Showing posts with label ဝထ္ထူ. Show all posts
Showing posts with label ဝထ္ထူ. Show all posts

Tuesday, September 20, 2011

ဖန်တီးခြင်း၏ အနုပညာ


ဂျူး
မေမေအခုရေးနေသည့်စာကို သား အခု မဖတ်နိုင်သေးတာ မေမေသိပါသည်။ သားသည် အခုမှ အသက်သုံးနှစ်ပြည့်ခါစ လူကလေးမဟုတ်လား။ သို့သော် သားစာဖတ်နိုင်သည့်အရွယ်အထိ မေမေ မစောင့်နိုင်လောက်အောင် မေမေ့ အတွေးတွေက လောကြီးနေသည် သား။ သား ဘယ်လိုကြီးပြင်းလာမှာလဲ၊ သားသည် ဘယ်နေရာတွင် ထူးချွန်ထက်မြက်ပြီး ဘယ်နေရာတွင် ညံ့ဖျင်းမည်လဲ။ သား၏အနာဂတ်ကို အခုပဲ မြင်ချင်လွန်းလို့ မေမေ စိတ်လှုပ်ရှားစွာ ရင်ခုန်လှပါပြီ။

သားကလေးသုံးနှစ်အရွယ်မှာ သားနှင့်ပတ်သက်သည့် အနာဂတ်ကို မေမေ အဆုံးအစမရှိ ကျယ်လွင့်စွာ စိတ်ကူးကြည့်နိုင်သည်။ သားကပုံသဏ္ဌာန်မပေါ်လာသေးသည့် ရွှံ့စေးတုံးကလေး တစ်တုံးကိုး။



သားက ရထားတွေကိုချစ်သည်။ သံလမ်းပါသည့် ကစားစရာရထားလေးကို တမေ့မမော ဆော့ကစားနေတတ်သော သားသည် ရန်ကုန်နှင့် မန္တလေးပြေးဆွဲသည့် ရထားကြီးတွေကို စီးရသည့်အခါ လက်ခုပ်လက်ဝါးတီး၍ ခုန်ဆွခုန်ဆွ ကျေနပ် ကြည်နူးနေတတ်သည် မဟုတ်လား။ သားသည် တစ်ချိန်ချိန်မှာ ရထားကြီးတစ်စင်းကိုမောင်းနှင်မည့်သူ ဖြစ်လာမလား၊ သို့မဟုတ် ရထားတွေကိုပိုင်ဆိုင်သောသူ ဖြစ်လာမလား၊ ဒါက သား၏ စိတ်အားသန်မှုနှင့် ဖန်တီးတီထွင်စွမ်းရည်ပေါ်မှာ မူတည်လိမ့်မည်။

သားနှင့်ပတ်သက်သည့် မေမေ့မျှော်လင့်ချက်တွေက တခြားမိခင်တွေ၏ မျှော်လင့်ချက်တွေနှင့် တူချင်မှ တူပါလိမ့်မည်။ မေမေက သားကိုဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့၊ စစ်ဗိုလ်ဖြစ်ဖို့၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့၊ အနုပညာရှင်ဖြစ်ဖို့၊ ကျောင်းဆရာဖြစ်ဖို့ စသည်စသည် တိကျစွာသတ်မှတ်ပြီး မျှော်လင့်မထားပါ။ မေမေမျှော်လင့်သည်က တစ်ခုတည်း၊ သား စိတ်ဝင်စားစွာရွေးချယ်လိုက်သော ပညာရပ်တစ်ခုမှာ သားသည်ဖန်တီးတီထွင်နိုင်သည့် အရည်အချင်းဖြင့် ထူးချွန်စွာ အောင်မြင်နိုင်ဖို့၊ အဲဒါမေမေ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည် သားရယ်။

အဲသည်တစ်ခုတည်းသော မေမေ့မျှော်လင့်ချက် ပြည့်ဝဖို့ အခုကတည်းက မေမေကြိုတင်ပြင်ဆင်ရတော့မည်။ မေမေ့မှာ အရည်အချင်းတွေ လိုအပ်နေသေးသည်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် ထူးချွန်သော ဖန်တီးရှင်ပုဂ္ဂိုလ် ဂျီးနီးယပ်စ် ဖြစ်လာဖို့ သူ့ပတ်ဝန်းကျင်က ဝိုင်းဝန်းမတင်ပေး၍ မရနိုင်သော်လည်း ထူးချွန်မည့်ကလေးတစ်ယောက်ကို အရည်အသွေးတွေ ပျက်စီးသွားအောင်တော့ သူ့ပတ်ဝန်းကျင်က ဆွဲချပစ်နိုင်သည်ဟု မေမေနားလည်ထားသောကြောင့်ဖြစ်သည်။ သားမှာ ဖန်တီးတီထွင်နိုင်စွမ်းရှိလျှင် ထိုအရည်အသွေးကို မေမေ ဆွဲချဖျက်ဆီးမပစ်မိဖို့ အရေးကြီးပါသည်။

ဒါကြောင့် မေမေ့မှာ ဟောသည် အရည်အချင်းတွေနှင့် ပြည့်မီအောင် မေမေ ကြိုးစားရလိမ့်မည်။

(၁) ကလေးတစ်ယောက်လို တွေးတတ်သည့်အကျင့် ရှိရမည်။

ကလေးတစ်ယောက်မှာ ဖန်တီးစိတ်နှင့် စိတ်ကူးဖြန့်ကျက်သည့် အရည်အသွေးတွေ ရှိသည်။ မေမေသိပါသည်။ ကလေးတစ်ယောက်၏ ဖန်တီးကြံဆစွမ်းရည်ကို အားပေးတတ်ဖို့ဆိုလျှင် မေမေ့မှာ ကလေးတစ်ယောက်၏ စိတ်ကူးကြံဆမှုမျိုး ရှိဖို့လိုသည်။

တစ်ခါတုန်းက ပန်းချီအကျော်အမော်တစ်ယောက် ဖြစ်လာနိုင်ဖွယ်ရှိသည့်ကလေးတစ်ယောက် လူကြီးမိဘတို့၏ မသိနားမလည်မှုကြောင့် လေယာဉ်ပိုင်းလော့ ဖြစ်သွားရဖူးသတဲ့။ အဲသည်လူကတော့ ကွယ်လွန်သူ ပြင်သစ်ဆရာကြီး အန်တွမ်း ဒီ စန်းတက်ဇူပေရီပါပဲ။ သူရေးခဲ့သော 'မင်းသားလေး' အကြောင်း မေမေ သားကို ပုံပြောပြဖူးပါသည်။ အဲသည် စာအုပ်ထဲမှာ သူ ငယ်စဉ်က ရေးဆွဲခဲ့သည့် ပန်းချီရုပ်ပုံတစ်ခုအကြောင်း ပြောထားသည် မဟုတ်လား။ သူရေးဆွဲသည်က ဆင်တစ်ကောင်လုံးကို မျိုထားသည့် မြွေကြီး၏ပုံ၊ သို့သော် မြွေ၏ ပြင်ပပုံသဏ္ဌာန်ကိုပဲ ပုံဖော်ရေးဆွဲထားသဖြင့် လူကြီးတွေကို 'ဒါကြောက်စရာကောင်းလား' မေးသည့်အခါ 'ဒါ ဦးထုပ်တစ်လုံးပဲ၊ ဦးထုပ်ကို ဘာကြောင့် ကြောက်ရမှာလဲ' လို့သာ ပြန်ဖြေကြသတဲ့။ ထိုအခါ လူကြီးတွေ အသေအချာမြင်တတ်ဖို့ မြွေ၏ အတွင်ပိုင်းကိုပါ ဖောက်ထွင်းရေးဆွဲပြရပြန်သတဲ့။ အဲသည်အခါကျမှ ဆင်ကို မျိုထားသော မြွေကို လူကြီးတွေ မြင်တတ်သွားပါသတဲ့။ သို့သော် လူကြီးတွေက သူ့ကို အဲလိုပုံမျိုးမဆွဲဖို့၊ ပထဝီ၊ သမိုင်း၊ သင်္ချာဘာသာကိုပဲ ပို၍ စူးစိုက်လေ့လာဖို့ တိုက်တွန်းဖျောင်းဖျကြပါသတဲ့။ အဲသည်လိုနှင့် Antoine de Saint Exupery ဟူသော လူတစ်ယောက်သည် ပန်းချီအကျော်အမော် ဖြစ်မလာဘဲ လေယာဉ်ပိုင်းလော့ ဖြစ်လာခဲ့လေသတဲ့။ သူက ဟာသစွက်ပြီး ရေးထားပါသည်။

သားက မေမေ့အား ဆင်ကိုမျိုထားသည့် မြွေတစ်ကောင်ပုံကို ပြင်ပသဏ္ဌာန်ဖြင့်ရေးဆွဲပြီးလာပြခဲ့လျှင် အဲဒါကို ဦးထုပ်အဖြစ် မေမေမြင်သွားမိမှာကို စိုးရိမ်သည်။ ဆင်ကိုမျိုထားသည့် မြွေကြီးပဲဟု မြင်တတ်ပြီး ထိုပုံကြောင့် မေမေ ကြောက်သွားချင်ပါသည်။ အဲသည်လို ဖောက်ထွင်းသိမြင်ဖို့ဆိုလျှင် မေမေသည် သားတွေးသလို တွေးတတ်မှ ဖြစ်မည်။

မေမေတို့လူကြီးတွေသည် အသက်ကြီးလာသည့်အခါ ပညာတွေတတ်လာသည်။ အတွေ့အကြုံဗဟုသုတတွေ များလာသည်။ တားမြစ်ချုပ်တည်းမှုတွေ များလာသည်။ အဲသည်အခါမှာ မေမေတို့၏ စပ်စုစိတ် စူးစမ်းကြံဆစိတ်တွေ ဆုံးရှုံးသွားတော့သည်။ အလုံးစုံကိုသိသူတွေ ဖြစ်လာပါရဲ့။ သို့သော် ကျရှုံးမှာကြောက်သဖြင့် စိတ်ကူးအသစ်တွေနှင့် ဝေးရလေသည်။ သား အရွယ်ရောက်သည့်အခါ မေမေတို့လို သားမှာ အဲသည် အရည်အချင်းတွေ မဆုံးရှုံးစေချင်ပါ။ အဲသည် စပ်စုစိတ်၊ စူးစမ်းကြံဆစိတ်တွေသည် ထူးချွန်သောဖန်တီးစိတ်ကူးရှင်ဖြစ်ဖို့ အရေးကြီးသော လိုအပ်မှုတွေ ဖြစ်သည်သား။

ကလေးတစ်ယောက်လိုတွေးလျှင် လွတ်လပ်သည်။ အလိုအလျှောက် သဘာဝတုန့်ပြန်မှု ရှိသည်။ အကြောက်အလန့် ကင်းမဲ့သည်။ ဝေဖန်ခံရမှာကို မကြောက်၊ အဲသည်အခါမှာ စိတ်ကူးသစ်တွေကို ဖန်တီးနိုင်လိမ့်မည်။ ဒါမှလည်း စိတ်ကူးသစ်တွေ ဖန်တီးသော သားကို မေမေက အားပေးနိုင်ပါလိမ့်မည်။

(၂) မေးခွန်းတွေကို သားမေးတဲ့အခါ မေမေ စိတ်ရှည်ရှည်ဆွေးနွေးနိုင်ကျင့်ရှိရမည်။

ကလေးတစ်ယောက်ကို မေးခွန်းတွေ မေးတတ်အောင်သင်ပေးစရာ မလိုပါ။ ကလေးတွေက မေးခွန်းမေးသည့် အလေ့အထ ရှိပြီးသားပါ။ ထိုအလေ့အထကို ပျောက်သွားအောင် တားမြစ်ပိတ်ပင်လိုက်သူက လူကြီးတွေသာ ဖြစ်သည်။

ကောင်းကင်ကြီးက ဘာကြောင့် ပြာနေတာလဲ။
ကလေးတစ်ယောက်၏အဲသည်မေးခွန်းမျိုးကို အတိအကျ မဖြေနိုင်သော၊ စိတ်ရှုပ်ထွေးနေသော လူကြီးသည် ကလေးကို ဟန့်တာပိတ်ပင်လိုက်မှာ အမှန်ပဲ။ ထိုအခါ ကလေးအနေနှင့် မေးခွန်းမေးခြင်းမှာ မသင့်တော်သောကိစ္စတစ်ခုအဖြစ် လက်ခံပြီး တွန့်ဆုတ်သွားမှာပဲ။
'ဘာကြောင့်လဲ' ဆိုသောမေးခွန်းသည် ကလေးတွေဆီမှာ အမြဲရှိသည်။ ကလေးတွေက အရာရာကို ညီတူညီမျှ အလေးအနက်ထာေးသာကြောင့် ဖြစ်သည်။
ဒီအပင်က ဆူးတွေ ရှိပြီးတော့ ဟိုအပင်က ဘာဖြစ်လို့ ဆူးမရှိတာလဲ။ သား မေးလာလိမ့်မည်။ အဲသည်အခါ မေမေ မဖြေတတ်ပေမဲ့ တတ်စွမ်းသမျှ ရုက္ခဗေဒလောကသဘာဝဖြင့် ဖန်တီးအားထုတ်ကာ မေမေ ဖြေရတော့မည်။

နေပူကျဲကျဲမှာ အိမ်အပြင်ကို မထွက်ရဘူး......ဟု မေမေ တားမြစ်သည့်အခါ သားက “ဘာကြောင့်လဲ၊ ဘာဖြစ်လို့ မထွက်ရမှာလဲ၊ ထွက်ရင် ဘာဖြစ်မလဲ” ဟု ပြန်မေးလာခဲ့လျှင် မေမေ စိတ်မတိုမိမှ ဖြစ်မည်။ “ဘာကြောင့်” ဟူသော မေးခွန်းကိုသားမေးတိုင်း အဲသည်မေးခွန်းအတွက် မေမေ့မှာ အဖြေ အဆင်သင့်ရှိရမည်။ သားမေးတိုင်း မေမေဖြေနိုင်မှ သားက ဆက်မေးဖို့သတ္တိရှိလိမ့်မည်။ သား မေးခွန်းတွေမေးတတ်မှ ပြဿနာတစ်ခုကို ဘက်ပေါင်းစုံမှ သား ဆင်ခြင်ဖြေရှင်းနိုင်လိမ့်မည်။

တစ်ခါတုန်းက မေမေစာအုပ်တွေ စီထပ်နေသည့်အခါ သား၏ မမက မေမေ့အနားမှာကူညီပြီး စာအုပ်တွေ သယ်ပေးနေခဲ့သည်။ အဲသည်တုန်းက သားသည် မေမေ့ဘဝထဲသို့ ရောက်မလာသေး။ မေမေ့ဆီမှာ၊ မေမေ့အိမ်မှာ၊ မေမေ့သားအဖြစ်ဝင်လာဖို့ ခပ်လှမ်းလှမ်းမှ အကဲခတ်နေဆဲကာလ ဖြစ်လိမ့်မည်။ သား မမက အသက် ၄- ၅ နှစ်အရွယ်ပေါ့။ သား မမက စာအုပ်တွေကို အမြင့်ကြီးထပ်စေချင်သည်။ မေမေက နှစ်ပုံ သုံးပုံခွဲလျက် ခပ်နိမ့်နိမ့်သာ ထပ်သည်။ သား မမက မေမေ့ကို မေးခဲ့သည်။

“မေမေ.....အမြင့်ကြီး ဘာလို့မထပ်တာလဲ”
“ဘာလို့မထပ်သလဲဆိုတော့ ပြိုကျမှာမို့ပေါ့”လို့ မေမေ ဖြေခဲ့သည်။ သူများအပြောကို လွယ်လွယ်နှင့်လက်မခံချင်သော သား မမက မျက်မှောင်ကြုတ်သည် သား။ သည်တော့ မေမေက သမီးစိတ်ကြိုက်အမြင့်ကြီး ထပ်ပေးလိုက်သည်။ အဲသည်အခါ စာအုပ်ပုံက ပြိုကျသွားလေသည်။ ထိုအခါမှ သမီးက လက်ခံသွားတော့သည်။

ဘာကြောင့် ဟူသောအမေးကို လက်တွေ့ရှင်းပြနိုင်သည့်အခါတွေ ရှိသည်။ လက်တွေ့ရှင်းပြလို့မဖြစ်ဘဲ စကားနှင့်သာ ရှင်းပြနိုင်သောကိစ္စတွေလည်း ရှိပါသည်။ လက်တွေ့ရှင်းပြလို့ရသည့်ကိစ္စတွေမှာ လက်တွေ့ရှင်းပြထားမှ လက်တွေ့မပြနိုင်သည့်ကိစ္စတို့တွင် မေမေတို့၏အဖြေကို သားတို့ ကျေနပ်လိမ့်မည်။ အဲသည်လို ကျေနပ်မှလည်း နောက်ထပ်ဆက်၍ မေးခွန်းတွေမေးဖို့ စိတ်အားထက်သန်လိမ့်မည်။
သည်တော့ မေမေ သားတို့မေးသမျှ မေးခွန်းတွေကို စိတ်ရှည်ရှည်ဖြေရင်း အားပေးချင်ပါသည်။

(၃) အဆပွားယူတဲ့ အတွေးအခေါ် (Reproductive Thinking) ထက် ထုတ်လုပ်ဖန်တီးနိုင်တဲ့ အတွေးအခေါ် (Productive Thinking) ကို ပိုပြီး လိုအပ်ကြောင်း သားကို အသိပေးပြောပြရမည်။


မေမေတို့ သာမန်လူတွေသည် အဆပွားယူသော အတွေးကိုသာ တွေးတတ်လေ့ရှိကြသည်။ သဘောကတော့ အတိတ်ကကြုံတွေ့ခဲ့တဲ့ ဆင်တူရိုးမှားပြဿနာတွေအပေါ်မှာ အခြေခံပြီး တွေးတောခြင်းဖြစ်သည်။ အရင်တုန်းက ကြုံခဲ့သည့် ပြဿနာကို မေမေတို့သင်ထားသည့်ပညာ၊ တွေ့မြင်ထားသည့်ဗဟုသုတတွေသုံးပြီး ဖြေရှင်းခဲ့ပုံများကို ပြန်လည်မှီငြမ်းပြီး အဲသည် ထုံးတမ်းစဉ်လာအတိုင်း နောက်ထပ်အဆပွား တွေးခေါ်ဖြေရှင်းနည်း ဖြစ်သည်။ အဲသည် တွေးခေါ်ဖြေရှင်းနည်းကို မမှန်ဘူးဟု မေမေမဆိုလိုပါ။ သို့သော် အသစ်အသစ်သော နည်းလမ်းစိတ်ကူးတွေ ကိုမရနိုင်။ ရပြီးသားကိုပဲ ရလိမ့်မည်။ အဲသည်နည်းနှင့် မေမေတို့ အားလုံး သာမန်လူတွေ ဖြစ်ခဲ့ကြရသည်။

ထူးချွန်ထက်မြက်သည့်ပုဂ္ဂိုလ်တွေကတော့ မေမေတို့နှင့် မတူ။ သူတို့က ထုတ်လုပ်သည့်အတွေးကိုသာ တွေးကြသည်။ ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ သူတို့စဉ်းစားပုံက
“ဒီပြဿနာကို နည်းလမ်းဘယ်နှစ်မျိုးနဲ့ ငါ ချဉ်းကပ် စဉ်းစားနိုင်မလဲ”
“ငါမြင်ထားတဲ့နည်းကို နောက်ထပ်ဘယ်လိုပြန်တွေး ကြည့်နိုင်ဦးမလဲ”
“ဒီပြဿနာကို ငါ မတူညီတဲ့နည်းတွေ ဘယ်နှစ်မျိုးလောက်နဲ့ ဖြေရှင်းကြည့်နိုင်မလဲ” အဲသည်လို စဉ်းစားတွေးခေါ်ပါသည်။

