Thursday, February 23, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို


by Yangon Press International on Wednesday, February 22, 2012 at 7:11pm ·
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာစေရန်အတွက် အခြေအနေနှင့်မကိုက်ညီသော တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြောကြားလိုက်သည်။


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့  ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲ တွင်သူရဦးရွှေမန်းက ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီး မြှုပ်နှံလိုသူများစွာရှိသည်ဟု ကြားသိရကြောင်း သို့သော် တည်ဆဲဥပဒေများကို လေ့လာပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိသည်ဟု ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများက ပြောကြားသည်ဟု ၎င်း ကဆိုသည်။
“ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ၀င်လာဖို့ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့၊ ကိုယ့်နိုင်ငံနဲ့လက်တွေ့ကျမယ့် ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့လိုပါတယ်” ဟု သူရ ဦးရွှေမန်း ကဆိုသည်။

၎င်းကထပ်မံ၍ ဥပမာအားဖြင့် ၁၉၄၇ ခုနှစ်ကတည်းက ပြဌာန်းထားသော ယာယီသွင်းကုန် ထုတ်ကုန် ဥပဒေကို ယနေ့အထိ ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ ယင်းဥပဒေသည် ယနေ့ခေတ်အခြေအနေနှင့် မလျော်ညီသဖြင့် ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်ရကြောင်း၊ ထိုဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တာဝန်ရှိကြောင်း၊ ယင်း ၀န်ကြီးဌာနများမှ ပြင်ဆင်ရန် နှောင့်နှေးနေပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တွန်းအားပေးရန်လိုအပ်ကြောင်း သူရဦးရွှေမန်းကဆိုသည်။

“ပြုပြင်ပြောင်းလဲရေးကို ကြိုက်ပါတယ်ဆိုပြီး နှောင့်နှေးနေတဲ့အတွက် ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ရွေတဲ့ဘက်က မရွေ့ရင် ကျွန်တော်တို့ တွန်းတဲ့ဘက်က ပိုတွန်းရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက “ဥပဒေတွေက ရှိပြီးသားပါ။ လက်ရှိဥပဒေတွေကလည်း နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အခြေခံခြင်းတူပါတယ်။ ဖော်ဆောင်တဲ့အပိုင်းကပဲ လိုနေတာပါ။ ဥပဒေကို ဥပဒေအတိုင်း အာမခံချက် မပေးနိုင်တာကမှ တကယ့်ပြဿနာပါ” ဟု သူ၏ အမြင်ကိုပြောကြားသည်။

လက်ရှိ တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အနေဖြင့် ယခုအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ဥပဒေများအပါအ၀င် စီးပွားရေးဆိုင်ရာ ဥပဒေအချို့ကို ပြုစုလျက်ရှိသည်။      ။

လွမ်းနေရတဲ့တက္ကသိုလ်

by May Kyi 
 
ဆောင်းအကုန် နွေအကူး အချိန်မှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ကြရင်း ရန်ကုန်တက္ကသိုလ်ဝင်း ပတ်ရန် စိတ်ကူးကြတယ်။ မနက်ပိုင်း တခါတော့ လျှောက်ဖူးသား။ မနက်စောစော အင်းလျားကန်ဘောင်မှာ လမ်းလျှောက်သူ လေ့ကျင့်ခန်းလုပ်သူများနဲ့ ကက်ဆက်သံ ရေဒီယိုသံ လူသံ ဆူညံရှုပ်ထွေးသလောက် အင်းလျားလမ်းက လူသူ ကင်းမဲ့လွန်းတယ်။ လမ်းလျှောက်သူ တယောက်စ နှစ်ယောက်စ ကိုသာ တွေ့ရတယ်။ ကားအသွားအလာလည်း နည်းတယ်။  ဒီအချိန် ဘုရင်နောင့်လမ်းမကြီး အင်းစိန်လမ်းမကြီးဘက်ကို ထွက်သွားရင် ဘတ်စ်ကားတွေလည်း ပြေးနေပြီ။
သိရိမင်္ဂလာဈေးသစ်ကို ကုန်စိမ်းကြိုတဲ့ကားတွေ ဂယ်လီတွေနဲ့ ရှုပ်ထွေး စည်ကားနေပြီ။ ပဲပြုတ်သည် ကုန်စိမ်းသည် ဆိုက္ကားသမား ခေါ်သံအော်သံ သောသောညံနေကြပြီ။ အင်းလျားလမ်းတွင်ကား မိုးမလင်းသေး။ တိတ်ဆိတ်မှောင်မိုက် နေဆဲပင်။


တက္ကသိုလ်ရိပ်သာလမ်းကနေ အဓိပတိလမ်းကိုမျှော်ကြည့်မိတော့ မီးရောင်က ခပ်မှိန်မှိန်။ မနက်စောစော ဥသြသံကို ကြားရတော့ ဘယ်ဝယ်လွမ်းရမှန်းမသိ။ တောင်ငူဆောင် အမရဆောင်တို့ကား မှောင်မိုက်ငြိမ်သက်လျက်။ တက္ကသိုလ်ရိပ်သာလမ်းက ပိတောက်ပင်တွေ အကိုင်းအခက် နည်းပါးကုန်ပြီ။ ခါတိုင်းလို အုပ်ဆိုင်းနေခြင်းမရှိတော့။ ဓမ္မာရုံရှေ့က အရွက်အကုန်ကြွေပြီး ရိုးတဲကျဲကျဲရှိမှ ပိုလှတဲ့ အပင်ကိုလည်း မမြင်ရတော့ဘူး။ ခုတ်ပစ်လိုက်တာလား။ သေသွားတာလား မသိတော့ပြီ။



သူငယ်ချင်းအတူ လမ်းလျှောက်ဘို့ ချိန်းကြတော့ မနက်စောစော မလျှောက်ဖြစ်ကြဘူး။  ညနေ ၅ နာရီခွဲကျော်ကျော်မှာ စီးပွားရေးတက္ကသိုလ် ၀င်းဒေါင့် အင်းလျားလမ်းနဲ့ ပြည်လမ်းကနေ ခရီးစဉ် စတယ်။ အဲဒီဒေါင့်က အီကိုကျောင်းဝင်းထဲမှာ အရင်က ယူကလစ်ပင်ကြီးတပင်ရှိတယ်။ ပင်စည်က အရောင်မျိုးစုံပြောင်းနေတာ။ အရမ်းလှတယ်။ ကျောင်းက အဆောင်ကနေ အင်းယားကိုထွက်ရင် အဲဒီအပင်ကို အမြဲလိုလို ကြည့်မိတယ်။ တခါကြည့် အရောင်ကတမျိုး။ တလောဆီက ကြည့်မိတော့ အပင်ကြီးကို ချိုင်ထားသလိုဘဲ။ အရင်လို အမြင့်ကြီးမဟုတ်တော့ ကြည့်ရတာ မလှတော့ဘူး။



