Tuesday, October 4, 2011

ကယားပြည်နယ် အတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုကို ရပ်ဆိုင်းပေးရန် ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့(KDRG )က ယနေ့ တောင်းဆို လိုက်သည်။

ကယားပြည်နယ်တွင် တရုတ်နိုင်ငံ ဒါးတန်းကော်ပိုရေးရှင်း(Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက် မည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သော ရွာသစ် ရေကာတာ၊ မဂ္ဂါဝပ် ၁၃၀ ထုတ်လုပ်ပေးမည့် ပွန်ချောင်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်သော သဘက်ချောင်း ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းပေးရန်ဖြစ်ကြောင်း KDRG တာဝန် ခံ ခူးတော်ရယ်က ပြောပြသည်။

kayar-pyi-flood
၁ လကျော် ရေမြုပ်နေသည့် ကယားပြည်နယ်အတွင်း တနေရာ 
“ရေကာတာသစ်တွေ ဆောက်ရင် ပိုပြီးဆိုးလာနိုင်မယ့် ဒုက္ခတွေ ဖြစ်မှာကို ကျနော်တို့ အလွန်ပဲ စိုးရိမ်တယ်”ဟု ခူးတော်ရယ် က ဆိုသည်။

လတ်တလောတွင်လည်း စက်တင်ဘာလ အစောပိုင်းက မိုး ဆက်တိုက်ရွာသွန်းခဲ့ပြီး မိုးဗြဲရေကာတာမှ ရေများ အဆက်မပြတ် ဖွင့်ချခဲ့မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်ရွာများ ရေကြီးရေလျှံဖြစ်နေသည်မှာ ၁ လကျော် ရှိနေပြီဖြစ် သည်။

ဘီလူးချောင်း အနီးရှိ ကျေးရွာ ၃ ရွာနှင့် လယ်ဧက ၅၀၀ ခန့်မှာ ယခုအချိန်အထိ ရေမြုပ်နေကြောင်း သိရသည်။

ထို ရေလွှမ်း မိုးမှု ခံနေရခြင်းကို ထောက်ပြ၍ ရေအားလျှပ်စစ် စီမံကိန်းများ ရပ်ဆိုင်းပေးရန် KDRG အဖွဲ့က ကြေညာချက်ထုတ် ၍ အစိုးရ အာဏာပိုင်များကို တောင်းဆိုခြင်း ဖြစ်သည်။

ခူးတော်ရယ်က“အသက် ၅၀ လောက် အရွယ်တွေကို မေးကြည့်တော့ သူတို့ ဒီလောက်ရေကြီးတာ ဘ၀မှာ တခါမှမကြုံဖူးဘူး ပြောတယ်၊ ရေကြီးရတဲ့ အကြောင်းက မိုးရွာတာ တခုတည်း မဟုတ်ဘူး၊ ဆည်ရဲ့အကျိုးသက်ရောက်မှုကြောင့် ပါပဲ၊ အောက်ခြေမှာ ခံစားနေရတာကို ကျနော်တို့က တင်ပြတာပါ”ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ ရေကာတာ ခေတ္တ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကြေညာခဲ့သည့်အပေါ် KDRG အနေဖြင့် အားရ ကျေနပ်စွာ ကြိုဆိုကြောင်း၊ ယင်း အန္တရာယ် ဖြစ်စေနိုင်မည့် ရေကာတာ စီမံကိန်းအသစ်များကို ရပ်ဆိုင်းပေးရန်၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို ပြန်လည် စုံစမ်းစစ်ဆေးပေးရန် လိုကြောင်းလည်း KDRG ၏ ကြေညာချက်၌ ပါရှိသည်။ 

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ၃ ခုဆောက်လုပ်ရန် ယခင်စစ်အစိုးရက ဒါးတန်းကော်ပိုရေးရှင်းနှင့်၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ လက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဒါးတန်းကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတ၀န်းလုံးက သဘောတူလက်ခံထားသည့် လူ့အခွင့် အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေးထိုးကာ အဖွဲ့ ၀င်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု ကို တည်ဆောက်ရန် လျာထားခဲ့သည်။