မေမေတို့ကတော့ “အရင်တုန်းက ဘယ်သူကတော့ ဒီ ပြဿနာမျိုးကို ဘယ်လိုကိုင်တွယ်ခဲ့ဖူးတယ်” ဆိုသည့် အတိတ်အတွေ့အကြုံ သင်ခန်းစာမှပွားယူသည့် အတွေးကိုသာ တွေးတတ်သည်။
သားကို မေမေက Productive Thinking သာ တွေးစေချင်သည်။ အဲသည်နည်းဖြင့်သာ သားသည် ပြဿနာကို နည်းလမ်းပေါင်းစုံမှ တွေးဖို့ စိတ်ရှည်လိမ့်မည်။ နီးစပ်သည့်အဖြေတစ်ခု ရသွားသည့်အခါ အခြားအဖြေတစ်ခုအတွက် ဒုက္ခမခံလိုတော့သည့် စိတ်ကျေနပ်မှုမျိုးလည်း သားမှာ လွယ်လွယ် မဖြစ်ပေါ်စေလိုပါ။
အိုင်းစတိုင်းဟူသော သိပ္ပံပညာရှင် ထူးချွန်ပုဂ္ဂိုလ်ကြီးအကြောင်း မေမေသားကို ပြောပြရဦးမည်။ တစ်ခါတုန်းက အိုင်းစတိုင်းကို လူတစ်ယောက်က မေးခဲ့ဖူးသတဲ့သား။

“သာမန်လူတစ်ယောက်နဲ့ ဆရာကြီးနဲ့ ဘာတွေ ကွာခြားလို့လဲ”
အဲသည်တော့ အိုင်းစတိုင်းက ဟောသည်လို ပြန်ဖြေခဲ့သတဲ့။
“သာမန်လူတစ်ယောက်ကို ကောက်ရိုးပုံထဲမှာ အပ် တစ်ချောင်းရှာခိုင်းကြည့်ခဲ့ရင် သူ ရှာဖွေပါလိမ့်မယ်၊ ဒါပေမဲ့ အပ် တစ်ချောင်း တွေ့ပြီးဆိုတာနဲ့ သူ အရှာရပ်ပစ်လိုက်လိမ့်မယ်။ ကျွန်တော်ကတော့ အပ်တစ်ချောင်းတွေ့ပြီးပေမဲ့ ကောက်ရိုးပုံတစ်ခုလုံး မွှေနှောက်ဆုတ်ဖြဲပြီးတော့ နောက်ထပ်တွေ့နိုင်သမျှ အပ်အားလုံးကို ဆက်ရှာနေမှာပဲ၊ အဲဒီလို ကွာခြားပါတယ်”

ရစ်ချတ်ဖိုင်းမင်း (Richard Feynman) ဆိုတဲ့ အမေရိကန် ရူပဗေဒပညာရှင်တစ်ယောက်က စာသင်ကျောင်းတွေမှာ ဆပွားတွေးခေါ်ခြင်းအကျင့်ကို မသင်ပေးဘဲ ထုတ်လုပ်တွေးခေါ်ခြင်းအကျင့်ကို သင်ပေးဖို့ အဆိုပြုခဲ့သည်။
ဥပမာ ၂၉ ဂဏန်းကို ၃ ဂဏန်းနှင့်ပေါင်းရမဲ့ ပုစ္ဆာတစ်ပုဒ်ဆိုပါစို့။ ၂၉+၃ ရဲ့ အဖြေကို တွက်တတ်ဖို့က သူတို့ဆီက တတိယတန်းဆင့်ထက် ငယ်ရွယ်သူ ကျောင်းသားတွေနှင့် မသင့်တော်ဘူးဆိုပေမဲ့ ပထမတန်းဆင့် ကလေးတစ်ယောက်ဟာ ဤပုစ္ဆာကို တွေးတောခြင်းအားဖြင့် ဖြေရှင်းနိုင်မှာပါပဲ တဲ့။ ၃၀၊ ၃၁၊ ၃၂ ရယ်လို့ စဉ်းစားအဖြေရနိုင်ပါသတဲ့။ နည်း အမျိုးမျိုးနဲ့ ရှာကြည့် အမှားတွေကိုဖယ်ရင်း အမှန်တွေကို ရနိုင်မှာပေါ့ သား။

(၄) အတိတ်အတွေ့အကြုံမှ လွတ်ကင်းစွာ တွေးတောနိုင်ဖို့ သားကို မေမေ လေ့ကျင့်ပေးရမည်။

ထုတ်လုပ်သည့် Productive Thinking ကို မသုံးဘဲ နမူနာရှိပြီးသားထဲကနေ ဆပွားတွေးယူသော Re-productive Thinking ကိုချည်း မေမေတို့က အသုံးပြုနေသည့်အတွက် မေမေတို့၏ အတွေးနယ်ပယ်များ တင်းကျပ်ကျဉ်းမြောင်းကုန်ပါသည်။ အတိတ်ကကြုံခဲ့ဖူးသည့် ပြဿနာနှင့် အပေါ်ယံမှာဆင်တူပြီး အတွင်းအနှစ်မှာ လုံးဝကွဲပြားသော ပြဿနာသစ်ကိုကြုံရသည့်အခါ မေမေတို့၏ ဖြေရှင်းနည်းတွေ မှားကုန်တော့သည်။ ဘာကြောင့်လဲဆိုတော့ မေမေတို့တွေးသည့် Re-productive Thinking သည် မူလအစစ်အမှန်ကို တူးဆွ တွေးခေါ်ခြင်း မဟုတ်ဘဲ ရှိပြီးသားကို ပုံတူပွားသည့်အတွေး ဖြစ်နေသောကြောင့်ပါပဲ။

နမူနာအားဖြင့် မေမေကြားဖူးသော ဆွစ်(စ်)နာရီကုမ္ပဏီ အဖြစ်အပျက်ကို ပြောပြချင်သည်။
၁၉၆၈ ခုနှစ်တွင် နာရီထုတ်လုပ်စက်ရုံလုပ်ငန်းကို ပြီးခဲ့သည့်ရာစုနှစ်ပေါင်းများစွာကအတိုင်း ဆွစ်(စ်)က လွှမ်းမိုး ချုပ်ကိုင်ထားသည်။ အဲသည်အချိန်မှာ အီလက်ထရွန်းနစ်ဖြင့် နာရီရွေ့လျားဖို့ ဆွစ်(စ်)ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ တီထွင်ဖော်ထုတ်ခဲ့သည်။ သို့သော် တီထွင်မှုအသစ်ကို ထိုနှစ်တွင် ကမ္ဘာ့နာရီကွန်ဂရက်(စ်)မှာ တင်ပြလိုက်သည့်အခါ ဆွစ်(စ်)ထုတ်လုပ်သူတိုင်းက ပယ်ချခဲ့ကြသတဲ့။ စက်ရုံမှာ သူတို့ကြုံတွေ့ရပြီးသောအတိတ်ဖြစ်ရပ်တွေအရ အနာဂတ်မှာ အောင်မြင်မှာ မဟုတ်ဘူး....ဆိုသောဆုံးဖြတ်ချက်နှင့်ပေါ့။ သို့သော်ဂျပန် ဆီကိုကုမ္ပဏီကတော့ အဲဒီတီထွင်မှုကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ဆက်လက်ကြိုးစားသွားလိုက်သည့်အခါ ကမ္ဘာ့နာရီဈေးကွက်တစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲပေးလိုက်သူအဖြစ် အောင်မြင်သွားလေသတဲ့။

သား သတိထားရမည်။
အရင်က သားတွေးခဲ့ဖူးသည့် နည်းတွေအတိုင်း သား အမြဲတွေးနေမည်ဆိုပါက ကိုယ်ရပြီးသားအရာတွေကိုပဲ အမြဲတမ်း ရနေလိမ့်မည်သား။ ဖန်တီးတီထွင်ဥာဏ် ဆိုသည်မှာ အသိပညာဥာဏ်ရည်နှင့် မတူပါ။ သားမရဖူးသေးသည့်အရာကို ပိုင်ဆိုင်ရရှိဖို့ဆိုလျှင် သားမတွေးဖူးသော အတွေးသစ်တွေကို တွေးတောကြံဆနေဖို့ လိုလိမ့်မည်။

(၅) အစဉ်အလာစည်းမျဉ်းတွေကို ချိုးဖောက်ရဲဖို့ သားကို တွန်းအားပေးရလိမ့်မည်။

အသစ်တစ်ခုဖန်တီးခြင်းဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။

ဥပမာ သားက ကျောင်းသားကလေးတစ်ယောက် ဖြစ်သည် ဆိုပါတော့။ အများတကာ ကျောင်းသားတွေက မျဉ်း၏အပြင်မှာ အရောင်ခြယ်နေကြချိန်တွင် သားသည် စူးစမ်းစိတ်ဖြင့် မျဉ်း၏အပြင်မှာ အရောင်ခြည်လျှင် ပုံက ဘာပုံရသွားမလဲ ဟူသော အတွေးဖြင့် အပြင်မှာ အရောင်ခြည်ကြည့်ရဲရလိမ့်မည်။ အဲသည်လို အရောင်ခြည်မိသည့်အတွက် ဆရာက၊ သူငယ်ချင်းတွေက ဝေဖန်လျှင် သား ရဲ့ဝံ့စွာ ခံနိုင်ရမည်။

မေမေတို့လူလောကကြီးသည် ဝေဖန်ရှုတ်ချသူများ၊ ကန့်ကွက်သူများဖြင့် ပြည့်နေခဲ့သည် သား။ အများနှင့်မတူသော အသစ်တစ်ခုခုကို သားလုပ်လျှင် သူတို့တွေက သားကို လှောင်ပြောင်ကြမည်၊ သို့မဟုတ် ကရုဏာဒေါသဖြင့် ပြစ်တင်ကြလိမ့်မည်။ အဲဒါကို ခံနိုင်ရည်မရှိလျှင် သား ဘယ်တော့မှ အသစ်တီထွင်ဖန်တီးသူ ဖြစ်မလာနိုင်ပါ။ ဖန်တီးသူဖြစ်ဖို့ သတ္တိလိုပါသည်။

“ကြော်ငြာတွေမှာ အရုပ်တွေ၊ ပုံရိပ်တွေထက် စကားလုံးတွေက ပိုပြီး အရေးကြီးတယ်”ဆိုသော အများလက်ခံသည့် စည်းမျဉ်း အစဉ်အလာတစ်ခုကို Leo Burnett ဆိုသူက ချိုးဖောက် လိုက်သတဲ့။ သူသည် ယနေ့ခေတ်မှာ မှတ်မိလွယ်ဆုံး အားကောင်းလှသော ပုံရိပ်တို့ကို ဖန်တီးတင်ဆက်ခဲ့သူ ဖြစ်သတဲ့။ ဥပမာ မာလ်ဘိုရိုလူသားနဲ့ကျားကလေးတိုနီ စသည့်ပုံရိပ်များ ဖြစ်သည်.....တဲ့။ မေမေ လုံးဝလက်ခံနိုင်ပါသည်။ မေမေအခုတလော တွေ့နေရသော MTV channel မှာ လာတတ်သည့် လီဗိုင်း(စ်) ဂျင်းဘောင်းဘီကြော်ငြာကိုလည်း မေမေကြိုက်သည်။ အခန်းထဲမှာ ရပ်နေရာက နံရံတွေကို တွန်းထိုးဖောက်ထွင်းထွက်၊ ဟိုးအပြင်လောကမှာ သစ်ပင်မြင့်ကြီးတွေ၏ ပင်စည်အတိုင်း ခွန်အားအပြည့် တက်သွားပြီး လေထုထဲသို့ လွင့်ပျံခုန်သွားသော လူငယ်တို့၏ လွတ်လပ်မှု၊ ပေါ့ပါးမှု အရသာ။ အဲဒါ ဂျင်းဘောင်းဘီရဲ့ အရသာပေါ့။ အခုဖြင့် ကြော်ငြာတွေအားလုံး စကားကနည်းနည်း၊ အရုပ်ကများများ ခေတ်သို့ ရောက်ပါပြီ။

Fred Smith ဆိုသူက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံပိုင် စာတိုက်စနစ်တစ်ခုတည်းကသာလျှင် စာဝေခွင့်ရှိသည်ဆိုသော အစဉ်အလာတစ်ခုကို ချိုးဖောက်ခဲ့သူဖြစ်သည်။ သူသည် အခု မေမေတို့ တိုင်းပြည်အထိ ခေတ်စားနေသော Federal Express(Fed Ex) လုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်သည်။
စည်းမျဉ်းအစဉ်အလာဆိုသည်မှာ တစ်ခါတစ်ခါကျတော့ လူ၏ ဖန်တီးတွေးခေါ်နိုင်စွမ်းကို အကျဉ်းချထားသော မမြင်ရသည့် အတားအဆီးတွေ ဖြစ်တတ်သည်။ အဲသည် အတားအဆီးတွေကို စိတ်ခေါ်လိုက်သည့်အခါကျမှ ကိုယ့်မှာရှိသော ဖြစ်နိုင်စွမ်းတွေ ဖြန့်ကျက်လာပြီး စိတ်ကူးသစ်တွေ ပေါ်ထွက်လာနိုင်မှာ ဖြစ်သည်။

စည်းမျဉ်းအစဉ်အလာတွေကို ချိုးဖောက်ကြည့်ဖို့ နည်းလမ်းတစ်ခုကတော့ “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးမြန်းဖို့ပါပဲ။ ဘာကြောင့်ဒီအတိုင်းဖြစ်ရမှာလဲ၊ ဘာကြောင့် သည်အစဉ်အလာကို လိုက်နာရမှာလဲ။ ထိုအခါ အဖြေတစ်ခုကို ရလာလိမ့်မည်။ ရလာသောအဖြေပေါ်မှာ ထပ်ပြီး မေးခွန်းထုတ်ကြည့်ရဦးမည်။ ဘာကြောင့်လဲ။ အဲသည်နည်းအားဖြင့် သားသည် အစဉ်အလာစည်းမျဉ်းတွေကို ရင်ဆိုင်သည့်အခါ ရှင်းလင်းချက်တစ်ခုရသော်လည်း ကျေနပ်မနေဘဲ နောက်ထပ် နည်းသစ်များဖြင့် ချဉ်းကပ်မိပေလိမ့်မည်။

သား သိထားတုန်းက အစဉ်အလာစည်းမျဉ်းကို ချိုးဖောက်ဖို့ ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ သတ္တိရှိဖို့လိုသည် ဆိုတာပါပဲ။



(၆) စိတ်ကူးအသစ်တစ်ခုရလာဖို့ ပုံမှန်အတွေးတွေကိုပဲ မေးခွန်းထုတ်ပြီး ဆန်းစစ် အဖြေရှာနိုင်သေးသည် ဆိုတာ သားကိုပြောပြရမည်။ အဲသည်မေးခွန်း ခုနစ်ခုကို အင်္ဂလိပ်ဝေါဟာရ SCAMPER အဖြစ် အစ စာလုံးများကို စုပေါင်းထားသည်။


တစ်ခါတုန်းက မေမေရယ်၊ သားရယ်၊ သား၏မမရယ် သစ်သားအတိပြီးသော တံတားကြီးတစ်ခု တည်ရှိရာ အင်းရေပြင်အကျယ်ကြီးသို့ ပျော်ပွဲစားထွက်ခဲ့ကြသည်ကို သားမှတ်မိပါလိမ့်မည်။ အဲသည်တုန်းက ဝါဆို ဝါခေါင် ရေကြီးချိန်ဖြစ်သဖြင့် အင်းရေပြင်မှာ ရေလျှံတက်နေသည်။ အဲသည်မှာ တံတားပေါ်၌ ငါးမျှားနေကြသောလူတွေကို မေမေတို့ ခဏခဏ ဖြတ်ကျော်ခဲ့ကြသည်။ ထို့နောက် သားက မေမေအား ပူဆာပါတော့သည်။

“သားသားလည်း ငါးမျှားချင်တယ်” တဲ့
သား၏ငါးမျှားချင်စိတ်မှာ ငါးမျှားသည့်မြင်ကွင်းမှ ကျော်လွန်သည့်အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မည်ဟု မေမေ ထင်ခဲ့မိ၏။ သို့သော် သားကလေးက အစွဲအလန်းကြီးလှသည်။ မေမေ စိတ်ညစ်ခဲ့ရပါသည်။

သားဘယ်လိုလုပ်ပြီး၊ ငါးမျှားလို့ဖြစ်ပါ့မတုန်း၊ သား အသက်က၃နှစ်ပဲရှိသေးသည်၊ နောက်ပြီး သားကို သူတစ်ပါး၏အသက် သေစေသောသူအဖြစ် မေမေမမြင်ချင်။ သားမမျှားတတ်လို့ ငါးမိသွားမှာ မပူပင်ရဘူးပဲထား၊ ငါးရှိနိုင်မည့် ရေ ပတ်ဝန်းကျင်မှာ သားကလေး ဘယ်လိုနည်းနှင့်မျှ ကြာကြာထိုင်လို့မဖြစ်။ မေမေက အဲသည်အတွေးဖြင့် သားအား တစ်လမ်းလုံး ဖျောင်းဖျ ချော့မော့ခဲ့ရသည်။

သည်နေရာမှာ မေမေက လူကြီးဖြစ်နေသည့်အတွက် အစဉ်အလာအတွေးတွေကိုသာ မေမေ တွေးတောခဲ့မိသည်ကိုး။ သား၏ ငါးမျှားလိုခြင်းပြဿနာမှာ မေမေဦးတည်ပြီးတွေးသည်က ငါးအကောင်၊ ရေ၊ ငါးမျှားတံ၊ ငါးမျှားချိတ်၊ တီကောင် သို့မဟုတ် ငါးစာ၊ သူတစ်ပါး၏ အသက်၊ သူတစ်ပါး၏နာကျင်မှု စသည်စသည်ဖြင့် အစဉ်အလာအတွေးတွေပဲဖြစ်သည်။ ပြဿနာ၏ မြင်သာသောပုံသဏ္ဌာန်ကို ရှုမြင်သည့် အတွေး ဆိုပါတော့ သားရယ်။

သို့ပေမဲ့ သား မမကတော့ ကလေးဖြစ်သည်။ သား မမက ငါးမျှားခြင်း၏ ပုံသဏ္ဌာန်ကိုမတွေးဘဲ နောက်ခံတည်ရှိမှုကို တွေးခဲ့သည်။

အိမ်ပြန်ရောက်သည့်အခါ သားမမ ဘာလုပ်သည် ထင်သလဲ။ သူ့မောင်လေးအတွက် ငါးရုပ်လေးတွေ ရေးဆွဲတော့သည် သား။ စက္ကူဖြူပေါ်မှာ သူတတ်သရွေ့မှတ်သရွေ့ဖြင့် ငါးရုပ်ကလေးတွေရေးကာ ရောင်စုံခဲတံဖြင့် ဆေးခြယ်လိုက်သည့်အခါ သားအတွက် ရောင်စုံငါးတွေ ရတော့သည်။ ထိုငါးကလေးများကို ကတ်ကျေးတစ်လက်ဖြင့် အနားတွင်လိုက်ကိုက်လိုက်သည့်အခါ သားဖမ်းလို့ရမည့် ငါးတွေအဖြစ် ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့ပေါ့။

“ဒီငါးတွေကို မောင်လေးက ငါးမျှားတံတုတ်ချောင်းနဲ့ ဖမ်းပေါ့နော်၊ မမ အပ်ချည်ကြိုးနဲ့ ချည်ပေးမယ်”
သမီး၏အတွေးကို မေမေသိရတော့မှ မေမေ့ခေါင်းထဲမှာ လက်ခနဲ အတွေးပေါ်လာခဲ့သည်။
ဟုတ်သားပဲ။ သားအတွက် အဓိကအရေးကြီးတာက ငါးစစ်စစ်မဟုတ်၊ ရေပြင်မဟုတ်၊ ငါးမျှားတံစစ်မဟုတ်။ သားလိုချင်သောအရာကလေးကို သားလက်ထဲသို့ ပါလာအောင် အမိအရ ဖမ်းယူပြီး စိတ်ကျေနပ်ရမည့် နည်းလမ်းတစ်ခုသာ လိုအပ်သည်။

အဲသည်တော့မှပဲ ကမန်းကတန်း ရှာကြံတွေးဆရသည်။ ငါးကလေးတွေကို တုတ်၏ကြိုးရှည်မှာ ချိတ်ပါလာအောင် ဘယ်လို လုပ်ရပါ့မလဲ။