မာလာဆောင်ရှေ့ရောက်တော့ မနေနိုင်မထိုင်နိုင် ကြည့်မိပြန်ရော။ သင်ကြားရေးအဆောင်တခုဖြစ်နေလို့ တော်သေးတာဘဲ မှတ်ချက်ချရတယ်။ မာလာဒေါင့်က သစ်တိုပင်ကြီးကို ပြရသေးတယ်။ သီရိဆောင်ဘက်ကို ကြည့်လိုက်တော့ ၀င်းထဲမှာ အမျိုးသားတွေ ခြင်းခတ်နေတာ မြင်ရတယ်။ ကားတွေ ရပ်ထားတာလည်း အများကြီး။ ပြည်လမ်းအခြမ်းဘက်က ခြံစည်းရိုးကိုလည်း ရှင်းပစ်ထားလို့ အဆောင်ဘေးနံရံကို ထင်းထင်းကြီး မြင်နေရတယ်။


ဂျပ်ဆင်တံခါးပေါက် ဖွင့်ထားလို့ ကျောင်းဝင်းထဲက ဖြတ်လျှောက်ဘို့ ကြံစည်ကြတယ်။ သီရိဆောင်ရှေ့ရောက်တော့ ဂျပ်ဆင်ကိုနောက်ခံထားလို့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကျောင်းထဲ မရောက်တာ ဆယ်နှစ်ကျော်ပြီလို့ ပေါက်က တ သ တဲ့ လေသံနဲ့ ဆိုတယ်။


သီရိဆောင်ရှေ့မှာတော့ အသစ်စက်စက် ဆိုင်းဘုတ်တခု။ ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းအဖွဲ့ ဆိုတာကိုဘဲ ဖတ်မိလိုက်တယ်။ မျက်စိထဲ သဲနဲ့ ပက်လိုက်သလိုဘဲ။ မာလာ ဘ၀ပြောင်းသွားတာကမှ အင်္ဂလိပ်စာသင်ကြားရေး ဗဟိုဌာနဆိုလို့ လက်ခံနိုင်သေးတယ်။ အခု သီရိက ဘယ်နှယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး ဖြစ်သွားပါလိမ့်။ ကုန်ပါပြီ။ သီရိ သိမ်းပိုက်ခံလိုက်ရပြန်ပြီ။

မောင်ဝဏ္ဏနဲ့ ပန်းတွေနဲ့ဝေ ကို ချက်ချင်း သတိရမိတော့တယ်။ ဒီဆိုင်းဘုတ်နဲ့ဆို ပန်းတွေနဲ့ဝေကို ဘယ်လို ပြန် ခံစားရမှန်းတောင် မသိတော့ဘူး။ သီရိဆောင်ရှေ့က ရေတမာရိပ်မှာ ခိုကာ ည ည သီရိသူတွေကို တေးခွန်းချိုဖွဲ့ခဲ့သူတွေ ခုနေ ဒီဆိုင်းဘုတ်မြင်မိရင် အကုန် စိတ်လေကုန်တော့မယ်။ သွားပါပြီ။


ဂျပ်ဆင်နောက်ဘက်ကို အရင်လို တည့်တည့်သွားလို့မရတော့။ သံတိုင် ခြံစည်းရိုးတွေ ခတ်ထားတဲ့  အပေါက်သေးသေးက လှည့်ထွက်ရတယ်။ ဂျပ်ဆင်နောက်ဘက်က စင်္ကြန်က နည်းနည်း ပျက်စီးနေပြီ။ ဘယ်ဘက်မှာတော့ အပန်းဖြေရိပ်သာ ( RC )။ အာရ်စီနောက်မှာ ချုံ တော ထ နေပြီ။


ပထမနှစ်တုန်းက သမိုင်းဝင်းမှာ ကျောင်းတက်ရပေမဲ့ ကျောင်းလခ အဆောင်လခ သွင်းဘို့ မိန်းကိုလာရင် အပန်းဖြေရိပ်သာကို တကူးတက လာရတယ်။ သိပ်ခမ်းနားကြီးကျယ်တာဘဲလို့ တောကတက်လာတဲ့ ပထမနှစ်ကျောင်းသူရဲ့ စိတ်မှာ တွေးမိတယ်။ ကျောင်းအမှတ်တရ တီရှပ် စာအိတ် လာ လာ ၀ယ်တယ်။ အိမ်ကို စာထည့်ရင် ရန်ကုန် စီးပွားရေးတက္ကသိုလ်ဆိုတဲ့ စာအိတ်နဲ့ ထည့်ချင်တာကိုး။


အပန်းဖြေရိပ်သာကိုလာရင် ပတ္တလားသံ အမြဲ ကြား ရတယ်။ အာရ်စီက အိမ်သာ ကျင်ငယ်နံ့ ပြင်းထန်တာကိုလည်း အမှတ်ရနေဆဲ။ အာရ်စီထဲမှာ လုပ်တဲ့ အားကစားပြိုင်ပွဲတွေ ပြည်ထောင်စုနေ့နီးလာရင် လုပ်တတ်မြဲ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲတွေ။ ကယား ကချင် အသင်းတွေက ရောင်းတဲ့ ခေါင်ရည်။ မန္တလေးအသင်းက ကြာဇံချက်။ မမေ့နိုင်ဘူး။


လက်ရှိ အာရ်စီကို မြင်မိတော့ ရင်နာလိုက်ရတာ။ တကယ်ဆို ကျောင်းသားကျောင်းသူတွေနဲ့ သက်ဝင်လှုပ်ရှား ဆူညံ စည်ကားနေရမှာ။ အခုလိုမျိုး သံတိုင်စည်းရိုးတွေခတ်ထားပြီး ချုံ ထ နေ ဘို့ မဟုတ်ဘူး။ မဖြစ်ရဘူး။ သမိုင်းဝင်းကို မြင်ရတာထက် ပို စိတ်ထိခိုက်တယ်။
ဂျပ်ဆင်ကနေ အဓိပတိလမ်းကို ဖြတ်လျှောက်တော့ လမ်းက ၀န်ထမ်းအိမ်ကလေးတခုရှေ့မှာ ကွမ်းယာဆိုင်ကလေးတခု တွေ့တယ်။ တကယ် တောကြိုအုံကြားထဲ ရောက်နေသလိုဘဲ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဆိုင်လို့ ထင်စရာ မရှိသလောက်ဘဲ။


အဓိပတိကိုလမ်း ဖြတ်ခဲ့တယ်။ နာဂစ်ကြောင့် အပင်တွေ တော်တော် ထိသွားတော့ သစ်ရိပ်က နည်းသွားပြီ။ အရင်ကဆို ကုလားမယ်ဇလီနဲ့ ရေတမာတွေ ပိတ်နေတာ။ လျှောက်လာရင် အဓိပတိလမ်းမှာ ဆိုင်းဘုတ်အသစ်တခု တွေ့လိုက်ပြန်ရော။ “ပင်းယ စစ်ကိုင်း အင်းဝ သထုံ ပဲခူးကျောင်းဆောင်များသို့”တဲ့။ ဆိုင်းဘုတ်က အသစ်စက်စက်။ ကျောင်းဆောင်မှာ ကျောင်းသားတွေမှမရှိတာ။ ဘယ်အတွက် လမ်းညွှန်ဆိုင်းဘုတ် လာပေးထားပါလိမ့်။