တရုတ်ကုမ္ပဏီများနှင့် အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများ အတွက် လျှပ်စစ် ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုမှာ တရုတ်သို့ တင်ပို့ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

ထို ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကယားပြည်နယ်အတွင်းရှိ ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံ ၃၇၀၀၀ ခန့် ရွှေ့ပြောင်းရ မည်ဖြစ်ပြီး ယင်းတလဲ လူမျိုးများ ပျောက်ဆုံးရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း၂၀၁၁ ခုနှစ်မတ်လက KDRG က ထုတ်ပြန် ခဲ့ဖူးသည်။

လက်ရှိ အချိန်အထိ ကချင် ၊ ရှမ်း၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိ

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
သို့သော်လည်း စီမံကိန်းကို စီစဉ်ထားသည့်အတိုင်း ပြန်လည် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာနှင့်  ပြုလုပ်သည့် အင်တာဗျူးတွင် အကျယ်တ၀င့် ပြောလိုက်သည်။

"သတင်းမှာ ပါလာတော့ အင်မတန် အံ့သြသွားမိတယ်။  ဆိုင်းငံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆုံးဖြတ်ခင်တုန်းက ကျနော်တို့ကို မြန်မာနိုင်ငံဘက်က ဘာမှ ဆက်သွယ်လာတာ မရှိဘူး" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ၀န်ကြီးချုပ်ဘ၀က မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် CPI ကုမ္ပဏီကို မှာကြားခဲ့သူ ဖြစ်ခြင်းကြောင့် ယခု ဆုံးဖြတ်ချက်ကို  အလွန် အံ့သြမိခြင်းဖြစ်သည်ဟု Mr. Lu Qizhou က ပြောသည်။

"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ  ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။

CPI ကုမ္ပဏီသည် ဒေါ်လာ ဘီလီယံ ၂၀ တန် မြစ်ဆုံဆည် ၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့  ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို  မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများ မည်သည့်နေရာတွင် ရှိနေသည်ကို ထိုနှစ်ဦးမှတပါး မည်သူမျှ မသိရကြောင်း စသည့် အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

ယခု ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံ ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။

"စီမံကိန်း ရပ်ဆိုင်းတယ် ဆိုရင်တော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍမှာ ဆုံးရှုံးမှုက မျှော်လင့်ထားတာထက် ပိုများမှာ ဖြစ်ပါတယ်" ဟု Mr. Lu Qizhou က ပြောသည်။

၂၀၀၆ ခုနှစ်တွင်   CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကို မြန်မာပြည်သားများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြသည်။ စနေနေ့တွင် ထွက်ပေါ်လာသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်တွင် စီမံကိန်းတွင် ပါဝင်သည့် တရုတ် ကုမ္ပဏီတို့၏  ဥပဒေအရ ရပိုင်ခွင့်တို့ကို  မြန်မာအစိုးရကအကာအကွယ်ပေးရန် တောင်းဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြန်မာပြည်သားတို့၏ စိုးရိမ်ပူပန်မှု၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် အခြေအနေများအကြောင်း ပါဝင်ခြင်း မရှိပေ။

တနင်္လာနေ့က သမ္မတဦးသိန်းစိန်၏ အကြံပေးအရာရှိတဦးက ပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့  လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။

မြန်မာအစိုးရက စီမံကိန်းကို ဆိုင်းငံ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရသည့်အခါ လျော်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စ ဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က ပြောသည်။

"ဒါမျိုးတွေက ဖြစ်နေကျပါ။ နိုင်ငံအတော်များများ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီများနဲ့လုပ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေက ကိုယ်တိုင် ဆောင်ရွက်တော့မယ် ဆိုရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်" ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင်  မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်း ဖော်ပြထားကြသည်။ မြန်မာအစိုးရဘက်က တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

CPI ကုမ္ပဏီဥက္ကဋ္ဌ  Mr. Lu Qizhou ၏ တနင်္လာနေ့ ပြောကြားချက်များတွင်  ဝေဖန်သူများ ထောက်ပြနေသကဲ့သို့  မြစ်ဆုံစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရှိမနေကြောင်း၊ စီမံကိန်း ပြီးစီးပါက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ကိုပင် ရေကြီးသည့် အန္တရာယ်မှ  ပိုမိုကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