နောက်ဆုံးမှာ မေမေတို့ စာလည်းသင်ခဲ့ရသော၊ စာ မသင်ခင်ကလည်း ခဏခဏစမ်းသပ် ဆော့ကစားခဲ့ဖူးသော သံလိုက်နှင့် သံ၏ ဆွဲဆောင်မှုကို သတိရသွားသည်။ ထို့နောက် သားကလေးက ဘေးမှာ ထိုင်ကြည့်နေစဉ် မေမေနှင့်သားမမက သားအတွက် ငါးရုပ်ကလေးတွေ၏ ဦးခေါင်းနေရာမှာ သံကွင်းသေးသေးလေးတွေ ဖောက်စွပ်ကြသည်။ မေမေ့မှာ ကွင်းကျယ်သီးတပ်ပြီးဝတ်ဖို့ ဝယ်ထားသော သံကွင်းလေးတွေ ပုလင်းနှင့်အပြည့် ရှိသည်လေ။

ထိုသံကွင်းလေးတွေသည် သံလိုက်နှင့်ထိလျှင် ကပ်ပြီးပါလာမှာပဲ မဟုတ်လား။ မေမေသည် သံလိုက်တုံး အသေးလေးကို အပ်ချည်ကြိုးဖြင့်ချည်ပြီး ထိုအပ်ချည်ကြိုး အစရှည်ရှည်ကို တုတ်ကလေး၏အဖျားမှာ ထပ်ချည်လိုက်ရ၏။ ကဲ.....ငါးမျှားတံတော့ ရပြီ။ ငါးတွေကို ရေထဲချလို့မရ။ သည်တော့ ရေနှင့် အသွင်သဏ္ဌာန်တူသော ဖန်ပုလင်းအကြည်စားထဲမှာ ဖြန့်ကျဲထားလိုက်သည်။

“ဟောသည်မှာကြည့်သား၊ မေမေတို့ ငါးမျှားမယ်၊ သားက ဒီတုတ်လေးကိုကိုင်”
တုတ်တံလေးကို သားအား ကိုင်စေပြီး သံလိုက်တုံးကလေးကို ဖန်ပုလင်းထဲရောက်အောင် ခပ်ဖြည်းဖြည်းချပေးလိုက်သည့်အခါ ငါးလေးတစ်ကောင်က သံလိုက်တုံးကို ပြေးကပ်လာသည်။
“ငါးလေးတစ်ကောင်မိပြီ သားရေ”
သားသည် မေမေ့ထံမှ ငါးမျှားတံကလေးကို ဆွဲယူကာ စိတ်လှုပ်ရှားစွာ ရယ်မော သဘောကျနေခဲ့လေသည်။
“မိပြီ၊ ငါးကလေးတစ်ကောင်မိပြီ၊ သားသားဖမ်းတာ”
တော်ပါသေးရဲ့ သားရယ်၊ သား မမကယ်ပေလို့။
စောစော မေမေပြောနေသည့် SCAMPER ဟူသော (မေးအပ်သည့်) မေးခွန်းခုနစ်ခုအကြောင်း လေ့လာတွေ့ရှိခဲ့သည်မှာ Alex Dsborn ဖြစ်သည်။

စိတ်ကူးသစ်တစ်ခုရဖို့ အစဉ်အလာအတွေးတွေကို ဟောသည်နည်းတွေနဲ့ ပြုပြင်မွန်းမံ၍ ရသည်တဲ့။
S= Substitute အစားထိုးကြည့်မလား၊
C= Combine ပေါင်းစပ်ကြည့်မလား၊
A= Adapt မှီငြမ်းပြုမလား၊
M= Modify, Magnify ထူးကဲအောင်ပြုမလား၊ ချဲ့ထွင်ကြည့်မလား၊
P= Put to other uses အခြားအသုံးပြုမှုထဲ ထည့်ကြည့်မလား၊
E= Eliminate ပယ်ဖျက်ပစ်မလား၊
R= Rearrange, Reverse ပြန်စီစဉ်မလား၊ ပြောင်းပြန် လှန်ပစ်မလား၊

အဲသည်မေးခွန်းတွေအားလုံးကို မေမေတို့ သိပြီးသား၊ လောကမှာ ခဏခဏ ကြုံတွေ့ အသုံးပြုပြီးသားပါ။ သို့သော် ဖန်တီးတီထွင်သည့် စိတ်ကူးသစ်တစ်ခုရဖို့ မေးမြန်းစစ်ကြောကြည့်ရမည့် မေးခွန်းတွေ အဖြစ်တော့ တစ်ခါမျှ စနစ်တကျ သုံးမကြည့်ဖူးခဲ့ပေ။

သားကလေးကို ထူးချွန်ထက်မြက်သူ ဖြစ်စေချင်လွန်း၍ မေမေလက်လှမ်းမီသမျှ စာတွေကို ဖတ်ရှုလေ့လာကြည့်တော့မှ မေမေ သိလာခဲ့ရပါသည်။

တစ်ခုတော့ မေမေ စိတ်မကောင်းဖြစ်ရပါသည်။ သား မမနှင့် ပတ်သက်၍ပါ၊ သမီးအတွက်နှင့် မေမေ မခံချင်စိတ် ဝင်မိသည်။

သားမမကို မေမေမွေးပြီးသည့်နောက် သမီးကလေးတစ်ယောက်အတွက် လိုအပ်သည့်ဉာဏ်ရည်အသိနှင့် လိမ္မာထူးချွန်မှုကို မေမေ ရှာဖွေပေးနိုင်ဖို့အတွက် မေမေစာအုပ်တွေ အများကြီး ထပ်ဖတ်ခဲ့သည်။ မူလက လေ့လာထားသော ကလေးစိတ်ပညာ အသိအမြင်ဗဟုသုတများကို ထပ်ထပ်တိုးပြီး လေ့လာခဲ့သည်။ သို့သော် သမီးအတွက် မေမေ့ မျှော်လင့်ချက်တွင် ဖန်တီး တီထွင် ပညာရှင် Genius ဖြစ်ဖို့ဟူသော အတွေး ပါပါရဲ့လား။ ထိုအတွေးဖြင့် မျှော်လင့်မိခဲ့သည်ဆိုလျှင်လည်း ထို အတွေးကို ယခုလိုတော့ သမီးဖတ်နိုင်ဖို့ မေမေချမရေးမိခဲ့ပါ။ ဘာကြောင့် မရေးခဲ့မိပါသလဲ။ “သမီးမိန်းကလေး” နှင့် “ထူးချွန်ဖန်တီးရှင် Genius” အဟပ်ကွာသည် ဟု မေမေ့မသိစိတ်က လက်ခံထားခဲ့မိလို့လား။

မေမေဖတ်သမျှမှတ်သမျှ စာအုပ်များက ဖော်ပြထားသော ထူးချွန်ဖန်တီးရှင် Genius များသည် အားလုံးလိုလို ယောက်ျားတွေချည်း ဖြစ်သည်။ သည်အတိုင်းဆိုလျှင် မိန်းမတွေမှာ ထူးချွန် ဖန်တီးရှင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးဟု ကောက်ချက်ချလိုက်ကြပြီလား။
အဲသည်လိုဖြင့် မေမေ အလွယ်တကူ လက်မခံချင်ပါ။

သား၏ မမသည် အသက်ရှစ်နှစ်ပဲ ရှိသေးသည်။ အက်ဒွပ်ဒီဘိုနိုကိုလည်း မသိ၊ “ဖြန့်ထွက်တွေးခြင်း” ဆိုတာ ကိုလည်းမသိ။ သို့သော် သားအတွက် ငါးကိုအစားထိုးရမည့် ငါးရုပ်ကလေးတွေ ဖန်တီးဖို့တော့ သိသည်။ ဖြစ်အောင်လည်း သူကြိုးစားခဲ့သည်။ အခု သားကစားနေသော ငါးရုပ်လေးတွေမှာ သားမမ ဒုတိယတန်းကျောင်းသူကလေး၏ ဖန်တီးမှုဖြစ်သည်။

ဒါကြောင့် မေမေယုံသည်။ သမီးမှာ တီထွင်ဉာဏ်ရှိသည်။ စိတ်ထက်သန်မှုရှိသည်။ ကြိုးစားလိုစိတ်ရှိသည်။ အဲသည် အခြေခံစိတ်ဓာတ်ကို လူငယ်ဘဝမှာပါ ဆက်လက်တည်မြဲဖို့၊ စူးစမ်းဖန်တီးစိတ်တွေကို တွန်းအားပေးဖို့ မေမေတို့ လူကြီးတွေမှာ တာဝန်ရှိသည်။ အဲသည် ဖန်တီးစိတ်တွေကို လူငယ်ဘဝကနေ လူကြီးဘဝအထိရောက်အောင် သယ်ဆောင်ကျင့်ကြံဖို့ကတော့ သားတို့သမီးတို့၏ တာဝန် ဖြစ်သည်။

သမီးမိန်းကလေးတွေ ထူးချွန်သူဖြစ်မလာဘူးဆိုလျှင် အဲဒါ တားဆီးတတ်သော ပတ်ဝန်းကျင်ကြောင့်ပဲ။
မေမေကတော့ မေမေ့တာဝန်ကို အခုကစပြီး ဆောင်ရွက် အကောင်အထည် ဖော်တော့မည်။

(၇) ပထမဆုံး ခြေလှမ်းအဖြစ် သားတို့သမီးတို့၏ မှတ်ဉာဏ် အရည်အချင်းနှင့်ပတ်သက်၍ မေမေသတ်မှတ်ထားသော တန်ဖိုးများကို ပြင်ဆင်လျှော့ချလိုက်တော့မည်။

မှတ်ဉာဏ်ဆိုသည်မှာ ဦးနှောက်တွင်း အကန့်တစ်ခု၏ အရည်အသွေးတစ်ခုသာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဦးနှောက်၏ များပြားလှစွာသော တာဝန်တွေထဲမှ တစ်ခုသာဖြစ်သည်။ မှတ်ဉာဏ်နှင့် တီထွင်ဖန်တီးဉာဏ်သည် တစ်ခြားစီ တစ်ကန့်စီ ဖြစ်သည်။ ပြောရလျှင်တော့ တစ်ခါတစ်ခါ မှတ်ဉာဏ်သည် လူ၏ ဖန်တီးကြံဆဉာဏ်ကို တားမြစ်ပိတ်ပင်သော သဘော ပင်ရှိတတ်သည်။

ဒါကြောင့် သားတို့သမီးတို့အတွက် မေမေဂုဏ်ယူနည်းတွေ ပြောင်းလဲရတော့မည်။
စာတစ်ပုဒ်ကို နှုတ်တိုက်ကျက်မှတ်ရာတွင် အချိန် မြန်မြန်နှင့် အလွယ်ရသည့် အရည်အချင်းအတွက် မေမေ ဂုဏ်မယူချင်၊ ကျေနပ်ရောင့်ရဲမနေချင်။ အတန်းထဲတွင် အဆင့်တစ်တွေနှစ်တွေ မရလို့လည်း သားတို့အပေါ် မေမေ အားမလိုအားမရ မဖြစ်သင့်။ ပြဿနာတစ်ခုကို စနစ်ကျကျ လေ့လာဆန်းစစ်ပြီး နားလည်သဘောပေါက်သည့် ဉာဏ်ရည်ကို မေမေ ဂုဏ်ယူမည်။ ဆင်တူရိုးမှား ပြဿနာပဲလာလာ ဖန်တီးကြံဆစိတ်ဖြင့် ဖြေရှင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်သွားမှုကိုသာ မေမေ ဂုဏ်ယူမည်။

(၈) လူ့လောကမှာ ပို၍ပို၍ ဖန်တီးကြံဆနိုင်ဖို့ သားဟာ လူ ၄ ယောက်ဖြစ်ဖို့ လိုသတဲ့သား။ အရည်အချင်း ၄ မျိုးရှိဖို့ ဆိုပါတော့သားရယ်။ Roger Von Oech ဆိုသည့် ပုဂ္ဂိုလ်က သတ်မှတ်ထားသော မှတ်သားစရာ အချက်တွေပါ။


သတင်းအချက်အလက်အသစ်တွေကို ရှာဖွေနေသည့်အခါ သားသည် နယ်ပယ်သစ်ရှာဖွေသူ Explorer အဖြစ် ကျင့်ကြံရမည်။
သားမှာ ရရှိလာသော အရင်းအမြစ် သယံဇာတတွေကို စိတ်ကူးသစ်အဖြစ် အသွင်ပြောင်းသည့်အခါ သားသည် အနုပညာရှင် Artist ဖြစ်ရမည်။

သားမှာရရှိသောစိတ်ကူးသစ်၏ အကျိုးအမြတ်ကို ချင့်ချိန် စစ်ဆေးသည့်အခါ သားသည် တရားသူကြီး Judge ဖြစ်ရမည်။ သား၏ စိတ်ကူးသစ်ကို မှန်ကန်သည်ဟု ဆုံးဖြတ်ပြီး လှုပ်ရှားဆောင်ရွက်သည့်အခါ သားသည် စစ်ထွက်သူရဲကောင်း Warrior ဖြစ်ရမည်…..တဲ့။

နယ်သစ်ရှာဖွေသူ Explorer မဖြစ်မှာကို သား စိတ်မပူပါနဲ့ သား။ လူငယ်တွေမှာ စပ်စုစိတ်၊ စူးစမ်းသိမြင်လိုစိတ်တွေ ရှိပါသည်။ လူငယ်တွေ၏ မေးခွန်းမေးလိုစိတ်ကို ရိုက်ချိုးမပစ်မိဖို့ မေမေတို့ လူကြီးတွေကသာ ကြိုးစားကျင့်ကြံ ယူရမှာပါ။

အနုပညာရှင် Artist မဖြစ်မှာကိုလည်း သား စိုးရိမ်ဖို့မလိုပါ။ ကလေးတိုင်းသည် ဖန်တီးဉာဏ်ရှိကြပါသည်။ ပီကာဆို ဟူသော ပန်းချီဆရာကြီးတစ်ယောက်က ပြောဖူးသည်။

“ကလေးတိုင်း ကလေးတတိုင်းဟာ အနုပညာရှင်ပါပဲ။ ပြဿနာကဘာလဲဆိုတော့ အဲဒီကလေးကြီးပြင်းလာတဲ့အခါ အနုပညာရှင်အဖြစ် ဆက်လက်တည်မြဲနေနိုင်ဖို့ပါပဲ” တဲ့။

“သားအနုပညာရှင် အဖြစ် ဆက်လက်တည်မြဲနိုင်ဖို့ သား ဘာတွေလုပ်ရမလဲ” ဟု မေးလာခဲ့လျှင် အဖြေတွေက အဆင့်သင့် ရှိပါသည်သား။ ဟောသည်အရည်အချင်းတွေ သား ကျင့်ကြံအားထုတ်ရမည်။

မှီငြမ်းရမည်၊ စိတ်ကူးဖြန့်ကျက်ရမည်၊ အတွေးတွေကို လိုအပ်လျှင်ပြောင်းပြန်လှန်ရမည်၊ အတွေးတွေကို ဆက်သွယ်ရမည်၊ နှိုင်းယှဉ်ရမည်၊ ဖျက်ပယ်ရမည်၊ ဟာသဖြင့် ရယ်ပွဲဖွဲ့ပစ်နိုင်ရမည် တဲ့။

တရားသူကြီး အရည်အချင်းကလည်း သားအတွက် အလွန်အရေးကြီးပါသည်။ ဘာကြောင့်လဲဆိုတော့ သား ရလာသည့် စိတ်ကူးသစ်ကို အကောင်အထည်ဖော်ဖို့ စစ်သူကြီးတစ်ယောက်လို ရဲဝံ့စွာ တိုက်ခိုက် ဆောင်ရွက်ရတော့မည်ဆိုတော့ သားတိုက်ခိုက်ဖို့အထိ ထိုင်တန်သော မှန်ကန်သော စိတ်ကူးသစ် ဟုတ်မဟုတ် သား ဆုံးဖြတ်နိုင်ရမည်ပေါ့။ မထိုင်တန်သော စိတ်ကူးသစ်တစ်ခုအတွက် သား စွန့်စား တိုက်ခိုက်လိုမည် မဟုတ်ပါ။

တရားသူကြီး ရာထူးအတွက် သား ချင့်ချိန်တတ်ရမည်။
Grant Heidrich ဟူသော ပုဂ္ဂိုလ်ကပြောခဲ့သည် သား။
“သွေးပူလေ့ကျင့်ခန်းအတွက် အချိန်အကြာကြီးယူပြီး ဖြုန်းတီးနေခဲ့ရင် မင်းဟာ အပြေးပြိုင်ပွဲကို လွဲရလိမ့်မယ်။ သွေးပူလေ့ကျင့်ခန်းကို လိုသလောက် မလုပ်မိပြန်ရင်လည်း မင်းဟာ ပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးနိုင်မှာမဟုတ်ဘူး” တဲ့။

ဒီတော့ သားမှာ ဟောဒါတွေ လိုသေးသည်။
ရည်မှန်းချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ သား လေ့လာရမည်။
အကောင်းတွေ အကျိုးတွေကို သိရမည်။ အဆိုးနှင့် အပြစ်တွေကို သိရမည်။
အောင်မြင်ဖို့ဖြစ်နိုင်ခြေများနှင့် ရှုံးနိမ့်ခဲ့လျှင် ဘယ်လို ပြန်ဆပ်ရမလဲ သိရမည်။
အချိန်ကိုက်ပြီလား၊ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးအချိန်လား သိရမည်။
ဘက်လိုက်မှုတွေ တမ်းညွတ်မှုတွေ ပါနေသလား၊ ဆန်းစစ်ရမည်။
နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ဟာ ဘာလဲ ဟု သိရမည်။
တရားသူကြီးအဖြစ် ဆုံးဖြတ်ပြီးလျှင်တော့ စစ်ထွက် သူရဲကောင်း အဖြစ် သတ္တိရှိရှိ ရဲရင့်စွာတိုက်ခိုက်ပေတော့ သား။
အဲသည်လို ယုံကြည်ရာ စိတ်ကူးသစ်တစ်ခုအတွက် သား တိုက်ခိုက်သည် ဆိုသည့်အခါ…….
သားသတ္တိ ရှိပါ။
သား၏ ရည်ရွယ်ချက်ကိုရောက်ဖို့ နည်းဗျူဟာတွေ စီစဉ်ပါ။
သားအနေနှင့် ဘာကိုစတေးရဲသလဲဟု တွေးပါ။
ဆုံးရှုံးမှု၏ နောက်ဆက်တွဲ အရာများကို ကြိုစဉ်းစားပါ။
ရှေ့ဆက်တက်ပါ။
သားကို ဘယ်အရာတွေက နှောင့်နှေးအောင် တားဆီးနေသလဲ သိမြင်ပါ။
သားရဲ့စွမ်းအင်ကို ပညာရှိစွာ အသုံးချပါ။
လဲကျသွားသည့်အခါ ပြန်ထပါ။
ဘယ်လောက်အထိ သားဇွဲကြီးရမလဲ ကိုယ့်ကိုယ်ကို မေးပါ။
သားရဲ့ အရှုံးတွေကနေ သင်ခန်းစာယူပြီး အောင်နိုင်မှုကို ရယူပါ။
ဖန်တီးတီထွင်စိတ်ဟာ လူ့လောကမှာ ဘယ်လောက် အရေးပါသလဲဟု သား သိစေချင်လှသည်။

လောကကြီးမှာ အစစ်အမှန် အပျော်ရွှင်ဆုံး လူသား ရယ်လို့ နှစ်မျိုးပဲရှိသတဲ့။ တစ်မျိုးက ကလေးတွေ၊ နောက်တစ်မျိုးက ဖန်တီး တီထွင်ပညာရှင်ဖြစ်သော လူနည်းစုကလေး…….တဲ့။

မေမေကတော့ သားနှင့်သမီးကို ဘဝတစ်လျှောက်လုံးမှာ အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့စေချင်ပါသည်။

ကျမ်းကိုး
Thinking like a Genius by Michael Michalko
(The Futurist, May,1998)
Thinking the unthinkable by Bill Costello
(The Futurist, May,1999)
A Kick in the sea of the pants by Roger Von Oech

Monday, September 19, 2011

ခင်ပွန်းရဲ့ချစ်သူ

ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ်တာမိတတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင်မကြုံနိုင်ဘူးလို့လည်း တထစ်ချပြောလို့မရပါဘူး။ အချစ်မှာနောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေက နှစ်ယောက်ထက် မကပါဘူး။


ဖတ်မိတဲ့ “ခင်ပွန်းရဲ့ချစ်သူ” ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ဖတ်ရလွယ်အောင် နာမည်တွေကို ပြောင်းလဲရေးသားထားတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ကြပါလို့....