သမဂ္ဂနေရာဟောင်းရောက်တော့ ဂူကို အလေးပြုလိုက်သေးတယ်။ ကျောင်းစောင့် အဘိုးကြီးတွေ လှမ်းကြည့်နေကြတယ်။ သမဂ္ဂ၀င်းထဲမှာ ချုံတွေ ရှင်းထားတယ်။ အပင်တွေ ပြန်စိုက်ထားတာ တော်တော်ကြီးနေပြီ။ ညာဘက်မှာတော့ တောင်ငူဆောင် အမရဆောင် ရာမညဆောင်။ ဒီနားရောက်ရင် တောင်ပိန္နဲပင်နဲ့အသီးတွေကို အလိုလို မြင်မိတယ်။

လှည်းတန်းဈေးကအပြန် ရာမညအပေါက်က ၀င်၊ ရွှေဘိုဆောင်ဘေးက ဖြတ်ပြီး ဂျပ်ဆင်ကင်တီး မာလာကင်တီး အီကိုကင်တီးကိုဖြတ်ကာ ကျောင်းကို ပြန်လေ့ရှိတယ်။ တခါ ဖီးကြမ်းငှက်ပျောသီး ဆွဲပြီး ပြန်လာလို့ ရွှေဘိုဆောင်က   ကျောင်းသားတွေက  မျောက်မလေးတွေလို့ အော် ကြ တာ ကို သတိရမိတယ်။


အဓိပတိလမ်းက ထွက်ပြီး တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တော့ တက္ကသိုလ်ဆေးရုံကို မြင်ရပြီ။ ဆေးရုံးဘေးက စာအုပ်ဆိုင် အဆောင်မှာ စာအုပ် လာ လာ ထုတ်ရတယ်။ လူတိုးလို့ အကျီတောင် ပြဲ တယ်။ ယမုန်တယောက် စာမေးပွဲကို ဆေးရုံတက်ဖြေရတာလို့ ပေါက်က ပြောတယ်။ အခုကော တက္ကသိုလ်ဆေးရုံက ဆေးကုသလား လူနာရှိသလား မသိတော့ပြီ။ ဆိုင်းဘုတ်ကတော့ တက္ကသိုလ်ဆေးရုံ ဆိုဆဲ။


သိပွံတိုးချဲ့ဆောင်ဘက်ကိုရောက်လာတယ်။ မျက်နှာချင်းဆိုင်က ဆရာ ဆရာမတွေရဲ့ လုံးချင်းအိမ်တွေ ဆရာတွေရဲ့အဆောင်။ ဆရာ အယ်လ်ဂျေ ကံကြီး ကို သတိရတယ်လို့ ပေါက်က ထုတ်ပြောတယ်။ ဆရာရဲ့ အမြဲပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိတယ်။

တက္ကသိုလ်ရိပ်သာလမ်းက လှည်းတန်းဘက်ကို ဆင်းချလာတဲ့ အလုပ်သမားတွေကို တွေ့ရတယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာ ဆောက်လုပ်ရေးတခုခု ကြီးကြီးမားမား ရှိနေပုံဘဲ။ မနက်အစောကြီး လျှောက်တဲ့နေ့ကလည်း သူတို့ လှည်းတန်းဘက်က တက်လာတာ တအုပ်ကြီးဘဲ။


ကားမှတ်တိုင် အဟောင်းလေးဆီရောက်လာတယ်။ မင်းလူ ၀တ္တုမှာ ခဏခဏ ပါတဲ့ မှတ်တိုင်လေး။ စစ်ကိုင်းလမ်း။ စာကြည့်တိုက်ရှေ့က ကံ့ကော်တောကို မြင်ယောင်မိတယ်။


ရန်ကုန်တက္ကသိုလ် နှစ် ၉၀ ပြည့်ပြီ။ နှစ် ၁၀၀ ပြည့်တော့မယ်။ ကျောင်းထဲမှာ ကျောင်းသားကျောင်းသူတွေ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် တက်ကြွလှုပ်ရှားသွားလာနေတာ ဘယ်တော့များမှ ပြန် မြင်ရလဲ။ ရန်ကုန်တက္ကသိုလ်က အဆောက်အဦးတွေ အကုန် ရာဇ၀င်တွေနဲ့။ အလည်လာတဲ့ ဝေးရပ်ခြားက ဧည့်သည်တွေကို လည်ပတ်ကြည့်ရှုစရာ နေရာတခုအဖြစ် လုပ်လို့ရတယ်လို့ ပေါက်က တွေးတယ်။ အဲသလို မလုပ်ခင် ကျောင်းကို ကျောင်းနဲ့တူအောင် လုပ်ဘို့က အရင် ဖြစ်ရမှာလေ။ ဘယ်တော့များမှ အရင်လို ပြန်ဖြစ်မလဲ။


အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာ ကားတွေ မီးနီမိနေတယ်။ အင်းလျားလမ်းကို ဖြတ်လာလို့ လမ်းဘေးမှာ အပင်တွေ အုပ်ဆိုင်းလို့။ ဒညင်းပန်းအနံ့မွေးမွေးကို ရတယ်။ ကြည့်လိုက်တော့ ခြံဝင်းတခုမှာ ဒညင်းပင်ပျိုလေး။ ပွင့်နေလိုက်တာ ခဲနေတာဘဲ။ ကံ့ကော်တွေက ဖူးဆဲ။


ရတနာဆောင်ရှေ့ရောက်တော့ မာလာဆောင်နဲ့ ရတနာဆောင်က ဒီဇိုင်းတူတာကိုပြောဖြစ်တယ်။ ရတနာသူကိုတော့ ဘယ်သူမှ လာရောက် မထိသေးဘူး ထင်ရတာဘဲ။ စက္ကူပန်းရုံတခု ခြံစည်းရိုးမှာ အစွမ်းကုန် ပွင့်နေတယ်။ လှလိုက်တာ။ လူနည်းနည်းနဲ့ ပန်းများများရှိစေချင်တဲ့ မြနန္ဒာအကြောင်း ပြောဖြစ်ကြပြန်ရော။


အင်းလျားဆောင်။ အင်းလျား မာလာဆောင်ရှေ့မှာ ကောင်လေးတွေ သီချင်းဆိုတာ မြင်ဖူးချင်လို့ အပြင်ထွက်အိပ်တုန်းက သူငယ်ချင်းတယောက် လိုက်ပို့ဖူးတယ်။ ကားထဲမှာ မိန်းကလေးတွေပါလာတာ သိမှာစိုးလို့ မီးလုံးဝမထွန်းဘဲ ခပ်လှမ်းလှမ်းက ကြည့်ကြတယ်။ ခိုင်ထူး မာလာဆောင်ရှေ့ သီချင်းဆိုတာကို မြင်ဖူးခဲ့တယ်။


