Thursday, February 23, 2012

အရောင်များ

by Win Ko on Wednesday, February 22, 2012 at 7:58pm ·
 
ဘဝဆိုသည်မှာ အံ့မခန်းစရာများနှင့်ပြည့်နှက်နေတတ်သည်။ အချိန်တို့နှင့်တပြေးညီ ဘဝတို့သည်လည်း အစုန် အဆန်ပြေးလွှားနေကြရသည့် သဘောရှိသည်။
တချိန်က ကျနော်တို့ရဲဘော်တစု အေးအတူပူအမျှ အရာရာကို မျှဝေခံစားခဲ့ကြရင်း ရည်ရွယ်ချက်ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းခဲ့ကြသည်။ သူ့ဘဝ ကိုယ့်ဘဝ ပေးထားကြသူများဖြစ်သည်။
စိမ်းညို့ညို့တောင်တန်းများ ပတ်လည်ဝိုင်းနေသော တောင်ကုန်းလေးပေါ်တွင် ကျနော်တို့တပ်စခန်းလေးမှာ တသီးတခြား ကိုယ်ပိုင်နယ်မြေလေးအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ခဲ့သည်။ တပ်စခန်းလေးအတွင်းရှိ ရဲဘော် အားလုံးမှာ ညီရင်းအကိုပမာ ချစ်ခင်ခဲ့ကြ၊ အမှတ်ရစရာတွေကလည်း တပုံတပင် ရှိခဲ့သည်။
တဦးနှင့်တဦး အကျင့်စရိုက်၊ ဝါသနာ မတူညီကြ။ ရည်ရွယ်ချက်ပန်းတိုင်မှာတော့ အတူတူပင်ဖြစ်သည်။
ရဲဘော်အောင်စိုးက အဆိုတော်၊ အသားမည်းမည်း ဗိုက်ရွှဲကာ မျက်နှာပြင်တခုလုံး ကျောက်ပေါက်မာ ဗလပွနဲ့ ဆံပင်က တတောင်နီးပါးရှည်သည်။ ထွန်းအိဒ္ဒြာဗိုလ် သီချင်းဟူသမျှ အကုန်ရသည်။ အသံနေအသံထား အဆွဲ အငင်ကအစ အကုန် နားထောင်ကောင်းလွန်းသည်။ ညချမ်း နေဝင်ဆည်းဆာချိန်ရောက်တိုင်း ထမင်းစားစင် ပေါ်တက်ကာ ရဲဘော်အားလုံးကို သီချင်းဆို ကပြတတ်သည်။ ပုံဆိုးပန်းဆိုးပေမဲ့ ကြည့်ကောင်းလွန်းသော ကြောင့် ဆုကြေးအဖြစ် “လှကျော်” ဆေးပေါ့လိပ် အမြဲရတတ်သည်။ ယခုတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေပြီ မသိ။
ရဲဘော်စိုးပိုင်ကိုတော့ ချစ်စနိုးဖြင့် “ပွကြီး” ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသည်။ တောင်ငူသားဖြစ်ပြီး ထောင် ထောင်မောင်းမောင်း ဆံပင်ရှည်မထားတတ်၊ အမြဲ ကတုံးဖြင့်သာ နေလေ့ရှိသည်။ လေယူလေသိမ်းကအစ အညာသားဟန်ပြည့်နှင့်။ ဓားမတောင်းလျှင်“ဓားမ”ဟုမပြော၊ “ဓားမအို”ဟု သုံးနှုန်းသည်။ “လွှဲကန်ပစ်လိုက်မည်” ဟု ဆိုလျှင်လည်း “ဟီးလေးခိုလိုက်လို့ကတော့” စသဖြင့် အလုပ်ခိုင်းလိုက်လျှင် တလုပ်ကနေ နောက်တခု ဆက်ခိုင်း၍မရတော့။ ခိုင်းလိုက်သည်နှင့် သီချင်းလေးဆိုကာ ရွံ့လိုက်ရမှ ကျေနပ်သူ.. “ဝိုင်းစိန်..ဝိုင်းစိန်... နင်ငါ့ကို နွားမှတ်နေသလား..ဝိုင်းစိန်ရ.. ဟား..ဟား..ဟား..ဟား...” စသဖြင့် လှောင်လွန်းသူဖြစ်သည်။
တနေ့ ရဲဘော်တွေစားရန်အတွက် တောတွင်းသို့ ဟင်းရှာသွားရင်း ရန်သူတပ်နှင့်တိုးကာ တိုက်ပွဲတွင်ကျဆုံး သွားရသည်။
ရဲဘော် အောင်မျိုးသိန်းက စိတ်မြန်လက်မြန်သလို သတ္တိကောင်းသည်။ တိုက်ပွဲဖြစ်လျှင် ကျေနပ်ပျော်ရွှင်နေ တတ်သည်။ လက်ရဲဇက်ရဲ ရှိသည်။ သတ်ဖြတ်ရန် အထုံပါလာသူဟုပင် ဆိုရမည်။ နောက်ဆုံး သူ့အတက် သူ့ပြန်စူးကာ ငယ်ငယ်ရွယ်ရွယ် နှင့် ဘဝတပါးသို့ ပြောင်းသွားခဲ့ရသည်။ သူ့ဘဝအကြောင်းကို “ကြွေလွင့် ရွက်စိမ်း” ခေါင်းစဉ်ဖြင့် အမှတ်တရ ကျနော်ရေးဖွဲ့ဖူးပါသည်။
ရဲဘော် စိုင်းနောင်က ရှမ်းအမျိုးသားတဦးဖြစ်သလို ထိုင်းဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။ မဟာမိတ်ဆက်ဆံရေးအရ ထိုင်းစစ်တပ်နှင့်စကားပြောသောအခါ တဦးတည်းသော စကားပြန်ဖြစ် လေသည်။ သူလည်း ကံကြမ္မာရိုင်းကြောင့် အချစ်အတွက်နှင့် သေပွဲဝင်သွားရရှာသည်။
ရဲဘော်ကျော်မိုးက ဧရာဝတီတိုင်းသား။ အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့် ဆံပင်ရှည် အမြဲထားတတ်သည်။ အရက်အလွန်ကြိုက်တတ်သလို ငါးပိကိုတော့ အလွန်ရွံ့မုန်းသူဖြစ်သည်။ ဘယ်သောအခါမှ ငါးပိမစားပေ။ စည်းရုံးရေးအားကောင်းပြီး ရန်ငါစည်းပြတ်ကာ တိုက်ပွဲအလီလီကို ဆင်နွှဲခဲ့ဖူးသည်။ ခရီးသွားရာတွင် မြန်သလို ရဲဘော်များ မနိုင်သောပစ္စည်းများကို ကူညီထမ်းပိုးကာ မမောမပန်း ခရီးနှင်တတ်သည်။ နောက်ဆုံး သူအလွန် နှစ်သက်သော အရက်ကြောင့်ပင် အသဲကျွမ်းကာ ဘဝကူးပြောင်းသွားရသည်။
ရဲဘော် ဇော်ထွေးက မွန်ပြည်နယ် ဘီးလင်းသား၊ မွန်မြန်မာစပ်ဖြစ်ပြီး အားလုံးထဲမှာ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာဆုံး ဖြစ်သည်။ ရဲဘော်အားလုံးမှ သူ့ကို ချစ်ကြောက်ရိုသေကြသည်။ တိုက်ပွဲဖြစ်လျှင် ရှေ့ဆုံးမှ တက်တိုက်တတ်သလို ရန်သူ့လက်နက်ကို ရအောင်ယူလေ့ရှိသည်။ အုပ်ချုပ်မှုပညာ ကို နိုင်နင်းသူဟု ဆိုရမည်။
