တမ်းရှိပြီ ဖြစ်တဲ့ မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။

မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိ ရပါတယ်။ ပြဒါးလင်းဂူရဲ့ နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူသားတွေရဲ့ ဓလေ့အတိုင်း ရေးဆွဲထားတဲ့ ပန်ချီပုံတွေ တွေ့ရပြီး၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် (၂၅၀၀၀) လောက်က ပန်ချီလက်ရာတွေလို့ ခန့်မှန်းခဲ့ကြပါတယ်။

မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်းကာလတွေမှာသာ မကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့တယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။

ကြေးခေတ်အထောက်အထားတွေ ဖြစ်တဲ့ ကြေးလက်နက်ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုးကြာရွာ၊ မထုံချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ်။

ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေသနဲ့ နှောကန်ဒေသ၊ တောင်သာမြို့နယ် အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းဒေသတွေမှာ တွေ့ရှိခဲ့ပါတယ်။ ညောင်ကန်ဒေသမှာ မန္တလေး ရှေးဟောင်းသုတေသနက တူးဖော်ရရှိခဲ့ရာမှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊ ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃) ခု တွေ့ခဲ့ရပါတယ်။

ဟန်လင်းဒေသတဝိုက်မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျုစာပါရှိတဲ့ တံဆိပ်တုံးတွေ၊ ပျုအရိုးအိုးတွေ လက်စင်းရာပါ အုတ်ချပ်တွေ၊ ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင်ပါ မြေ ဆီမီးခွက်တွေနဲ့ အိုးပုံစံအမျိုးမျိုးကို တွေ့ရတဲ့အတွက် ဒီဒေသဟာ ကျောက်ခေတ်က စပြီး ပျုတွေနေထိုင်ကြတဲ့ ပျုခေတ်အထိ အစဉ်တစိုက် နေထိုင်လာခဲ့ကြတဲ့ ဒေသတခုဖြစ်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။










ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချတာကတော့ ပျုတွေဟာ မြန်မာမြေထဲကို တခြားဒေသတွေကနေ ဝင်ရောက်လာပြီး အခြေချနေထိုင်ကာ မြို့ပြနိုင်ငံတည်ထောင်လာကြသူတွေ မဟုတ်ပဲ ကျောက်ခေတ်ကတည်းက နေထိုင်လာကြတဲ့ အမျိုးအနွယ်တွေ ဖြစ်ကြောင်း၊ အဲဒိကမှ မြို့ပြနိုင်ငံပေါ်ထွန်းခဲ့တဲ့ ခေတ်အထိ ယဉ်ကျေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေထိုင် လာခဲ့သူတွေ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာဆိုတာလည်း တခြားဒေသတွေကနေလာရောက်တဲ့ သူတွေမဟုတ်ဘဲ ပျုတွေရဲ့ အနွယ်ဘဲဖြစ်ကြောင်း၊ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာ ပျက်ပြီးတဲနောက်မှာမှ ပျုရွာ (၁၉) ရွာနဲ့ စပြီး ပုဂံမှာ မြို့တည်ကာ ပုဂံမှာမှ မြန်မာဖြစ်လာတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့ လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျုတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာဘုရင်မနဲ့ အရင်ဘဝက မောင်နှမ တော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးထောင့်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံး၊ မြောင်းတွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်းတယ် ဆိုတာမျိုးတို့၊ သာသနာသက္ကရာဇ် (၁၀၁) ခုနှစ်မှာ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမေသူရ ဆိုတဲ့ သူမြတ် (၇) ဥိးတို့က မြို့အင်္ဂါ (၇) ပါး တို့နဲ့ ပြည့်စုံတဲ့ သရေခေတ္တရာကို တည်ခဲ့တယ် ဆိုတာမျိုးတို့ အရင်က စာအုပ်တွေမှာ ဖတ်ခဲ့ရတယ်ဆိုရုံလောက်နဲ့ ဒီကနေ့ လက်တွေ့ကျတဲ သိပံ္ပခေတ်မှာ အမှန်လို့ ယူမှတ်ပြီး တရားသေကိုင်စွဲထားလို့ မရတော့ပါဘူး။ သုတေသနပြုနေကြတဲ့ ပညာရှင်တွေ ကိုယ်တိုင်လည်း ဘာကိုမှ ပုံသေကားချပ်မသတ်မှပဲ သုတေသနအထောက်အထားတွေ ပိုပြီးခိုင်လုံရင် ခိုင်လုံနေသလို မိမိတို့ရဲ့ နှိုင်းချိန်တွေးဆချက်တွေ ကို ပြောင်းသင့်က ပြောင်းရတဲ့အကြောင်း ရေးလိုက်ပါရစေ။



Wednesday, November 23, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)

  • ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လား ဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာ တစ်ခုပါ။ ဘဝဖြတ်သန်းမှု ဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့ အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီး ရှိပါတယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း လွတ်လပ်စွာ တွေးပြီး လွတ်လပ်စွာ ရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင်ပါတယ်။


ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာ ပြနေတဲ့ ကိုရီးယားဇာတ်ကားတွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရော အရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တု တစ်အုပ် ရေးနိုင်တဲ့သူတွေ ရှိပါတယ်။ ငွေရပြီးစတမ်း ဘာရေးရမလဲ ဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင် ရေးနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ် အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ရေးသားဖို့၊ ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့ အကြောင်းအရာ အဖြစ်အပျက်ကို ပြုစုရမှာ ဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာ တာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့ လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်းတစ်ပါးရဲ့ အကြောင်းကို ပြုစုမယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာ စာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာ အလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင် မရေးနိုင်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူ မရှိပဲထားလို့ ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာမျိုးမို့ စေတနာနဲ့ ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်း မရပါ။ စာမျက်နှာတွေ များအောင်ဆိုပြီး ရှိတာထက် ပိုပြီး ချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါတယ်။ ရသဖွဲ့ သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်း ပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာ ဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန် မရေးပဲ လူပြိန်းကြိုက်ဆိုတာမျိုးတွေ ထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာ သွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။

ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာ ထားပါဦး။ အခုထိ သမိုင်းဆောင်းပါး အချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာ တွေ့နေရပါသေးတယ်။ တတိယအကြိမ် ပြန်ရိုက်ပြီး ရောင်းနေရတဲ့ ပုံဂံနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီး တည်တံ့အောင်၊ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ်တပါးဖြစ်တဲ့ မြန်မာတွေရဲ့ ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင် မှားပြီး ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက်နစ်နာလှပါတယ်။

အဲ့ဒါကတော့...

နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင်ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှ ရတဲ့ ရာဇတမန်အမတ်ရဲ့သား ဖြစ်တယ်။

နံပါတ် (၂) လူမျိုးအနေနဲ့ ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီက မွေးလို့ ရခိုင်မြန်မာလူမျိုးဖြစ်တယ်။

နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ အတွက် ကျန်စစ်သားက ကုလားကို မုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်း ဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။

အလွန်စိတ်မကောင်းစရာဖြစ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။

ရှင်းရရင်တော့...

နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့ သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ်ပါ။ ဦးကုလားရဲ့ မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီ မင်းသမီးနဲ့ လူသားမဟုတ်တဲ့ နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုးကလည်း နိုင်ငံတကာ လက်သင့်ခံတဲ့ သမိုင်းရှု့ထောင့်ကကြည့်ရင် ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာ မရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲ ပါတဲ့ နေနတ်သားနဲ့ နဂါးမဇံသီးက မွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက်မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့ မိခင် အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါရစေ။

နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုး ဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီ ဆိုတာက ဝေသာလီပြည် ရခိုင်ဘုရင်ရဲ့ သမီးတော် မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ ခေါ်တဲ့ နယ်နဲ့ ဘင်္ဂလားနယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသား ဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကို ကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့ သား ဆိုတာလည်း မဟုတ်နိုင်တော့ပါ။

နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေ ပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေ လက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် ကျန်စစ်သားက ရန်ခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ် ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။

တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေ ရေးတာတွေကို ဇာတ်ထုပ်ခင်းပြီး ကပြခဲ့ကြတာ စာရေးသူလည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန် လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီး တာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာ တစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်းလို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့ အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ်ထုပ်မှာ ကျန်စစ်သားကို အားလုံးက မုန်းကြတဲ့ ကုန်းရုပ်ကီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ်မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာ တင်ရေးတဲ့ ရသဖွဲ့ ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ ရပါတယ်။