ထင်ရှားလှတဲ့ အင်းလျားဆောင်။ အင်းလျားဆောင်ကတော့ ခေတ်အဆက်ဆက် ဇာတ်လိုက်ပါဘဲ။ ကြည်အေး ၀တ္တုတွေထဲက အင်းလျားဆောင် အကြောင်းကို ပြောရင်း ကြည်အေး စာများကို နှစ်ယောက်သား ပြန်လည် ရွှတ်ဆိုကြတယ်။ အထွေး ကေ ထိပ်တင်မထွေး မြနန္ဒာ တင်မေ …………။ အသက်ကို မြှင်း၍ ရှုရတယ်တို့ ပေါက်တယောက် ရေရွတ်ခဲ့သေး။ ကြည်အေးရဲ့အတွေးတွေ အရေးအသားတွေ ခုထိ ဖမ်းစားခံနေရဆဲ ခံနေရမြဲ။


အင်းလျားသူတယောက်ဖြစ်တဲ့ ကိုယ် နှစ်သက်တဲ့ စာရေးသူ မိုးမိုး(အင်းလျား) သတိရတယ်။ နာမကျန်းသည့်အိုနှင်းဆီ။ ဆောင်းခင်ကို ဘယ်တော့မှ မေ့မည်မဟုတ်။ ထိုနေ့က မီးမလာပါ ကို အရင်ကထက် ခုမှ ပိုခံစားနိုင်တာကို သတိထားမိတယ်။ နောက်ပိုင်းရေးတဲ့ မုဒိတာ ကိုလည်း ခုထိ တ သ သ ဖြစ်ဆဲ။


စိမ်းလန်းစိုပြေဘက်ကိုရောက်တော့ ညနေရွှေရောင်နေခြည်တွေ ရုတ်သိမ်းကုန်ပြီ။ တေးသံသဲ့သဲ့ကို ကြားရတယ်။ ပွဲလမ်းအခမ်းအနား တခုခု ရှိပုံဘဲ။ အီကိုရှေ့ ကျောင်းအရှေ့ဆိုပေမဲ့ တကယ့်စစ်စစ်က ကျောင်းအနောက်ဘက်ပါ။ အနောက်ဘက်ကို ၀င်ပေါက် အရှေ့အဖြစ် သတ်မှတ်ကာ ကျောင်းရှေ့စစ်စစ်ကို အနောက်ဘက် လုပ်ပစ်ထားတာ။ ဆိုင်းဘုတ်ကို ပြောင်းပြန်တပ်လို့ရပေမဲ့ လုပ်ချင်သလို လုပ်လို့ရပေမဲ့ ကျောင်းရှေ့ဘက်က ကော်ရစ်ဒါကိုတော့ ပြောင်းတပ်လို့ မရချေ။ ထိုအတူ ကျောင်းသားကျောင်းသူများရဲ့ စိတ်ကိုတော့ ပြောင်းလို့ရလား။ ရွာသာကြီး ပို့သည်ဖြစ်စေ တာဝရောက်သည်ဖြစ်စေ ရိုးသားလွတ်လပ်ပွင့်လင်းတဲ့ မဟုတ်မခံတဲ့ ကျောင်းသားကျောင်းသူရဲ့ မူလဗီဇစိတ်ကိုကော ပြောင်းလို့ရသလား။


လေညင်းလေး တသုန်သုန်တိုက်တဲ့ အင်းလျားကန်ဘောင်မှာ ထိုင်နေရင်း ကျောင်းကို ပြန်ကြည့်မိတော့ မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ် ဆိုတာကို ကောင်းစွာ သဘောပေါက်မိတယ်။ အိုင်ဘီစီဘက်က ဆိုင်းသံ ကြားရတယ်။ ကင်မရာမီးရောင်လက်သွားတာကိုလည်း မြင်မိရဲ့။ အင်းလျားကန်ကို နဂိုမူလအတိုင်း ထား ထားလို့ တော်သေးဆိုရပေမဲ့ ကန်စောင်းက ကျောင်းနဲ့မဆိုင်လှတဲ့ စားသောက်ဆိုင်တွေကိုတော့ ဘ၀င်ကျလှတာ မဟုတ်ဘူး။


အလင်း ကောင်းစွာ မပျောက်သေး။ မြူတွေကြားက ရေပြင်ကျယ် အဝေးက ကျွန်းတွေက တောအုပ်တွေလို ညို့မှောင်လို့။  သြကာသလောကအလှမှာ နှစ်ယောက်သား မေ့မောနေကြတော့တယ်။ အချိန်တန် ပျောက်ကွယ်သွားမှာ ကုန်ဆုံးသွားမှာ သိရက်နဲ့ အခိုက်အတန့်မှာတော့ ကြည်နူးသာယာမိကြတယ်။ ဆင်ခြင်ဥာဏ် ၀င်လာရင် ခံစားမှုဒီဂရီက လျော့ပါးသွားတယ်။ အနူုမီးကင်တာလို့ ပေါက်ကပြောတော့ ခဏတော့ ကင်ပါရစေလို့ ဆင်ခြေ ၀င်ချင်တယ်။ သြကာသလောက အလှကို မခံစားနိုင်တဲ့လူတွေကို သနားစရာလို့မြင်မိတယ်။

Tuesday, February 21, 2012

ပြည်သူသွေးသား လူထုအသဲနှလုံး သိုမဟုတ် ဒေါ်အောင်ဆန်းစုကြည်

               မြန်မာပြည်ဒီမိုကရေစီအရေးအတွက်မနားမနေအားမာန်အပြည်နှင့်ရဲဝံသောခြေလှမ်းများဖြင့်
                မြန်မာပြည်အနှံရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပါတီစည်းရုံးရေးခရီးစဉ်ပုံရိပ်များ

Thursday, January 12, 2012

အကျဉ်းသား လွတ်မြောက်မည့် သတင်းနှင့် ပတ်သက်၍ နောက်ထပ်ရရှိသည့် သတင်းများ

င်ငံရေး အကျဉ်းသား လွတ်မြောက်မည့် သတင်းနှင့် ပတ်သက်၍ နောက်ထပ်ရရှိသည့် သတင်းများ 
________________________________________________________
လွတ်ငြိမ်းချမ်းသာခွင့်သတင်းကို ကြေညာရာတွင်“နိုင်ငံတော်တည်ဆောက်ရေးအတွက်လည်းကောင်း၊
 အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင်
အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်စာနာထောက်ထားမှုကို
အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး
နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် ရည်ရွယ်ပြီး
အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ပြာသိုလဆုတ်၅ရက်၊ ခရစ်နှစ် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၁၃ရက်မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရသည်” ဟုကြေညာသွားသည်။