“ခင်ပွန်းရဲ့ချစ်သူ”

လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်း မုန်းခဲ့မိတယ်......

×××××××××× ×××××××××××××××××××

ဝတ်စုံဖြူဝတ် နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့အချိန်ရှိပါတယ်။

၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန်ယွန်းက ဒီညမှာနိုက်ဂျူတီကျတယ်။ အရေးပေါ်လူနာတစ်ဦးရှိကြောင်း (၁၁ဝ)ကပို့လာတဲ့သတင်းကို ရုတ်တရက် သူ ရလိုက်တယ်။

လူနာက လှေကားပေါ်ကပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်ဝန်သည်တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်းခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်။ ခွဲစိပ်ဖို့အတွက် အလျှင်အမြန် ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်းဝင်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့သွေးခုန်နှုန်းဟာ ငယ်ထိပ်အထိ ထိုးတက်ခဲ့တယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမယ့် ဒါတွေဟာ အိပ်မက်မဟုတ်ဘူး.... သူ့မျက်စိရှေ့မှာ ဆန့်ဆန့်ကြီးလဲနေသူက တကယ်ပဲ သူ့ခင်ပွန်းရဲ့ချစ်သူဖြစ်နေခဲ့တယ်။

မိစ္ဆာတစ်ကောင်လို သူ့ကို အရက်ရက် အလလ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မိန်းမ... အခုချိန်မှာတော့ သူ့မျက်စိရှေ့မှာ လဲလျောင်းပြီး နာကျင်ညည်းတွားနေခဲ့တယ်။ ဒီမျက်နှာကို ယွန်းအပြင်မှာ တစ်ခါမြင်ဖူးခဲ့လို့ သေရာပါ အမှတ်အသားအဖြင့် မှတ်မိနေခဲ့တယ်။ ဒါဟာ သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ပြိုကွဲအောင် ဖျက်ဆီးခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းပေပဲလား?

ယွန်းရဲ့ ရင်ထဲမှာလှိုင်းထန်နေတယ်။ ရပ်နေရာက တစ်လှမ်းမှ သူ မရွေ့ခဲ့မိဘူး။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက အလုပ်ရှုပ်နေကြပြီ။ လူနာရဲ့ နာကျင်ညည်းတွားသံက ပိုကျယ်လောင်လာခဲ့ပေမယ့် ယွန်းရဲ့ လှုပ်ရှားမှုတွေ ပိုနှေးကွေးလာခဲ့တယ်။ စိတ်ထဲမှာလည်း မွေးခွန်းတွေ ထုတ်နေမိတယ်။

“သူ့ကို ငါဘာဖြစ်လို့ ကယ်ရမလဲ? ကလေးသေတာ ဘုရားသခင် သူ့ကို ဒဏ်ခတ်တာပဲ။ ကလေးမရခဲ့ရင် ငါ့ယောက်ျား ငါ့ဆီ ပြန်လာနိုင်သေးတယ်။ ဘုရားသခင်ပေးတဲ့ ဒီအခွင့်အရေးကို ငါဘာလို့ လက်လွတ်ပြီး သူ့ကိုကယ်ရမလဲ?”

ခြေထောက်တွေကို သံမှိုစွဲထားသလား ထင်ရလောက်အောင် ယွန်း မလှုပ်မယှက် ရပ်နေမိတယ်။ အဲဒီအချိန်မှာ နာကျင်ခံစားနေရတဲ့ အသံတစ်သံက သူ့ကို လှုပ်နိုးလိုက်တယ်။ သူသတိဝင်လာတဲ့အချိန် အဲဒီအသံဟာ ကိုယ့်စိတ်ထဲကလာတဲ့ အသံဖြစ်မှန်း သူသတိထားလိုက်တယ်။ လူနာကုတင်နား ယွန်းကပ်သွားမိတယ်။ ဆရာဝန်တွေရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေ ထပ်ဟပ်နေတယ်။ လူနာက ရုတ်တရက် ယွန်းလက်ကိုဆွဲလိုက်တယ်။

“မမ... မမ ကျွန်မကို မုန်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ကလေးအသက်ကို ကယ်ပါ မမ။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ သေချင်သေသွားပါစေ။ ကလေးရဲ့အသက်ကို အရကယ်ပေးပါ မမ။ ဒီကလေးဟာ သူ့သွေးပါ မမ”

တစ်ခါမှ မခံစားဖူးတဲ့ တွေဝေမှုတွေ ယွန်းရင်ထဲမှာ ပြည့်ကျပ်နေတယ်။ ခင်ပွန်းက ယွန်းကို သစ္စာဖောက်ခဲ့တယ်။ ယွန်းရဲ့ ခင်ပွန်းနာမည်က ကိုချမ်းငြိမ်း။ နာမည်ကြီး စီးပွါးရေးကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်တယ်။ အရပ်မြင့်မြင့်၊ ခန္ဓာတောင့်တင်းတဲ့ ကိုချမ်းငြိမ်းက ယွန်းထက် နှစ်နှစ်ကြီးတယ်။

လက်ထပ်ပြီးစမှာ နှစ်ယောက်လုံး ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ခင်ပွန်းအနားမှာအမြဲနေဖို့ ယွန်းမှာ အချိန်မလုံလောက်ခဲ့ဘူး။ ဆေးရုံမှာ တစ်နေကုန် တစ်နေ့ကို ကလေးဆယ်ယောက်လောက် မွေးဖွားပေးနေရတယ်။ မမွေးဖွားနိုင်တဲ့ လူနာတွေကို ကယ်တင်နေရတယ်။ တစ်ခါတလေ နေ့ညပြောင်းပြန် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့လည်း သမီးငယ်ကို ပြုစုရသေးတယ်။ တစ်နေကုန် မောပန်းလွန်းလို့ အိပ်ရာပေါ်ခေါင်းချတာနဲ့ ယွန်းအိပ်ပျော်သွားတော့တယ်။ ခင်ပွန်းက လူကြီးဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂရုစိုက်နိုင်လိမ့်မယ်လို့ ယွန်းထင်ခဲ့တယ်။ ဒါပေမယ့် “ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေး” ဆိုတဲ့ အဆိုကို သူမေ့သွားခဲ့တယ်။ ခင်ပွန်းကို ပိုဂရုစိုက် ပြုစုရမယ်ဆိုတာကို သူမေ့လျှော့နေခဲ့တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို တာဝန်လှစ်ဟင်းခဲ့တယ်လို့ ယွန်း သူ့ကိုယ်သူ အပြစ်တင်ပြီး ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။

၂ဝဝ၁ ခုနှစ် နွေရာသီ

အလုပ်ကိစ္စနဲ့ ကိုချမ်းငြိမ်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရတယ်။ ရေစိမ်း၊ မြေစိမ်းဖြစ်တဲ့အတွက် ဝမ်းကိုက်ရောဂါကို အပြင်းအထန် ခံစားခဲ့ရတယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆေးရုံတန်းပို့တဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဆေးရုံကို ယွန်းရောက်သွားတဲ့အချိန် ခင်ပွန်းက မေ့မြောနေခဲ့တယ်။ ယွန်းငိုမိတယ်... ခင်ပွန်းရဲ့နာမည်ကိုအော်ခေါ်ပြီး ယွန်းငိုခဲ့မိသလို ခံစားနေတာတွေ ပျောက်အောင် သူ့ကိုယွန်းနမ်းခဲ့တယ်။ ခင်ပွန်း သတိပြန်လည်လာတဲ့အချိန် ယွန်းငိုနေတာကိုတွေ့တော့ အားတင်းပြုံးပြီး “ မောင့်အတွက် ယွန်းမျက်ရည်ကျလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ယွန်းစိတ်ထဲမှာ သမီးငယ်နဲ့ အလုပ်ပဲရှိတယ်လို့ ထင်ခဲ့မိတယ်” လို့ ပြောတယ်။

“မောင့်ကို ယွန်းအရမ်းချစ်တာ မောင် မသိခဲ့ဘူးလားဟင်? မောင်ဟာ ယွန်းဘဝမှာ အရေးအပါဆုံး။ မောင် သေလို့မဖြစ်ဘူး။ မောင် သေသွားရင် ယွန်းတို့ သားအမိဘယ်လိုလုပ်မလဲမောင်? မောင့်ကို ယွန်းအရမ်းချစ်တယ်”

အဲဒီအချိန်ကျမှ ခင်ပွန်းကိုချမ်းငြိမ်းကို “ချစ်တယ်” ဆိုတဲ့စကား ယွန်းမပြောဖြစ်ခဲ့တာ ကြာပြီဖြစ်ကြောင်း ယွန်းကိုယ်ယွန်း သတိထားလိုက်မိတယ်။ ဒါကြောင့် ကိုချမ်းငြိမ်းက ခနဲ့တာဖြစ်မယ်။ ဒါပေမယ့် သူခနဲ့တဲ့စကားက ယွန်းစိတ်ကို မနိုးကြားနိုင်ခဲ့သေးပါဘူး။

ကိုချမ်းငြိမ်း ဆေးရုံဆင်းမယ့်နေ့က မိန်းမငယ် ချောချောလေးတစ်ဦး အခန်းဝမှာ ရစ်သီရစ်ဝဲ လုပ်နေတယ်။ ယွန်းရှိနေလို့ အခန်းထဲကို ဝင်မလာခဲ့ဘူး။ မိန်းကလေးကိုသိလားလို့ ကိုချမ်းငြိမ်းကိုမေးတော့ မသိဘူးလို့ ငြင်းတယ်။

“ယွန်းအမျိုးသားက တက်လမ်းရှိသူ၊ ကြိုးစားသူဖြစ်တယ်။ သံယောဇဉ်လည်း ကြီးတယ်။ ခင်ပွန်းကို ယွန်း “အထူး ဂရုစိုက်၊ စိုးရိမ်ရမယ်”လို့ မိတ်ဆွေ သူငယ်ချင်းတစ်ချို့ရဲ့ သတိပေးစကားကို ယွန်းကြားယောင်လိုက်မိတယ်။ အဲဒီတုန်းက သူတို့ရဲ့သတိပေးစကားကို ယွန်း ပျက်ရယ်ပြုခဲ့မိတယ်။ ကိုချမ်းငြိမ်းဟာ သမီးလေးကို အရမ်းချစ်တယ်။ မိသားစုအပေါ် သံယောဇဉ်ကြီးတယ်။ ယွန်းတို့သားအမိ စိတ်ဆင်းရဲအောင် သူလုပ်ရက်မှာ မဟုတ်ဘူးလို့ ယွန်းယုံကြည်ခဲ့မိတယ်။

ကိုယ့်ထင်မြင်ချက်ကို အရမ်းယုံကြည်ခဲ့တဲ့ ယွန်းတစ်ယောက် ကိုချမ်းငြိမ်း အိမ်အပြန် နောက်ကျလာတာကို တဖြေးဖြေး သတိထားလာခဲ့မိတယ်။ ရုံးပိတ်ရက်၊ ပွဲတော်ရက်တွေတောင် အိမ်မှာ အနေနည်းလာခဲ့တယ်။ သူ မလျှော်ပေမယ့် ဖြူစင်သန့်ရှင်းနေတဲ့ ကိုချမ်းငြိမ်း အဝတ်အစားတွေကို တွေ့တော့ သူ စစ်မေးခဲ့ပါတယ်။ ကိုချမ်းငြိမ်းက လုပ်ငန်းရှင်တွေ ပြုစုတာ၊ ယွန်းပင်ပန်းမှာစိုးလို့ တည်းခိုခန်းက ဝန်ထမ်းတွေကို လျှော်ဖွပ်ခိုင်းတာ စတာတွေ ပြောခဲ့တယ်။ အိမ်မပြန်အိပ်ဖြစ်တဲ့ ညတွေက တည်းခိုခန်းတစ်ခုမှာ အခန်းငှားထားပြီး ညအရမ်းနက်ခဲ့ရင် အဲဒီမှာပဲ အိပ်ဖြစ်ခဲ့ကြောင်း ရှင်းပြပါတယ်။

၂ဝဝ၂ ခုနှစ် သြဂုတ်လ.... လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူတွေ့ခဲ့တဲ့ အံ့သြစရာ ကိစ္စတစ်ရပ်ကို ယွန်းဆီ တိုးတိုးတိတ်တိတ် သယ်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်က သူ့မိတ်ဆွေဖွင့်တဲ့ ဆေးခန်းမှာ ကိုယ်ဝန်ဆောင် မိန်းမငယ်တစ်ဦး လာပြခဲ့ကြောင်း၊ အဲဒီမိန်းမငယ်ကို ဟွန်ဒါကားနဲ့ လာပို့ကြောင်း၊ ဒီလို လူကုံထံ ကိုယ်ဝန်သည်တစ်ဦးက အကောင်းစား ဆေးခန်း၊ ဆေးရုံတွေမှာ မပြဘဲ ဒီလို ချောင်ကျကျဆေးခန်းငယ်မှာ လာပြတဲ့အတွက် သူထူးဆန်း အံ့သြမိကြောင်း ပြောပြတယ်။ ယွန်းလည်း စိတ်ဝင်စားပြီး ကားနံပါတ်ကို စုံစမ်းခိုင်းကြည့်မှ ကားပိုင်ရှင်ဟာ ကိုယ့်ခင်ပွန်း ကိုချမ်းငြိမ်းဖြစ်နေတာကို သိလိုက်ရတယ်။

ယွန်း တစ်ကိုယ်လုံး ရှိသမျှသွေးတွေ ဦးနှောက်ထဲအထိ ထိုးတက်လာခဲ့တယ်။ အလုပ်ကို စောစောဆင်းပြီး ကိုချမ်းငြိမ်းရဲ့ကုမ္ပဏီကို လိုက်သွားခဲ့တယ်။ ကိုချမ်းငြိမ်းရဲ့ကား ကုမ္ပဏီရှေ့မှာ ရပ်ထားတုန်းပဲ။ မုန့်ဆိုင်လေး တစ်ဆိုင်နောက်မှာ ယွန်းကွယ်ပြီး ရပ်စောင့်နေမိတယ်။ ကိုချမ်းငြိမ်း ကားမောင်းထွက်သွားတဲ့အထိ ယွန်း ရပ်စောင့်နေမိတယ်။ အဲဒီနောက် တက္ကစီတစ်စီးငှားပြီး ကိုချမ်းငြိမ်းကားနောက် ယွန်းလိုက်ခဲ့မိတယ်။ တိုက်ခန်းတစ်ခုရှေ့မှာ ကိုချမ်းငြိမ်းကားရပ်ပြီး တိုက်ပေါ်တက်သွားတာကို တွေ့လိုက်တယ်။ တိုက်အောက်မှာ ယွန်း ညနက်တဲ့အထိ ရပ်စောင့်နေခဲ့မိတယ်။

ညသန်းခေါင်ရောက်မှ ကိုချမ်းငြိမ်းရဲ့ဖုန်းကို ဆက်သွယ်နိုင်ခဲ့တယ်။ ကိုချမ်းငြိမ်းက သူ ခရီးလွန်နေကြောင်း၊ ဒီည အိမ်ပြန်ဖြစ်မှာ မဟုတ်တဲ့အကြောင်း၊ ယွန်းကို အရင်အနားယူဖို့ ပြောတယ်။ ဖုန်းပြောရင်း ယွန်းတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိတယ်။

ကိုယ့်အချစ်ရဆုံးသူက ကိုယ့်ကိုသစ္စာဖောက်သွားခဲ့ပြီ။ ကိုယ့်က ဘာမှ မသိခဲ့ရဘူး။ ဘယ်လို လုပ်မလဲ? ဘယ်လိုလုပ်ရင် ကောင်းမလဲ?

ရက်အနည်းငယ်ကြာမှာ “ခရီးလွန်” နေရာက ကိုချမ်းငြိမ်း ပြန်ရောက်လာခဲ့တယ်။ နာကျင်ခံစားမှုတွေကို ညည်းမခံနိုင်တော့ဘဲ ကိုချမ်းငြိမ်း ပြန်ရောက်ရောက်ချင်း အဖြစ်မှန်ကို ယွန်း ဆီးကြိုမေးလိုက်တယ်။ ကိုချမ်းငြိမ်း မဟုတ်ဘူးလို့ ငြင်းခဲ့ရင် ဖြစ်ပျက်ခဲ့သမျှကို ပြည့်ဖုံးကားချ မေ့ပစ်ဖို့ ယွန်းမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကိုချမ်းငြိမ်း မငြင်းခဲ့ဘူး။ ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့တယ်။ အဲဒီမိန်းကလေးကို အလုပ်မှာ ရင်းနှီးခဲ့ကြောင်း၊ အသက် ၂၅နှစ်သာ ရှိသေးကြောင်းပြောပြတယ်။

အဲဒီကောင်မလေးကို အရမ်းချစ်လားလို့ ယွန်းမေးတော့ ကိုချမ်းငြိမ်းက ဝန်မခံသလို၊ ငြင်းလည်းမငြင်းဆန်ခဲ့ဘူး။ အဲဒီကောင်မလေးရဲ့ ဘာကိုချစ်သလဲလို့ မေးပြန်တော့ ကိုချမ်းငြိမ်းက သက်ပြင်းတစ်ခုကို ဆွဲချရင်း...

“သူက သနားကြင်နာစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ မဟုတ်မခံစိတ်ရှိပေမယ့် ငါဟာ အရေးပါသေးတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ခံစားမိအောင် သူလုပ်ခဲ့တယ်”

ယွန်းမျက်ရည်တွေ စီးကျလာမိတယ်။ ကိုချမ်းငြိမ်းရဲ့စကားက အလုပ်ကြောင့် သူ့ကို လျစ်လျူရှုထားခဲ့မိတဲ့ယွန်းကို အပြစ်တင်နေမှန်း ယွန်းသိလိုက်တယ်။

လင်ယောက်ျားကို ရွံ့မုန်းမိသလို ကိုယ့်ကိုယ်ကိုလည်း ယွန်းအပြစ်တင်နေမိတယ်။ တစ်ကနေ ပြန်စဖြစ်ရင် ကိုယ်ဘာလုပ်သင့်သလဲ? ဆိုတာကို ယွန်းသိခဲ့ပါတယ်။ အရာရာကိုမေ့ပြီး အသစ်ကနေ ပြန်စဖို့ ယွန်းမျှော်လင့်ခဲ့ပေမယ့် ကိုချမ်းငြိမ်းရဲ့ အပြုအမှုတွေက သူ့မျှော်လင့်ချက်ကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်။

အဲဒီကောင်မလေးမှာ ကိုယ်ဝန်(၆)လ လွယ်ထားရပြီဖြစ်ကြောင်း၊ ဒီရင်သွေးကို သူ မလိုချင်ခဲ့ပေမယ့် ကောင်မလေးက သူ့ကို ထပ်သလဲလဲ တောင်းပန်ခဲ့ကြောင်း၊ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ တောင်းဆိုလာကြောင်း ကိုချမ်းငြိမ်းကပြောတယ်။ နောက်ပြီး ကိုချမ်းငြိမ်းအတွက် သားယောက်ျားလေးတစ်ဦး မွေးဖွားပေးချင်ကြောင်း၊ ဘာဥစ္စာစည်းစိမ်မှမလိုကြောင်းနဲ့ ကိုချမ်းငြိမ်းကို ပျော်ရွှင်အောင်ထားမယ်လို့ ပြောလာခဲ့လို့ (၂)နှစ်ကြာ တွယ်ငြိလာတဲ့ သံယောဇဉ်ကြောင့် ကိုချမ်းငြိမ်းလဲ မရက်စက်နိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်။

နောက်ဆုံး ကောင်မလေးအတွက် တိုက်ခန်းတစ်ခန်း ဌားပေးခဲ့တယ်။ အဖြစ်မှန်အားလုံးကို သိပြီးနောက် ယွန်းရူးမတတ် ခံစားခဲ့ရတယ်။ ဖြေရှင်းဖို့ အဖြေမရမချင်း ကိုချမ်းငြိမ်းရဲ့ဖုန်းကိုပဲ ယွန်း အဆက်မပြတ်ဆက်ခဲ့တယ်။ ကိုချမ်းငြိမ်း ဘယ်သွားတယ်၊ ဘယ်လာတယ်ကအစ စစ်မေးခဲ့တယ်။ နေ့တိုင်းပဲ ရန်ဖြစ်ငြင်းခုံတာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

တစ်ခါတလေ ကိုချမ်းငြိမ်း ဖုန်းပိတ်ထားတတ်တယ်။ အဲဒီအချိန်မျိုးဆိုရင် ယွန်းက ခင်ပွန်းရဲ့ချစ်သူတိုက်အောက်မှာ တစ်နေကုန် သွားရပ်စောင့်နေတတ်တယ်။ ဘေးပတ်ဝန်းကျင်က လူတွေရဲ့ သင်္ကာမကင်းတဲ့ မျက်လုံးနဲ့ တိုးခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

တစ်ခါက အဲဒီတိုက်ခန်းအောက်မှာ ကိုချမ်းငြိမ်းရဲ့ ဂရုစိုက်မှုတွေ အပြည့်ရထားတဲ့ ကိုယ်ဝန်သည်မလေးကို ယွန်းတွေ့လိုက်တယ်။ ယွန်းဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရှေ့အပြေးသွားပြီး ဆဲဆိုပစ်လိုက်တယ်။ အသိဥာဏ်ရှိသူမို့ ယွန်း ကိုယ်ထိလက်ရောက် မပြုခဲ့ဘူး။ သူ့မှာ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့လေ..