"မြစ်ဆုံစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ချက်ကြောင့် စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် တကယ့်ကို မျှော်လင့်ပါတယ်။ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ၊ နှစ်ဘက်လုံးအဆင်ပြေမယ့် ရလဒ်တွေဟာ တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဖြစ်လာမှာပါ" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာကို ပြောလိုက်သည်။

ထိန်းသိမ်းခံ လူငယ်ကို စစ်တွေ ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၆ ရက်နေ့က ပြစ်မူ တစုံတရာ မရှိဘဲ ဖမ်းဆီး ခံခဲ့ရသော မောင်ထွန်းတင်(ခ) ၀ိုင်းချေအား ယခုအခါ စစ်တွေထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း သတင်း ရရှိသည်။


Sittwe Prison
" ဟုတ်ပါတယ်။ အခု သူက ရဲစခန်းကနေ စစ်တွေထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ လွန်ခဲ့တဲ့ စက်တင်္ဘာလ ၂၇ ရက်နေ့က တည်းက ရဲအချုပ်ကနေ စစ်တွေထောင်ထဲကို ပြောင်းရွှေ့ ချုပ်နှောင် ထားပါတယ်" ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

မောင်ထွန်းတင် (ခ) ၀ိုင်းချေအား စက်တင်္ဘာလ ၂၆ ရက်နေ့ ညဉ့် ၁၂ နာရီ အချိန်က သူ၏နေအိမ်မှ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

" ညဉ့် ၁၂ နာရီ အချိန်ခန့်မှာပါ။ စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေရယ်။ အမှတ်(၂) ရဲစခန်းက နယ်မြေတာ ၀န်ခံ ဒုရဲအုပ် အေးခင်မောင်နဲ့ အဖွဲ့ဝင် ၆ ဦးပါတဲ့ အဖွဲ့က လမ်းမတော် တောင် ရပ်ကွက်က ဦးအောင်ဇံဝေလမ်းလို့ ခေါ်တဲ့ အမှတ်(၅)လမ်းက ဦးမောင်ဦးသိန်း နေအိမ်ကို ၀င်ရောက် ရှာဖွေမူ ပြုလုပ်ပါတယ်။ ရှာဖွေမူ ပြုလုပ်တာမှာ တစုံတရာ မတွေ့ရှိရဘဲ သားဖြစ်သူ မောင်ထွန်းတင်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။"

ဖမ်းဆီးခံရစဉ်အတွင်း မောင်ထွန်းတင်မှာ နေမကောင်းဖြစ်နေသဖြင့် ထိတ်လန့်ကာ သတိ မေ့မြော့ သွားခဲ့ကြောင်း၊ မိနစ်အနည်းငယ် အတွင်း သတိ ပြန်လည်လာခဲ့ကြောင်း၊ သတိပြန်လည်လာပြီးနောက်ပိုင်း အမှတ်(၂)ရဲစခန်းသို့ ခေါ်ယူသွားကာ ချုပ်နှောင် ထားခဲ့ကြောင်း၊ ရဲစခန်းတွင်ချုပ်နှောင်ထားစဉ် မိသားစု တစုံတဦးနှင့်မျှ တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရသည်။

" စက်တင်္ဘာလ ၂၇ ရက်နေ့မှာ လမ်းမတော် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေက မောင်ထွန်းတင်တို့ အိမ်သို့လာပြီး ခင်ဗျားတို့ရဲ့ မောင်ကို ခြေချုပ်မှုဖြင့် အမှုဖွင်ကာ တရာရုံးတင် ထားတယ်။ (စီဘီချုပ်) တရားရုံးတွင် တွေ့နိုင်တယ်လို့ သူရဲ့ အစ်မ ဖြစ်သူ ဒေါ်အေးသိန်းခိုင်အား လာရောက် အကြောင်းခဲ့ပါတယ်။ သူရဲ့ အစ်မဖြစ်သူ ဒေါ်အေးသိန်းခိုင်မှ တရားရုံးတွင် သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီနေ့ ညနေ (၄)နာရီ မှာဘဲ တရားရုံးကနေ ထောင်ချုပ်ကို ပြောင်းရွှေ့ ချုပ်နှောင်ထားလိုက်ပါတယ်" ဟု သူက ဆက်ပြောသည်။