နှစ်ပေါင်း ၆၃နှစ်အတွင်း အပစ်အခတ်အရပ်စဲရေးသဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းမရှိသော အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးအပြီး လေးနာရီအကြာတွင်  အစိုးရကလွတ်ငြိမ်းချမ်သာခွင့်သတင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် KNU တို့အကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိကြောင်းကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က
နိုင်ငံတော်သမ္မတရုံးသို့ ယနေ့မွန်းလွဲ၂နာရီတွင် သတင်းပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ထပ်မံရရှိသောသတင်းများအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော အကျဉ်းသား ၆၅၁ဦးတွင် နာမည်ကျော်နိုင်ငံရေးအကျဉ်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာပါဝင်ကြောင်းလည်း သိရသည်။

 ရန်ကုန်က သံတမန်အသိုင်းအ၀န်းနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သတင်းတွေ အရ ၈၈ ထိပ်တန်းခေါင်းဆောင်အားလုံးနဲ့ နိုင်ငံရေးအကျဉ်းသား များ ပြန်လည်လွတ်မြောက်လာမည်ဟုသိရ၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွှန့် ပါ ပါလာနိုင်ဟုသိရ၊

အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများတော့ လွတ်လိမ့်မယ်လို့ ကြားရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားလက်ကျန် ၂၇ ဦး ၊ တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့အန်အယ်ဒီပါတီဝင်များ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ သူရဲကောင်း ဦးဇင်းအချို့လည်းပါကြောင်း သတင်းတွေ ကြားနေရပါတယ်။ ၆၅၁ ဦးဆိုတော့....ဘယ်သူတွေ ကျန်နေခဲ့သလဲ ဆိုတာကိုလည်း နားစွင့်ပေးကြပါ
ရှမ်းပြည်နယ်ရှိ ထောင်များမှ နိုင်ကျဉ်းအားလုံးနီးပါး လွတ်မည်ဟု ယုံကြည်ရသည့် သတင်းရပ်ကွက်မှပြောသည်။ မိုင်းဆတ်ထောင်တွင် အကျဉ်းကျနေသည့် ကိုကိုကြီး (KKK) လွတ်မြောက်မည်ဟု ကြားသိရသည်။ နံနက်ဖြန် လေယာဉ်ခရီးစဉ်ရှိသည့် အကျဉ်းထောင်များမှ လွတ်မြောက်သူအားလုံး လေယာဉ်ဖြင့် ပြန်လာနိုင်ရန် အစိုးရက စီစဉ် ထားရှိသည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူထောင်တွင် ရှိသည့် နိုင်ငံရေး အကျဉ်းသား ၉ ယောက်အနက် ရွှေခမောက် ကိုရွှေမောင် နှင့် တပ်မတော်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် နှစ်ဦး စာရင်းတွင် ပါရှိသည် ဟုသိရှိရသည်။  လွတ်မြောက်လာသူများစာရင်း

၁-ကိုမင်းကိုနိုင်၊
၂-ဦးခင်ညွှန်
၃-ဦးကိုကိုကြီး
၎-၊ဦးခွန်ထွန်းဦး
၅-ကိုဌေးကြွယ်
၆-ဘန်ဒိတ်ထွန်း
၇-ဦးဂမီရ
၈-မမီးမီး
၉-မနီလာသိန်း
၁၀-ကိုဥာဏ်လင်း
၁၁-မသက်သက်အောင်
၁၂-ကိုဇော်ဇော်မင်း
၁၃-အံဖွယ်ကျော်
၁၄-၊ဒေါက်တာတင်မင်းထွဠ်
၁၅-မင်းဇေယျာ
၁၆-ကိုမြအေး
၁၇-ကိုဂျေမီ
၁၈-ကိုမျိုးအောင်နိုင်
၁၉-ကိုသန်းတင်
၂၀-ကိုလှမျိုးနောင်
၂၁-ကိုသက်ဇော်
၂၂- ကိုပြုံးချို
၂၃-ကိုဇော်သက်ထွေး
၁၄-မစနာမင်း
၁၅- ဦးညီပု   တို့ပါဝင်ကြောင်းသိရသည်

Thursday, December 29, 2011

နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော
နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ်ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင်စောင့်တွေကတော့ တချို့က ပစ္စည်းသယ်နေတုန်းမှာ ထိကုန်တာ” ဟု ပြောသည်။
chemicalexplo5
ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး (ဓါတ်ပုံ မဇ္ဈိမ)
သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့များမှာ မင်္ဂလာတောင်ညွှန့်မီးသတ်ဌာနမှ ၄ ဦးနှင့် ရန်ကုန်တိုင်း ဗဟိုမီးသတ် ဌာနချုပ်မှ ၁ ဦးတို့ ဖြစ်ကြောင်းသိရပြီး ကြာသာပတေးနေ့ ညနေပိုင်းတွင်ပင် ရေဝေး သုဿန်၌ အခမ်းအနားဖြင့် မီးသဂြုင်္ိဟ်ပေးခဲ့သည်။

ကြာသာပတေးနေ့ ညနေ ၅ နာရီအထိ နောက်ဆုံး စုံစမ်းသိရှိမှုအရ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် မီးသတ် တပ်ဖွဲ့ ၃၁ ဦး၊ အရန်မီးသတ် ၆ ဦးနှင့် အရပ်သား ၅၄ ဦး ပါဝင်သည့် စုစုပေါင်း ၉၁ ဦးကိုလည်း ရန်ကုန်ပြည်သူ့
ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာ သည့် မီးသတ်ကား ၅၇ စီးအနက်မှ ၈ စီးမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီး ခဲ့သည်။ ထိုအထဲမှ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ယမ်းစိမ်းတို့ ပါဝင်
သော ဓါတုပစ္စည်းများ သိုလှောင်ထားခြင်းသည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု နယ်မြေခံ ရဲအရာရှိများ က ယူဆနေကြသည်။

“သိုလှောင်ထားတဲ့ တချို့ဟာတွေက ရေပတ်ရင်တောင် ဓါတ်ပြုပြီးတော့ ဝုန်းကနဲ ထလောင်တာတွေ ရှိတယ်ဗျာ။ ကျနော်တို့ကတော့ အဲလို ယူဆထားတာပဲ။ ဓါတုတွေထားတဲ့ ဂိုဒေါင်ကတော့ တခုပဲဗျ။ သူက ပေါက်ကွဲမှုက များတဲ့အခါကျတော့ ဘေးက ဂိုဒေါင်တွေ၊ အိမ်တွေကို ထိသွားတဲ့သဘောပါ” ဟု အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာများမှ သိမ်းဆည်းခဲ့သည့် ဓာတုပစ္စည်းလောင်ကျွမ်းမှုမှ အကြွင်းအကျန်များကို လူအများ အား ထိခိုက်စေမည့် အန္တရာယ်ပေးနိုင်မှု ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အစိုးရအနေနှင့် ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများကို လူနေထူထပ်သည့် မြို့တွင်းနေရာများ၌ သိုလှောင်ခြင်းကို လူအများက ပြစ်တင်ပြောဆိုနေကြသလို ပေါက်ကွဲမှုများကို ကြိုတင်ရှောင်ရှားနိုင်ရန် စံနစ်တကျ
လေ့ကျင့်ပေးထားခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကိုလည်း အလားတူပြောဆိုမှုများ ရှိနေသည်။