စာရေးသူ အနေနဲ့ စာရေးသူတို့ရဲ့ နိုင်ငံသမိုင်းမှာ ထင်ရှားပြီး နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်းမြတ်တွေရဲ့ အကြောင်းကို ဓာတ်ပုံတွေ စုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာ ကြာပါပြီ။ အခမှပဲ ရေးဖြစ်ပါတော့တယ်။

သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက် ကနေ ရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့ လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါး ကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါး ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင် ဘိုးတော်ဘုရားနဲ့ မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲ ဖြစ်ပါတယ်။

ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်းမှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကို ဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှားတွေ ပါလာမှာ စိုးတဲ့အတွက် အချိန်ယူပြီး သတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာ ထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတမ္တဘောင်မင်းတို့ရဲ့ ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင်ငံတွေ မတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့ အကြောင်းကိုလည်း သုတေသနပြုကြတဲ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေနဲ့ အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစု ထားပါတယ်ဆိုတာကို ရေးလိုပါတယ်။



ဟိန်းဇေ

(အပိုင်း - ၂ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ) မကြာမီ ဆက်လက်တင်ပါမည်။

Sunday, November 13, 2011

သခင်သန်းထွန်း ကို လေ့လာကြည့်ခြင်း


ရေးသူ - ဒဂုန်တာရာ





[၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]



လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။


သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့်အဖို့ရာကား၊ မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်း လူ၊ အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲ မြင်သည်။

သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကို ယုံကြည် ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိ နားလည်ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်ဖြင့် ပေါင်းစပ်၍ ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်း လူ့အဖြစ်အပျက်များ ကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။

နောက် လီနင်က မာက့်စ်၏ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီး ကို ဆိုရှယ်လစ်နိုင်ငံတော်အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျှကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် 'စတာလင်ဝါဒ' ဟု ခေါ်စပြုပေပြီ။

ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှု စသည်တို့၏ အဖြစ်အပျက်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှ ပြည့်အောင်မရှိသူနှင့် အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူ စသဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓါတ်ပညာ ထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့ လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။

ဥပမာ- တိုင်းပြည်တွင် လူ ၁၀၀ ရှိသည် ဆိုကြပါစို့။ ထိုပြည်၏ တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာ ဓနရှင်များဖြစ်၍ သူ၏ အလုပ်သမား လယ်သမားများကို လုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန် လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ် လုပ်၍ ဝင်ငွေ ၁၀၀ ရသည်ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။

တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြောခဲ့ပေသည်။ 'ဆိုရှယ်လစ်လုပ်ခြင်း ဆိုသည်မှာ မညီမညာရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့် ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင် လုပ်တာ မဟုတ်ပါဘူး'

သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင် ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။

ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ "သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှုထိုင်မှု) ကို သူ့အား ပေးရမည်" ဟု ဖြစ်သည်။ အချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲတတ်သူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍၊ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင် နေနိုင်သော နေမှုထိုင်မှုကို ရရှိကြပေသည်။

ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို- သိရှိနားလည် ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာအခြေခံများ ရှိရပေမည်။ ဤအခြေခံရဘို့ တော်တော်တတ်သိ နားလည်ရပေမည်။

ထို့ကြောင့်ပင်၊ အထက်တန်းပညာတတ်သူများသည် အများအားဖြင့် ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။

ကျွန်တော့်အဘို့ရာကား ကွန်မြူနစ်ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ၊ တကယ့်ပညာ တတ်များကို မြင်နေ၏။ သခင်သန်းထွန်းဆိုလျှင် ပညာတတ်အဖြစ်သာ မြင်နေမိ၏။

[၂]

သခင်သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဘူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ၊ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

"သခင်သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာ့က်စ်စာပေလဲ အတော် ဖတ်တယ်။ စာရေးလဲ ကောင်းတယ်" ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးဘဲဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဘဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ၊ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

"သြ…. သြ… ခင်ဗျား အကြောင်းလဲ ကိုဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ….." ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

သူသည် မန္တလေးပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားကား ဝါလဲ့လဲ့၊ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပြော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်ညံညံ လေသံနှင့်၊ ကဗျာဆရာမီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချာလ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် (၁၀)တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ ဖြစ်ခဲ့၏။ ထိုစဉ်ထိုအခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြဆရာ လုပ်လျက်ရှိသည်။

တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂဇင်းဟောင်း တစောင်တွင် ဘတ်ရဘူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးသားနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ် သူ ရေးထားသော အင်္ဂလိပ်စာကို ဖတ်၍၊ ယခု ဆိုရှယ်လစ်ဝန်ကြီး ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါဘဲ' ဟု ချီးကျူးသည်ကို ကြားရဘူး၏။

၁၉၃၉ က ဒို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည်၊ ကွန်ဂရက်၏ ဘိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏ ဘိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။

သခင်စိုး၏ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းစာအုပ်၏ အမှာကို သခင်သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆံ၏။ ဘတ်သူစွဲပြီး အနက်ပေါက်လွယ်၏။ အဖြတ်အတောက် ကလေးများမျာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာဆရာလုပ်လျှင် သတင်းစာဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။

သူသည် နဂါးနီစာအုပ်အသင်းကို တည်ထောင်သူ တဦးဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက့်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်းစိုးက စကားလုံး အသစ်ထွင်၍ ခံ့ညာသော စာကြီးပေကြီး၊ ပိဋိကတ်စာပေဖြစ်အောင် လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာစသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်သန်းစိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။

သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဘတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ်နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။

(၃)

တက္ကသိုလ်သမဂ္ဂ အမှုဆောင်အခန်းတွင် သခင်သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေးနွေးလေ့ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေးအပေါ်ဖုံး၊ မန္တလေးလုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။

ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင်ဆန့်ကျင်ရေး ဆောင်းပါးများကို ဘတ်မိ၏။ သူသည် ကိုလိုနီတော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဝင်စားလာကြလေပြီ။

သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ 'ဓနရှင်လောက' စာအုပ် အမှာတွင် သူသည် ကိုဘဟိန်းအကြောင်းပါ ရောဘက်ကာ ရေးထားရာ၊ အတော်ဘတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။

အိုးဝေမဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ တောင်းဘူး၏။ သခင်စိုး၏ 'လွတ်လပ်ရေးတိုက်ပွဲ' မှာ၊ မထုတ်မီ ပြည်ထဲရေးဌာနက ဆင်ဆာလုပ်ရာတွင် ပါသွား၏။ သခင်သန်းထွန်း၏ 'နိုင်ငံရေး လက်တွေ့လုပ်လိုသူများအဘို့ စကားလက်ဆောင်' ကား ပုံနှိပ်ဖြစ်၏။

ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင်လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင်နိုင်ငံရေးသမားများကို ပြောင်လှောင်၍ထားသည်။ သရော်ချက်ပါ၏။ ဘတ်ယင်း ရယ်မောမိသည်။

ထိုဆောင်းပါး အိုးဝေမဂ္ဂဇင်းတွင် ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်းလူကြီး။ ဒို့ဗမာအစည်းအရုံး အမှုဆောင်အဖြစ်တွင် ထောင်ထဲရောက်နေပေပြီ။

နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်းအကြောင်း စကားစပ်မိရာ….
'အဲဒီဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်' ဟု ကျွန်တော်အား ပြောသည်။

'ကျွန်တော်လဲ အဲဒီတုံးက မထည့်ဘူးလို့ နေသေးတာ။ သခင်သန်းထွန်းဆောင်းပါးဘတ်ပြီး သခင်တွေဟာ ဒီလိုဘဲ၊ နိုင်ငံရေးသမားလုပ်နေတာလို့ ထင်မှာစိုးလို့ဘဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာဘဲ' ဟု ကျွန်တော်က ပြော၏။

သခင်သန်းထွန်းကား ပြုံးနေပေသည်။

သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉- ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့် ဂိုရှယ်(ထိုအခါက ဘောဂဗေဒဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။

သခင်သန်းထွန်းတို့သည် ၁၉၃၉ ခုလောက်ကတည်းက ဗမာပြည်တွင် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းနေကြ သည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကို ပေးဘတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပိုချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

လျှို့ဝှက်၍ ထုတ်ဝေသော အရေးတော်ပုံအမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဘတ်လိုက်ရလေ၏။ ထို 'အရေးတော်ပုံ' ကား ပဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။