တရားစွဲဆိုခံရသူ မောင်ထွန်းတင်(ခ) ၀ိုင်းချေမှာ အသက်-၂၈ နှစ် ရှိပြီး ပြစ်မှုတစုံတရာ မရှိဘဲ ထိမ်းသိမ်း ခံထားရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူ့ကို ဖမ်းဆီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဆရာတော်ဦးဥတ္တမနေ့ ချီတက်ပွဲမှာ သံဃာတော်တွေ စီတန်း လှည့်လည်စဉ် ကူညီ ခဲ့တဲ့ အတွက် သူ့ကို ရဲ တပ်ဖွဲ့က မှတ်တမ်း တင်ထားခဲ့တယ်လို့ သိရပါတယ်။ စက်တင်္ဘာ ၂၇ ရက်နေ့ ရွှေဝါရောင် (၄)နှစ် ပြည့် လှုပ်ရှားမှု ပေါ်ပေါက်အောင်လည်း ကူညီ ပေးနိုင်တယ်လို့ ရဲက ထင်မြင် ယူဆတဲ့ အတွက် အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုကို ဖိအား ပေးကာ ခြေချုပ်မှုဖြင့်တရားစွဲဆိုခိုင်းတယ်လို့ သိရပါတယ်" ဟု ပြောသည်။

မောင်ထွန်းတင်အား စက်တင်္ဘာလ ၂၉ ရက်နေ့က ရုံးထုတ်ခဲ့ပြီး မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။