ရဲဘော် လင်းလင်းက ဟင်းရှာအလွန်ကောင်းသလို မဟုတ်မခံစိတ်ရှိသူလည်း ဖြစ်သည်။ ရှေ့တန်းစစ်မြေပြင် ထွက်တိုင်း တပ်စုဟင်းစားမငတ်ရေးအတွက် တာဝန်ကျေပွန်သည်။ ရေချောင်းထဲသို့ ရောက်သွားပါက ဝါးတွင် သံချွန်တပ်ကာ ဓားမြှောင်တချောင်းကိုကိုင်ပြီး သံချွန်တပ်ထားသော ဒုတ်ဖြင့် ထိုးဆွရင်း အသံနေအသံထားကို နားထောင်ကာ ဓားမြှောင်ဖြင့်သဲစပ်ကိုထိုးသွင်းလိုက်သည်။ လက်ပြန်မြှောက်လိုက်သည်နှင့် ရေလိပ်တကောင် ပါလာစမြဲ။ တနာရီအတွင်း ရေလိပ် ၆ ကောင် ၇ ကောင် အသာလေး ဖမ်းနိုင်သူဖြစ်သည်။ ကျွမ်းကျင်ရာ လိမ္မာ ဟု ဆိုရပေမည်။
ရဲဘော် သိန်းဇော်က ကလန်ကလား မိုးထိုးမတတ် အရပ်အမောင်း ပိုင်ရှင်။ သာယာဝတီ သုံးဆယ်သား။ အကောင်ကြီးသလောက် အကြောက်ကြီးသူလည်း ဖြစ်သည်။ ပြစ်ဒဏ်အပေးခံရဆုံး မှတ်တမ်းဝင်ရဲဘော်ကြီး..။
          ရဲဘော်ဆန်းမင်းပိုင်စိုးက မျောက်ဝင်စား၊ ရောက်ရာအရပ်သစ်ပင်တက်ရမှ နေပျော်သည်။ ပုပျပ်ပျပ်နှင့် သစ်ပင်တက်မြန်သလို လင့်စင်ထိုးကာ သစ်ပင်ပေါ်၌သာ အိပ်စက်တတ်သည်။ အလွန်မြင့်မားသောအပင်ကြီး များကိုပင် ရအောင်တက်နိုင်သည်။ လမ်းမှားနေပါက သစ်ပင်ပေါ်တက်ကြည့်စေကာ လမ်းရှာဖွေပေးရသူလည်း ဖြစ်သည်။ သူ့နေရာနှင့်သူ အံဝင်ဂွင်ကျ ဖြစ်နေသည်။
          ရဲဘော်ရဲမင်းထိုက်က ပဲခူးတိုင်း အုတ်ဖိုဇာတိဖြစ်ပြီး အနုပညာကျောင်းဆင်းတစ်ယောက်၊ အကအလွန် ကောင်းသလို အလွန်အသန့်ကြိုက်သူလည်းဖြစ်သည်။ စည်းကမ်းကြီးလွန်း၍ သူနှင့်အတူနေရသည်မှာ ဒုက္ခ အလွန်ရောက်ရသည်။ အ၀တ်အစားကအစ ကျော့နေအောင်ဝတ်ဆင်သည်။ ရေမချိုးရမနေနိုင် အသွားအပြန် တစ်နာရီခွဲကျော်ကျော် သွားရသောရေခပ်ဆိပ်သို့ မညီးမညူသွားတတ်သည်။ နှလုံးရောဂါရှိ၍ ၀မ်းသာ၍မရ ၀မ်းနည်း၍မရ ရင်တမမနဲ့စောင့်ကြည့်နေရသည့်ရဲဘော်။
          ရဲဘော်ရန်နိုင်က ခေါင်းဆောင်ဖြစ်သလို စိတ်သဘောထားနူးညံ့သိမ်မွေ့သည်။ ကိုယ်လုံးကိုယ်ထည်က ခပ်ညှပ်ညှပ် စကားပြောရာမှာလေးလုံးမကွဲ မနည်းနားထောင်ယူရသည်။ အလုပ်လုပ်ရာတွင် တိကျလွန်းသည်။ စဉ်းစားရာတွင်လည်း တမူထူးခြားသည်။ ဒူးနှစ်လုံးကြားခေါင်းကိုညှပ်ပြီး လက်နှစ်ဖက်ကလည်းခေါင်းကို အုပ်၍ ကိုင်ထားတတ်သည်။ အလုပ်တစ်ခုကိုမဖြစ်မနေလုပ်တတ်ပြီး ဇွဲကောင်းလွန်းသူလည်းဖြစ်သည်။ အချိန့်ပြည့် အတွေး ဖြင့် တိုက်ပွဲဝင်နေသူ၊ စကားပြောခဲသည်။ ပြောပြီးလျှင်လည်း လက်တွေ့အကောင်အထည်ဖော်ပြီး အလုပ်နှင့် သက်သေပြတတ်သည့် ရဲဘော်ကြီး........။
          ရဲဘော်သန်းလွင်ဦးက အသက်အငယ်ဆုံးဖြစ်ပြီး ဆယ့်လေးနှစ်သားကျော်ကျော်သာရှိသည်။ အမြဲတမ်း ငရဲကြီးရှစ်ထပ်ဟူသော သီချင်းကိုဟစ်ကြွေးနေတတ်သလို ဆေးလိပ်ကိုလည်း လက်ကချသည်မရှိ။ ဖင်မီးခိုးထွက်မတတ် သောက်သုံးသူ။ ဆေးလိပ်နှင့်ပတ်သက်၍ ပြောမရ၊ ဆိုမရ ဆေးလိပ်မရှိလျှင် ဇီးဖြူရွက် ကိုမီးကင်ချေမွှပြီး စက္ကူဖြင့်လိပ်၍သောက်သည်။ နောက်ပိုင်း ချောင်းဆိုးသွေးပါ၍ တီဘီရောပါအကြီးအကျယ် စွဲကပ်လာသည်။ ဆေးရုံးသို့ပို့၍ ကုသပေးသော်လည်း ဆေးရုံးမှဆင်းပြေးပြီး ဆေးလိပ်သောက်ရင်း လမ်းဘေး တနေရာမှာ သေပွဲဝင်သွားခဲ့ရသည်။
          ရဲဘော်မောင်ဝင်းက ကျွန်တော်တို့အားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်သလို စိတ်နှင့်လူနှင့်မလိုက် စိတ်မြန်လက်မြန်ရှိသည်။ တောင်တွင်းကြီးဘက်ကဖြစ်ပြီး ဖိနှိပ်မှုကို တွန်းလှန်လိုသောကြောင့် ရဲဘော်များ နှင့်အတူဘက်ပြောင်း၍ တော်လှန်ရေးနယ်မြေသို့ လာခဲ့ခြင်းဖြစ်သည်။ စိတ်ဓာတ်ဖြူစင်၍ ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုး ပြောဆိုတတ်သည်။ တိုက်ပွဲပေါင်းများစွာနဲ့ကျွမ်းဝင်ရင်းနှီးသောကြောင့် တိုက်ရည်ခိုက်ရည်လည်း အလွန်ကောင်း သည်။ ယခု ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေရဆဲ.........။
          ရဲဘော်ကျော်ဝင်းက အသားမည်းမည်း မျက်လုံးပြူပြူး အေးဆေးနေတတ်သလို တပ်တွင်းအလုပ်ဟူ သမျှ မညီးမညူအောက်ခြေသိမ်းလုပ်တတ်သူ၊ ဇနီးနှင့်သမီးကို အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်လွန်းသည်။ သူ့အကြောင်းကို “ကာရံမဲ့အပြုံး”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ဖူးပါသည်။