စိတ်လိုက်မာန်ပါ ဆဲဆိုခဲ့တဲ့ ယွန်းအပြုအမှုတွေက ကိုချမ်းငြိမ်းနဲ့ လုံးဝပြတ်ဆဲခဲ့ရတယ်။ ယွန်းရဲ့ မနားမနေ လိုက်စစ်မေးမြန်းမှုတွေကြောင့် ကိုချမ်းငြိမ်း ကုမ္ပဏီကို အပြီးပြောင်းသွားခဲ့တယ်။

၂ဝဝ၂ ခုနှစ် စက်တင်ဘာ နေ့ရက်တစ်ရက်မှာ ယွန်း ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ခင်ပွန်းကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီထိ လိုက်ပြီးဖြေရှင်းခဲ့တယ်။

“ယွန်း... အခုအချိန်မှာ မင်းမျက်နှာ ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ မင်းမသိဘူးလား? အစကတော့ မင်းကို ငါ အားနာမိသေးတယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။ ဆောရီးပဲ ယွန်း... မင်းနဲ့ငါ ရှေ့ဆက်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ တရားရုံမှာပဲ ငါတို့တွေ့ကြစို့.. မင်းကြိုက်သလို အယူခံခွင့်ရှိတယ်”

ကိုချမ်းငြိမ်းရဲ့ အေးစက်စက်စကားတွေက ယွန်းရဲ့နောက်ဆုံးမျှော်လင့်ချက်ကို တစ်စစီ ကွဲပျက်သွားစေခဲ့တယ်။ အိမ်ပြန်အရောက်မှာ သမီးငယ်ကို ဖက်ပြီး ယွန်းအားရအောင် ငိုလိုက်မိတယ်။

“မေမေ... ဖေဖေနဲ့မေမေ ရန်ဖြစ်တာကို သမီးအရမ်းကြောက်ခဲ့တယ်။ မေမေငိုမှာကိုလည်း သမီးကြောက်တယ်။ အခုမေမေက အရင်မေမေနဲ့ မတူတော့ဘူး မေမေ”

နားလည်သိတတ်တဲ့သမီးငယ်ရဲ့ ငိုသံရောနေတဲ့ စကားတွေကိုကြားမှ ယွန်းလန့်နိုးလာခဲ့တယ်။ ဒီလိုသာ ရှေ့ဆက်နေရင် အထိခိုက်၊ အနာကျင်ဆုံးလူက သမီးငယ်ဖြစ်မယ်ဆိုတာကို သူနားလည်လိုက်တယ်။ မိခင်တစ်ဦးရဲ့ နောက်ဆုံးခွန်အားကိုသုံးပြီး ခင်ပွန်းနဲ့ ရန်ဆက်မဖြစ်ဖို့ ကိုယ့်ကိုယ်ကို ယွန်းအမိန့်ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ရင်ထဲကအနာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ကုစားဖို့ ယွန်း ဆုံးဖြတ်လိုက်တယ်။

(၂)လဆိုတဲ့ အချိန်က မျက်တောင်တစ်ခတ်အတွင်းမှာ ကုန်လွန်သွားခဲ့တယ်။ ကိုချမ်းငြိမ်းက တစ်ခါတလေ အဝတ်အစား လာပြန်ယူတာ၊ ငွေလာပို့တာကလွဲရင် လုံးဝ သူစိမ်းတစ်ယောက်လို့ ဖြစ်သွားခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ထောင်ရေးဟာ လုံးဝ ပျက်ဆီးသွားခဲ့ပြီဆိုတာ ယွန်းသိတယ်။ တရားရုံးက ပေးပို့လာမယ့် ရုံးချိန်းရက်တွေကိုပဲ သူ တည်တည်ငြိမ်ငြိမ်နဲ့ စောင့်မျှော်နေခဲ့တယ်။

ကံကြမ္မာကို သူ့ကို ထပ်တစ်ဖန် လှည့်စားလာလိမ့်မယ်လို့ သူလုံးဝ တွေးထင်မထားခဲ့မိဘူး။ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့မှောက် အလိုလိုနေရင်း ရောက်လာလိမ့်မယ်လို့ သူတစ်ခါမှ တွေးမထားမိဘူး။ အဲဒီမိန်းမက ကလေးအသက်ကို ကယ်ဖို့၊ သူ့အသက်ကို ကယ်ဖို့ တဖွဖွ တောင်းဆိုနေသေးတယ်။

ရင်နာတယ် ! ရင်ထဲ အသဲထဲအထိ တစိမ့်စိမ့် နာကျင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေကို ကုသ၊ မွေးဖွားပေးတတ်တဲ့ယွန်းရဲ့ ရင်ထဲမှာ နဂိုရှိရင်းစွဲ ကြင်နာမှုတွေနဲ့ ဆရာဝန်ဆိုတဲ့အသိက ယွန်းရဲ့နာကျင်နေတဲ့ရင်ကို လှုပ်နိုးခဲ့တယ်။ သူ တွေဝေမနေတော့ဘူး၊ နှေးကွေး မနေတော့ဘူး။ လူနာကို သားအိမ်ပွင့်ဆေး ထိုးပေးဖို့ နပ်စ်ကို ညွှန်ကြားလိုက်တယ်။ ရင်သွေးငယ်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၂ဝ ထိ ကျနေခဲ့တယ်။ ရင်သွေးငယ် နှလုံးခုန်မြန်လာအောင်၊ အမိဝမ်းတွင်းမှာ မသေဆုံးအောင် လူနာကို အောက်ဆီဂျင်သွင်းပြန်တယ်။

(၁ဝ) မိနစ် လွန်မြောက်ခဲ့ပါပြီ။ မိခင်နဲ့ ကလေးရဲ့ အခြေအနေက တဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ လူနာကို ယွန်းစစ်ဆေးကြည့်တော့ ရင်သွေးငယ်ရဲ့ ဦးခေါင်းက သားအိမ်ဝရောက်နေပြီ။ ဒါပေမယ့် ပုံမမှန်တဲ့ အနေအထားမို့ လူနာကို အရေးပေါ် မီးဖွားခန်းပို့ပြီး ရင်သွေးကို ပုံမှန်ဖြစ်အောင် ပြောင်းပေးပြန်တယ်။

အရာအားလုံး အဆင်ပြေပြေ ပြုလုပ်နေဆဲမှာ ကိုချမ်းငြိမ်းတစ်ယောက် ဆေးရုံကိုရောက်လာလိမ့်မယ်လို့ ယွန်း လုံးဝ ထင်မထားခဲ့မိဘူး။ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ကိုချမ်းငြိမ်းနဲ့ ယွန်းခွဲခန်းရှေ့မှာ ဆုံကြတယ်။ မတွေ့ဖြစ်တာ ရက်၊ လကြာခဲ့တဲ့ ကိုချမ်းငြိမ်းက သူစိမ်းတစ်ယောက်လိုပါပဲ။ ဆေးရုံကိုလည်း မိန်းမသားဖွားလို့သာ ရောက်လာခဲ့တယ်။

ကိုချမ်းငြိမ်းရဲ့ နှုတ်ခမ်းလှုပ်သွားတာကို ယွန်းတွေ့လိုက်တယ်။ ဒါပေမယ့် စကားသံ တစ်သံမှ ထွက်မလာခဲ့ဘူး။ ကိုချမ်းငြိမ်းရဲ့ အလေ့အကျင့်၊ အပြုအမှုတွေနဲ့ ရင်းနှီးခဲ့တဲ့ ယွန်း .. အခုအချိန်မှာ ကိုယ့်ခင်ပွန်းရင်ထဲ ဘယ်လိုခံစားနေရမယ်ဆိုတာကို ယွန်းသိနေခဲ့တယ်။

လူနာကုတင်ဘေးမှာ လူနာကို အားပေးစကားတွေ ပြောနေမိတဲ့ ယွန်း.. ကိုယ့်ဒေါသ၊ ကိုယ့်နာကျည်းချက်တွေကို ဘာပိုးသတ်ဆေးနဲ့များ သတ်လိုက်မိသလဲဆိုတာ သူ့ကိုယ်သူ မသိခဲ့ဘူး။ အခုအချိန်မှာ ကိုချမ်းငြိမ်းက အကူအညီမဲ့တဲ့ ကလေးငယ်တစ်ယောက်လို ယွန်းပြောသမျှ၊ ညွှန်ကြားသမျှကို ခေါင်းညိတ် နားထောင်နေတော့တယ်။

လူနာရဲ့သားအိမ် ၁ဝ စင်တီမီတာအပွင့်မှာ ကလေးငယ်ကို မွေးဖွားဖို့ စတင်ကြတယ်။ လူနာရဲ့နာကျင် အော်ညည်းသံက အမြင့်ဆုံးထိ ထိုးတက်သွားတယ်။ လူနာကို ယွန်း နှစ်သိမ့်အားပေးနေမိတယ်။ ဒီအချိန် ယွန်းဆီမှာ ငါ့မိသားစုကို ဖြိုခွဲခဲ့သူ၊ ငါ့အချစ်ရန်သူဆိုတဲ့ နာကျည်းချက်တွေ ရှိမနေတော့ဘူး။ ထိခိုက်နာကျင်နေတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ချင်းစာစိတ်တွေပဲ ရှိနေခဲ့တယ်။

အသက်လုပွဲ (၂)နာရီအကြာမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ကိုချမ်းငြိမ်းလက်ထဲ ယွန်းအပ်လိုက်ပါတယ်။ သားလေးကို ကြည့်လိုက်၊ ယွန်းကို ကြည့်လိုက်နဲ့ ကိုချမ်းငြိမ်းရဲ့မျက်လုံးမှာ မျက်ရည်တွေအိုင်ထွန်းနေတယ်။ ယွန်းလည်း နားနေခန်းအရောက် ခုံပေါ်မှာ မှောက်ချပြီး ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဒီညမှာ ကြုံတွေ့ရတာတွေကို ပေါင်းပြီး ရင်ထဲစိတ်ထဲ ခံစားခဲ့မိသမျှတွေအတွက် ယွန်း အားရပါးရ ငိုလိုက်မိတယ်။

ယွန်းအဖြစ်ကို သိနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကိုယ်ချင်းစာတဲ့အကြည့်၊ နားလည်တဲ့အကြည့်၊ သနားတဲ့အကြည့်နဲ့ ယွန်းကို ကြည့်နေကြတယ်။ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့် အားပေးရမယ်မှန်း သူတို့မသိခဲ့ကြဘူး။

အဲဒီအချိန်မှာ တံခါးခေါက်သံနဲ့အတူ ကိုချမ်းငြိမ်းဝင်လာပါတယ်။ ယွန်းကို တစ်ရှုးလှမ်းပေးပြီး အားနာတဲ့ မျက်လုံးနဲ့ ကြည့်နေတယ်။

“လူနာဘေးမှာနေလေ.. ရှင်ဘာလို့ ဒီကို လိုက်လာရတာလဲ”

ယွန်း အေးစက်စက် ပြန်မေးလိုက်မှ တစ်ချိန်လုံး ဆွံအနေတဲ့ ကိုချမ်းငြိမ်းပါးစပ်က “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်း ထွက်ကျလာခဲ့တယ်။ အများသူရဲ့နားမှာ နားဝင်ချိုစေတဲ့ ဒီကျေးဇူးဆိုတဲ့ စကားကို အခုအချိန်မှာ ယွန်းအရမ်း မုန်းမိတယ်။ အခုအချိန်မှာပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းက ကိုချမ်းငြိမ်းနဲ့ယွန်းရဲ့ အိမ်ထောင်ရေးကို အပြီးသတ် သေမိန့်ချလိုက်သလိုပဲ ခါးသက်နေခဲ့တယ်။

ယွန်းစိတ်ကို ယွန်းထိန်းပြီး ကိုချမ်းငြိမ်းကို လေသံအေးအေးနဲ့ ပြန်ပြောလိုက်တယ်။

“လူနာအခြေအနေကောင်းပြီး ဆေးရုံဆင်းတာနဲ့ ကျွန်မ ဘာလုပ်သင့်သလဲဆိုတာ ကျွန်မသိပါပြီ။ တရားရုံးမှာပဲ ရှင်စောင့်နေပါတော့”

ယွန်းရဲ့ စကားကြားတော့ ကိုချမ်းငြိမ်း ငြိမ်သက်သွားခဲ့တယ်။ ယွန်းက ဆက်ပြီး....

“အခု ရှင့်ချစ်သူ(တိတ်တိတ်ပုန်း)က နေရာတစ်ခု၊ နာမည်တစ်ခု မလိုပေမယ့် ရှင်နဲ့ရထားတဲ့ ကလေးမှာ နာမည်၊ နေရာတစ်ခု မရှိလို့တော့ မဖြစ်ဘူး။ ကျွန်မလည်း မိခင်တစ်ဦးပါ။ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့က အပြစ်မဲ့တွေပါ။ ဒီလို လွန်ဆွဲနေတဲ့ သုံးပွင့်ဆိုင်ဇာတ်မှာ ကျွန်မနောက်ဆုတ်လိုက်ရင် အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်”

ယွန်းစကားဆုံးတော့ ကိုချမ်းငြိမ်းက အပြစ်လုပ်ထားတဲ့ ကလေးငယ်တစ်ဦးလို နားနေခန်းကနေ ခေါင်းငုံ့ပြီး ထွက်သွားခဲ့တယ်။ မှန်တစ်ချပ်က ပြန်ဆက်လို့ မရအောင် ကွဲအက်သွားခဲ့ပြီလေ......

၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

ကိုချမ်းငြိမ်းကို အိမ်လာခဲ့ဖို့ ယွန်းဖိတ်ခေါ်လိုက်တယ်။

“ကလေး လပြည့်တော့မယ်။ ကလေးအတွက် ကျွန်မတို့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ ကျွန်မတို့ ကိစ္စလည်း ဒီမှာ အဆုံးသတ်သင့်ပြီလို့ ထင်ပါတယ်”

ဆုံးဖြတ်ချက်နဲ့အတူ နှစ်ဦးသဘောတူ လက်မှတ်ထိုးကွာရှင်းဖို့ တရားရုံးကို သွားခဲ့ကြတယ်။ ဒါကလည်း နှစ်ဦးနှစ်ဖက် ဆွေမျိုးသားချင်းတွေကို မတုန်လှုပ်စေတဲ့ နည်းတစ်နည်းပါပဲ။

တရားရုံးအသွားလမ်းမှာ ကိုချမ်းငြိမ်း တိတ်ဆိတ်နေခဲ့တယ်။ တရားရုံးရောက်ခါနီး ရုတ်တရက် ယွန်းလက်ကို ကိုချမ်းငြိမ်း လှမ်းဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ မျက်ရည်ပေါက် ကြီးငယ်နဲ့ “ ခဏ ယွန်း.. ခဏလေး နေဦး။ မောင်တို့ သေချာဆွေးနွေးရအောင် .. ဒီထက်ကောင်းတဲ့ နည်းကို မောင်တို့ရှာကြရအောင် ယွန်း”

“ဒီထက်ကောင်းတဲ့ နည်း! ရှိပါတယ် ဒီထက်ကောင်းတဲ့နည်းက အချိန်ကို ပြောင်းပြန်လုပ်လိုက်ဖို့ပဲ”

ယွန်း ကွဲအက်အက် ပြန်ပြောလိုက်တယ်။ ကိုချမ်းငြိမ်းတားနေတဲ့ ကြားထဲက ကွာရှင်းစာချုပ်မှာ ယွန်း လက်မှတ်ရေးထိုး ကွာရှင်းခဲ့တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုချမ်းငြိမ်းက နေအိမ်နဲ့စုငွေကို ယွန်းအတွက်ခွဲဝေပေးပြီး သမီးငယ်ကို လစဉ်ကြေး ထောက်ပံ့ဖို့ သဘောတူခဲ့တယ်။

တရားရုံးကအထွက်မှာ ယွန်းကိုနေအိမ်ထိလိုက်ပို့ဖို့ ကိုချမ်းငြိမ်း တောင်းဆိုခဲ့တယ်။ ယွန်း ငြင်းပယ်လိုက်ပါတယ်။

“ရှင်အခုပဲ တစ်ခြားလူရဲ့ တရားဝင်ခင်ပွန်းဖြစ်သွားပြီလေ။ ဘဝတွေကို ကောင်းကောင်း တန်ဖိုးထားချစ်ပါ”

ယွန်းစကားအဆုံးမှာ ငေးမှိန်တဲ့စိတ်နဲ့ ကိုချမ်းငြိမ်းတစ်ယောက် ကားမောင်းပြီး ထွက်သွားခဲ့တယ်။ လမ်းဘေးက နှင်းတောထဲ ယွန်းထိုင်ချလိုက်မိတယ်။ လက်ထဲမှာတော့ ကွာရှင်းစာချုပ်ကို တင်းတင်းလေး ဆုတ်ကိုင်လို့....

တစ်ညနေမှာ ကိုချမ်းငြိမ်းဆီက အရက်မူးသံနဲ့ ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ကိုချမ်းငြိမ်းငိုယိုပြီး သမီးငယ်ကို လွမ်းကြောင်း၊ အိမ်ကို လွမ်းကြောင်း ပြောလာတယ်။ ဖုန်းကိုကိုင်ပြီး ယွန်း ငြိမ်သက်စွာရပ်နေမိတယ်....

ရက်အနည်းငယ်အကြာမှာ ယွန်းဆီက စာတစ်စောင်ကို ကိုချမ်းငြိမ်းလက်ခံရရှိခဲ့တယ်။

“ကျွန်မနဲ့ သမီးငယ်ရဲ့ နေ့ရက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းခွင့်ပေးပါ။ သားလေးအတွက် ဖခင်တစ်ဦးရဲ့ တာဝန်ကို ရှင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။ ဒါ ရှင်လုပ်ရမယ့် တာဝန်တွေပါ။ နောက်ထပ် တူညီတဲ့အမှားမျိုးကို ရှင်ကျူးလွန်ဖို့ မသင့်တော့ပါဘူး။ ရှင် ပျော်ရွှင်ပါစေ... ယွန်း”

စာနဲ့အတူ လက်ဆောင်တစ်ခုကိုပါ ယွန်းပါးလိုက်တယ်။ လက်ဆောင်ထုပ်ကို ကိုချမ်းငြိမ်း ဖွင့်ကြည့်လိုက်တယ်။ ဝတ်စုံဖြူ အိန်ဂျယ်ရုပ်နဲ့ အဖြူရောင် ကလေးဝတ်အင်္ကျီတစ်စုံကို တွေ့လိုက်တယ်။ အင်္ကျီကိုဆုတ်ကိုင်ပြီး ကိုချမ်းငြိမ်း ငေးငိုင်သွားခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ခုကို လေးလေးသွဲ့သွဲ့ ချလိုက်မိတယ်။

သူ့ဘဝထဲက အချစ်ဆုံး မိန်းကလေးတစ်ယောက်ကို သူလုံးဝ လက်လွတ် ဆုံးရှုံးခဲ့ရပြီဆိုတာကို ကိုချမ်းငြိမ်း သိလိုက်တယ်။ ထာဝရ လက်လွတ် ဆုံးရှုံးခဲ့ရပါပြီ......