လွှတ်တော်၏ အလုပ်သမား ဥပဒေမူကြမ်းအပေါ် စိုးရိမ်မှုများရှိနေ


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် စက်တင်ဘာလ ၂၉ရက်နေ့က အတည်ပြုခဲ့သည့် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ လက်ခံသော်လည်း စိုးရိမ်မှုများ ဖြစ်ပေါ် လျှက်ရှိသည်။
လှိုင်သာယာ စက်မှုဇုံရှိ ဖိနပ်စက်ရုံမှ စက်ပြင်ဆရာတစ်ဦးက “မှန်မှန်ကန်ကန် လုပ်ခွင့်ရမယ်ဆို အတိုင်းထက် အလွန်ပေါ့ဗျာ။ ကျနော်တို့ ဖိနပ်စက်ရုံမှာ လုပ်သားပေါင်း ၅၀၀ကျော်တယ်။ လုပ်သားတွေရဲ့ အရေးအရာကို ထိထိရောက်ရောက်လေး ဖြေရှင်းနိုင် မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဥပဒေအများစုက ကျနော်တို့ နားမလည်တာ များတယ်။ ဒါ့အပြင် တချို့ဥပဒေတွေက တနေရာမှာ လွှတ်ပေးထားသလိုနဲ့ တနေရာမှာ ချုပ်ထားပြန်ရော။”ဟု ဆိုသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့ခွင့်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် ၃၀ဦးထက်မနည်းဖွဲ့ရန်နှင့် ၃၀ဦး မပြည့်ပါက အခြားလုပ်ငန်းတူ လုပ်ငန်းများမှ အလုပ်သမားများနှင့် ပူးပေါင်းဖွဲ့ခွင့်ရှိသည်ဟူ၍ ပါရှိသည်။ ထိုသို့ ဖွဲ့စည်းရန်အတွက်လည်း မြို့ နယ် မှတ်ပုံတင်အရာရှိထံမှတဆင့် အရာရှိချုပ်ထံ ဆက်လက် တင်ပြကာ မှတ်ပုံတင်ကြရမည်ဟုလည်း ထည့်သွင်းထားသည်။
၎င်းအပြင် အလုပ်ခွင်အတွင်း ပြဿနာများ ဖြစ်ပေါ်လာပါက သပိတ်မှောက်ခွင့်ရှိလည်း သပိတ်မှောက်မည်ဆိုပါက အလုပ်ရှင်အား ကြိုတင်အကြောင်းကြားရမည်ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင်များထံ နှစ်ပတ် ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်း ပါရှိ သည်။
“ကြိုတင် အကြောင်းကြားရမယ်ဆိုရင် အလုပ်ရှင်က အလုပ်ပိတ်လိုက်မှာပေါ့။ အာဏာပိုင်တွေကလည်း တားမှာပေါ့။ နောက်ပြီး မှတ်ပုံတင်တော့ကော အဆင်ပြေပြေ ရမှာလား။ အဖွဲ့မပြောနဲ့ လူတွေ မှတ်ပုံတင်လုပ်တာတောင် ဘယ်လောက်ခက်လဲ။ တကယ် လုပ်ပိုင်ခွင့်နဲ့ လုပ်ခွင့်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။”ဟု တောင်ဒဂုံ အထည်ချုပ်စက်ရုံမှ စာရင်းကိုင် အမျိုးသမီးတစ်ဦးက ပြော သည်။
ထို့အပြင် နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ခွင့်၊ မတရားအလုပ်ထုတ်ခံရသူများဘက်မှ အလုပ်သမား အဖွဲ့ အစည်းက အကာအကွယ် ပေးခွင့်များလည်း ရှိသည့်အပေါ် သူမက ယခုလို ဆက်လက် ပြောဆိုသည်။
“ကိုယ်တိုင် သပိတ်မမှောက်ဘူးတော့ အဲဒါနဲ့ ပတ်သက်ရင် မသိပါဘူး။ ဒါပေမယ့် အဖွဲ့ဆိုရင်တော့ အသေအချာ၊ အမှန်အကန် ဦး ဆောင်နိုင်မယ့်ခေါင်းဆောင် လိုမှာပါ။ အလုပ်ရှင်ဘက်က ကြည့်ရင်တော့ ခေါင်းစားစရာပါ။ အလုပ်သမားတွေဘက်ကတော့ ကောင်းပါတယ်။ သူများနိုင်ငံတွေနဲ့ အလုပ်တွဲလုပ်ရမယ်ဆိုရင်တော့ အတွေ့အကြုံသစ်တွေရနိုင်တာမို့ သဘောကျပါတယ်။”ဟု အဆိုပါ စာရင်းကိုင်က ပြောသည်။
သို့သော် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းထဲတွင် အလုပ်ရှင်မှ အလုပ်သမားအား အကြောင်းမဲ့ အလုပ်ထုတ်ပါက အဖွဲ့အစည်းအနေဖြင့် ကာကွယ်နိုင်ကြောင်းလည်း ပါဝင်သည်။
လှိုင်သာယာမြို့နယ်၊ ဖိနပ်စက်ရုံ အလုပ်သမတစ်ဦးက “ကျမတို့စက်ရုံမှာ စူပါ(super)၊ လီဒါ(leader)၊ စူပါဗိုက်ဇာ(supervisor) တွေက အဆင့်ဆင့် အုပ်ချုပ်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က သူ့စိတ်ကြိုက် ရွေးချယ်ထားတဲ့သူတွေ။ သူတို့က အလုပ်နဲ့ ပတ် သက်တာကလွဲလို့ တခြားကိစ္စတွေကို ဘာမှမဆောင်ရွက်ပေးပါဘူး။ အလုပ်သမားတွေ မျက်နှာထက် အလုပ်ရှင်မျက်နှာကိုပဲ ကြည့် နေရတာလေ။ ခုလို အဖွဲ့သာ သေချာ လုပ်ခွင့်ရမယ်ဆို ကောင်းတာပေါ့။ ကျမတို့စိတ်ကြိုက် ခေါင်းဆောင်ရွေးမယ်။ မကြိုက်ရင် နောက်တစ်ယောက် ထပ်ရွေးမှာပေါ့။”ဟု ပြောသည်။
ရန်ကုန်မြို့ပေါ်ရှိ အလုပ်ရုံ အများစုမှာ ငွေစုငွေချေး အဖွဲ့ငယ်လေးများနှင့် သာရေးနာရေးများကို စုပေါင်းလုပ်ဆောင်ခြင်းများသာရှိ ပြီး စနစ်တကျ အဖွဲ့အစည်းမျိုး မရှိသေးကြောင်း၊ တချို့မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွဲ့ထားသည်များရှိသည်။
လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သည့် အဆိုပါ အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်ပအခြေ စိုက် မြန်မာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUB)က ကြိုဆိုလိုက်သည်