          ရဲဘော်သိန်းမြင့်က အသက်ကြီးသလို အတ္တလည်းကြီးလွန်းသည်။ အခွင့်ရေးသမားဖြစ်ပြီး နားဝင်ချို အောင်ပြောဆိုတတ်သည်။ အားလုံးက အဘ ဟု ခေါ်ဆိုကြသည်။ မည်သူ့ကို မည်သို့ပေါင်းရမည်ကို ကောင်းကောင်းသိပြီး အကျိုးအမြတ်ကို တွက်ချက်ပေါင်းတတ်သည်။ သူတစ်ပါးဆီက ဘာရသည်ကိုသာသိပြီး  သူ့ဆီက ထွက်ရန်အကြောင်းမရှိသော မူကကိုစွဲကိုင်ထားသူလည်းဖြစ်သည်။ မူမမှန်က လူမှာကြာရှည်မခံပေ။ သူ့အကုသိုလ်သူ့အကျိုးပေးသွားသည်။
          ရဲဘော်မြင့်နိုင်ဦးက တောင်ကြီးသားဖြစ်ပြီး မိဘများမှာပြည့်စုံကြွယ်ဝကြသည်။ အသက်က ဆယ့်ခြောက်နှစ်ပင် ကောင်းစွာမပြည့်၊ ဆက်ဆက်ထိမခံသောသူဖြစ်သလို စကားအပြောအဆိုအလွန်နည်း သည်။ သီးသန့်တစ်ယောက်တည်း အမြဲနေထိုင်တတ်သူ။ တပ်တွင်းစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့ဝန်းကျင် ရွာများသို့ ရဲဘော်များအလှည့်ကျအလုပ်လုပ်ရန်သွားကြရသည်။ ရရှိလာသော ငွေကြေးမှာ တပ်တွင်းအတွက် လိုအပ်သောစားသောက်စရာနှင့်  လိုအပ်ချက်များဝယ်ရန်ဖြစ်သည်။ တနေ့ ရဲဘော်မြင့်နိုင်ဦး အလုပ်ကပြန်လာသော်လည်း တပ်အတွက် ငွေတပြားမှမပါရှိခဲ့။ သူကလည်း အလုပ်ရှင်က လုပ်အားခရှင်းမပေးသေးကြောင်းသာပြောဆိုသည်။ နောက်နေ့တွင် မြင့်နိုင်ဦးမှ တောကြက်စားကျက် တွေ့ထားသည်ဟု ဆိုကာ အမ်16 သေနတ်ကိုယူပြီး တောထဲသို့ဆင်းသွားတော့သည်။ အချိန်အတော်လင့် သည်အထိ ပြန်မရောက်လာတော့ နီးစပ်ရာမဟာမိတ်တပ်စခန်းများသို့ စက်ဖြင့်အကြောင်းကြားကာ အခြေအနေကိုမေးမြန်းသော်လည်း မည်သို့မျှထူးခြားမှုမတွေ့ရသည့်အဆုံး ရဲဘော်များကို တန်းစီစေပြီး လူစုခွဲကာ နောက်တန်းရွာထဲသို့တဖွဲ့ တောတွင်းသို့တဖွဲ့ခွဲကာ စေလွှတ်ရှာဖွေခိုင်းရတော့သည်။ ရွာထဲသို့ သွားသောအဖွဲ့မှ စက်ဝင်လာသည်မှာ ရဲဘော်မြင့်နိုင်ဦးလာသွားကြောင်း ဆာလာအိတ်တစ်လုံးဖြင့် တစ်ခုခုကို ထမ်းပြီး ထိုင်းနိုင်ငံဘက်ကိုထွက်သွားကြောင်း သိလိုက်ရသည်။ မနက်မိုးလင်းသောအခါ ထိုင်းစစ်တပ်မှရောက် လာပြီး ကျွန်တော့်အားခေါ်ဆောင်သွားပါသည်။ နန်းဆွယ်ရွာသို့ရောက်သောအခါမှ အခြေနေမှန်ကိုသိလိုက်ရ သည်။ ရဲဘော်မြင့်နိုင်ဦးက သူ့အလုပ်ရှင်ကို လုပ်အားခရှင်းမပေးသောကြောင့် သေနတ်ဖြင့်ပစ်ခက်ပြီးထွက်ပြေး သွားကြောင်းနှင့် သူ့ကိုဖမ်းဆီးရန်အတွက် ကျွန်တော့်အား ဓါးစာခံအဖြစ် ခေါ်ဆောင်လာကြောင်း သိလိုက်ရ သည်။ ရဲဘော်မြင့်နိုင်ဦးကို ကျွန်တော်ကိုယ်တိုင် ဖမ်းဆီးပေးလိုက်ရသည်။ မည်သို့မှ စိတ်မကောင်းသော်လည်း အခြေအနေအရ မဖြစ်မနေလုပ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရဲဘော်များနှင့် အဖွဲ့အစည်းရပ်တည်ရေး မှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။ ရဲဘော်မြင့်နိုင်ဦးကို ထိုင်းတရားရုံးတွင် အမှုစစ် ဆေးသောအခါ  မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်ကြောင်း၊ မိမိပစ်ခတ်သောသေနတ်မှာလည်း တောတွင်းတနေရာမှ ကောက်ရခြင်းသာဖြစ်ကြောင်းနှင့် မိမိသာပြစ်မှုကျူးလွန်သူဖြစ်သောကြောင့် ထိုက်တန် သောပြစ်ဒဏ်ကိုခံယူမည်ဖြစ်ကြောင်း ထွက်ဆိုလိုက်သည်။ မဲ့ဟောင်ဆောင်ထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသည်။ ထောင်မှလွတ်မလွတ်ကိုတော့ ယနေ့တိုင်မသိရသေးပေ။
          ရဲဘော်မောင်ရှိန်း၊ ရဲဘော်ဝင်းထိုက်စိုး၊ ရဲဘော်သန်းထွန်း၊ ရဲဘော်ထွန်းထွန်း၊ ရဲဘော်အိုက်ထွန်းတို့မှာ လည်း ကျရာတာဝန်များကို ကျေပွန်စွာ သူ့နေရာနှင့်သူထမ်းဆောင်ခဲ့ကြသည်။
          ယခုအချိန်မှာတော့ ကျွန်တော်တို့ကိုယ်ပိုင် တပ်စခန်းအသိုက်အမြုံလေးမှာမရှိတော့။ အချို့က... ကျဆုံးကုန်ကျပြီ၊ အချို့က...ထောင်ထဲမှာ၊ အချို့က...ဒုက္ခသည်စခန်းမှာရှိနေဆဲ။ အများစုကတော့ တတိယနိုင်ငံမှာ အခြေချလျှက် ဘ၀အသစ်တွေ အတွေ့အကြုံအသစ်တွေနှင့် ယခင်ဖြတ်သန်းကျင်လည်ခဲ့ရာ အတိတ်ခြေရာ များကိုပင် မေ့လျော့နေကြပြီ။ ကျန်ရစ်သူ ရဲဘော်များဘ၀ကို နားလည်ပေးနိုင်သူဆို၍ လက်ငါးချောင်းပင် မပြည့်တော့။
အရောင်တို့သည် အမြဲပြောင်းလဲတတ်ကြောင်းကို ဘ၀နှင့်ရင်း၍ သိရှိခံစားလိုက် ရပါတော့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို


by Yangon Press International on Wednesday, February 22, 2012 at 7:11pm ·
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာစေရန်အတွက် အခြေအနေနှင့်မကိုက်ညီသော တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြောကြားလိုက်သည်။


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့  ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲ တွင်သူရဦးရွှေမန်းက ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီး မြှုပ်နှံလိုသူများစွာရှိသည်ဟု ကြားသိရကြောင်း သို့သော် တည်ဆဲဥပဒေများကို လေ့လာပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိသည်ဟု ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများက ပြောကြားသည်ဟု ၎င်း ကဆိုသည်။
“ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ၀င်လာဖို့ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့၊ ကိုယ့်နိုင်ငံနဲ့လက်တွေ့ကျမယ့် ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့လိုပါတယ်” ဟု သူရ ဦးရွှေမန်း ကဆိုသည်။

၎င်းကထပ်မံ၍ ဥပမာအားဖြင့် ၁၉၄၇ ခုနှစ်ကတည်းက ပြဌာန်းထားသော ယာယီသွင်းကုန် ထုတ်ကုန် ဥပဒေကို ယနေ့အထိ ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ ယင်းဥပဒေသည် ယနေ့ခေတ်အခြေအနေနှင့် မလျော်ညီသဖြင့် ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်ရကြောင်း၊ ထိုဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တာဝန်ရှိကြောင်း၊ ယင်း ၀န်ကြီးဌာနများမှ ပြင်ဆင်ရန် နှောင့်နှေးနေပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တွန်းအားပေးရန်လိုအပ်ကြောင်း သူရဦးရွှေမန်းကဆိုသည်။

“ပြုပြင်ပြောင်းလဲရေးကို ကြိုက်ပါတယ်ဆိုပြီး နှောင့်နှေးနေတဲ့အတွက် ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ရွေတဲ့ဘက်က မရွေ့ရင် ကျွန်တော်တို့ တွန်းတဲ့ဘက်က ပိုတွန်းရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက “ဥပဒေတွေက ရှိပြီးသားပါ။ လက်ရှိဥပဒေတွေကလည်း နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အခြေခံခြင်းတူပါတယ်။ ဖော်ဆောင်တဲ့အပိုင်းကပဲ လိုနေတာပါ။ ဥပဒေကို ဥပဒေအတိုင်း အာမခံချက် မပေးနိုင်တာကမှ တကယ့်ပြဿနာပါ” ဟု သူ၏ အမြင်ကိုပြောကြားသည်။

လက်ရှိ တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အနေဖြင့် ယခုအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ဥပဒေများအပါအ၀င် စီးပွားရေးဆိုင်ရာ ဥပဒေအချို့ကို ပြုစုလျက်ရှိသည်။      ။

လွမ်းနေရတဲ့တက္ကသိုလ်

by May Kyi 
 
ဆောင်းအကုန် နွေအကူး အချိန်မှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ကြရင်း ရန်ကုန်တက္ကသိုလ်ဝင်း ပတ်ရန် စိတ်ကူးကြတယ်။ မနက်ပိုင်း တခါတော့ လျှောက်ဖူးသား။ မနက်စောစော အင်းလျားကန်ဘောင်မှာ လမ်းလျှောက်သူ လေ့ကျင့်ခန်းလုပ်သူများနဲ့ ကက်ဆက်သံ ရေဒီယိုသံ လူသံ ဆူညံရှုပ်ထွေးသလောက် အင်းလျားလမ်းက လူသူ ကင်းမဲ့လွန်းတယ်။ လမ်းလျှောက်သူ တယောက်စ နှစ်ယောက်စ ကိုသာ တွေ့ရတယ်။ ကားအသွားအလာလည်း နည်းတယ်။  ဒီအချိန် ဘုရင်နောင့်လမ်းမကြီး အင်းစိန်လမ်းမကြီးဘက်ကို ထွက်သွားရင် ဘတ်စ်ကားတွေလည်း ပြေးနေပြီ။
သိရိမင်္ဂလာဈေးသစ်ကို ကုန်စိမ်းကြိုတဲ့ကားတွေ ဂယ်လီတွေနဲ့ ရှုပ်ထွေး စည်ကားနေပြီ။ ပဲပြုတ်သည် ကုန်စိမ်းသည် ဆိုက္ကားသမား ခေါ်သံအော်သံ သောသောညံနေကြပြီ။ အင်းလျားလမ်းတွင်ကား မိုးမလင်းသေး။ တိတ်ဆိတ်မှောင်မိုက် နေဆဲပင်။


တက္ကသိုလ်ရိပ်သာလမ်းကနေ အဓိပတိလမ်းကိုမျှော်ကြည့်မိတော့ မီးရောင်က ခပ်မှိန်မှိန်။ မနက်စောစော ဥသြသံကို ကြားရတော့ ဘယ်ဝယ်လွမ်းရမှန်းမသိ။ တောင်ငူဆောင် အမရဆောင်တို့ကား မှောင်မိုက်ငြိမ်သက်လျက်။ တက္ကသိုလ်ရိပ်သာလမ်းက ပိတောက်ပင်တွေ အကိုင်းအခက် နည်းပါးကုန်ပြီ။ ခါတိုင်းလို အုပ်ဆိုင်းနေခြင်းမရှိတော့။ ဓမ္မာရုံရှေ့က အရွက်အကုန်ကြွေပြီး ရိုးတဲကျဲကျဲရှိမှ ပိုလှတဲ့ အပင်ကိုလည်း မမြင်ရတော့ဘူး။ ခုတ်ပစ်လိုက်တာလား။ သေသွားတာလား မသိတော့ပြီ။



သူငယ်ချင်းအတူ လမ်းလျှောက်ဘို့ ချိန်းကြတော့ မနက်စောစော မလျှောက်ဖြစ်ကြဘူး။  ညနေ ၅ နာရီခွဲကျော်ကျော်မှာ စီးပွားရေးတက္ကသိုလ် ၀င်းဒေါင့် အင်းလျားလမ်းနဲ့ ပြည်လမ်းကနေ ခရီးစဉ် စတယ်။ အဲဒီဒေါင့်က အီကိုကျောင်းဝင်းထဲမှာ အရင်က ယူကလစ်ပင်ကြီးတပင်ရှိတယ်။ ပင်စည်က အရောင်မျိုးစုံပြောင်းနေတာ။ အရမ်းလှတယ်။ ကျောင်းက အဆောင်ကနေ အင်းယားကိုထွက်ရင် အဲဒီအပင်ကို အမြဲလိုလို ကြည့်မိတယ်။ တခါကြည့် အရောင်ကတမျိုး။ တလောဆီက ကြည့်မိတော့ အပင်ကြီးကို ချိုင်ထားသလိုဘဲ။ အရင်လို အမြင့်ကြီးမဟုတ်တော့ ကြည့်ရတာ မလှတော့ဘူး။