အချစ်စစ်... အချစ်စစ်ဆိုတာ ချစ်နိုင်တဲ့အချိန်၊ ချစ်ခွင့်ရတဲ့အချိန်မှာ တန်ဖိုးထား ချစ်နေဖို့နဲ့ လက်လွတ်သင့်တဲ့ အချိန် ကြုံလာရင် လက်လွတ်တတ်ဖို့ပါပဲ။ တစ်ခုကို လက်လွတ်တတ်မှ ကျန်အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်။ လှည့်စားတတ်တဲ့ ကံကြမ္မာစက်ကွင်းထဲကနေ ကျွန်မတို့ လွတ်မြောက်ပါစေ....

မှန်တစ်ချပ်



(၁)
တရားလိုပြ သက်သေ အမှတ်(၁)မှာ ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတစ်ဦးဖြစ်သည်။ ဟောင်းနွမ်းညစ်ပေ အကွက်မလည်တော့ပြီဖြစ်သော လက်စက စွပ်ကျယ်ဖားဖားနှင့် ကျောင်းစိမ်းလုံချည်

ဟောင်းကို ၀တ်ဆင်ထားသည်။ မှုန်မွဲသောရုပ်သွင်ဟု ဆိုရမည်။
တရားခွင် သက်သေထိုင်ခုံရှေ့တွင် သူကို မတ်တပ်ရစ်စေ၍ ကတိသစ္စာပြုခိုင်းလိုက်သည်။


“နာမည် ဘယ်သူလဲ”
“မောင်ဖိုးတိုးပါ ”
“အသက်”
“၁၂နှစ်”
“ကျောင်းသားလား”
“မဟုတ်ပါဘူး၊ ကျောင်းထွက်တာ နှစ်နွေရှိပါပြီ”
“အဖေနာမည်”
“ဦးဘိုးတေ”
“ဦးဘိုးတေ ဟုတ်လား။ ဒါဆိုရင် မင်းဟာ ဟောဒီရုံးရှေ့က တရားလို
တရားပြိုင်တို့ရဲ့သားပေါ့”
“ဟုတ်ပါတယ်”

“မင်းဟာ မင်းအမေပြတဲ့ တရားလိုပြ သက်သေ၊ အကြင်လင်မယားအဖြစ်မှ
ကွာရှင်းပြတ်စဲပေးပါလို့ မင်းအမေကိုယ်တိုင်က တရားလို ပြုလုပ်စွဲဆိုတဲ့အမှုမှာ မင်းရဲ့ အဖေက ကွာရှင်းမပေးနိုင်ပါဘူးလို့ချေပခဲ့တယ်။ အဲဒီအမှုမှာ အမေဘက်က သက်သေအဖြစ် မောင်ဖိုးတိုးက ထွက်ဆိုမယ် ဟုတ်လား။ အဲဒါကိုကောင်းကောင်းနားလည်ရဲ့လား”

“ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်”
ဖျတ်ခနဲ တောက်လဲ့သွားသော မျက်ဝန်းဝင်းဝင်းကလေးများကလည်း ကျွန်တော် ရှင်းပြသည်ကို တကယ်နားလည်ကြောင်း ဖြေဆိုနေချေသည်။ အံသြလို့မကုန်မီ သက်ပြင်းမောတစ်ခုကို ကျိတ်၍ ချလိုက်မိတော့သည်။
တရားသူကြီး တော်တော်များများသည် ကွာလိုမှုကို စစ်ဆေးစီရင်လိုခြင်း မရှိကြပါ။ မလွှဲမရှောင်သာ လက်ခံစစ်ဆေးရလျှင်လည်း ကွာရှင်းမပေးလိုသည့်ဘက်မှ အလေးပေး စဉ်းစားပေးတက်ကြသည်။ ကွာပေးရမည်ကို စိုးရွံ ကြသည်။ ကွာရှင်းခွင့် ဒီဂရီမှာ လက်မှတ်ရေးထိုးပေးခြင်းထက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးရခြင်းကို ပို၍နှစ်လိုကြသည်။ မင်္ဂလာရှိသည်ဟု ထင်သည်။ သည်အထဲမှာ ကျွန်တော်လည်း ပါသည်။

သို့ဖြစ်၍ မောင်ဖိုးတိုးလေးကို အလောတကြီး ရှင်းပြမိခဲ့ခြင်း ဖြစ်လေသည်။ တရားလိုနှင့် တရားပြိုင် နှစ်ဖက်စလုံးကို အကျိုးဆောင်ရှေ့နေ ငှားရမ်းခြင်းမရှိသဖြင့် သက်သေထွက်ဆို
ချက်များကို ပြည့်ပြည့်စုံစုံ ရရှိစေရန် ကျွှန်တော်ကပင် ဦးဆောင်မေးမြန်းရလေသည်။

(၂)
“မောင်ဖိုးတိုး၊ မင်းတို့ရဲ့ မိသားစုအခြေအနေက စပြီး မင်းသိသမျှ ပြောစမ်းကွာ”
ဖိုးတိုးကလေးက မျက်လုံးလေးပေကလပ် ပေကလပ်နှင့် သွက်လက်ချက်ချာစွာ ထွက်ဆိုချက်ပေးလေ
သည်။

“အဖေနဲ့ အမေမှာ သားသမီးလေးယောက်ရှိပါတယ်။ ကျွှန်တော်က သားအကြီးဆုံးပါ။
ညီလေးတစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ရှိပါသေးတယ်။ အမေက ကောက်စိုက်ချိန်၊ ကောက်ရိတ်ချိန်တွေမှာ လက်စားလိုက်ပြီး လယ်ထဲ ချောင်းထဲမှာ ငါးရှာ ဖားရှာလည်း
လုပ်ပါတယ်။ ကျွန်တော်ကိုလည်း လေးတန်းအောင်တဲ့အထိ ကျောင်းထားပေးခဲ့ပါသေးတယ်”

“အဖေရော ဘာလုပ်သလဲ”
“အရက်သောက်ပါတယ်။ ညနေ ညနေဆို အမေရှာပေးတဲ့ ငွေကလေးနဲ့ အရက်မူးအောင် သောက်ပြီး အမေ့ကို ရမ်းပါတယ်”

“အလုပ်လေ၊ ဘာအလုပ်လုပ်သလဲ”
“အဲဒါ အဖေ့အလုပ်ပါ။ နောက် အဖေလုပ်တာ တစ်ခုရှိပါသေးတယ်”

“ဘာလဲ”
“နောက်မိန်းမတစ်ယောက်ယူပြီး အိမ်ပေါ်ခေါ်တင်ထားတာပါ”
“အဲဒီတော့ မောင်ဖိုးတိုးရဲ့ အမေက ဘယ်သူနဲ့နေသလဲ”
“အဖေနဲ့ပဲ နေပါတယ်”

“အဲဒီတော့ အဆင်ပြေသွားကြရောလား”
“အစပိုင်းတော့ အဆင်ပြေပါတယ်။ နောက်ကျတော့ အဖေက အမေ့ကိုခဏ ခဏ ရိုက်ပါတယ်။
အမေလည်း ဦးလေးငပြားနောက် လိုက်ပြေးတော့တာပဲ”
“ဦးလေးငပြားဆိုတာ ဘယ်သူလဲ”
“အမေ ပထမယူထားတဲ့ နောက်ယောကျာင်္းပါ”

“ဟေ…ဘယ်လို၊ ပထမယူတဲ့ နောက်ယောကျာင်္း၊ ဟုတ်လား”
“ဟုတ်ပါတယ်။ အမေလည်း ဦးလေးငပြားနောက်ကို လိုက်သွှားရော အဖေလည်း ဦးလေးငပြားကို မယားခိုးတယ်ဆိုပြီး တရားစွဲတော့တာပါပဲ”
“အဲဒီတော့ ဦးလေးငပြားဆိုတဲ့သူ ဘာဖြစ်သွားသလဲ”
“ဘာမှ မဖြစ်ပါဖူး။ ဦးလေးငပြားက အဖေ့ကို ငွေသုံးထောင်လျော်ကြေးပေးပြီးအမှုပိတ်သွားပါတယ်”

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၄၉၇)အရ စွဲဆိုသော မယားခိုးမှုသည် တရားလို လင်ယောကျာင်္းက ကျေအေးလွှာတင်လျှင် ကျေအေးပိတ်သိမ်းနိုင်သော အမှုမျိုးဖြစ်သည်။
ဖိုးတိုးကလေး၏ ဖခင် ဦးဘိုးတေက ငွေသုံးထောာင် လျော်ကြေး ယူ၍ ကျေအေးလွှာ တင်သွှင်းပေးခဲ့ ပုံရသည်။

“အဲဒီနောက်ကျတော့ မင်းရဲ့မိခင်နဲ့ ဦးငပြားတို့ဆက်ပြီး ပေါင်းသင်းနေခဲ့သလား”
“ဟင့်အင်း မပေါင်းရပါဘူး။ အဖေက ဦးငပြားကို အမေနဲ့ ကင်းကင်းရှင်းရှင်းနေရမယ်
လို့ ပြောပြီးမှ အမှုပိတ်ပေးခဲ့တာပါ”

“အဲဒီတော့ မောင်ဖိုးတိုးရဲ့မိခင်က”
“အမေက အဖေနဲ့ပဲ ပြန်ပြီးနေရပါတယ်။ အရင်တုန်းကလိုပဲ အဖေနဲ့သူရဲ့နောက်မိန်းမကို လုပ်ကိုင်ကျွေးရပါတယ်။ အဖေကလည်း အရင်တုန်းကလိုပဲ အမေ့ကိုနှိပ်စက်ပါတယ်”
“အဲဒီနောက်ကျတော့ကော”
“အမေဟာ အဖေနဲ့ သုံးလေးလလောက် အတူတူနေပြီး ဒုတိယနောက်ယောကျာင်္းနောက်ကို
လိုက်ပြေးသွားပါတယ်”

“အဲဒီ ဒုတိယနောက်ယောကျာင်္းက ဘယ်သူလဲ”
“ကျွန်တော်ပြောလို့ မဖြစ်ပါဘူး”
“အမေက မပြောနဲ့ဆိုလို့ပါ”
“ဘာကြောင့် မင်းအမေက မပြောခိုင်းတာလဲ”
“အဖေက မယားခိုးမှုနဲ့ တရားစွဲမှာစိုးလို့ပါ”

“နေပါဦး၊ အခုမောင်ဖိုးတိုးက ဘယ်သူနဲ့ အတူနေလဲ။ အမေနဲ့လား၊ အဖေနဲ့လား”
“အစကတော့ ကျွန်တော်တို့မောင်နှမတွေ အကုန်လုံး အမေ့နောက် လိုက်သွားကြတာပါ။ အခုတော့ ကျွန်တော် အမေနဲ့လည်း မနေဘူး။ အဖေနဲ့လည်း မနေဘူး။
ဘကြီးဦးလှိုင်ဘွား တို့ဆီမှာပဲ စာရင်းငှားသွှား လုပ်နေပါတယ်”
“ညီလေး၊ ညီမလေးတွေက အမေနဲ့ အတူနေတာပေါ့”
“ဟုတ်ကဲ့”

“မင်းတို့အမေရဲ့ ဒုတိယယောကျာင်္းနဲ့ အတူနေကြတာဟာ အမေအဖေတို့နဲ့ အတူနေရတာထက်
ပိုပြီး မင်းတို့ စိတ်ချမ်းသာကြသလား”
ဖိုးတိုးလေး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားသည်။

တစ်လျှောက်လုံး အရွယ်နဲ့ မလိုက်အောင် သွက်လက်ချက်ချာစွှာ ဖြေဆိုခဲ့သော ဖိုးတိုးကလေးသည်
ရုတ်တရက် ငြိမ်သက်သွားပြီး ကျွန်တော်ကို တွေတွေကြီး စိုက်ကြည့်နေသည်။
မျက်လုံးဝင်းဝင်းကလေးများမှာ ရီဝေလျက် ပိုမိုရွှန်းလဲ့လာ၏ မျက်ရည်ကြည်များ ဖြစ်ပေလိမ့်မည်။ သည်မေးခွန်းကို မေးလိုက်မိပြီးမှ အမှုအတွက် မေးရန် မလိုအပ်သော မေးခွန်းဟု သတိပြုလိုက်မိသည်။

ဖိုးတိုးလေး မဖြေလျှင်လည်း နေပါစေတော့လေ။
နောက်မေးခွန်း မေးမည်ပြင်လိုက်စဉ်မှာပင် ဖိုးတိုးကလေး ကခေါင်းကို

ယင်နားခံရသလို ရုတ်တရက် ခါယမ်း လိုက်လျက်
“ကျွန်တော်တို့ စိတ်ချမ်းသာဖို့ထက် အမေစိတ်ချမ်းသာဖို့က ပိုပြီး အရေးကြီးပါတယ်”

ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သည်မျှ ခံစားမှုကဲသော အဖြေမျိုး ဖိုးတိုးလေး
ဖြေမည်ဟုမမျှော်လင့်မိ။ သူ့ကိုကြမ်းတမ်းသော ဘ၀က သင်ကြားပေးလိုက်ခြင်း ဖြစ်တန်ရာသည်။
“ဒါဖြင့် မောင်ဖိုးတိုးလေးရဲ့ မိခင်ဟာ အခုယောကျာင်္းနဲ့ စိတ်ချမ်းသာနေတယ်ပေါ့”
“ဟုတ်ကဲ့”

“ခုပေါင်းနေတဲ့ ယောကျာင်္းက မောင်ဖိုးတိုးရဲ့မိခင်ကို ကောင်းကောင်းမွန်မွန် ရှာဖွေလုပ်ကိုင် ကျွေးနေလို့လား ”
“ဟင့်အင်း အမေကပဲရှာကျွေးတာပါ။ ပြီးတော့ အဖေ့လိုပဲ သူလည်း အရက်သောက်
တတ်ပါတယ်။ ဒါပေမဲ့ သူကအဖေထက် တစ်ခုသာတယ်”
“ဘာများပါလိမ့်ကွာ”
“အမေ့ကိုမရိုက်ပါဘူး၊ မနှိပ်စက်ဘူး၊ မူးရင် မရမ်းဘူး”
ကျွန်တော် ဒုတိယအကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွှားစေသော မောင်ဖိုးတိုးရဲ့အဖြေ ဖြစ်သည်။

“ကဲ…မောင်ဖိုးတိုး၊ မင်းကိုနောက်ဆုံး တစ်ခုပဲမေးတော့မယ် မင်းအဖေဟာ မင်းအမေကို သံယောဇဉ် မပြတ်လို့ ပြန်ပေါင်းချင်လို့ ကွာမပေးနိုင်တာ ဆိုရင်ရော မင်းက ပြန်မပေါင်းစေချင်ဘူးလား”
“ဟင့်အင်း ပြန်မပေါင်းစေချင်တော့ပါဘူး”
“ဘာဖြစ်လို့များပါလိမ့်ကွယ်”

“အဖေ့လက်ထဲ အမေပြန်ရောက်သွားရင်လည်း အဖေဟာ အမေကို တတိယမြောက် နောက်ယောကျာင်္းနောက် လိုက်ပြေးအောင် နှိပ်စက်ဦးမှာမို့လို့ပါ။ အမေဟာ
အဖေ့အတွက် လျော်ကြေးတောင်း တောင်းပေးတတ်တဲ့ ငွေတွင်းကြီးလို ဖြစ်နေတာကိုး။ ဒါကြောင့် အဖေက အမေ့ကို ကွာမပေးချင်တာ”

(၃)
တရားပြိုင်ပြ သက်သေများကို စစ်ဆေးသည့် ရုံးချိန်းနေ့တိုင်းမှာ သူမိခင်နှင့်အတူ လိုက်ပါလာလေ့ရှိ သော ဖိုးတိုးလေးသည် ဒီကနေ့လည်း ကျွန်တော် စီရင်ချက် ဖတ်ကြားနေသည်ကို တရားခွင်အ၀င်ဝ တံခါးရွက်ကိုမှီလျက် စူးစိုက်နားထောင်နေရှာသည်။
တရားလို တရားပြိုင်နှစ်ဦးကိုမှု ဖိုးတိုးလေးက ကျောခိုင်းလျက် ကျွန်တော်ဘက် လှည့်ရပ်နေကြသည်။

စီရင်ချက် ဖတ်ကြားရင်း တစ်ချက် တစ်ချက် မော်ကြည့်လိုက်တိုင်း ခံစားမှု ထုံထိုင်းသော စက်ဆုပ်ဖွယ်မျက်နှာ နှစ်ခုကို ကျော်လျက် ညှိုးလျရီဝေသော ဖိုးတိုးလေး၏ မျက်ဝန်းအစုံနှင့်
တည့်တည့် တန်းတိုးနေတတ်သည်။

“အမိန့်”
မစစ်ဆေးလိုသောအမှု၊ မဖတ်ကြားချင်သော စီရက်ချက်။ မချချင်သော အမိန့်ကို ရှောင်လွဲ၍ မရနိုင်ပြီ။

“ကောက်ချက်(၁)နှင့်(၂)ပါ အဖြေများအရ တရားလိုနှင့် တရားပြိုင်တို့ ဆက်လက်ပေါင်းသင်းနေလျှင်
လည်း အကျိုးထူးဖွယ် မမြင်သဖြင့် တရားလို စွဲဆိုသည့်အတိုင်း အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲခွင့်ပြု၍ စရိတ်နှင့်တကွ အနိုင်ဒီဂရီ ချမှတ်ပေးလိုက်သည်။”
စီရင်ချက် ဖတ်ကြားပြီးဆုံးသည်နှင့် တစ်ပြိုက်နက် တရားခွင်ပေါ်မှနေ၍ ဖိုးတိုးလေးကို မျှော်ကြည့်လိုက်မိသည်။
သူ ကျွန်တော်ဘက်ကို လှည့်မနေတော့ပါ။ တံခါးရွက်ကို မျက်နှာအပ်လျက်၊ ကျောင်းစိမ်းပုဆိုး ခါးပုံစ ကလေးကိုဖြုတ်၍ မျက်ရည်တို့သုတ်လျက်၊ ပုခုံးကလေးနှစ်ဖက် သိမ့်သိမ့်လှုပ်ခါလျက်။
“ဖိုးတိုးရယ် မင်းပဲ ကွာပေးစေချင်ဆို”ဟု သူ့ကို အပြစ်မတင်ရက်ပါ။
လုံခြုံစွှာ ခိုလှုံနွေးထွေးရာ မိုးကောင်းကင်ကြီးတစ်ခုလုံး ဗြုန်းခနဲအက်ကွဲပြိုကျသွားခြင်းအတွက် အဘယ်ရင်သွေးငယ်က ၀မ်းမြောက်နိုင်မည်လဲကွယ်..။

    လောကမှာ မိသားစုတခုပြိုကွဲတာလောက် ၀မ်းနည်းစရာ အဖြစ်မရှိ ဟု ကျွန်တော် ယူဆပါတယ်။
မိသားစုတိုင်း အေးချမ်းပျော်၇ွှင်မှု ဟာ ကမ္ဘာ ကြီးရဲ့ ပျော်ရွှင်မှုပါ။ သားသမီး ကို အဖေကို ပိုချစ်လား အမေကို ပိုချစ်လားမေးခြင်းဟာ
မေးသင့်သောမေးခွန်း မဟုတ်ပါဟုပြောချင်ပါတယ် ၊ သားသမီးတွေရဲ့ မျှော်လင့်ချက်ဟာ မိဘက ကိုယ့်အပေါ် တန်ဖိုးထားခြင်းပါ။
တန်ဖိုးရှိသော လူအဖွဲ့ တိုင်းမှာ ပျော်ရွှင်နေတဲ့ မိသားစုတွေ ပါဝင်မှာ မလွဲပါဘူး။)ချမ်းမြေ့

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့



နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။


  နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။

သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။

ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။

ငါ နင့်ကို တွေတွေဝေေ၀ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ၀မ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။

အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။

ဟို.. အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။

နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ။ နင်က မျက်နှာကို အမြဲတမ်း ငဲ့ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်မှာ ပိုရှည်နေသလို ထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ညာလက်ကလည်း ထဘီဘေးအနားကို ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက အရမ်းရှည်တာပဲ။ ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။

ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။

ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။

ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ..။

ငါ ရပ်နေရာကနေ့ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။

ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။

နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ်လို့ လမ်းဘက်ကို ခြေစထားတဲ့သူ။ ဒီတော့ ငါကပဲ စမြင်တယ်။

နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ..။ နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။

ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်က ပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။

စမြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လို ပြုံးရမလဲ .. စဉ်းစားထားတယ်။ စဉ်းစားလို့ မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ။ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။

"တစ်ယောက်တည်းလား..."