ပြည်နယ်နဲ့ အပေးအယူ လုပ်ဖို့ သမ္မတကို တိုက်တွန်းမည်


မြန်မာနိုင်ငံမှာ ပြည်နယ်တွေကို သီးခြား ခွဲထွက်ခွင့်ပြုမှာ မဟုတ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား အပေးအယူ သဘောမျိုး လိုက်လျောမှုရှိတဲ့ ညှိနှိုင်းမှုတွေကို ဆောင်ရွက်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုသွားမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်က ကျင်းပသော ပါလီမန်ကို တက်ရောက်နေသော ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။
သမ္မတဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ အင်ဒိုနီးရှား နိုင်ငံကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ အထိ သွားရောက်ပြီး အင်ဒိုနီးရှား နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာခဲ့ကြပါတယ်။ ဒီခရီးစဉ် အတွင်း လေ့လာ တွေ့ရှိချက်တွေကို မူတည်ပြီး အကြံပြုမှာ ဖြစ်ကြောင်း နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က အခုလို ပြောဆိုလိုက်တာပါ။ "Negociation ဘယ်လိုလုပ်မလဲ ဘာတွေ ပေးပြီး ဘာပြန်ယူမလဲပေါ့။ အဓိက ကတော့ သီးခြားပြည်နယ် ခွဲထွက်ဖို့ တောင်းဆိုခွင့်တော့ မရှိနိုင်ဘူးပေါ့ဗျာ။ ပြည်ထောင်စုကြီးက ပြိုကွဲသွားမှာကိုး။ သို့သော်လည်း သူ့နယ်မြေအလိုက် သူ့ရဲ့ အင်အားအလိုက် အဲဒီအပေါ်မှာတော့ ကျတော်တို့ အပေးအယူ Adjustment လေးတော့ ရှိမှာပေါ့။" အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အစိုးရနဲ့ အင်ဒိုနီးရှား ဗဟိုအစိုးရတို့ အကြား ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ပုံတွေကို အခြေခံပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ အတွက် သမ္မတဦးသိန်းစိန်ကို အကြံပြု တင်ပြမှာ ဖြစ်တယ်လို့လည်း ဒေါက်တာနေဇင်လတ်က ပြောပါတယ်။ သမ္မတ အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်ရဲ့ ဒီပြောကြားချက် အပေါ်တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ စုစည်းထားတဲ့ UNFC အတွင်းရေးမှူး နိုင်ဟံသာက ကြိုဆိုလိုက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပေါ်ပေါက်လာအောင် အထောက်အကူပြု ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ "တခြားနိုင်ငံတွေက အတွေ့အကြုံတွေယူပြီး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို လိုချင်တာပါ။ စေတနာမှန်ရင်တော့ ဖြေရှင်းလို့ ရမှာပါ။ ကျနော်တို့ကလည်း ခွဲထွက်ရေးကို ဦးတည်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပြည်နယ်မှာ ကိုယ့်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုရော၊ ကိုယ့်အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ပေါ့နော်။ စီမံခန့်ခွဲရေးတွေတော့ ရှိဖို့ လိုပါတယ်။ တကယ့်စေတနာမှန်နဲ့ ပြေလည်ရာ ပြေလည်ကြောင်း လုပ်မယ်ဆိုရင်တော့ ကျနော်တို့လည်း အထောက်အကူ ပေးနိုင်ပါတယ်။" အင်ဒိုနီးရှားနိုင်ငံခရီးစဉ် အတွင်း သမ္မတ အကြံပေး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးဆက်အောင်နဲ့ ဒေါ်ခင်မျိုးမြင့်တို့ဟာ အင်ဒိုနီးရှားနိုင်ငံက အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC နဲ့ NGO အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ဖြေရှင်းရလိမ့်မယ်လို့ တရု တ် သတိပေး


မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရဘက်က တစ်ဘက်သတ် ရပ်ဆိုင်းလိုက်တဲ့ အတွက် ဥပဒေကြောင်းအရ ဖြေရှင်းစရာတွေ ရှိလာလိမ့်မယ်လို့ CPI (China Power Investment Corporation) တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဌ Lu Qizhou က မနေ့က ပြောဆိုပါတယ်။
AFP
ဧရာဝတီမြစ် ထိမ်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ ပြုလုပ်ခဲ့သော ရန်ကုန်မြို့က ဆန္ဒပြပွဲတခုတွင် လှုံ့ဆော်ရေး စာတန်းပါ ခမောက်ဆောင်းထားသူ တဦးကို တွေ့ရစဉ်။
အစိုးရပိုင် ဆင်ဟွာ သတင်းဌာနနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မြန်မာဘက်က ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းထားမယ်လို့ ရုတ်တရက် ကြေညာလိုက်ကြောင်း သတင်း မီဒီယာတွေက တဆင့် သိရတာကြောင့် သူတို့ အနေနဲ့ အင်မတန်မှ အံအားသင့်မိတယ် လို့လည်း Lu Qizhou က ပြောပါတယ်။ အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျတဲ့ မြစ်ဆုံဆည် တည်ဆောက်မှု သဘောတူညီချက် စာချုပ်အပေါ် မြန်မာဘက်က ချိုးဖောက်ခဲ့မှုကို တရားဥပဒေကြောင်း အရ ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။ ဧရာဝတီမြစ် ကယ်တင်ရေး လှုပ်ရှားနေသူ US Campaign for Burma အဖွဲရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးအောင်ဒင်ကတော့ - မြန်မာပြည်သူ တစ်ရပ်လုံးက မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့သာ မဟုတ်၊ ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ကြောင်း၊ တရုတ် အစိုးရရဲ့အခုလို ဖိအားပေးမှုကို မြန်မာ အစိုးရ အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ မြန်မာဘက်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုကို တရုတ် အစိုးရပိုင် ကုမ္ပဏီအနေနဲ့ ဘယ်လို ဥပဒေကြောင်းအရ တရားစွဲမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနဲ့ တရုတ် အရေး ကျွမ်းကျင်သူတွေကတော့ နှစ်နိုင်ငံ စလုံးမှာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေ ရှိနေတာကြောင့် ဒီမြစ်ဆုံဆည် ကိစ္စမှာ တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းနိုင်ပါ့မလား ဆိုတာ သံသယ ရှိနေကြ ပါတယ်။

ဆန္ဒပြခွင့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု


ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဥပဒေမူကြမ်းကို မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
သူ့အနေနဲ့ ပြင်ဆင်ချက်တွေ တင်သွင်းခဲ့တဲ့ အထဲမှာ ဆန္ဒပြတဲ့ အချိန်မှာ နိုင်ငံတော် သီချင်း သီဆိုခွင့် ဆိုတဲ့ အဆိုပြုချက်ဟာလည်း လွှတ်တော်အမတ် အားလုံးရဲ့ထောက်ခံမှု ရခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ကိစ္စမျိုးနဲ့ ကြုံလာရမယ်ဆိုရင် နိုင်ငံတော် သီချင်းကို သီဆိုပြီး ရင်ဆိုင်ရမယ့် အခြေအနေမျိုး ပေါ်ပေါက်လာတာမျိုး ရှိနိုင်ကြောင်း၊ ဒါကြောင့် ဥပဒေမှာ အသေပိတ်မထားဘဲ ဒီကိစ္စ ထည့်သွင်းဖို့ အဆိုပြုတဲ့အခါ ပြည်ထောင်စု ၀န်ကြီးက လက်ခံလိုက်ကြောင်း၊ မိမိရဲ့ အဆိုတွေ တင်ခဲ့သမျှမှာ ဒီတစ်ခါ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက စက်တင်ဘာလ တတိယပတ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်မှာ ဆုံးဖြတ်ချက် ယူပြီးရင်တော့ သမ္မတ လက်မှတ် ရေးထိုး အတည်ပြုမှာ ဖြစ်ပါတယ်

မှတ်ချက်များ