ပေါက်ကွဲမှုကတဆင့် ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု
ပေါင်း ၁၄ဝ ကျော်မှ လူဦးရေ ၁ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ကာ မီးဘေးဒုက္ခအဖြစ်နှင့် အမှတ် ၂ဝ၊ ၂၄ မူလတန်း
ကျောင်းများနှင့် တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဟာဝိဇယရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် တာဝန်ယူနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှုး ဦးမျိုးမြင့်ကြိုင်က ပြောသည်။

မီးဘေးဒုက္ခသည်များအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနှင့် ဆေးများ ကူညီရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးသမီးအဖွဲ့များအပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့် လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သွားရောက် ကူညီပေးမှုများ လုပ်ဆောင်နေကြ သည်။

Tuesday, December 27, 2011

မလေးရှားနိုင်ငံဗုဒ္ဓဘာသာဝင်တို့၏လုပ်အားအလှူဒါန


မလေးရှားနိုင်စမုံညှင်းအရပ်ဒေသတွင်တည်ထားကိုယ်ကွယ်သောစေတီတော်မြတ်ကြီးသည်ဥဏ်တော်အမြင့် (၄၅ )ပေ အချင်ဝက် (၃၅)ပေခန့်ရှိပြီးဂန္ဓကုဠီတိုက်တွင်သီတင်းသုံးစံပယ်နေသောကြေးသွန်းရုပ်ပွားတော်ကြီးမှာအမြင့်(၁၅)ပေခန်ရှိပြီးထိုင်းနိုင်ငံမှပင့်ဆောင်ခြင်းဖြစ်သည်။ဂန္ဓကုဠီတိုက်ဘယ်ဖက်တွင်ကြီးမားသော
ကျောက်တောင်အားထွင်ထုထားသောလျှောင်းတော်မူရုပ်ပွားတော်ကြီးလည်းရှိသည်.မလေးရှားနိုင်kepong မှလူငယ်လူရွယ်များစွာတို့သည်၂၅.၁၂.၂၀၁၁ နေ့တွင်လုပ်အားပေးခဲ့ကြသည်ကိုတွေမြင်ခဲ့ရသည်။

မှတ်တမ်းတင်ဓာတ်ပုံများ

Thursday, December 22, 2011

ကျောင်းတက်တဲ့အရွယ် ဈေးရောင်းမယ်



 
ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြင်ညှင်းက ကျွန်မစိတ်တွေကို လန်းဆန်းစေပါတယ် ။ စိုစွတ်စွတ်သဲမြေပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရခြင်းကလည်း လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ဖြစ်စေပါတယ် ။ တိမ်တွေကြားမှ ခပ်ကျဲကျဲ ကျနေတဲ့နေေ၇ာင်ကလည်း နွေးထွေးမှုကို ပေးပါသေးတယ် ။ ကမ်းစပ်ကို အရှိန်အဟုန်နဲ့ ပြေးတိုက်လာတဲ့ ပင်လယ်လှိုင်လုံးလေးတွေရဲ့ အသံကလည်း သဘာဝရဲ့ဆည်းချက်တွေလိုပါပဲ ။ ပတ်ဝန်းကျင်နဲ့ ရာသီဥုတုအနေထား သဟာဇာတကျစွာ မျှတပြီး အနားယူလို့ကောင်းတဲ့နေရာလေးကတော့ ချောင်းသာကမ်းခြေမှာပါပဲ ။

မြို့ပြရဲ့ မွန်းကြပ်လှတဲ့ ဘ၀တွေထဲ ခဏတာထွက်ပြေးပုန်းရှောင်ရင်း  ဒီလိုနေရာလေးမှာ အပန်းဖြေအနားယူရတာ ကြုံတောင့်ကြုံခဲ နေ့ရက်တွေပါပဲ ။ နေစဉ်နေ့ တိုင်း ၊ မီးခိုးတွေ ၊ ဖုန်မှုတွေ ၊ ကြပ်သိပ်လှတဲ့ ဘတ်စ်ကားတွေ ၊ အရောင်စုံလူစုံကြားထဲ လှုပ်ရှားရုန်းကန်နေရတဲ့ ဘ၀မို့ တစ်ခါတစ်လေ သောကမရှိလျှောက်သွားနေရတဲ့ ယခုလိုနေရက်မျိုးကို တောင့်တမိပြန်တယ်လေ … ။ ရန်ကုန်တွင် ခြေဗလာဖြင့်လမ်းမလျှောက်ဖူးပေမယ့် ကမ်းခြေရောက်တုံး အလုပ်တွေလည်း ပြီးလို့ … သဘာဝရဲ့ အသာကို အပြည့်ဝခံစားမယ်ဆိုတဲ့ စိတ်နဲ့ ရေစပ်စပ်စိုနေတဲ့ သဲမြေပြင်ပေါ်ကို ဖိနပ်မပါပဲ လမ်းလျှောက်နေမိတယ် ။ ထိုစဉ် ဘယ်က ဘယ်လို ထွက်လာမှန်းမသိတဲ့ ကလေးတစ်သိုက် ရေပုံးလေးများ ကိုယ်စီဖြင့် "အစ်မ ကဏန်းလွှတ်မလား ၊ ဂုံးလွှတ်မလား " ဟုဆိုကာ အနားသို့ ရောက်လာကြသည် ။ ဗုဒ္ဒေါတမိရအောင် … မမျှော်လင့်ပဲ ကြားရသောစကားကြောင့် ကျွန်မ နားမလည်သလိုလို မျက်လုံးများဖြင့် သူတို့ကို ပြူးကြည့်နေမိတယ် ။