မာလာဆောင်ရှေ့ရောက်တော့ မနေနိုင်မထိုင်နိုင် ကြည့်မိပြန်ရော။ သင်ကြားရေးအဆောင်တခုဖြစ်နေလို့ တော်သေးတာဘဲ မှတ်ချက်ချရတယ်။ မာလာဒေါင့်က သစ်တိုပင်ကြီးကို ပြရသေးတယ်။ သီရိဆောင်ဘက်ကို ကြည့်လိုက်တော့ ၀င်းထဲမှာ အမျိုးသားတွေ ခြင်းခတ်နေတာ မြင်ရတယ်။ ကားတွေ ရပ်ထားတာလည်း အများကြီး။ ပြည်လမ်းအခြမ်းဘက်က ခြံစည်းရိုးကိုလည်း ရှင်းပစ်ထားလို့ အဆောင်ဘေးနံရံကို ထင်းထင်းကြီး မြင်နေရတယ်။


ဂျပ်ဆင်တံခါးပေါက် ဖွင့်ထားလို့ ကျောင်းဝင်းထဲက ဖြတ်လျှောက်ဘို့ ကြံစည်ကြတယ်။ သီရိဆောင်ရှေ့ရောက်တော့ ဂျပ်ဆင်ကိုနောက်ခံထားလို့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကျောင်းထဲ မရောက်တာ ဆယ်နှစ်ကျော်ပြီလို့ ပေါက်က တ သ တဲ့ လေသံနဲ့ ဆိုတယ်။


သီရိဆောင်ရှေ့မှာတော့ အသစ်စက်စက် ဆိုင်းဘုတ်တခု။ ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းအဖွဲ့ ဆိုတာကိုဘဲ ဖတ်မိလိုက်တယ်။ မျက်စိထဲ သဲနဲ့ ပက်လိုက်သလိုဘဲ။ မာလာ ဘ၀ပြောင်းသွားတာကမှ အင်္ဂလိပ်စာသင်ကြားရေး ဗဟိုဌာနဆိုလို့ လက်ခံနိုင်သေးတယ်။ အခု သီရိက ဘယ်နှယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး ဖြစ်သွားပါလိမ့်။ ကုန်ပါပြီ။ သီရိ သိမ်းပိုက်ခံလိုက်ရပြန်ပြီ။

မောင်ဝဏ္ဏနဲ့ ပန်းတွေနဲ့ဝေ ကို ချက်ချင်း သတိရမိတော့တယ်။ ဒီဆိုင်းဘုတ်နဲ့ဆို ပန်းတွေနဲ့ဝေကို ဘယ်လို ပြန် ခံစားရမှန်းတောင် မသိတော့ဘူး။ သီရိဆောင်ရှေ့က ရေတမာရိပ်မှာ ခိုကာ ည ည သီရိသူတွေကို တေးခွန်းချိုဖွဲ့ခဲ့သူတွေ ခုနေ ဒီဆိုင်းဘုတ်မြင်မိရင် အကုန် စိတ်လေကုန်တော့မယ်။ သွားပါပြီ။


ဂျပ်ဆင်နောက်ဘက်ကို အရင်လို တည့်တည့်သွားလို့မရတော့။ သံတိုင် ခြံစည်းရိုးတွေ ခတ်ထားတဲ့  အပေါက်သေးသေးက လှည့်ထွက်ရတယ်။ ဂျပ်ဆင်နောက်ဘက်က စင်္ကြန်က နည်းနည်း ပျက်စီးနေပြီ။ ဘယ်ဘက်မှာတော့ အပန်းဖြေရိပ်သာ ( RC )။ အာရ်စီနောက်မှာ ချုံ တော ထ နေပြီ။


ပထမနှစ်တုန်းက သမိုင်းဝင်းမှာ ကျောင်းတက်ရပေမဲ့ ကျောင်းလခ အဆောင်လခ သွင်းဘို့ မိန်းကိုလာရင် အပန်းဖြေရိပ်သာကို တကူးတက လာရတယ်။ သိပ်ခမ်းနားကြီးကျယ်တာဘဲလို့ တောကတက်လာတဲ့ ပထမနှစ်ကျောင်းသူရဲ့ စိတ်မှာ တွေးမိတယ်။ ကျောင်းအမှတ်တရ တီရှပ် စာအိတ် လာ လာ ၀ယ်တယ်။ အိမ်ကို စာထည့်ရင် ရန်ကုန် စီးပွားရေးတက္ကသိုလ်ဆိုတဲ့ စာအိတ်နဲ့ ထည့်ချင်တာကိုး။


အပန်းဖြေရိပ်သာကိုလာရင် ပတ္တလားသံ အမြဲ ကြား ရတယ်။ အာရ်စီက အိမ်သာ ကျင်ငယ်နံ့ ပြင်းထန်တာကိုလည်း အမှတ်ရနေဆဲ။ အာရ်စီထဲမှာ လုပ်တဲ့ အားကစားပြိုင်ပွဲတွေ ပြည်ထောင်စုနေ့နီးလာရင် လုပ်တတ်မြဲ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲတွေ။ ကယား ကချင် အသင်းတွေက ရောင်းတဲ့ ခေါင်ရည်။ မန္တလေးအသင်းက ကြာဇံချက်။ မမေ့နိုင်ဘူး။


လက်ရှိ အာရ်စီကို မြင်မိတော့ ရင်နာလိုက်ရတာ။ တကယ်ဆို ကျောင်းသားကျောင်းသူတွေနဲ့ သက်ဝင်လှုပ်ရှား ဆူညံ စည်ကားနေရမှာ။ အခုလိုမျိုး သံတိုင်စည်းရိုးတွေခတ်ထားပြီး ချုံ ထ နေ ဘို့ မဟုတ်ဘူး။ မဖြစ်ရဘူး။ သမိုင်းဝင်းကို မြင်ရတာထက် ပို စိတ်ထိခိုက်တယ်။
ဂျပ်ဆင်ကနေ အဓိပတိလမ်းကို ဖြတ်လျှောက်တော့ လမ်းက ၀န်ထမ်းအိမ်ကလေးတခုရှေ့မှာ ကွမ်းယာဆိုင်ကလေးတခု တွေ့တယ်။ တကယ် တောကြိုအုံကြားထဲ ရောက်နေသလိုဘဲ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဆိုင်လို့ ထင်စရာ မရှိသလောက်ဘဲ။


အဓိပတိကိုလမ်း ဖြတ်ခဲ့တယ်။ နာဂစ်ကြောင့် အပင်တွေ တော်တော် ထိသွားတော့ သစ်ရိပ်က နည်းသွားပြီ။ အရင်ကဆို ကုလားမယ်ဇလီနဲ့ ရေတမာတွေ ပိတ်နေတာ။ လျှောက်လာရင် အဓိပတိလမ်းမှာ ဆိုင်းဘုတ်အသစ်တခု တွေ့လိုက်ပြန်ရော။ “ပင်းယ စစ်ကိုင်း အင်းဝ သထုံ ပဲခူးကျောင်းဆောင်များသို့”တဲ့။ ဆိုင်းဘုတ်က အသစ်စက်စက်။ ကျောင်းဆောင်မှာ ကျောင်းသားတွေမှမရှိတာ။ ဘယ်အတွက် လမ်းညွှန်ဆိုင်းဘုတ် လာပေးထားပါလိမ့်။