(၄)

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။

ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်းအဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင်တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။

ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များ တွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေးနှစ်လက် ဆင်ထား၏။ အိမ်ရှေ့မျက်နှာစာရှိ မြက်ခင်းကား အနီအဝါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

ဂျပန်ခေတ်က ထိုနေရာတဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင် (ယခု သံအမတ်) ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ဤပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။

ထို အမြောက်နှင့်အိမ်တွင် ပဌမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။

ယခင်က အင်္ဂလိပ်အထက်တန်း အရာရှိကြီးများနေသော တိုက်ဖြစ်၍၊ ခမ်းနား ထယ်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက်ရှိသည်။

ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ်ပန်းခက်တို့ဖြင့် ရှက်လိမ်သော ဆိုဖာများသည် အဝါနုနံရံနှင့် အသွေးချင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင်စားပွဲသည် တူရကီကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြတင်းမှ အစိမ်းပုတ်ရောင် ဇာခန်းဆီးသည်အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်လာအောင် ကာယင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။

သခင်သန်းမြိုင်သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းဒေါင့်တွင် ရှိပေသည်။ အပေါ်မှာ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သ, ပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းသည် မာက့်စ်၏ 'အရင်း' စာအုပ်ကို ဘတ်နေ၏။ သခင်တင်သည် ညနေဆိုလျင် ရောက်လာကာ စန္ဒယားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပြီကလာ တီးကြည့်တတ်၏။ တီးယင်း အသံပျောက်နေသဖြင့် 'လုပ်ပါဦးဗျ… တီးစမ်းပါအုန်း' ဟုဆိုကာ ကျွန်တော့်ဘက်ကို လှည့်၍ ပြောတတ်၏။

သခင်လင်းကား ဆိုဖာတွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက်ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။

သခင်သန်းထွန်းသည် မာက့်စ်စာအုပ်ကို ချလိုက်ပြီး 'လုပ်ပါဦးဗျ၊ သီချင်းတပုဒ်လောက်…. သက်ဝေဆိုတာလေ……' ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် 'သက်ဝေ' သီချင်းကို အလွန်နှစ်သက်၏။

ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင်သန်းမြိုင်သည် ဘေးမှ ရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

လှသထက်လှမယ်ဆိုယင်
ဆေးဘက်ဝင်ပါသလားလို့
မောင့်အသဲတွေ မောင့်အသွေးတွေ
မောင့်နှလုံးတွေ
အသုံးပြုပါလေ……..
သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။

ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင်သန်းထွန်းနှင့် စကားပြောကြပြီး၊ မကြာမီ ကားနှင့် အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။

ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူနေရာ လူစုံတတ်သဖြင့် သခင်သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ်နေတတ်၏။

ဤစိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်စာတမ်းများကို ရေးကြသည်။ ဤဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ်တယောက်သည် 'ပုန်ကန်ထကြွလော့' ဟူသော စာတမ်းများကို လွယ်အိပ်နှင့်ထည့်ကာ အိမ်ရှေ့လမ်းပေါ်တွင် လမ်းသလာားနေသော ဂျပန်စစ်သားလေးတဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြ တွေ့ကြ ရယ်စရာ မောစရာပြောခဲ့ကြသော သူများသည်ပင် ဖဆပလကို ဖွဲ့စည်းကာ၊ တော်လှန်ရေး ပြုခဲ့ကြသည်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင်၊ အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။

(၅)

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစီးနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလအလံကို နှဲ့နေကြပေပြီ။

သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ္မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန်ရှင်းဖြူစင်ခြင်း တို့ဖြင့် ရောပြွမ်းကာ နေပေမည်။

သခင်သန်းထွန်းလည်း သည်လူများအလည်မှ လူပင် ဖြစ်လေသည်။

ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာ ဝတ်၏။

သခင်သန်းထွန်းသည် ထို ငရှင့်သွေး ဂျာကင်အင်္ကျီကို အတော်နှစ်သက်သည်။ ချမ်းသည့်အခါတိုင်း ငရှင့်သွေးအင်္ကျီကို ဝတ်ကာနေတတ်၏။ သူနှင့်အတူ နေကြသော သခင်တင်ထွန်း၊ သခင်လှကွန်းတို့ကား သခင်သန်းထွန်း ရုံးကအပြန် ကားဆိုက်လျင် ဆိုက်ခြင်း အဝမှ ကြိုကာ ငရှင့်သွေး ဂျာကင်ကို ဆီးပေးပြီး၊
'သခင်သန်းထွန်း ဒီဟာလေး ဝတ်ထားပါ' ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံ အပေါ်ထပ်အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါး မှီဝဲနေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် စုံလှ၏။

ဆရာမဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏အစ်မ)သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။

'သောက်ပါအုန်း'
ကျွန်တော်က 'ဟာ… ဒုက္ခ၇ှာလို့' ဟုဆိုကာ အားနာဟန် ပြုနေ၏။
'သခင်သန်းထွန်းဧည့်သည်ဆိုယင် ကော်ဖီနဲ့ ဧည့်ခံပါတယ်' ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင်သန်းထွန်းကမူ ရှက်နေ၏။

နောက်တလခန့် ကြာသောအခါ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။

ဂျပန်တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ၊ ဖဆပလ၏ သတင်းများကိုသာ နားထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာဂျာနယ်ကို ဘတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင်သန်းထွန်း အမည်ကို နိုင်ငံခြားသတင်းစာများ တွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေအတွင်းရေးမှူး ဖြစ်လေ၏။

သူဖဆပလမှ ထွက်သောအခါ၊ သူ့နေရာတွင် တွဲဘက်အတွင်းရေးမှူး ကိုကျော်ငြိမ်းရောက်လာ၏။

တာရာမဂ္ဂဇင်း ထွက်ခါစက သခင်သန်းထွန်းထံ ဆောင်းပါးတောင်းဘူး၏။ သို့သော သူလည်း မရေးဖြစ်၊ ကျွန်တော်လည်း မရောက်တော့။

နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ်တရားပွဲတွင် တူတဇင်အလံနီကို နောက်ကျောခံလျက် ဓါတ်ခွက်ေ၇ှ့တွင် တရားဟောနေသော သခင်သန်းထွန်းကို ပရိသတ်အလယ်မှ မြင်လိုက်ရ၏။ သခင်သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ပြီး၊ နောက်… တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးခါနီးတွင် သွေးကြွလာစေသည်။ ဒါဘဲ သိလိုက်သည်။

သူသည် (၃) နာ၇ီခန့် မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆံဆံ စကားကြီး စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်းနားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကားနှင့်တကွ ပြော၏။

လူအများသည် စိုက်ကာ နားထောင်နေကြ၏။

ဂျစ်ကားနှင့် အထက်တန်းအရာရှိဟု ထင်ရသော သူတဦးက 'တယ်တော်တဲ့ လူဘဲ။ အချက်အလက်တွေ ချည်းဘဲ….. ကျုပ်အစက လက်သီးလက်မောင်းတန်းပြီး ကြိမ်းမယ် မောင်းမယ် ထင်နေတာ' ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။

ဓါတ်ခွက်မှ သခင်သန်းထွန်း၏ အသံသည် ညိုမှောင်မှိုင်းမြသော ညည့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။

ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။

ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းကြပ် ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲနေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကို လိုချင်၏။

Friday, September 23, 2011

မြို့ဟောင်းများ စာရင်းထဲမှ ရှေးအကျဆုံး ဓည၀တီမြို့ဟောင်းကို အစိုးရက ဖယ်ထုတ်ထား

မြန်မာ အစိုးရမှ မြန်မာနိုင်ငံမှ မြို့ဟောင်းများ ဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ မြို့ဟောင်များကို UNESCO ကမ္ဘာအမွေအနှစ် စာရင်းထဲတွင် ထည့်သွင်းရန် တောင်းဆိုထားသော်လည်း ထိုထက် ရှေးကျသော ဓည၀တီ မြို့တော်ဟောင်းကို အဆိုပါ စာရင်းထဲမှ အစိုးရမှ ပယ်ထုတ်ထားသည်။


dhanyawaddy-palace-gate ဓည၀တီမြို့တော်ဟောင်းနှင့် မဟာမုနိ ဘုရားအ၀င်ဝPhoto by Nyiwin"Blog
မြန်မာ ယဉ်ကျေးမူ အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ်စာရင်း (World Heritage List) တွင် မြန်မာ အစိုးရမှ ထည့်သွင်းပြီး ကမ္ဘာ့အဆင့်၊ နိုင်ငံတကာ အဆင့် ကာကွယ်ထိန်းသိမ်းရေး အတွက် UNESCO အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်လျက် ရှိနေရာတွင် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃)မြို့ကို ကမ္ဘာ့အမွေအနှစ် စောင့်ရှောက်မူ စာရင်းတွင် ထည့်သွင်းထားကြောင်းဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ စက်တင်္ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ကို ကမ္ဘာ အမွေအနှစ် စာရင်းတွင် ပါဝင်အောင် ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ UNESCO က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။