သူတို့ ပြောသလိုပဲ ကဏန်းလေးတွေ အရွယ်စုံ ဆိုဒ်စုံ ပုံးလေးအတွင်းမှာ ယောက်ယက်ခတ်နေတော့တယ်။ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ  ကျွန်မအတွက်တော့ ကဏန်းလွှတ်ခိုင်းတယ်ဆိုတာ အ ထူးဆန်းပေါ့ ။ ရေထဲက ကဏန်း ပြန်ဖမ်းပြီး ပြန်လွှတ် ဒါနဲ့ပဲ သံသယာလည်နေတယ်မဟုတ်လားလို့ မေးမိတော့ ။ ကဏန်းတွေက ရေငန်မှာ မနေဘူးဆိုပဲ ။ လွှတ်လိုက်တာနဲ့ ရေထဲ ဆင်းပြေးပြီး ရေငန်ကနေ ရေနက်ပိုင်းရောက်မှ ရေချိုဘက်ထွက်ပြေးတယ်တဲ့လေ … ။
မယုံလို့ တကောင်လောက်စမ်းလွှတ်လိုက်တော့ ရေမျက်နှာပြင်အောက်ကို တိုးလျှောပြီးပြေးဆင်းတာတွေ့တယ် …. ခဏအကြာမှာ လုံးဝကိုပျောက်သွားပါတော့တယ် … ။ ကမ်းခြေမှာနေတဲ့ ကဏန်းတွေက ရေငန် သဲကဏန်းလေးတွေဖြစ်ပြီး စားလို့ရတဲ့ အရွယ်မရှိတာကိုလည်း ကလေးတွေဆီက ဗဟုသုတအနေနဲ့ကြားခဲ့ရပါသေးတယ် ။ စပ်စပ်စုစုကျွန်မက ဒီကဏန်းတွေလွှတ်မယ့်လူမရှိလျှင် ဘာဖြစ်မလဲမေးကြည့်တော့ ဟင်းအိုးထဲရောက်မှာပေါ့လို့လည်း ရယ်ကျဲကျဲနဲ့ ပြောကြပါသေးတယ် ။ ကလေးတွေရဲ့ ပုံပန်းသွင်းပြင်က နွမ်းလျနေပေမယ့် သူတို့ အပြုံးလေးတွေက ၀င်းလက်နေပါတယ် ။ အ၀တ်စား အဆင်ယင်အရသာ နွမ်းပါးချင်နွမ်းပါးမယ် ၊ စာရိတ္တပိုင်းမှာ မနွမ်းပါးဘူးဆိုတဲ့ အချက်ကိုတော့ သူတို့နဲ့ စကားဝိုင်းဖွဲ့ပြောစဉ်အတွင်း ကျွန်မကောင်းကောင်းခံစားမိပါတယ် ။ ကဏန်းလေးတွေတစ်နေ့ ဘယ်လောက်ဖိုးရောင်းရသလဲမေးတော့ တစ်ယောက်ကို တစ်ထောင်ဖိုးလောက်သာ ပျှမ်းမျှရောင်းရပါသတဲ့ ။ ခရီးသွားတဲ့ရာသီလောက်သာ ရောင်းအားကောင်းကြောင်းပြောပြပါတယ် ။ ကဏန်းတစ်ကောင်ကို တစ်ရာကျပ်နှုန်းနဲ့ရောင်းပြီး အရောင်းထိုင်းတဲ့နေ့တွေမှာ အိမ်စရိတ်ရအောင် တစ်ကောင် ငါးဆယ်ကျပ်နဲ့ရောင်းပါတယ် ။ ဒါ့ပြင် ဂုံးလေးတွေကိုလည်း တစ်လုံးတစ်ထောင်နဲ့ ဇီဝိတဒါန လုပ်နိုင်ပါသေးသတဲ့လေ … ။ ကလေးတွေဆီက ဂုံးနဲ့ ကဏန်းအားလုံးလွှတ်ပြီးတော့ ရှင်းပေးလိုက်ရတာ သုံးထောင့်ငါးရာလောက်ပဲမို့ ဟုတ်ရောဟုတ်ရဲ့လား လွှတ်လိုက်တာတွေက အများကြီးလို့ မေးတဲ့အခါ ။ သူတို့ သချာင်္တွက်တက်ပါတယ်တဲ့ ကဏန်းလွှတ်နေကတည်းက အကောင်ရေ ရေတွက်ခဲ့တာပါတဲ့လေ ။ တချို့ကလေးတွေက အကောင်သေးလေးတွေကိုပါ အစစ်အနေနဲ့ ထည့်ပေးတာကြောင့် အများကြီးဖြစ်နေတာလို့ ထင်နေတာပါလို့ ပြန်ချေပပြောဆိုပါသေးတယ် ။