သမဂ္ဂနေရာဟောင်းရောက်တော့ ဂူကို အလေးပြုလိုက်သေးတယ်။ ကျောင်းစောင့် အဘိုးကြီးတွေ လှမ်းကြည့်နေကြတယ်။ သမဂ္ဂ၀င်းထဲမှာ ချုံတွေ ရှင်းထားတယ်။ အပင်တွေ ပြန်စိုက်ထားတာ တော်တော်ကြီးနေပြီ။ ညာဘက်မှာတော့ တောင်ငူဆောင် အမရဆောင် ရာမညဆောင်။ ဒီနားရောက်ရင် တောင်ပိန္နဲပင်နဲ့အသီးတွေကို အလိုလို မြင်မိတယ်။

လှည်းတန်းဈေးကအပြန် ရာမညအပေါက်က ၀င်၊ ရွှေဘိုဆောင်ဘေးက ဖြတ်ပြီး ဂျပ်ဆင်ကင်တီး မာလာကင်တီး အီကိုကင်တီးကိုဖြတ်ကာ ကျောင်းကို ပြန်လေ့ရှိတယ်။ တခါ ဖီးကြမ်းငှက်ပျောသီး ဆွဲပြီး ပြန်လာလို့ ရွှေဘိုဆောင်က   ကျောင်းသားတွေက  မျောက်မလေးတွေလို့ အော် ကြ တာ ကို သတိရမိတယ်။


အဓိပတိလမ်းက ထွက်ပြီး တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တော့ တက္ကသိုလ်ဆေးရုံကို မြင်ရပြီ။ ဆေးရုံးဘေးက စာအုပ်ဆိုင် အဆောင်မှာ စာအုပ် လာ လာ ထုတ်ရတယ်။ လူတိုးလို့ အကျီတောင် ပြဲ တယ်။ ယမုန်တယောက် စာမေးပွဲကို ဆေးရုံတက်ဖြေရတာလို့ ပေါက်က ပြောတယ်။ အခုကော တက္ကသိုလ်ဆေးရုံက ဆေးကုသလား လူနာရှိသလား မသိတော့ပြီ။ ဆိုင်းဘုတ်ကတော့ တက္ကသိုလ်ဆေးရုံ ဆိုဆဲ။


သိပွံတိုးချဲ့ဆောင်ဘက်ကိုရောက်လာတယ်။ မျက်နှာချင်းဆိုင်က ဆရာ ဆရာမတွေရဲ့ လုံးချင်းအိမ်တွေ ဆရာတွေရဲ့အဆောင်။ ဆရာ အယ်လ်ဂျေ ကံကြီး ကို သတိရတယ်လို့ ပေါက်က ထုတ်ပြောတယ်။ ဆရာရဲ့ အမြဲပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိတယ်။

တက္ကသိုလ်ရိပ်သာလမ်းက လှည်းတန်းဘက်ကို ဆင်းချလာတဲ့ အလုပ်သမားတွေကို တွေ့ရတယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာ ဆောက်လုပ်ရေးတခုခု ကြီးကြီးမားမား ရှိနေပုံဘဲ။ မနက်အစောကြီး လျှောက်တဲ့နေ့ကလည်း သူတို့ လှည်းတန်းဘက်က တက်လာတာ တအုပ်ကြီးဘဲ။


ကားမှတ်တိုင် အဟောင်းလေးဆီရောက်လာတယ်။ မင်းလူ ၀တ္တုမှာ ခဏခဏ ပါတဲ့ မှတ်တိုင်လေး။ စစ်ကိုင်းလမ်း။ စာကြည့်တိုက်ရှေ့က ကံ့ကော်တောကို မြင်ယောင်မိတယ်။


ရန်ကုန်တက္ကသိုလ် နှစ် ၉၀ ပြည့်ပြီ။ နှစ် ၁၀၀ ပြည့်တော့မယ်။ ကျောင်းထဲမှာ ကျောင်းသားကျောင်းသူတွေ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် တက်ကြွလှုပ်ရှားသွားလာနေတာ ဘယ်တော့များမှ ပြန် မြင်ရလဲ။ ရန်ကုန်တက္ကသိုလ်က အဆောက်အဦးတွေ အကုန် ရာဇ၀င်တွေနဲ့။ အလည်လာတဲ့ ဝေးရပ်ခြားက ဧည့်သည်တွေကို လည်ပတ်ကြည့်ရှုစရာ နေရာတခုအဖြစ် လုပ်လို့ရတယ်လို့ ပေါက်က တွေးတယ်။ အဲသလို မလုပ်ခင် ကျောင်းကို ကျောင်းနဲ့တူအောင် လုပ်ဘို့က အရင် ဖြစ်ရမှာလေ။ ဘယ်တော့များမှ အရင်လို ပြန်ဖြစ်မလဲ။


အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာ ကားတွေ မီးနီမိနေတယ်။ အင်းလျားလမ်းကို ဖြတ်လာလို့ လမ်းဘေးမှာ အပင်တွေ အုပ်ဆိုင်းလို့။ ဒညင်းပန်းအနံ့မွေးမွေးကို ရတယ်။ ကြည့်လိုက်တော့ ခြံဝင်းတခုမှာ ဒညင်းပင်ပျိုလေး။ ပွင့်နေလိုက်တာ ခဲနေတာဘဲ။ ကံ့ကော်တွေက ဖူးဆဲ။


ရတနာဆောင်ရှေ့ရောက်တော့ မာလာဆောင်နဲ့ ရတနာဆောင်က ဒီဇိုင်းတူတာကိုပြောဖြစ်တယ်။ ရတနာသူကိုတော့ ဘယ်သူမှ လာရောက် မထိသေးဘူး ထင်ရတာဘဲ။ စက္ကူပန်းရုံတခု ခြံစည်းရိုးမှာ အစွမ်းကုန် ပွင့်နေတယ်။ လှလိုက်တာ။ လူနည်းနည်းနဲ့ ပန်းများများရှိစေချင်တဲ့ မြနန္ဒာအကြောင်း ပြောဖြစ်ကြပြန်ရော။


အင်းလျားဆောင်။ အင်းလျား မာလာဆောင်ရှေ့မှာ ကောင်လေးတွေ သီချင်းဆိုတာ မြင်ဖူးချင်လို့ အပြင်ထွက်အိပ်တုန်းက သူငယ်ချင်းတယောက် လိုက်ပို့ဖူးတယ်။ ကားထဲမှာ မိန်းကလေးတွေပါလာတာ သိမှာစိုးလို့ မီးလုံးဝမထွန်းဘဲ ခပ်လှမ်းလှမ်းက ကြည့်ကြတယ်။ ခိုင်ထူး မာလာဆောင်ရှေ့ သီချင်းဆိုတာကို မြင်ဖူးခဲ့တယ်။