သို့သော်လည်း ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ထက် ရှေးကျသော ရခိုင် ဓည၀တီ မြို့ဟောင်းကို မြန်မာ အစိုးရမှ ကမ္ဘာ အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ ပယ်ထုတ်ထားသည်ကို တွေ့ရသည်။

သို့အတွက် ရခိုင်ရှိ ဓည၀တီ မြို့ဟောင်းနှင့် ကမ္ဘာ အမွေအနှစ် စာရင်းတွင် ထည့်သွင်းရန် မြန်မာ အစိုးရမှ အဆိုပြု တင်သွင်းသော ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ တို့တွင် မည်သည့်မြို့များက မြန်မာနိုင်ငံတွင် ရှေးကျပါသလဲဟု ရခိုင်ယဉ်ကျေးမူ ပြတိုက်မှူး(ဟောင်း) လည်းဖြစ် ယဉ်ကျေးမူနှင့် ရှေးဟောင်း သုတေန ဌာန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဦးကျော်ထွန်းအောင်ကို နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

" ရခိုင် ဓည၀တီဆိုတာကာ တတိယ ဓည၀တီဆိုတာ နောက်ဆုံးဓည၀တီပါ။ အဲဒီနောက်ဆုံး ဓည၀တီက ဘီစီ ၆ ရာစုကနေ အေဒီ ၄ ရာစုထိ ရှိတယ်။ ဗမာပြည်က ဗိဿနိုးတို့ဟန်လင်းတို့ဆိုတာက အေဒီ ၁ ရာစုလောက်ကနေ ၉ ရာစုလောက်ထိ ဖြစ်မယ်။ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့နှိုင်းရင် ရခိုင်က ဓည၀တီက ရှေး ကျပါတယ်" ဟု ပြောသည်။

ထိုသို့ ဓည၀တီမှာ မြန်မာနိုင်ငံတွင် ရှေးအကျဆုံး မြို့တော်ဟောင်း တစ်ခု ဖြစ်ပါလျှက် မည်သည့်အတွက် ကြောင့် ရှေးဟောင်း အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ မြန်မာ အစိုးရမှ ပယ်ထုတ်ထားရပါသလဲဟု မေးမြန်းရာ ဆရာက ယခုလို ဆက်ပြောသည်။
vesali ဝေသာလီ တူးဖေါ်မူ မြင်ကွင်း (၂၀၀၅)Photo by Nyiwin"Blog
" ဒါကတော့ သူတို့နေရာမှာ သူတို့ ယဉ်ကျေးမူ အမွေအနှစ်ကို သူတို့ လုပ်တာဖြစ်တယ်။ ရခိုင်မှာ ရှိတဲ့ အမွေနှစ်တွေက ရခိုင်တွေမှာ တာဝန်ရှိမှာပါ။ သူတို့မှာရှိတဲ့ အမွေနှစ်တွေကို ကမ္ဘာ ယဉ်ကျေးမူမှာ ထည့်တာသူတို့ တာဝန်ကို သူတို့ထမ်းဆောင်တာဖြစ်မယ်။ ကျွန်တော်တို့ ရခိုင် တွေကလည်း ကျွန်တော် တို့မှာရှိ တဲ့ ရခိုင်အမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ် ထဲမှာ ပါဝင်အောင် ရခိုင်သားတွေက ကြိုးစားရမှာပါ" ဟု ပြောကြားသည်။

ဓည၀တီ မြို့တော်ဟောင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ဆရာက ယခုလို ရှင်းပြ ပြောဆိုသည်။

"ဟိုတုန်းကတော့ ဓည၀တီကို သမိုင်းဆရာတွေက ဒဏ္ဍာရီ တခုလို့ဘဲ ယူဆကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဓည၀တီ နန်းတော်ရာကို တူးဖော်တဲ့ အခါမှာ ဓည၀တီမြို့ရဲ့ နန်းတော် မြို့ရိုးတွေ အုဋ်ဖောင် ဒေးရှင်းတွေ၊ နောက်တခါ မြို့ဝင် ပေါက်တွေ ပေါ်လာတယ်။ နောက်တခါ အဲဒီ ဓည၀တီခေတ်က သုံးခဲ့တဲ့ အိုးခြမ်းကွဲတွေကို တွေ့တဲ့အခါ ဓည၀တီဟာ ရခိုင်မှာ တကယ့် တကယ် ထွန်းကားခဲ့တယ် ဆိုတာမျိုးကို ကျွန်တော်တို့ သက်သေထူလို့ရပါတယ်။ အဲဒီတော့ ဓည၀တီဟာ ကျွန်တော်တို့ရခိုင်သမိုင်းမှာ နောက်ဆုံး တတိယ ဓည၀တီဆိုတာ ဘီစီ ၆ ရာစုက အေဒီ ၄ ရာစုအထိ ထွန်းကားခဲ့ပါတယ်။ ကျွန်တော်တို့ ဓည၀တီဟာ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့သွားယဉ်ရင် ဗိဿနိုးတို့ ဟန်လင်းတို့ဟာ BC ခေတ်ကို မရောက်နေတဲ့ အတွက် ဓည၀တီက တော်တော့်ကို ရှေ့ကျပါတယ်။ နောက်တခုက တူးဖော် ရရှိတဲ့ ဓည၀တီ မြို့ဟောင်းက အ၀န်းအ၀ိုင်း ပုံစံ ရှိ ပါတယ်။ နောက်ပိုင်းတည်တဲ့ မြို့တွေကျတော့ လေ့ထောင့် ပုံသဏ္ဍာန်မျိုး တွေ့ပါတယ်။ နောက်တခါ မြို့တံခါးတွေကျတော့လည်း နောက်ပိုင်းမြို့တံခါးတွေဟာ တံခါးလက်တံတွေမပါဘဲ ရှေ့ခေတ်က မြို့ဟောင်းတွေကျတော့ တံခါး လက်တံတွေကို အရှည်ကြီးလုပ်ထားတာကို တွေ့ရပါတယ်။ အဲဒါကို ထောက်ထားပြီး ကျွန်တော်တို့ တူးဖော်ထားတဲ့ ဓည၀တီမြို့ဟာ တကယ့်တကယ် သမိုင်းအရ တော်တော့ကို ရှေ့ကျတဲ့ မြို့တော်ဟောင်း လို့ ပြောရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ရှေးကျသော မြို့တော်ဟောင်းများ အထဲတွင် ရခိုင်ရှိ ဓည၀တီနှင့် ဝေသာလီ မြို့ဟောင်း (၂) မြို့ ပါဝင်နေသော်လည်း UNESCO ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းထဲတွင် ထည့်ရန် မတင်ပြဘဲ ပစ်ပယ်ထားခြင်းမှာ မြန်မာ အစိုးရ၏ မိမိယဉ်ကျေးမူမှ ယဉ်ကျေးမူ ။ ပြည်ထောင်စု အတွင်းရှိ တခြား လူမျိုးများ၏ ယဉ်ကျေးမူ အမွေအနှစ်များကိုမူ အသိအမှတ်မပြု မလေးစား တန်ဖိုး မထားသည်ကို ဖေါ်ပြရာ ရောက်နေသည်ဟု မြောက်ဦးမြို့မှ တခြား ရခိုင်အမျိုးသား ကျောင်းဆရာ တစ်ဦးက ထောက်ပြပြောဆိုသည်။

Tuesday, September 20, 2011

အနော်ရထာနဲ့ ကျန်စစ်သား


        ပုဂံရာဇ၀င်တွင် အနော်ရထာမင်းနှင့် ကျန်စစ်သားတို့သည် အထင်ရှားဆုံးပုဂ္ဂိုလ်များ
ဖြစ်ကြသည်။အချို့ ရာဇ၀င်များက သားအဖဟုပင်ဆိုကြသည်။ သို့သော် အထောက်အထား
နှင့်အတိအကျကားမဆိုနိုင်။ သို့သော် သေချာသည်ကား ယင်းတို့နှစ်ဦးသည် အခြားပုဂံမင်း
များထက် ပို၍ဆက်စပ်ယှက်နွယ်မှုရှိကြခြင်းပင်ဖြစ်သည်။

        ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ၊ အနုရုဒ္ဓရွာကိုစားရသဖြင့် အနော်ရထာဟု
ခေါ်တွင်သောမင်းမှာ တစ်ဝမ်းကွဲနောင်တော် စုက္ကတေးမင်းကို စီးချင်းထိုးအနိုင်ရရှိလိုက်သ
ဖြင့် ခရစ်နှစ်၁၀၄၄ တွင် ပုဂံထီးနန်းကို သိမ်းပိုက်၍ မင်းအဖြစ်ကိုရရှိခဲ့သည်။ မင်းအဖြစ်ကို
ရှိပြီးနောက် နိုင်ငံကို အပြောင်းအလဲများစွာဖြင့် ပြုပြင်တည်ဆောက်ခဲ့သည်။ ထီးနန်းရပြီးစ
၌မူ နောင်တော်ကိုလုပ်ကြံမိသည်ဟူ၍ ခြောက်လတိုင်တိုင် စက်တော်မခေါ်တတ်ရှိလေ၏ ။
ထိုအခါ သိကြားမင်းမှ  " မင်းကြီးသည် ပြစ်မှားမိသော မကောင်းမှုမှ ခေါင်းပါးစေလိုသော်
ဘုရား ဂူ ကျောင်း ဇရပ် တို့ကိုများစွာပြု၍ အမျှဝေပေ၊ ထိုမှတစ်ပါးလည်း ရေတွင်းရေကန်
ဆည်မြောင်း လယ် ချောင်းတို့ကို များစွာစီရင်၍ နောင်တော်အား ပေးဝေရာသည် "  ဟူ၍
အိပ်မက်ပေးလာရသည်ဆို၏ ။

        အနော်ရထာသည်ထီးနန်းကိုရသည်နှင့် ဦးစွာ သူရဲကောင်းတို့ကိုစုစည်းခဲ့သည်။ ဤ
တွင်အစွမ်းထက်မြက်သော ကျန်စစ်သားဦးစီးသည့် သူရဲကောင်း( ၄ )ယောက်ကိုရှိခဲ့သည်။
ထိုသူရဲကောင်းတို့၏ အစွမ်းအစ အကူအညီဖြင့် သတ္တ၀ါများကို သတ်၍ ယစ်ပူဇော်ရ သော
ဓလေ့၊ နဂါးရုပ်ထု ကိုးကွယ်ရသော အကျင့်နှင့် အရည်းကြီးတို့၏ သာသနာ အတုအယောင်
တို့ကိုပယ်၍ မြတ်ဗုဒ္ဓ၏ သာသနာတော် အစစ်အမှန်ကို ပြုစုပြန့်ပွားစေခဲ့သည်။ သထုံပြည်မှ
ပိဋကတ်သုံးပုံနှင့် အနုပညာရပ် များစွာကို ပင့်ယူဆောင် ကြဉ်းခဲ့သည်။ ထို့အပြင် တရုတ်နန်
ချောင်( Nanchao )ပြည် တာလိ( Tali )မြို့ရှိ ဦးတည်ဘွားထံသို့ ကိုယ်တော်တိုင်သွားရောက်
၍ ဗုဒ္ဓစွယ်တော်ကိုတောင်းယူခဲ့ဖူး၏။ စွယ်တော်အစား မြဆင်းတုတစ်ဆူကို လက်ခံခဲ့၏။
        ဘုရား စေတီ ဂူတျောင်း များစွာတို့ကိုလည်း တည်ထား ကိုးကွယ်ခဲ့သည်။ သီဟိုဘုရင်
ဝိဇယဗာဟု ကအကူအညီတောင်းခံခဲ့သဖြင့် သံဃာတော်များစေလွှတ်၍ တရားကျမ်းဂန်များ
ကိုလည်းပေးပို့ခဲ့သေးသည်။ ရှင်အရဟံမှအစပြု၍ စိညက်မင်း သားတော်မဟာထေရ်၊ပံ့သကူ
မဟာထေရ်၊ ဆပဒထေရ် စသည့်ကျော်ကြားသော အရှင်သူမြတ် ရဟန်းအာဇာနည်များ များ
စွာပေါ်ထွန်းခဲ့သည့်အပြင် ၁၀၅၈ ခုတွင် မြန်မာစာပေ အရေးအသားကို စတင်တီထွင် ပြဌာန်း
ခဲ့သည်။

        စီးပွားရေး အရာတွင်လည်း အလေးချိန်ခွင်၊ တင်းတောင်းများကို တညီတညွတ်တည်း
သတ်မှတ်ခဲ့သည်။ မိတ္ထီလာကန်ကိုဆည်ခဲ့သည်။ စိုက်ပျိုးရေးအတွက် အထောက်အကူပြုနိုင်
မည့် ဆည်မြောင်းကန်ချောင်းတို့ကို တူးဖေါ်တည်ဆောက်ခဲ့သည်။ ပင်လယ်၊ မြစ်သား၊ မြင်းခုံ
တိုင်၊ မက္ခရာ အစရှိသော လယ်တွင်း ၁၁ - ရွာ ၊ ကျောက်ဆည်နယ်ဖြစ်သောရေလွှဲ ကိုးခရိုင်
နှင့် ရမည်းသင်းဒေသ ရေလွှဲ ငါးခရိုင်တို့ကို တည်ထောင်ခဲ့သည်။
        နိုင်ငံကာကွယ်ရေး အပိုင်းတွင်လည်း နိုင်ငံတော်ကြီးကို စုစည်းသိမ်းသွင်း၍နှစ်ကျိတ်ပြု
မြို့ မှ သိန်းပြုမြို့ အထိစနစ်တကျ ခွဲခြား သတ်မှတ်ခဲ့ရာ သိန်းပြုမြို့ ပေါင်း ၂၀- အထိရှိခဲ့သည်။
ထိုသို့မြို့ အသီးသီးမှ သတ်မှတ်ထားသော စစ်သည်အရေအတွက် စုစုပေါင်းမှာ ၇၆,၀၀,၀၀၀
ယောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

        တရံသောနေ့အခါ၌ အနော်ရထာမင်းသည် စစ်အင်္ဂါလေးပါးနှင့် ဆင်ဖြူသန်မြင်စွာ ကိုစီး
၍ တိုင်းခမ်းလှည့်လည်ပြီးအပြန် သရပါတံခါးသို့အ၀င် မုဆိုးတစ်ယောက်က " အောင်သာမြစ်
ခြေအရပ်၌ စက္ခုပါလမည်သောကျွဲရိုင်း လူသူမသွားသာအောင် ရန်ပြုနေသည် " ဟု နားတော်
လျှောက်၏။ မင်းကြီးလည်းနန်းတော်သို့မ၀င်ဘဲ ထိုကျွဲကိုငါကိုယ်တိုင်သတ်မည်ဟူ၍ မြစ်ခြေ
အောင်သာသို့ချီလေသည်။ ကျွဲကိုတွေ့၍ ချက်ချင်းတိုက်လေရာ ရှေးကပြုဖူးသောအကုသိုလ်
ကံကြောင့် ကျွဲခတ်မိကာ အနိစ္စရောက်တော်မူချေ၏။ ဤသို့ဖြင့် ဘုန်းတန်ခိုး ကြီးလှစွာသော
ဘုရင်အနော်ရထာသည် မင်းစည်းစိမ် ၃၃ - နှစ်၊ သက်တော်- ၇၅ အရောက်ခရစ်နှစ် ၁၀၇၇ -
 ၌ ကံတော်ကုန်ရှာလေသည်။

        ထိုသို့ ဘုန်း လက်ရုံး အာဏာ နှင့်ပြည့်စုံသော အန်ာရထာမင်း၏ ပိုင်နက်နယ်မြေအပိုင်း
အခြားကိုမှန်နန်းရာဇ၀င်တော်ကြီး၌" အနောက်သို့လားသော် ပဋိက္ကရားမည်သောကုလားပြည်
အနောက်မြောက် သို့လားသော် ကတူးငနားကြီး၊ မြောက်သို့လားသော် ဂန္ဓလရာဇ် မည်သော
တရုတ်ပြည်၊ အရှေ့ မြောက်သို့လားသော် က၀ိန္တိမည်သောပန်းသေးပြည်၊ အရှေ့ သို့လားသော်
စတိဿမည်သော ပင်ကာပြည်၊ အရှေ့ တောင်သို့လားသော် အယောစလည်းမည်သော ဂျွမ်း
တို့ပြည် " ဟူ၍ မှတ်တမ်းပြုခဲ့သည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ပထမမြန်မာနိုင်ငံကို
တည်ထောင်သူအဖြစ် မြန်မာ့ရာဇ၀င်တွင် မှတ်တမ်းတွင်ရစ်ခဲ့ရခြင်းဖြစ်သည်။