အရွယ်နဲ့မလိုက်အောင်ပဲ သွက်လက်ချက်ချာလွန်းတဲ့ ကလေးတွေအကြောင်း စပ်စုချင်စိတ်ဖြစ်မိပြန်တော့ သူတို့လေးတွေရဲ့ ဘ၀တစိတ်တပိုင်းကိုလည်း သိခွင့်ရခဲ့ပါသေးတယ် ။ ကလေးတွေထဲက အများစုက ကျောင်းမနေတော့ပါဘူး အလွန်ဆုံးလေးတန်း ၊ ငါးတန်းလောက်မှာပဲ ကျောင်းထွက်ကာ ပင်လယ်ကမ်းခြေမှာ ကြုံရာကျပန်းလုပ်ရောင်းပြီးရှာကျွေးနေကြတာပါ ။ ကဏန်းရောင်းတဲ့ ကလေးတွေအသက်ကိုမေးကြည့်တော့ အငယ်ဆုံး ငါးနှစ်မပြည့်တပြည့်လေးတောင် ပါပါသေးတယ် ။ သားလေးနာမည်ဘယ်သူလဲလို့မေးတော့ …. စကားတောင် လုံးစေ့ပတ်စေ့မပြောတတ်သေးတာတွေ့ရတယ် ။
ကျွန်မမြင်ပြီး စိတ်မကောင်းဖြစ်မိတယ် ။ ဒီအရွယ်လေးတွေဟာ စာသင်ခန်းထဲမှာ ရှိနေရမယ့်အရွယ်လေးတွေပါ ။ မိဘ အစဉ်ဆက် လျှောက်လာတဲ့ လမ်းကြောင်းအတိုင်း သေစာရှင်စာလောက်သာ သင်ခွင့်ရပြီး ဈေးသည်ဘ၀ ၊ ကျပန်းလုပ်စားရတဲ့ ဘ၀ကိုရောက်ကုန်ကြပါတယ် ။ မိဘတွေရဲ့ အထောက်ပံ့ သွန်သင်မှုကို မရခဲ့ပေမယ့် အလုပ်ကပေးတဲ့အတွေ့ကြုံကြောင့် တတ်မြောက်ခဲ့တာကတော့ ပေါင်းသင်းဆက်ဆံရေးပါပဲ ။ ခပ်နွမ်းနွမ်း အကျီ င်္လေးတွေနဲ့ ကလေးတွေနှုတ်ဖျားက ထွက်တဲ့စကား ဘယ်လိုမှ ဒီလောက်ပြောတတ်လိမ့်မယ်လို့ ကျွန်မတွေးမထားခဲ့မိပါဘူး ။ အသက်ရွယ်မျိုးစုံနဲ့ သင့်တင့်လျှောက်ပတ်အောင် စကားပြောဆိုနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ် ။ မရှိခိုးနိုးဆိုတဲ့စကားပုံမျိုးရှိခဲ့ပေမယ့် … ဒီကလေးတွေကတော့ ကိုယ်ကျင့်တရားမပျက်ပြားပဲ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုတဲ့စိတ် ကိုယ်စီရှိနေခဲ့တာကိုလည်း လေးစားစရာတွေ့မြင့်ခဲ့ရပါတယ် … ။ ကလေးတွေရဲ့ အနာဂတ်ရေး ခဏ၀င်တွေးကြည့်ပြန်တော့ စိတ်မသက်မသာဖြစ်မိခဲ့တယ် ။ တစ်သက်လုံး သောင်ပြင်မှာပဲ ဈေးသည်ဘ၀နဲ့ နေတော့မတဲ့လား … ။ ကျောင်းမတတ်ချင်ဘူးလားမေးပြန်တော့ … ကျောင်းတက်လျှင် ပိုက်ဆံကုန်မှာပေါ့တဲ့ ။ အမေနဲ့ အဖေမှာ ပိုက်ဆံမရှိဘူးတဲ့လေ ။
ကလေးတွေကတော့ သူတို့ ဘ၀ကို သူတို့ နေပျော်နေကြပေမယ့် မြင်ရတဲ့  ကျွန်မကတော့ စိတ်မကောင်းဖြစ်ကာ မျက်ရဲဝဲမိတယ် ။ သူတို့နဲ့ ယှဉ်တော့မှ ငါတောင်ဒီလောက် အသုံးကျခဲ့ဖူးလားဆိုတာမျိုး ကိုယ့်ကိုယ်ကိုပြန်မေးမိတယ် ။ မိဘတွေကိုယ်တိုင်ကလည်း ဒီလိုဘ၀ကနေအိမ်ထောင်ကျပြီး နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်ရာက ကလေးတွေမြေစာပင်ဖြစ်ကြရတယ် ။ တာဝန်ယူမှုဆိုတာမျိုး ၊ မိဘ၀တ္တရားဆိုတာမျိုး နားလည်ခဲ့ဟန်မတူဘူး ။ မွေးပြီး တာဝန်ကျေတယ်ထင်ကာ ကြုံရာဘ၀ရှာစားစေခဲ့တာ သူတို့လေးတွေအစား အငှားဒေါသဖြစ်မိခဲ့တယ် ။ ကလေးတွေကတော့ မိဘကို အပြစ်တင်တဲ့ စိတ်လုံးဝမရှိကြပုံပါပဲ … ။ ကိုယ့်ဘ၀နဲ့ကိုယ်လို့ ခံယူထားကြပုံပါ ။
အခမဲ့ပညာရေးတွေ လုပ်ပေးနေတဲ့ကြားက ကျောင်းမနေနိုင်သေးတဲ့ ကလေးတွေရှိနေသေးတယ်ဆိုတာ တကယ်လက်တွေ့ မြင်တွေ့ခဲ့ရတယ် ။ အခမဲ့စာသင်ကြားနိုင်ပါလျှက် ကျောင်းတက်ဖို့ထက် စားဝတ်နေရေးစရိတ်ရှာရတဲ့ ကလေးတွေ အရွယ်နဲ့မလိုက်အောင် သူတို့ဘ၀ကြမ်းတမ်းကြရှာတယ် ။ ငါးနှစ်ဆိုတဲ့အရွယ် မိဘဆွေမျိုးတွေကြားထဲ တီတီတာတာချွဲပြီး လိုချင်သမျှ လက်ညှိုးထိုးဝယ်ခိုင်းတတ်တဲ့ မြို့ကကလေးတွေကတော့ ဒီလိုအတွေ့ကြုံမျိုး ရှိမှာမဟုတ်ဘူးလေ ။ မျက်လုံးနှစ်လုံးပွင့်ကတည်းက ၀မ်းစာအတွက်ရှာဖွေရတဲ့ သူတို့ဘ၀ ကိုယ်တတ်နိုင်တာနဲ့  ဘာများလုပ်ပေးနိုင်ပါလိမ့်လို့ တွေးမိပြန်တော့ ဘာမှ လုပ်ပေးနိုင်တာမရှိဘူးလေ ။ ကျောင်းတက်ချင်လားမေးပြီး ကျောင်းထားပေးဦးတော့ မနေချင်ပါဘူး တဲ့ …. ကျောင်းတက်နေစဉ်ကာလ ပိုက်ဆံရှာမရတာကြောင့်ပါတဲ့လေ ။ ဒါမှမဟုတ်ဘာအလုပ်လုပ်ချင်သလဲဆိုတော့လည်း ရေရေရာရာမရှိပါဘူး ။ပိုက်ဆံရမယ့်အလုပ် ရိုးရိုးသားသားဆို ဘာမဆိုလုပ်ပါမယ်တဲ့ … ။သူများပစ္စည်းတော့ ခိုးဝှက်လိမ်မစားပါဘူးတဲ့လေ ။ ရေရှည်အလုပ်မြဲဖို့အတွက်ပါတဲ့ ..။   မြို့ကကလေးတွေကတော့ သားသားကြီးလျှင် ဘာလုပ်မလဲမေးတိုင်း စစ်ဗိုလ်ကြီးလုပ်မယ် ၊ ဆရာဝန်ကြီးလုပ်မယ် ၊ အင်ဂျင်နီယာကြီးလုပ်မယ် စသဖြင့် (တကယ်ဖြစ်ချင်ချင် မဖြစ်ချင်ချင်) ပြောတတ်ကြတယ် ။ အဲ့ဒီကလေးတွေက မိမိဘ၀ကို မိမိကိုယ်တိုင်တောင် အချိုးချဖို့ တွေးမကြည့်တတ်သူလေးတွေပါ … ။ မိဘရင်ခွင်မှာ မိမိကိုယ်ကို ကလေးလို့ ခံယူရင်း ပျော်နေကြတဲ့ ကလေးတွေပေါ့ ။
ကလေးတွေရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားရာ ဒေသကွာခြားတာကြောင့် အသက်ချင်းတူတာတောင် တွေးတောပုံလေးတွေခြားနားနေတယ် … ။ ကျောင်းလည်း မတတ်ချင် ၊ စာသင်တာကို ၀န်ထုတ်ဝန်ပိုးလို သဘောထားတဲ့ကလေးတွေကြား ကူညီနိုင်တာ ဘာမှမရှိတာမို့ … ပါလာတဲ့ မုန့်ကျွေး ၊ မုန့်ဖိုးပေးပြီး ပြန်လွှတ်လိုက်ပါတော့တယ် … ။ ပျော်ရွှင်ခုန်ပေါက်ပြီး ပြန်ထွက်သွားတဲ့ သူတို့ကျောပြင်တွေကိုကြည့်ရင်း သက်ပြင်းသာချမိပါတော့တယ် .. ။ ။

( http://mandalaygazette.com/87653/society-lifestyle မှာပုံတွေ ပိုများများတင်ပေးထားပါတယ် ။ )