ကြည့်စမ်း..။ ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။

ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါနှုတ်ဆက်ရခက်၊ အပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စနှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)

"တစ်ယောက်တည်းလား"လို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။

တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား..။

ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား..။

ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား..။

လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေကတစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား.. ကွဲကွဲပြားပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။

ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှ မပြောင်းလဲပါလား။

ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အရင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အရင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို.. ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊ နင့်သဘောထားတွေရယ်။

သြော်.. ကြည့်ပါဦး..။

နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါဘဲလား။ စကားပွင့်လေးကို ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။

ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့..။

ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလား နင်ကြည့်မယ်။

အင်္ကျီလက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား.. နင်ကြည့်မယ်။

အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လိုဖြုတ်ထားသလား.. နင်ကြည့်မယ်။

လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား.. နင်ကြည့်မယ်။

"ဖြေနိုင်တယ်မဟုတ်လား"

စကားပွင့်လေးဆီကနေ့ နင့်မျက်နှာဆီကို အကြည့်ပြောင်းလိုက်ရတယ်။ ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို ရည်ရွယ်ပြီး မေးလိုက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့ရင်ထဲမှာ စူးရှသွားတယ်။ ဘာဖြစ်လို့နာတာလဲ။ ငါ့ကိုယ်ခန္ဓာက သိပ်သေးငယ်သွားသလိုပဲ။ ကမ္ဘာမြေကြီးက အကြီးကြီး၊ ငါက သေးသေးလေးရယ်။ ငါ့အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ ဖိကိုက်မိတယ်လို့ ထင်လိုက်တယ်။ ငါ့ခန္ဓာကိုယ်က သွေးတွေ ပူလာတယ်လို့ ထင်ရတယ်။

အကြာကြီး ငေးကြောင်နေရင် မကောင်းတတ်လို့ ခေါင်းကို ဖြည်းဖြည်း ယမ်းပြလိုက်တာပါ။ နင်ဘာဖြစ်လို့ မျက်လွှာချသွားတာလဲ။ ဘာဖြစ်လို့ ပင့်သက်ရှိုက်လိုက်တာလဲ။ ငါဆယ်တန်းမဖြေနိုင်လို့ စိတ်မောစရာ နင့်မှာ မရှိတော့ဘူးဘဲ။

သြော်.. ငါ နင့်ကို တစ်ခွန်းမှ စကားမပြောရသေးဘူးနော်။

"ကျောင်းက ဘယ်နှစ်ရက်ပိတ်တာလဲ"

ဒီမေးခွန်းကို ငါ ခက်ခက်ခဲခဲ မေးရတယ်ဆိုတာ နင်.. သိမှာပါ။

"သုံးလ.. ဖိုင်နယ်ဖြေပြီးလို့ ပိတ်လိုက်တာ"

"ဘယ်နှစ်နှစ်ရောက်ပြီလဲ"

"အခုပြန်တက်ရင် သာ့ဒ်အမ်-ဘီ တတိယနှစ်"

တစ်ဖက်ကို တစ်ဖက် ဆုပ်ကိုင်ထားတဲ့ နင့်လက်ချောင်းလေးတွေကို ငါငေးနေမိတယ်။ လက်သည်းက တိတိရိရိကို ကိုက်ဖြတ်ထားတာတွေ့လို့ အရင်လိုပဲ ဆိုတာ သိလိုက်ရပြန်တယ်။

ဖူးစာကုန်း (ရေနံချောင်း) Photo : လင်းမျိုးစု

ဟောဒီဖူးစာကုန်းမှာပဲ ဟောဒီဆည်းဆာချိန်မှာပဲ.. အဲဒီလက်ချောင်း ဖြူဖြူလေးတွေကို ငါ ဆုပ်ကိုင်ရင်း လမ်းလျှောက်ခဲ့ရဖူးတယ်။ နင့်လက်လေးတွေက နွေးနွေးလေး.. ပျော့နွဲ့နွဲ့လေးတွေ။ အဲဒီအနွေးဓာတ်လေးဟာ ခုထိ မပြယ်သေးဘူးဆိုရင် နင်ယုံပါ့မလား၊ နင်ပန်နေကျ စကားပန်းရနံ့လေးဟာလဲ ငါ့ဆီမှာ အမြဲပျံ့သင်းနေတယ်ဆိုရင် နင်ယုံပါ့မလား။

"နင်... သိပ်ပိန်သွားတယ်၊ နေမကောင်းဘူးလား.."

ပိန်တယ်။ အို.. ငါ့ကို ပိန်တယ်လို့ အထူးသတိထားမပြောကြတာ နှစ်နှစ်တောင် ရှိသွားပြီပဲ။ ဒီနှစ်နှစ်အတွင်း ငါပိန်သွားတယ်လို့ မှတ်ချက်ချတာ နင်က ပထမဆုံးပဲ။

"ကောင်းပါတယ်.."

"ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး..နော်၊ လူက တအားကို နွဲ့သွားတာပဲ"

သြော်.. နင်တောင် ဆရာဝန်မကြီး ဖြစ်တော့မယ်။ အရင်လို အခြေအနေမျိုးသာဆိုရင်တော့.. "ဆေးကုပေးမယ့်သူ ရှိသားပဲ"လို့ ပြုံးစပ်စပ်နဲ့ ပြောမိမှာပဲ။

ခုတော့ ဘယ်လိုပြောရမလဲ။ နှုတ်ခမ်းတင်းတင်းစေ့ပြီး အတိတ်ကစကားသံတွေကို ဇွတ်မေ့ပစ်နေရပါတယ်။

"စိတ်ဆိုးသွားလားဟင်၊ ငါက.."

"အို.. မဟုတ်ပါဘူး"

ကြည့်ပါဦး။ ဒီမျက်လုံးလေးတွေပေါ့ ငါ့ဒေါသတွေကို ချေမွပစ်ခဲ့တာ။ အဲဒီလိုပဲ ဝေ့ကြည့်လိုက်ရင် ငါ့ရင်ထဲက ဒေါသတွေဟာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။

တကယ်ဆို.. ငါနင့်ကို ဘယ်လောက် နာကျည်းသင့်သလဲ။

မပြောမဆိုနဲ့ သစ်စိမ်းချိုးချိုးခဲ့တာ ဘယ်သူလဲ..၊ စာတွေ တစ်စောင်မှ မပြန်ဘဲ လတွေ အများကြီး နှိပ်စက်ထားခဲ့တာ ဘယ်သူလဲ..၊ စိတ်မချလွန်းလို့.. မနေနိုင်လို့ မန္တလေးထိ လိုက်လာရတဲ့သူကို "မယုံလို့လား.." ဆိုပြီး စိတ်ကောက်ခဲ့တာ ဘယ်သူလဲ..။ မန္တလေးကို မလာရဘူး နင်ပဲ အမိန့်ထုတ်ခဲ့တယ်။ ငါနောက်ထပ်တစ်နှစ် ထပ်ကျမှာ စိုးလို့ပေါ့လေ..။

ငါ မန္တလေးက ပြန်လာတော့ရော နင်စာလှမ်းရေးခဲ့လို့လား။

နင် ကျောင်းခဏပိတ်လို့ ရေနံချောင်းကို ပြန်ရောက်တဲ့အချိန်မှာ လာနေကျ နေရာကို လာဖို့ ပျက်ကွက်ခဲ့တာလဲ.. နင်ပဲ။ သုံးရက်ဆက်တိုက် မလာလို့ အကျိုးအကြောင်းမေးတော့ မျက်နှာစိမ်း ခြယ်ထားတာ ဘယ်သူလဲ။

ငါ ဆေးတက္ကသိုလ် မရောက်နိုင်မှန်း သိလျက်နဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခိုင်းခဲ့တဲ့ နင့်စေတနာကို ငါကြောက်ပါတယ်၊ ငါ ပန်းချီဆရာ၊ ကဗျာဆရာ ဖြစ်ချင်မှန်း အစကတည်းက နင်သိလျက်နဲ့.. နောက်ပြီး.. အို.. ဒါတွေဟာ လမ်းခွဲဖို့ အကြောင်းရှာတာတွေပဲဆိုတာ အဲဒီတုန်းက မသိခဲ့တာ ငါ ညံ့လို့ပေါ့။ နင့်ကို ငါယုံခဲ့တာကိုး။

နင်ပြန်ခါနီးမှာ ငါ့ဆီက နင့်စာတွေ ပြန်တောင်းခဲ့တာလေ.. ငါ ဘယ်တော့မှ မမေ့ဘူး။

ကြည့်ပါဦး။ ခုရပ်နေရင်းကို ဘာဖြစ်လို့ ရင်နာလာရတာလဲ။ ဒီအကြောင်းတွေ ပြန်စဉ်းစားရင် ငါ့ရင်က ဘာဖြစ်လို့ လှိုက်လာရတာလဲ။ နှစ်နှစ်ဆိုတဲ့ အချိန်ဟာလဲ ငါ့ဒဏ်ရာကို မကုစားနိုင်ခဲ့ပါလား။

အို.. ငါ နင့်ကို အကြာကြီး ကြည့်နေမိတာပဲ။ ငါ့မျက်စိ လွှဲပစ်သင့်တာ ငါသိပါတယ်။ ဒါပေမယ့် နင့်မျက်နှာပေါ်ကနေ အကြည့်ကို မဖယ်နိုင်ဘူး။

ငါ့ရင်ခွင်ထဲကနေ ဘယ်သူမှ လုမပြေးနိုင်အောင် တအားဝှက်ပြီး ကာထားချင်တယ်၊ နင့်ကို ဘယ်မှ မသွားအောင် လုပ်ထားချင်တယ်၊ မစိမ်းရဘူး.. မပြေးရဘူး..လို့ အော်ပစ်ချင်လိုက်တာ။ ဟောဒီလွယ်အိတ်ကလေးထဲ နင့်ကို ထည့်ထားလို့ ရရင် သိပ်ကောင်းမှာ။ ဘယ်သွားသွား မခွဲဘူး။

အို.. ငါဘာတွေလျှောက်တွေးနေတာလဲ။

ငါ့ လွယ်အိတ်ထဲမှာ နင်ရှိနေပါတယ်၊ တကယ်။

နင့်ပုံတူ ပန်းချီလေ။ နျစ်ခုတောင်မှပဲ။ အခုနေ ထုတ်ပြလိုက်ရင် ဘယ်လိုနေမလဲ။

"ပန်းချီ.. ဆွဲ.. ဆွဲသေးလား.."

ကြည့်စမ်း..၊ ငါ့အတွေးနဲ့ နင့်အတွေးနဲ့ ဆင်လိုက်တာ။ စိတ်ချင်း ဆက်သွယ်တာလား၊ လူချင်းပြန်နီးဖို့ နိမိတ်လား။

ခေါင်းကို အသာညိတ်ရင်း လက်က ဘယ်လိုရောက်သွားလဲ မသိဘူး။ လွယ်အိတ်ထဲက ခဲပုံတူတစ်ပုံ၊ ရေဆေးနဲ့ တစ်ပုံ.. နင့်ပုံတူ နှစ်ခုကို ထုတ်ပြမိတော့တာပဲ။

မပြုံးတပြုံး နင့်နှုတ်ခမ်းပါးလေး ၀ိုင်းသွားတာ ငါသတိထားမိတယ်။

နင့်မျက်လုံးလေးတွေ ဝေသွားတာ ငါသိတယ်။

နင့်ကိုယ်လုံး နွဲ့နွဲ့လေး ယိုင်သွားတာ ငါသိလိုက်တယ်။

"အို.." တိုးတိုးကလေး ရေရွတ်သံကို ငါကြားလိုက်ပါတယ်။ ငါ့ကို ငေးကြည့်နေတဲ့ အကြည့်ထဲမှာ သံယောဇဉ်ကို ငါမြင်ပြီ။ ခင်တွယ်မှုကို ငါမြင်ပြီ။ တမ်းတမှုကိုလည်း ငါပြန်တွေ့ပြီ။ နောက်ပြီး.. နောက်ပြီးတော့ အလွမ်းတွေ အများကြီး ငါတွေ့လိုက်ပြီလေ။

အို.. နင့်အကြည့်က ငါ့ကို ရင်ခုန်စေတယ်။ နင်လဲ ရင်ခုန်နေတယ် မဟုတ်လား။ ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ချောင်လေးတွေ တုန်ယင်နေတာ ငါမြင်တယ်။ ငါ့ကို ငေးရာကနေ ငါ့ဘယ်ဘက်ကို လှမ်းငေးလိုက်တဲ့ နင့်မျက်လုံးမှာ မျက်ရည်ဝေ့ဝေ့ကိုလဲ ငါ မြင်လိုက်ရပါတယ်။ နင်ငေးရာကို ငါ လှမ်းကြည့်မိတယ်။

ဗြုန်းဆို ရင်က ဟာသွားတယ်။

နေရာဟောင်း..၊ ဟုတ်တယ်နော်..၊ ကမူထိပ်လေးလေ။ နင်နဲ့ငါနဲ့ ဟိုအတိတ်တုန်းက အတူထိုင်ခဲ့ကြတဲ့ နေရာလေးပါ။

ဒီကမူလေးကို ကြည့်ပြီး ဘာဖြစ်လို့ လက်ဖျားတွေ အေးလာရပြန်တာလဲ၊ တစ်ကိုယ်လုံးက ဘာဖြစ်လို့ ပျော့ခွေသွားရတာလဲ။ နှမြောတမ်းတတဲ့ ဝေဒနာပဲ ထင်ပါရဲ့။ ငါ့ရင်ထဲမှာ ပျံ့နှံ့ကုန်ကြပြီ။ နင်နဲ့ ငါနဲ့ အကြည့်ချင်း ပြန်ဆုံကြတယ်။ နောက်.. နောက်တော့...။

နင်ကပဲ ခြေလှမ်း စတာလား.. ၊ ငါကပဲ အလျင် ခြေလှမ်းစတာလား မသိဘူး။ ဘယ်သူက အလျင်ဦးသလဲ မပြောတတ်ဘူး။ သိလိုက်တာက နင်နဲ့ငါ နှစ်ယောက်လုံး ကမူစွန်းလေးဆီကို သွားနေမိတယ် ဆိုတာပဲ။ အဲဒီရောက်တော့လဲ နှစ်ယောက်သား ရှိန်းတိန်းတိန်းနဲ့ပဲ ခပ်ခွာခွာ ထိုင်လိုက်မိကြတယ်။

နင် ခေါင်းငုံ့ထားတယ်။ နင့်ဆံပင်တွေက ခါးတောင် ကျော်နေပြီပဲ။ နက်မှောင်ပြီး ဖွာနေတယ်။ လှလိုက်တာဟာ။ နက်မှောင်တဲ့ နောက်ခံပေါ်မှာ အဖြူရောင် ပန်းပွင့်လေးက ထင်းနေတာပဲ။

နင် ဘာဖြစ်လို့ ငြိမ်နေတာလဲ။ နင်လဲ ငါ့လိုပဲ အပျော်လေးတွေ ပြန်တွေးနေမှာပဲနော်။ ပျော်ရတဲ့ အချိန်လေးတွေက တစ်သက်လုံး ပြန်မရောက်နိုင်တော့ပါလား။ တို့တွေဟာ သူစိမ်းပြင်ပြင် ဖြစ်နေကြပြီနော်။ ဒါတွေဟာ အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ။ မဖြစ်နိုင်မှန်းတော့ သိနေပါတယ်လေ။ ငါ အမျိုးမျိုး တောင်းပန်တဲ့ကြားက နင် ခြေစုံကန်သွားတာကိုး။

နင့်ကို ငါ စိမ်းစိမ်းကားကားကြီး ပြောပစ်ချင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မပြောလိုက်ရတဲ့ စကားတွေကို အားရပါးရ ပြောချင်တယ်။ ဖြစ်နိုင်ရင်တော့လေ.. နင့်ပခုံးနှစ်ဖက်ကို တအားဆုပ်ကိုင်ပြီး ဆောင့်ဆောင့်လှုပ်ရင်း မေးလိုက်ချင်ပါတယ်။

 "နင် ဘယ်လို လုပ်ပစ်ခဲ့တာလဲ.."လို့။ ဟောဒီ ဖူးစာကုန်းမှာတင်မက ရေနံချောင်းတစ်မြို့လုံး လွှမ်းသွားလောက်တဲ့ အသံနဲ့ ကုန်းအော်ပစ်လိုက်ချင်တယ်။ နင်သိပ်ဆိုးပါလား။ ဆင်ခြေရဖို့အတွက် ငါချစ်တဲ့ကဗျာနဲ့ ပန်းချီကို ဝေဖန်ခဲ့၊ စွန့်လွှတ်ခိုင်းခဲ့တာလေ။

 ဟိုတုန်းက ငါကဗျာရေးတာ၊ ပန်းချီဆွဲတာကို နင်မသိဘူးလား။

ဟောဒီ ဖူးစာကုန်းမှာရော.. ၊ ကျောင်းခန်းထဲမှာရော..၊ ကျောင်းဝိုင်းထဲက တမာပင်အောက်မှာရော.. ငါ့လွယ်အိတ်ထဲက ငါ့ကဗျာတွေ ဖတ်ခဲ့တာ နင်မေ့ပြီလား။ ငါ့ပန်းချီတွေ ကြည့်ခဲ့တာ နင်မေ့ပြီလား။ ဟိုတုန်းကတော့ နင်ပဲ ငါ့ကဗျာတွေကို ငါ့ကို ချစ်သလို ချစ်ပါတယ်ဆို။ ဟိုမှာ ဒုတိယလူကို ရပြီးကာမှ ငါ့ကဗျာကို နင်မုန်းတတ်တာပါဟာ။

ဘာပဲဖြစ်ဖြစ် ငါ့ဒေါသက ဘယ်တော့မှ ကြာကြာမခံခဲ့ရဘူး။

ဒီပွဲက လူမိုက် လူမိုက်ချင်း တွေ့ကြတဲ့ပွဲမှ မဟုတ်ဘဲ၊ ပညာရှိနဲ့ လူမိုက်ပဲလေ။

မျက်ရည်လည်နေတဲ့ မျက်လုံး ၀ိုင်းဝိုင်းလေးတွေရယ်၊ မဲ့တဲ့တဲ့လေး မဟတဟဖွင့်ထားတဲ နင့်နှုတ်ခမ်းလေးတွေရယ်က ငါ့ဒေါသတွေကို ချေဖျက်ပစ်ခဲ့တယ်။ ဒါတယ်မကဘူး၊ နင့်မျက်နှာထားလေးနဲ့ နင့် အကြောင်းပြချက်လေးတွေကြောင့် ငါ့ကိုယ်ငါ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး အပြစ်ပေးလိုက်ရမလိုလို ဖြစ်ခဲ့တယ်။ ငါ့ကိုယ်ငါတောင် ဇဝေဇ၀ါ ဖြစ်ခဲ့ရတယ်။ နင့် မျက်တောင်ကော့တွေပေါ်မှာ ခိုတွဲနေတဲ့ မျက်ရည်စတွေဟာ ငါ့နာကျည်းချက်တွေကို တစစီဖဲ့ပစ်ခဲ့တယ်။

နင့်အကြောင်းပြချက် တစ်ခုကတော့ဟာ လွန်လွန်းပါတယ်။ ငါအတန်းပညာမှာ ညံ့တာ နင်လဲအသိ။ ငါ့ကိုနင်ပဲ စာပြပြပေးခဲ့ရတာ။ ဒီလိုကောင်က ဘယ့်နှယ်လုပ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်နိုင်မှာလဲ။ ပန်းချီသမား... ကဗျာသမားပဲ ဖြစ်ဖို့ရှိတာပဲ။ မဖြစ်နိုင်တာကိုမှ နင်က ရွေးပြီး တိုက်တွန်းခဲ့တာကိုး။

နင့်အမေ ဂုဏ်မက်တာ ငါသိပါတယ်။ နင့်အမေလိုပဲ နင်မက်လိမ့်မယ်လို့ အစက မတွေးခဲ့မိတာ ငါ့အမှားပါပဲ။ နင်ကတော့ "အမေ သဘောတူလို့" ပေါ့။ နင့်သဘောကလဲ အတန်းတူ၊ အရည်အချင်းတူ လူကိုမှ မက်မောခဲ့တာပဲ မဟုတ်လား။