        ကျန်စစ်သားသည် အနော်ရထာ၏ ညာလက်ရုံး သူရဲကောင်းတစ်ဦးဖြစ်သည်။ အနော်ရ
ထာ၏စိတ်ကူးများကို အကောင်အထည်ဖေါ်ရာတွင် အားအကိုးရဆုံး၊ သစ္စာအရှိဆုံးဖြစ်သည်။
အနော်ရထာလွန်သော် အနော်ရထာ၏ မပြီးပြတ်ခဲ့သော စိတ်ကူးဆန္ဒများစွာတို့ကို ဆက်လက်
အကောင်အထည် ဖေါ်ဆောင်ခဲ့ရာတွင် ရွှေစည်းခုံစေတီလည်း အပါအ၀င်ဖြစ်ခဲ့သည်။ ကျန်စစ်
သားသည် အနော်ရထာ၏ မျိုးဆက် စောလူးမင်းထံတွင်ပါသစ္စာရှိစွာဖြင့် ဆက်လက်အမှုတော်
ထမ်းရွက်ခဲ့သည်။ စောလူးမင်းကို ငရမန် ဖမ်းဆီးသွားသဖြင့် ပုဂံ၌အုပ်ချုပ်သူမဲ့နေသဖြင့် ထီး
နန်းကိုသိမ်းယူရန် မူးမတ်တို့ကတိုက်တွန်းသည်ကို လက်မခံဘဲ စောလူးမင်းကို ကယ်တင်ရန်
ကြိုးပမ်းခဲ့သည်။ စောလူးမင်းသေဆုံးပြီး ငရမန်ကိုလည်း နှိမ်နင်းပြီးချိန်တွင်မှသာ ထီးနန်းကို
ရယူခဲ့သည်။ အနော်ရထာ၏ ပါရမီဖြည့်ဖေါ်ဆိုလျှင်လည်းမမှားပေ။
        ဤသို့ကျန်စစ်သားက အနော်ရထာအပေါ် သစ္စာရှိစွာအမှုတော်များကို ထမ်းရွက်ခဲ့သည့်
နည်းတူ အနော်ရထာကလည်း ကျန်စစ်သားအား လွန်စွာချစ်ခင်မြတ်နိုး အားကိုးခဲ့ကြောင်းကို
ရာဇ၀င်မှတ်တမ်းများအရ လေ့လာတွေ့ရှိရပေသည်။ ထို့အပြင် ထူးခြားမှုတစ်ရပ်အနေဖြင့် ၎င်း
တို့ နှစ်ဦးစလုံးက ဥဿာမင်းသမီး မဏိစန္ဒာအပေါ် ချစ်ခင်စုံမက်၊ မြတ်နိုးမှု တူညီ နေခြင်းကို
လည်းတွေ့ရပေသည်။

        အနော်ရထာနှင့် ကျန်စစ်သားတို့သည် အထက်တင်ပြပါ ဆက်နွယ်ပါတ်သက်မှုများအ
ပြင် ရှေးမဆွကပင် ကြီးမားသောဖြစ်ပျက်ဆက်နွယ်မှုများကလည်း ရှိခဲ့ကြသေးသည်။
        အနော်ရထာနန်းတက်ပြီးစအချိန် ဝေသာလီပြည် အဆင်းအင်္ဂါလက္ခဏာနှင့်ပြည့်စုံသော
မင်းသမီး ပဉ္စကလျာဏီ ကိုအနော်ရထာထံ ဆက်သလိုက်၏ ။ ရာဇတမန်အမတ်က ကိုယ်စား
အဖြစ်သွားရောက်ခေါ်ဆောင်ပြီး ပုဂံသို့အပြန်လမ်းခရီး၌ မင်းသမီးနှင့် မှားယွင်းမိလေ၏။ မိမိ
အပြစ်ကိုမြင်သော အမတ်က မင်းကြီးထံပြန်လည်လျှောက်တင်မည်စိုးသဖြင့် အခြွေအရံများ
ကို လမ်းခရီးမြို့ရွာအစဉ်၌ တစ်ယောက်စီ ချန်ထားရစ်ခဲ့၏ ။ ပုဂံရောက်၍ မင်းသမီးကို ရွှေနန်း
တင်မည့်ဆဲဆဲကာလ၌လည်း ရာဇတမန်က ကြာလျှင်မင်းကြီးထံ ပေါက်ကြားသွားမည် စိုးရိမ်
သဖြင့် မင်းကြီးထံဝင်ကာ " မင်းသမီးသည် ဝေသာလီမင်း၏ သမီးရင်းဟုတ်ဟန်မတူ၊ အလုပ်
အကျွေးတတ်သသူ ဟုမမြင်၊ အချုပ်အလုပ် အချက်အပြုတ်လည်း မတတ် "  ဟူ၍ လိမ်လည်
လျှောက်ထားလေ၏။ ထိုအခါ အနော်ရထာလည်း အမျက်တော်ထွက်၍ စုံစမ်းမေးမြန်းခြင်းပင်
မပြုတော့ပဲ ပရိမ္မာအရပ် ( မြောက်ဖက်အရပ်၊ စစ်ကိုင်းနယ် ) သို့နှင်၍နေစေ၏။

        မင်းသမီးပရိမ္မာသို့ ရောက်ပြီးမကြာမီ ပဋိသန္ဓေအရင့်အမာ ရောက်ရှိချိန် ( ပဋိသန္ဓေ မှာ
အနော်ရထာနှင့်ရသည်ဟု အချို့ သမိုင်းရေးသူတို့က ဆိုကြသည် ) မြေငလျှင်ပြင်းစွာလှုပ်လေ
၏။ အနော်ရထာလည်း ထိုငလျှင်လှုပ်သော အကြောင်းကို ဟူးရားဖြူ၊ ဟူးရားညိုတို့အား မေး
မြန်းရာ  "  မြောက်အရပ်တွင် မင်းလောင်းပေါ်မည်၊ ပဋိသန္ဓေအရင့်အမာဖြစ်၍ လှုပ်ရသည် "
ဆို၍ မြောက်အရပ်ရှိ ပဋိသန္ဓေရှိသူမိန်းမတို့ကို သတ်စေရာ ( ၇၀၀၀ ) ခုနှစ်ထောင်ကျော် သေ
ရ၏။ ကျန်စစ်သား၏ မယ်တော် ပဉ္စကလျာဏီကိုမူ နဂါးလုလင် တစ်ယောက် ၀ှက်ထားသော
ကြောင့် လွတ်သည်ဟုဆို၏။
        အတန်ငယ်ကြာသော် မင်းကြီးလည်း  " သေပြီလော "  ဟုမေးရာ ဟူးရားတို့ကလည်း
" မသေချေ၊ အမိဝမ်းမှဖွားပြီ " ဟုလျှောက်ရာ သူငယ်နို့စို့ ပုခက်တွင်း ကလေးငယ်တို့ကို စစ်
၍သတ်စေရာ ( ၆၀၀၀ ) ခြောက်ထောင်ကျော်သေရ၏။ ကျန်စစ်သားမှာ နဂါးလုလင်ဝှက်ထား
သောကြောင့် မသေပြန်။

        တခါ မင်းကြီးသတိရ၍  " သေပြီလော "  ဟုမေးပြန်၏။  " မသေချေသေး၊ နွားကျောင်း
သားအရွယ်ရှိပြီ " ဆိုပြန်၍ နွားကျောင်းသားအရွယ်ကိုစစ်၍ သတ်ပြန်ရာ ( ၅၀၀၀ ) ငါးထောင်
ကျော် သေရပြန်၏။ ဤတစ်ကြိမ်တွင်လည်း ကျန်စစ်သားမှာ သတ်ရာသို့မပါပဲ ကျန်ရစ်လေ၏။
ကျန်စစ်သားအရွယ်ရောက်လျှင် မယ်တော်က မင်းကြီး၏ဆရာတော်ထံအပ်၍ ရဟန်းပြုစေ၏ ။
ထိုအခါ ဟူးရားတို့က " မင်းလောင်းရဟန်းပြုပါပြီ "  ဟုလျှောက်ပြန်လေ၏။ မင်းကြီးလည်း ရ
ဟန်းကိုကား မသတ်ကောင်း၊ မသတ်ဝံ့သည်ဖြစ်၍ မင်းလောင်းမည်သူဖြစ်သည်ကို လည်းသိ
လိုရကား ရဟန်းတော်တို့အား နန်းတော်သို့ ဆွမ်းပင့်ဖိတ်ကျွေးလေ၏။ ကျန်စစ်သားရဟန်းရေ
သောက်မည်ပြုစဉ် အာခံတွင်းမှစက်ပြောင်ပြောင် အရောင်ထွက်မှ မင်းလောင်းဖြစ်ကြောင်းသိ
ကြရလေ၏။
        ထိုအခါ အနော်ရထာက ဤမင်းလောင်းသည် "ငါ၏ထီးနန်းကိုလုမည်လော" ဟုဟူးရား
တို့အားမေးရာ " မင်းကြီးနောက်မင်းတစ်ဆက်လွန်မှ မင်းဖြစ်ပါလိမ့်မည် " ဟုလျှောက်ကြလေ
၏။ ထိုအခါမှ အနော်ရထာသည်လည်း " အသင်တို့သည် ဤစကားကို ငါ့အား ယခုမှ လျှောက်
သည်၊ ငါ့ထီးနန်းစည်းစိမ်ကို လုလတ္တံ့သည်ဟု များစွာသောအသက်တို့ကို ငါသတ်မိသည် " ဟု
ဆိုကာ ကြီးစွာသော သံဝေဂတို့ရလေသည်။ ကျန်စစ်သားကိုလည်းလူထွက်စေ၍ အပါးတော်၌
ခစားကာအမှုတော်ကို ထမ်းရွက်စေခဲ့လေ၏ ။

        ဤသို့ဖြင့် အနော်ရထာမင်းသည် ရာဇ၀င်တွင် အရှိန်အ၀ါနှင့် သြဇာကြီးမားခဲ့၏။ ခေတ်
အဆက်ဆက်မှ မျိုးဆက် အသီးသီးတို့က အားကျအတုယူ စံပြုခဲ့ကြသော မင်းတစ်ပါးလည်း
ဖြစ်ခဲ့၏။ ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ခဲ့ပြီး ဘုရင့်နောင်မင်းတရားနှင့် အ
လောင်းမင်းတရားတို့ကို နိုင်ငံတည်ထောင်သည့် နည်းလမ်းကောင်းများကို ညွှန်ပြခဲ့သူလည်း
ဖြစ်ခဲ့သည်။ သို့သော် ....မင်းစည်းစိမ်နှင့် အာဏာ လုပ်ပိုင်ခွင့်တို့အတွက် နောင်တော်ကိုသတ်
၍ ထီးနန်းသိမ်းပိုက်ခဲ့သူအဖြစ်၊ မင်းလောင်းပေါ်သည်ဟု ကြားသိရရုံမျှဖြင့် မိမိထီးနန်းစည်းစိမ်
ကို ထိပါးလာနိုင်သည်ဆိုသည့်ု သံသယဖြင့် အသက်ပေါင်းများစွာကို စေစားသတ်ဖြတ်ရန် ၀န်
မလေးသူ အဖြစ်လည်း ရာဇ၀င်၌အမည်းစက် ထင်ကျန်စေခဲ့လေ၏။ မည်မျှကြီးကျယ်မြင့်မြတ်
သူဖြစ်စေ  ထီးနန်း ၊ အာဏာနှင့် စည်းစိမ် အတွက်ဆိုလျှင် အသက်ပေါင်းများစွာကိုပင် သတ်
ဖြတ်ရန်ဝန်မလေးခဲ့သည်ကို သတိချပ်သင့်လှသည်။
        သူ့အသက်သတ်ပြီးမှ နောင်တသံဝေဂ ရကာ မည်မျှပင်ကောင်းမှုကုသိုလ်များပြုလုပ်၍
ပြန်လည်ပေးဆပ်စေကာမူ မကောင်းမှု၏အကျိုးဆက်အဖြစ် ကျွဲခတ်ခံရကာ ဇာတ်သိမ်းမလှ
ဖြစ်ခဲ့ရသည်ကိုလည်း ဂရုပြုသင့်ပေ၏။

        ကျန်စစ်သားသည် သန္ဓေသားဘ၀မှစ၍ ရဟန်းပြုသည့်အချိန်အထိ မိမိအသက်ကိုရန်
ရှာခြင်း၊ မျက်စေ့ဒေါက်ထောက် စောင့်ကြည့်ခြင်းကိုခံခဲ့ရသည်။ ထိုသို့ မိမိအသက်ကိုကြံစည်
ရန်ရှာခဲ့သူ၊ မယုံသင်္ကာဖြင့် ထောက်လှမ်းစောင့်ကြည့် နေခဲ့သူကိုပင် လက်တုံ့ပြန်၊ လက်စား
ချေခြင်းအလျဉ်းမရှိခဲ့ပဲ တိုင်းပြည်၏ကောင်းကျိုးအတွက်သာရှေးရှု၍ လက်တွဲပူးပေါင်းဆောင်
ရွက်နိုင်ခဲ့သည်ကိုလည်း သတိပြုသင့်ပါ၏။
        အနော်ရထာအနေနှင့်လည်း တစ်ချိန်ကမိမိ မယုံသင်္ကာစိတ်ဖြင့် ရန်ပြုခဲ့ဖူးသူ၊ တောက်
လျှောက်စောင့်ကြည့် စုံစမ်းလေ့လာခြင်းပြုခဲ့ရသူကိုပင် နောင်တွင်တိုင်းပြည်နှင့် တစ်မျိုးသား
လုံးအတွက် ယုံကြည်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် သတ္တိကြောင့် တိုင်းသူပြည်သား တို့၏
ကောင်းကျိုးကို အထူးထူးသော အောင်မြင်မှုအကျိုးရလဒ်များဖြင့် စွမ်းဆောင်နိုင်ခဲ့ပေ၏။ ထို့
အပြင် တစ်ချိန်က မိမိထီးနန်းကို ထိပါးမည့်သူဟု မယုံသင်္ကာ ဖြစ်ခဲ့ဖူးသူကပင်  မိမိတစ်သက်
တာသာမက မိမိ မျိုးဆက်၏ ဘ၀လုံခြုံရေးနှင့် ထီးနန်းကိုပင် သစ္စာရှိစွာ အကာအကွယ်ပေး
စောင့်ရှောက်မှုကို ခံယူရရှိခဲ့၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်း၊ နားလည်မှုရှိခြင်း၊ အပြန်အ
လှန်လေးစား တန်ဖိုးထားခြင်းတို့၏ အကျိုးဆက်များပင်ဖြစ်ပေသည်။

        ရာဇ၀င်ဆိုသည်မှာ အတိတ်ကာလဆီမှ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များ၏ အတိတ်ပုံ
ရိပ်၊ အတိတ်ကြေးမုံပြင် ပင်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကားလိုလည်း အပျင်းပြေ ဖတ်
ရှု ၊ ကြည့်ရှု နိုင်ပေသည်။ မှတ်သား လေ့လာ သုံးသပ်ခြင်းဖြင့်လည်း အသိပညာနှင့် ဆင်ခြင်
ဥာဏ်ကို တိုးပွားစေနိုင်သည် ။ နောင်လာနောင်သားတို့သည် အတိတ်ပုံရိပ်၊ ကြေးမုံပြင်တို့မှ
တွေ့ရမြင်ရသောသင်ခန်းစာတို့ကို သတိပြု ဆင်ခြင်၍့ လက်တွေ့မျက်မှောက် ကာလ၌လည်း
ကောင်း၊ အနာဂါတ်ကာလ၌ လည်းကောင်း မိမိအကျိုး၊ အများအကျိုးတို့ကို ဖြစ်ထွန်းစေမည့်
အမှုကိစ္စတို့ကိုသာရွေးချယ်ဆောင်ရွက်သင့်ကြပေသည်။