အို.. အားလုံးဟာ နင့်သဘော တစ်ခုတည်းနဲ့ ပြီးသွားခဲ့တာပဲ။ ငါ့ ဆန္ဒတစ်ခုမှ မပါခဲ့ရဘူး။ နင့်ရှေ့ရောက်ရင် ငါ ခေါင်းယမ်းတဲ့ အတတ်ပညာကိုတောင် မေ့မေ့သွားရပါတယ်။ တခြားလူတွေရှေ့မှာ ကျောက်တုံး ဖြစ်ချင်ဖြစ်မယ်.. နင့်ရှေ့မှာတော့ ငါက ဖယောင်းပါ။ ငါက နင့်ရဲ့ ရုပ်သေးရုပ်ပဲဟာ..။ နင်ကြိုးဆွဲသလို ငါက ကခဲ့ရတာ။

အေးလေ.. ခံခဲ့ရတုန်းကတော့ ခံခဲ့ပြီးပြီ။ ခုအချိန်မှာတော့ နင့်ရုပ်သေးရုပ် မဖြစ်ချင်ပါဘူး။

အမှန်ကတော့ ဟောဒီနေရာမှာ အတူယှဉ်တွဲထိုင်ဖို့ မသင့်ဘူး။ ငါထွက်သွားနိုင်ရင် အကောင်းဆုံးပါပဲ။ နင့်မျက်နှာ ညှိုးမှာလဲ စိုးတယ်။ နင့်မျက်နှာညှိုးကို ဟိုတုန်းကတည်းက ကြောက်ခဲ့တဲ့ ကောင်ပါဟာ။

ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ခုံလေးကို ငေးရင်း ရင်ထဲမှာ တင်းကျပ်လာပြန်ပြီ။ ဖြူနုနေတဲ့ နင့်လက်ခုံလေးကို ဖွဖွလေး ဆုပ်ပြီး နင့်မျက်နှာလေးကို တမေ့တမြော ငေးနေရတဲ့ အချိန်လေးတွေဟာ လွန်ခဲ့ပြီနော်။ ငါထင်ပါတယ်.. နင့်လက်မှာ ရှင်မတောင် သနပ်ခါးနဲ့လေး သင်းနေဆဲ ဖြစ်မှာလို့။

ရင်ထဲမှာ နာကျင်လာတယ်။

ပြောစမ်းပါဦး ဆေးကျောင်းသူကြီးရဲ့။ ဘာနဲ့မှ မခိုက်မိဘဲနဲ့ အဲဒီဘယ်ဘက်ရင်က ဘာဖြစ်လို့ လှိုက်လှိုက်ပြီး နာတာလဲ။ နှလုံးဆီက နာမှန်းတော့ သိပါရဲ့။ နင့်မျက်နှာလေး ငေးရုံနဲ့ နှလုံးက ဘာလို့ နာရတာလဲ။ ငါ့လည်ချောင်းတွေကရော ဘာဖြစ်လို့ ခြောက်သွေ့လာရတာပါလိမ့်။

ငါ နျမြောနေတယ်.. တမ်းတနေတယ်။ ဟုတ်တယ်၊ နင် ငါ့အနားမှာ ရှိနေပေမယ့် နင့်ကို အောက်မေ့နေတယ်ဟာ။ နင့်ကို လွမ်းနေတယ်။ ယုံရဲ့လား.. နင့်ကို ငါလွမ်းနေတယ်။

"ရော့.."

နင်လှမ်းပေးတဲ့ ပန်းချီပုံနှစ်ခုကို ယူလိုက်တော့ နင့်လက်နဲ့ ငါ့လက် ထိမိတယ်။ ဘယ်သူ့လက်က ပိုအေးစက်နေလဲ ငါမသိဘူး။ စာရွက်ကလေးတွေကို လွယ်အိတ်ထဲ ထည့်ပြီးတော့ ငါ့လက်ကို ငါပြန်ငေးမိတယ်။

သြော်.. လက်သန်းမှာလေ၊ ဘယ်ဘက် လက်သန်းမှာလေ အဖြူစင်းကြောင်းလေးကို အရစ်လိုက် မြင်နေရတုန်းပဲ။ အဲဒါ လက်စွပ်ရာလေးလေ။ နင်နဲ့ငါ့ရဲ့ အချစ်နေ့က နင်ပေးခဲ့တဲ့ ကျောက်စိမ်းလက်စွပ်ရဲ့ သင်္ကေတလေး။ မနှစ်ကမှ စာနဲ့လှမ်းတောင်းလို့ ပြန်ပေးခဲ့ရတဲ့ လက်စွပ်ရဲ့ အရာအလေးပါ။ အခု.. အဲဒီလက်စွပ်ကလေးက အခုဆို..။

သြော်.. ပြီးတော့ နင့်လည်ပင်းမှာ ဆွဲကြိုးကလေးလဲ မမြင်ပါလား။ ဆွဲကြိုးမျှင်မျှင်လေးလေ.. နင်နဲ့ငါ့ဇာတ်လမ်းကလေး စပြီးတဲ့နောက် လော့ကတ်သီးလေးနေရာမှာ သင်္ကေတတစ်ခု လဲပြောင်းတပ်ထားခဲ့တဲ့ ဆွဲကြိုးလေး။ ငါ့နာမည် အစ စာလုံး အင်္ဂလိပ်အက္ခရာ အင်(န်)ကို အမှတ်တရ လုပ်ပြီး ဆွဲခဲ့ပါရော။ အဲဒီဆွဲကြိုးလေး မမြင်ပါလား။ လွှင့်ပစ်လိုက်ပြီလား။ အင်းလေ.. အဖြစ်နိုင်ဆုံးကတော့ အင်(န်)စာလုံးအစား အက်(စ်)စာလုံး လဲတပ်ထားတုန်း ဖြစ်မှာပေါ့။ အို.. ဒါက ငါ့အရေးမှ မဟုတ်ဘဲ။ ငါနဲ့ နင်နဲ့ ဘာမှမှ မဆိုင်ဘဲ။ မဆိုင်တော့ပါဘူးလေ။

ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့နေတယ်။ ရင်က ဟာပြီးမှ ပူလောင်နေတယ်။

ဆေးလိပ်သောက်မယ်.. လို့ အမှုမဲ့ အမှတ်မဲ့တွေးပြီး လွယ်အိတ်ထဲက ဒူးယားတစ်လိပ်ရယ်.. မီးခြစ်လေးရယ် ထုတ်လိုက်တယ်။

နှုတ်ခမ်းပေါ်မှာ ဆေးလိပ်လေးကို ရွရွတင်လိုက်တုန်း..။

"ဆေးလိပ်တွေ သိပ်မသောက်နဲ့ဟာ" တဲ့။ နင့်အသံပါ။ နင့်ဆီက လာတာ မဟုတ်မှန်းတော့ သိပါတယ်။ ဘယ်ကပါလိမ့်။ ဟောဒီမီးခြစ်ကလေးကပဲ ထင်တယ်။

ဒီမီးခြစ်ကလေးဟာလဲ နင်နဲ့ငါ့အတွက် အမှတ်တရ ပစ္စည်းလေးပါ။

သစ်သားမီးခြစ်ပိန်ပိန်လေးနဲ့ မီးခြစ်ခြစ်နေရတဲ့ ငါ့အဖြစ်ကို နင်ကြည့်ပြီး လက်ဆောင်ပေးခဲ့တဲ့ အချစ်မီးခြစ်လေး။ နင့်အချစ်က ဟောင်းပြီး ပျက်သွားပေမယ့် နင့်လက်ဆောင်လေးက မပျက်သေးပါဘူး။ ငါ ငိုင်နေမိတာ ဘယ်လောက်ကြာသလဲ မပြောတတ်ဘူး။ ငါ့ဘေးကကပ်ပြီး အသံတစ်ခု ကြားလိုက်ရတယ်။ နင့်ဆီကပါ။ ထိန်းချုပ်ထားရင်းက ပွင့်ထွက်လာတဲ့ အသံမျိုး။

အို..။
နင်.. ငိုနေတယ်။

ဟုတ်ပါတယ်။ ငါမျက်စိ မမှားပါဘူးနော်။ ငါ့ နားကြားလဲ မလွဲပါဘူး။ နင်ငိုနေတာပါ။ ငါ့လက်ထဲက မီးခြစ်ကလေးကို ငေးရင်း နင်ငိုနေတာပါ။

ငါ့တစ်ကိုယ်လုံးဟာ မြေကြီးနဲ့ တအား ကပ်ဖိခံထားရသလိုပဲ။ ငါ ဘာဖြစ်သွားတာလဲ။ ငါ မယုံတာထင်တယ်။ ဟုတ်တယ်.. ငါမယုံဘူး။ နင်ငိုနေတာလို့ ငါဘယ်လို ယုံရမှာလဲ။ လောကကြီးဟာ ဘာတွေဖြစ်ကုန်ပြီလဲ။ အို.. မယုံပါဘူး.. မဖြစ်နိုင်ဘူး။

ဒါပေမယ့် နင့်မျက်ရည်တွေဟာ ငါ့ရင်ကိုလာပြီး အပူပေးနေတယ်။ ငါ့နှလုံးသားကို ဆတ်ဆတ်ခါအောင် ဆွဲယမ်းနေတယ်။ ကြာရင်တော့ ပူလွန်းလို့ ကျွမ်းရချည်ရဲ့ကွယ်။ ငါဘာလုပ်ရမှာလဲ ပြောပါဦး။ ဆံပင်က ကပိုကရိုကြားထဲက နင့်မျက်နှာ နွမ်းနွမ်းလေးဟာ ဟောဒီကမ္ဘာမှာ အင်အား အကြီးဆုံးပဲ သိလား..။ တုန်ယင်နေတဲ့ နင့်နှုတ်ခမ်းပါးလေးကို ငါ မကြည့်ရက်ဘူး။

"မငိုနဲ့ အချစ်ရယ်.." လို့ မျက်ရည်သုတ်ပေးရင်း ချော့ရမလား..။ နင့်မျက်နှာပေါ်က ဆံနွယ်စတွေကို လက်နဲ့ အသာအယာဖယ်ပေးရင်း နှစ်သိမ့်ရမလား၊ နင့်မေးစေ့လုံးလုံးလေးကို လက်နဲ့ အသာပင့်တင်ရင်း နဖူးလေးကိုပဲ ဖွဖွနမ်းလိုက်ရမလား။ ငါ့မှာ နင့်အငိုကို ချော့ပိုင်ခွင့်ရောရှိရဲ့လား။

ကြည့်ရင်း.. ကြည့်ရင်း ငါ့မျက်စိထဲမှာေ၀၀ါးလာတယ်။ မျက်လုံးက စိုစွတ်လာတယ်။ နင့်ကိုယ်ပေါ်က အစိမ်းနုရောင်ဟာ ပိုဖျော့ပြီး ၀ါးသွားတယ်။ အို.. ငါ့နှုတ်ခမ်းထောင့်စွန်းတွေက ငါထိန်းလို့မရအောင် တုန်လှုပ်နေပြီလား။ နောက်ပြီး.. ငါ အသက်မှ ရှူမိရဲ့လား..။ ငါ့ နှလုံးခုန်သံရော ရပ်သွားသလား။

ငါ့ကိုယ်ငါ သတိရတဲ့အချိန်မှာ ငါ နင့်လက်ကို ဆုပ်ကိုင်ထားမိပြီ။ အို.. မဟုတ်ဘူး.. မဟုတ်ဘူး။ နင်က ငါ့လက်ကို ဆုပ်ထားတာမဟုတ်လား။ အို.. မသိပါဘူးလေ။ ဘယ်သူ့လက်က ဘယ်သူ့လက်ကို ဆုပ်ထားတာလဲ မသိပါဘူး။ ငါ့ရှေ့က မြက်ခင်းပေါ်မှာ ဒူးယားစီးကရက်လေးရယ်၊ မီးခြစ်ကလေးရယ်.. လွတ်ကျနေကြတယ်။

မီးခြစ်ကလေးပေါ်မှာ ငါးလေးနှစ်ကောင် မျက်နှာချင်းဆိုင်နေကြတယ်။

အို.. ဒါပေမယ့် .. သူတို့ တစ်ကောင်နဲ့တစ်ကောင် ဦးတည်ရာဘက်တူရဲ့လား။ ဆန့်ကျင်ဘက်ကို ဦးတည်နေကြတယ်နော်။ ကြည့်ပါဦး.. သူတို့က ဦးတည်ရာမှ မတူဘဲ။ ဒါကိုရော.. နင်သတိထားမိရဲ့လား။

"နိုင်.."

ငါ့ တစ်ကိုယ်လုံး လေထဲမှ မြောက်သွားသလိုပဲ။ ရင်ထဲကတော့ ဟာနေတယ်။ "နိုင်.."တဲ့လား။ နင် ငါ့ကို "နိုင်" လို့ ခေါ်သေးတယ်နော်။ ခေါ်နိုင်စွမ်းရှိသေးတယ်နော်။

နင့်အကြည့်ကို ငါ နားမလည်တာ အမှန်ပါ။ နင့်မျက်လုံးက ငါ့ဆီမှာ မဟုတ်ဘူးထင်တယ်။ ငါ့ကိုတော့ ကြည့်နေတယ်လေ။ တစ်မျိုးပဲ။ ငါ့ကို ကျော်ပြီး ငေးနေသလိုပဲ။ နင် ဘာတွေ တွေးနေတာလဲ။ နင် ဘာကို ပြောချင်နေတာလဲ၊ တစ်ချက်တစ်ချက် ရှိုက်လိုက်တဲ့ နင့်ရှိုက်သံလေးတွေက ငါ့နှလုံးကိုသာ လာဆောင့်နေတယ်။

"ပြောလေ.. ငါ နားထောင်နေပါတယ်"

နင့် နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားတယ်။ နောက်ပြီး.. နင် သက်ပြင်းချလိုက်တယ် မဟုတ်လား။

နင့်ကို ကြည့်နေတဲ့ ငါ့အကြည့်ထဲမှာ မျှော်လင့်ရိပ်တွေ ပါသွားမယ်လို့ ငါထင်တယ်။ ငါ့ရင်ထဲမှာရှိတဲ့ တမ်းတမှု ဆန္ဒကို နင်လဲ နားလည်ပါလိမ့်မယ်။ နင့်မှာလဲ တွယ်တာစိတ်တွေ ရှိမှာပါ။ ဒါပေမယ့် မန္တလေးမှာက..။

အို.. ငါ့ခေါင်းက ဘာဖြစ်လို့ မူးသွားရတာလဲ။ ကြည့်ပါဦး။ နင်ဘာလုပ်တာလဲ။ အခု နင်ဘာလုပ်နေတာလဲ။ နင်က ဒီလိုပဲလား။ နင့်စိတ်က နီးရာကို ယိမ်းတတ်သလား။

နင့်လက်ကို လွှတ်လိုက်မိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ။ ငါကြောက်တယ်ဟာ။

"နိုင်ရယ်.."

နင် ဘာလို့ ညည်းတာလဲ။ ငါ့ကိုရော ဘယ်လို အဓိပ္ပါယ်နဲ့ ကြည့်တာလဲ။ နင့်ကို ငါသနားတယ်။ ငါဆိုတဲ့ ကောင်က နင့်မျက်ရည်တစ်ပေါက်ကို ပေါက်ကွဲတတ်တဲ့ ဗုံးတစ်ခုလို ကြောက်တတ်ခဲ့တဲ့ ကောင်မဟုတ်လား။ ငါ့ရင်တွေ အရမ်းခုန်နေပြီ။ နင်ပြောချင်တာကို မြန်မြန်ပြောလိုက်ပါလား။

"ငါ့ကို.. ခွင့်လွှတ်ပါ"

အို.. နင် ငါ့ကို တောင်းပန်တယ်။ ငါနင့်ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့ပါဘူးဟာ။ ငါ အမြဲတမ်း ခွင့်လွှတ်ထားတာပဲ။ တောင်းပန်စရာ မလိုပါဘူးဟာ။ တောင်းပန်မယ့်အစား အကြောင်းစုံကို ငါ့ကို ပြောပြရင် သိပ်ကောင်းမှာ။ ငါ့အပေါ်မှာ အလျင်လို စိတ်မျိုး ထားနိုင်မယ်လား။

"ဟိုတုန်းကအတွက်ရော၊ အခု ငို.. ငိုမိတဲ့အတွက်ရော"
"ဟင်.."

ငါ ဘာနားလည်ရမှာလဲ၊ ဘယ်လို နားလည်ရမှာလဲ။ ငါ့ပါးစပ်က တစ်ခုခု ပြောနိုင်ရင်ကောင်းမယ်။ ဘာမှ မပြောနိုင်ဘူး။ ဘာဖြစ်နေတာပါလိမ့်။

"ငါသွားတော့မယ်"

ငါ့ တစ်ကိုယ်လုံး အေးစက်သွားတယ်။ ဟုတ်မှ ဟုတ်ရဲ့လား၊ နင်ပြောလိုက်တာမှ ဟုတ်ရဲ့လား။

"သွားတော့မယ်" ဟုတ်လား။ သြော်.. နောက်ဆုံးတော့ တစ်ယောက်တည်းဟာ တစ်ယောက်တည်းပါပဲလား။ နင် ငါ့အနားက ထသွားလိုက်ပြီထင်တယ်။ ဝေးသွားတဲ့ နင့်ခြေသံကို ငါ ကြားနေရသလိုပဲ။ ဒါပေမယ့် သနပ်ခါးနံ့လေးကတော့ ငါ့ အနားမှာ ကျန်ခဲ့ပါရော။ နင့်ရှိုက်သံလေးတွေလဲ ငါ့အနားမှာ ကျန်ခဲ့ပါရော။

လောကကြီးဟာ ရှိသင့်တာထက် ပိုမှောင်သွားတယ်။ ငါ့ရင်ထဲမှာလည်း ရှိသင့်တာထက် တစ်ခုခု ပိုလာသလိုပဲ။ အို.. မဟုတ်ပါဘူး။ လိုတာ..။ ရှိသင့်တာထက် တစ်ခုခု လိုတာ။ နင့်ကို ငါ ပြန်လှည့်ကြည့်ချင်တယ်။ နင်လဲ ငါ့ကို တစ်ချက်ဖြစ်ဖြစ် ပြန်လှည့်ကြည့်မယ်လို့ ထင်တယ်။ အခုနေ.. နင် ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ငါ လှမ်းခေါ်မယ်လေ။

"မိမွန်ရေ...."လို့ အော်လိုက်မယ်။ နင်လဲ ငါ့ခေါ်သံကို စောင့်နေမယ် မဟုတ်လား။ ခေါ်သံကြားရင် တအားပြန်ပြေးလာမှာ.. နော်။

အို.. မခေါ်ဘူး.. လှည့်မကြည့်ဘူး.. လှမ်းမခေါ်ဘူး။

လက်နှစ်ဖက်နဲ့ ပွေ့ထားတဲ့ ဒူးနှစ်ခုပေါ်မှာ မျက်နှာကို တအား မှောက်ချလိုက်တယ်။ နင့်ဘက်ကို မျက်နှာလှည့်မိမှာစိုးလို့။ စိုစွတ်လာတဲ့ မျက်စိတွေကိုလည်း ဇွတ် မှိတ်ပစ်လိုက်တယ်။ နင့်သဏ္ဍာန်လေးကိုချည်း မြင်နေရမှာစိုးလို့။

အောက်နှုတ်ခမ်းကို သွားနဲ့ဖိပြီး ကိုက်ထားလိုက်တယ်။ "မသွားပါနဲ့"လို့ အကျယ်ကြီး အော်လိုက်မိမှာစိုးလို့။ ငါ့အသံတွေကိုလည်း ထိန်းချုပ်ထားလိုက်တယ်။

ကဲ.. မအော်ဘူး၊ လှမ်းမခေါ်ဘူး။

တအားကြီး စူးရှပြီး နာကျင်လာတဲ့ရင်ကိုတော့ ဒူးနှစ်ဖက်နဲ့ အတင်းဖိထားလိုက်တယ်။ သွားပါ မိမွန်ရယ်၊ ဟို... အဝေးထိအောင်သာ သွားလိုက်ပါတော့ ...... ။