        မိမိအကျိုးတစ်စုံတစ်ရာ အတွက်ကိုသာ ရှေးရှုပြီး သူတစ်ပါးအသက်များစွာတို့ကို ဆုံး
ရှုံးရလေအောင် မပြုဆောင်သင့်။
        တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်း၊ နားလည်မှုရှိခြင်း၊ အပြန်အလှန် လေးစားတန်ဖိုးထား
ခြင်းတို့ကို ထင်သာမြင်သာအောင် ပြသကာ ကောင်းမွန်သောအကျိုးဆက်များ ရရှိရေး လမ်း
ကြောင်းကို ဖေါ်ဆောင်သင့်ကြပေသည်။

        ရှေးလူကြီးသူမတို့က ရင်းနှီးပေးဆပ် ခဲ့ကြရသမျှသည် အချည်းနှီးမဖြစ်စေပဲ ယနေ့ မိမိ
တို့အတွက် အသင့်ခူးဆွတ်ယူနိုင်သော အသီးအပွင့်များဖြစ်နိုင်ကြပါစေ........................။

ေ  န  လ  မ  င်း  (  ၂ ၀ ၁ ၁  စ က် တ င် ဘာ  ၇  )

Ref ;  မှန်နန်းမဟာရာဇ၀င်တော်ကြီး
         ခေတ်မှီမြန်မာရာဇ၀င် အကျဉ်း ( အမျိုးသားပညာဝန် ဦးဖိုးကျား )
         သမိုင်းနိဒါန်းအကျဉ်း ( ရဲထွဋ်လှ )
         ပုဂံသူရဲကောင်းများ ( သော်တာဆွေ )
         အိုဘယ့်အနော်ရထာ ( တက္ကသိုလ် စိန်တင် )

Wednesday, September 14, 2011

စပါတာ..မီးသတ်သမား..ဂျပန်အလုပ်သမား

ယခု ဂျပန် နျူကလီးယား ပေါက်ကွဲမှု အန္တရာယ် ကပ်ဘေး ဆိုးကနေ ရှောင်ရှားဖို့ အသက်စွန့်လုပ်နေကြတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ မြင်ကွင်းက ဂရိဒေသမှ သူရဲကောင်း စပါတာ ၃၀၀ ရဲ့ စွန့်စားမှုကို ပြန်အမှတ်ရစရာ
ဖြစ်လာသည်။
ဂရိကို ကျူးကျော်ဖို့လာတဲ့ ရန်သူ ပါရှန်း (ယခု အီရန်) တစ်သန်းကျော် ရှိ စပ်တပ်ကြီးကို  သာမိုပီလီ တောင်ကြားမှာ  စပါတာ သူရဲကောင်း ၃၀၀ က အသက်ပေးတိုက်ခဲ့တဲ့ သမိုင်းဝင် ဇာတ်လမ်း ရှိသည်။ အင်အား အဆမတန်ကြီးပြီး လက်နက် ယန္တရားပဉ္စလက် ပေါင်းစုံနဲ့ ချီလာတဲ့ ပါရှန်ဘုရင်က စပါတာတွေကို လက်နက်ချရင် သူကောင်းပြုဖို့ ကမ်းလှမ်းကြည့်သည်။ မရ။ စပါတာ ၃၀၀က နောက်ဆုတ်ဖို့လည်း မစဉ်းစား။ ကိုယ့်အသက်တွေ သေမှာ သိသိနဲ့ မနိုင်မှန်းသိတဲ့ ခေါဘဏီတပ်ကြီးကို ခံတိုက်ရင်း စွန့်လွှတ်စတေးခဲ့ကြသည်။
ရလဒ်က ရန်သူ ပါရှန်းတွေကို အချိန်ဆွဲ တိုက်ထားနိုင်တာနဲ့အမျှ ဖရိုဖရဲ စိတ်ဝမ်းကွဲနေတဲ့ ဂရိဒေသကြီး ပြန်လည် စည်းလုံးမိလာပြီး နောက်ဆုံး အောင်ပွဲ ဆင်နိုင်ခဲ့ကြသည်။ စပါတာ သူရဲကောင်း ၃၀၀ ရဲ့ စွန့်စားမှုက ငထွေရူးတို့ ညောင်ဦးဖီးတို့လို ဒဏ္ဍာရီမဟုတ်။ တကယ် အသက်ပေးသွားတဲ့ သမိုင်းဝင် စွန့်စားမှုကြီး ဖြစ်သည်။
နယူးယော့ခ် ကမ္ဘာ့ကုန်သွယ်ရေး စင်တာကြီး အကြမ်းဖက်တိုက်ခိုက်ခံရတော့ အသက်ပေးသွားတဲ့ မီးသတ်သမား ၃၄၀ ရဲ့ စွန့်လွှတ်မှုကလည်း သမိုင်းဝင် ဖြစ်သွားသည်။ မီးစွဲလောင်နေတဲ့ WTC မိုးပျံအဆောက်အဦကြီး အထပ် ထပ်ကနေ လူတွေ ထောင်သောင်းချီ ဆင်းပြေးလာချိန်မှာ မီးသတ်သမား ၃၄၀ က မီးငြိမ်းဖို့ အပေါ်ကို တက်နေကြသည်။ အားလုံး အသက်လု ဆင်းပြေး နေရတဲ့ အချိန်မှာ မိမိတာဝန်အတွက် အများနဲ့မတူနဲ့ လားရာဘက် တက်ရင်း အသက်ပေး သွားခဲ့ကြသည်။
လူ့အဖွဲ့အစည်းတွေမှာ အရေးအကြောင်း ဖြစ်လာတဲ့အခါ ကပ်ကမ္ဘာပျက်မှု ကြုံရတဲ့အခါ သူရဲကောင်းတွေ ပေါ်မြဲဖြစ်သည်။ ယခု နျူကလီးယား အန္တရာယ် ဘေးဆိုးကြီးကနေ ကာကွယ် ရှောင်ရှားနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ စွန့်စားမှုတွေကို တကမ္ဘာလုံး စောင့်ကြည့်နေကြသည်။ သူတို့က စပါတာတွေလို နယူးယော့ခ် မီးသတ်သမားတွေလို သူရဲကောင်းများ ဖြစ်သည်။ သို့သော် သူတို့က အသက်ရှိ စွန့်စား လုပ်ကိုင်နေသူများ ဖြစ်သည်။
ပြီးခဲ့တဲ့အပတ် ငလျင်နဲ့ ဆုနာမီကြောင့် ဖူကူရှီမာ ဒိုင်အီချီ ဓာတ်ပေါင်းဖိုတွေကနေ နျူကလီးယား ယို့စိမ့် ပေါက်ကွဲထွက် လာမှာမို့ လူ သိန်းပေါင်း များစွာ အိုးအိမ်တွေ စွန့်ပစ် ပြေးခဲ့ကြရသည်။ ဒါပေမဲ့  နောက်ဆုံး လက်ကျန် စက်ရုံ အလုပ်သမား ၁၈၀ ကတော့ နျူကလီးယား ဘေးဆိုးကြီးကို ကာကွယ်ဖို့ သူတို့ အသက်တွေ စတေးရင်း လုပ်ကိုင်နေကြ သည်။
အမေရိကန် စွမ်းအင် အရာရှိ  Robert Alvarez က “အခု ဂျပန် အလုပ်သမားတွေရဲ့ ဆောင်ရွက်ချက်က ကြီးမားတဲ့ သူရဲကောင်း လုပ်ငန်းကြီးပါ။ ရေဒီရေးရှင်းတွေ ပျံနှံ့ထွက်လာရင် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ သူတို့ အသိဆုံးပဲ။ ဟိုက်ဒရို ပေါက်ကွဲမှုကြီး ဖြစ်လာရင် သိပ်ကြောက်ဖွယ်ကောင်းတယ်။ ဒါပေမဲ့ သူတို့ တာဝန်ကို အစွမ်းကုန် ဆောင်ရွက် နေကြတယ်။ ဂျပန်တွေဟာ တာဝန်ကို ရိုသေတဲ့ လူမျိုးဆိုတာ ကမ္ဘာကို ပြသနေကြတယ်။ ကပ်ဆိုးကို တားဆီနိုင်ပြီး သူတို့ ပြန်လာရင် အနည်းဆုံးတော့ သွေးဖြူဥ ကင်ဆာနဲ့ လည်ချောင်း ကင်ဆာမျိုးတွေ ရကြလိမ့်မယ်” ဟု ဆိုသည်။
ဂျပန် ဘုရင်ကိုယ်တိုင်ကလည်း အလုပ်သမား သူရဲကောင်းများကို လေးစားဦးညွှတ်ကြောင်း ပြောခဲ့သည်။
မောက္ခ နိုင်ငံတကာ သတင်း