ထင်ရှားလှတဲ့ အင်းလျားဆောင်။ အင်းလျားဆောင်ကတော့ ခေတ်အဆက်ဆက် ဇာတ်လိုက်ပါဘဲ။ ကြည်အေး ၀တ္တုတွေထဲက အင်းလျားဆောင် အကြောင်းကို ပြောရင်း ကြည်အေး စာများကို နှစ်ယောက်သား ပြန်လည် ရွှတ်ဆိုကြတယ်။ အထွေး ကေ ထိပ်တင်မထွေး မြနန္ဒာ တင်မေ …………။ အသက်ကို မြှင်း၍ ရှုရတယ်တို့ ပေါက်တယောက် ရေရွတ်ခဲ့သေး။ ကြည်အေးရဲ့အတွေးတွေ အရေးအသားတွေ ခုထိ ဖမ်းစားခံနေရဆဲ ခံနေရမြဲ။


အင်းလျားသူတယောက်ဖြစ်တဲ့ ကိုယ် နှစ်သက်တဲ့ စာရေးသူ မိုးမိုး(အင်းလျား) သတိရတယ်။ နာမကျန်းသည့်အိုနှင်းဆီ။ ဆောင်းခင်ကို ဘယ်တော့မှ မေ့မည်မဟုတ်။ ထိုနေ့က မီးမလာပါ ကို အရင်ကထက် ခုမှ ပိုခံစားနိုင်တာကို သတိထားမိတယ်။ နောက်ပိုင်းရေးတဲ့ မုဒိတာ ကိုလည်း ခုထိ တ သ သ ဖြစ်ဆဲ။


စိမ်းလန်းစိုပြေဘက်ကိုရောက်တော့ ညနေရွှေရောင်နေခြည်တွေ ရုတ်သိမ်းကုန်ပြီ။ တေးသံသဲ့သဲ့ကို ကြားရတယ်။ ပွဲလမ်းအခမ်းအနား တခုခု ရှိပုံဘဲ။ အီကိုရှေ့ ကျောင်းအရှေ့ဆိုပေမဲ့ တကယ့်စစ်စစ်က ကျောင်းအနောက်ဘက်ပါ။ အနောက်ဘက်ကို ၀င်ပေါက် အရှေ့အဖြစ် သတ်မှတ်ကာ ကျောင်းရှေ့စစ်စစ်ကို အနောက်ဘက် လုပ်ပစ်ထားတာ။ ဆိုင်းဘုတ်ကို ပြောင်းပြန်တပ်လို့ရပေမဲ့ လုပ်ချင်သလို လုပ်လို့ရပေမဲ့ ကျောင်းရှေ့ဘက်က ကော်ရစ်ဒါကိုတော့ ပြောင်းတပ်လို့ မရချေ။ ထိုအတူ ကျောင်းသားကျောင်းသူများရဲ့ စိတ်ကိုတော့ ပြောင်းလို့ရလား။ ရွာသာကြီး ပို့သည်ဖြစ်စေ တာဝရောက်သည်ဖြစ်စေ ရိုးသားလွတ်လပ်ပွင့်လင်းတဲ့ မဟုတ်မခံတဲ့ ကျောင်းသားကျောင်းသူရဲ့ မူလဗီဇစိတ်ကိုကော ပြောင်းလို့ရသလား။


လေညင်းလေး တသုန်သုန်တိုက်တဲ့ အင်းလျားကန်ဘောင်မှာ ထိုင်နေရင်း ကျောင်းကို ပြန်ကြည့်မိတော့ မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ် ဆိုတာကို ကောင်းစွာ သဘောပေါက်မိတယ်။ အိုင်ဘီစီဘက်က ဆိုင်းသံ ကြားရတယ်။ ကင်မရာမီးရောင်လက်သွားတာကိုလည်း မြင်မိရဲ့။ အင်းလျားကန်ကို နဂိုမူလအတိုင်း ထား ထားလို့ တော်သေးဆိုရပေမဲ့ ကန်စောင်းက ကျောင်းနဲ့မဆိုင်လှတဲ့ စားသောက်ဆိုင်တွေကိုတော့ ဘ၀င်ကျလှတာ မဟုတ်ဘူး။


အလင်း ကောင်းစွာ မပျောက်သေး။ မြူတွေကြားက ရေပြင်ကျယ် အဝေးက ကျွန်းတွေက တောအုပ်တွေလို ညို့မှောင်လို့။  သြကာသလောကအလှမှာ နှစ်ယောက်သား မေ့မောနေကြတော့တယ်။ အချိန်တန် ပျောက်ကွယ်သွားမှာ ကုန်ဆုံးသွားမှာ သိရက်နဲ့ အခိုက်အတန့်မှာတော့ ကြည်နူးသာယာမိကြတယ်။ ဆင်ခြင်ဥာဏ် ၀င်လာရင် ခံစားမှုဒီဂရီက လျော့ပါးသွားတယ်။ အနူုမီးကင်တာလို့ ပေါက်ကပြောတော့ ခဏတော့ ကင်ပါရစေလို့ ဆင်ခြေ ၀င်ချင်တယ်။ သြကာသလောက အလှကို မခံစားနိုင်တဲ့လူတွေကို သနားစရာလို့မြင်မိတယ်။

Tuesday, February 21, 2012

ပြည်သူသွေးသား လူထုအသဲနှလုံး သိုမဟုတ် ဒေါ်အောင်ဆန်းစုကြည်

               မြန်မာပြည်ဒီမိုကရေစီအရေးအတွက်မနားမနေအားမာန်အပြည်နှင့်ရဲဝံသောခြေလှမ်းများဖြင့်
                မြန်မာပြည်အနှံရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပါတီစည်းရုံးရေးခရီးစဉ်ပုံရိပ်များ

Thursday, January 12, 2012

အကျဉ်းသား လွတ်မြောက်မည့် သတင်းနှင့် ပတ်သက်၍ နောက်ထပ်ရရှိသည့် သတင်းများ

င်ငံရေး အကျဉ်းသား လွတ်မြောက်မည့် သတင်းနှင့် ပတ်သက်၍ နောက်ထပ်ရရှိသည့် သတင်းများ 
________________________________________________________
လွတ်ငြိမ်းချမ်းသာခွင့်သတင်းကို ကြေညာရာတွင်“နိုင်ငံတော်တည်ဆောက်ရေးအတွက်လည်းကောင်း၊
 အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင်
အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်စာနာထောက်ထားမှုကို
အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး
နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် ရည်ရွယ်ပြီး
အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ပြာသိုလဆုတ်၅ရက်၊ ခရစ်နှစ် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၁၃ရက်မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရသည်” ဟုကြေညာသွားသည်။

နှစ်ပေါင်း ၆၃နှစ်အတွင်း အပစ်အခတ်အရပ်စဲရေးသဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းမရှိသော အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးအပြီး လေးနာရီအကြာတွင်  အစိုးရကလွတ်ငြိမ်းချမ်သာခွင့်သတင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် KNU တို့အကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိကြောင်းကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က
နိုင်ငံတော်သမ္မတရုံးသို့ ယနေ့မွန်းလွဲ၂နာရီတွင် သတင်းပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ထပ်မံရရှိသောသတင်းများအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော အကျဉ်းသား ၆၅၁ဦးတွင် နာမည်ကျော်နိုင်ငံရေးအကျဉ်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာပါဝင်ကြောင်းလည်း သိရသည်။

 ရန်ကုန်က သံတမန်အသိုင်းအ၀န်းနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သတင်းတွေ အရ ၈၈ ထိပ်တန်းခေါင်းဆောင်အားလုံးနဲ့ နိုင်ငံရေးအကျဉ်းသား များ ပြန်လည်လွတ်မြောက်လာမည်ဟုသိရ၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွှန့် ပါ ပါလာနိုင်ဟုသိရ၊

အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများတော့ လွတ်လိမ့်မယ်လို့ ကြားရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားလက်ကျန် ၂၇ ဦး ၊ တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့အန်အယ်ဒီပါတီဝင်များ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ သူရဲကောင်း ဦးဇင်းအချို့လည်းပါကြောင်း သတင်းတွေ ကြားနေရပါတယ်။ ၆၅၁ ဦးဆိုတော့....ဘယ်သူတွေ ကျန်နေခဲ့သလဲ ဆိုတာကိုလည်း နားစွင့်ပေးကြပါ
ရှမ်းပြည်နယ်ရှိ ထောင်များမှ နိုင်ကျဉ်းအားလုံးနီးပါး လွတ်မည်ဟု ယုံကြည်ရသည့် သတင်းရပ်ကွက်မှပြောသည်။ မိုင်းဆတ်ထောင်တွင် အကျဉ်းကျနေသည့် ကိုကိုကြီး (KKK) လွတ်မြောက်မည်ဟု ကြားသိရသည်။ နံနက်ဖြန် လေယာဉ်ခရီးစဉ်ရှိသည့် အကျဉ်းထောင်များမှ လွတ်မြောက်သူအားလုံး လေယာဉ်ဖြင့် ပြန်လာနိုင်ရန် အစိုးရက စီစဉ် ထားရှိသည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူထောင်တွင် ရှိသည့် နိုင်ငံရေး အကျဉ်းသား ၉ ယောက်အနက် ရွှေခမောက် ကိုရွှေမောင် နှင့် တပ်မတော်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် နှစ်ဦး စာရင်းတွင် ပါရှိသည် ဟုသိရှိရသည်။  လွတ်မြောက်လာသူများစာရင်း

၁-ကိုမင်းကိုနိုင်၊
၂-ဦးခင်ညွှန်
၃-ဦးကိုကိုကြီး
၎-၊ဦးခွန်ထွန်းဦး
၅-ကိုဌေးကြွယ်
၆-ဘန်ဒိတ်ထွန်း
၇-ဦးဂမီရ
၈-မမီးမီး
၉-မနီလာသိန်း
၁၀-ကိုဥာဏ်လင်း
၁၁-မသက်သက်အောင်
၁၂-ကိုဇော်ဇော်မင်း
၁၃-အံဖွယ်ကျော်
၁၄-၊ဒေါက်တာတင်မင်းထွဠ်
၁၅-မင်းဇေယျာ
၁၆-ကိုမြအေး
၁၇-ကိုဂျေမီ
၁၈-ကိုမျိုးအောင်နိုင်
၁၉-ကိုသန်းတင်
၂၀-ကိုလှမျိုးနောင်
၂၁-ကိုသက်ဇော်
၂၂- ကိုပြုံးချို
၂၃-ကိုဇော်သက်ထွေး
၁၄-မစနာမင်း
၁၅- ဦးညီပု   တို့ပါဝင်ကြောင်းသိရသည်

Thursday, December 29, 2011

နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော
နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ်ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင်စောင့်တွေကတော့ တချို့က ပစ္စည်းသယ်နေတုန်းမှာ ထိကုန်တာ” ဟု ပြောသည်။
chemicalexplo5
ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး (ဓါတ်ပုံ မဇ္ဈိမ)
သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့များမှာ မင်္ဂလာတောင်ညွှန့်မီးသတ်ဌာနမှ ၄ ဦးနှင့် ရန်ကုန်တိုင်း ဗဟိုမီးသတ် ဌာနချုပ်မှ ၁ ဦးတို့ ဖြစ်ကြောင်းသိရပြီး ကြာသာပတေးနေ့ ညနေပိုင်းတွင်ပင် ရေဝေး သုဿန်၌ အခမ်းအနားဖြင့် မီးသဂြုင်္ိဟ်ပေးခဲ့သည်။

ကြာသာပတေးနေ့ ညနေ ၅ နာရီအထိ နောက်ဆုံး စုံစမ်းသိရှိမှုအရ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် မီးသတ် တပ်ဖွဲ့ ၃၁ ဦး၊ အရန်မီးသတ် ၆ ဦးနှင့် အရပ်သား ၅၄ ဦး ပါဝင်သည့် စုစုပေါင်း ၉၁ ဦးကိုလည်း ရန်ကုန်ပြည်သူ့
ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာ သည့် မီးသတ်ကား ၅၇ စီးအနက်မှ ၈ စီးမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီး ခဲ့သည်။ ထိုအထဲမှ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ယမ်းစိမ်းတို့ ပါဝင်
သော ဓါတုပစ္စည်းများ သိုလှောင်ထားခြင်းသည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု နယ်မြေခံ ရဲအရာရှိများ က ယူဆနေကြသည်။

“သိုလှောင်ထားတဲ့ တချို့ဟာတွေက ရေပတ်ရင်တောင် ဓါတ်ပြုပြီးတော့ ဝုန်းကနဲ ထလောင်တာတွေ ရှိတယ်ဗျာ။ ကျနော်တို့ကတော့ အဲလို ယူဆထားတာပဲ။ ဓါတုတွေထားတဲ့ ဂိုဒေါင်ကတော့ တခုပဲဗျ။ သူက ပေါက်ကွဲမှုက များတဲ့အခါကျတော့ ဘေးက ဂိုဒေါင်တွေ၊ အိမ်တွေကို ထိသွားတဲ့သဘောပါ” ဟု အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာများမှ သိမ်းဆည်းခဲ့သည့် ဓာတုပစ္စည်းလောင်ကျွမ်းမှုမှ အကြွင်းအကျန်များကို လူအများ အား ထိခိုက်စေမည့် အန္တရာယ်ပေးနိုင်မှု ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အစိုးရအနေနှင့် ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများကို လူနေထူထပ်သည့် မြို့တွင်းနေရာများ၌ သိုလှောင်ခြင်းကို လူအများက ပြစ်တင်ပြောဆိုနေကြသလို ပေါက်ကွဲမှုများကို ကြိုတင်ရှောင်ရှားနိုင်ရန် စံနစ်တကျ
လေ့ကျင့်ပေးထားခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကိုလည်း အလားတူပြောဆိုမှုများ ရှိနေသည်။

ပေါက်ကွဲမှုကတဆင့် ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု
ပေါင်း ၁၄ဝ ကျော်မှ လူဦးရေ ၁ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ကာ မီးဘေးဒုက္ခအဖြစ်နှင့် အမှတ် ၂ဝ၊ ၂၄ မူလတန်း
ကျောင်းများနှင့် တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဟာဝိဇယရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် တာဝန်ယူနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှုး ဦးမျိုးမြင့်ကြိုင်က ပြောသည်။

မီးဘေးဒုက္ခသည်များအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနှင့် ဆေးများ ကူညီရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးသမီးအဖွဲ့များအပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့် လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သွားရောက် ကူညီပေးမှုများ လုပ်ဆောင်နေကြ သည်။

Tuesday, December 27, 2011

မလေးရှားနိုင်ငံဗုဒ္ဓဘာသာဝင်တို့၏လုပ်အားအလှူဒါန


မလေးရှားနိုင်စမုံညှင်းအရပ်ဒေသတွင်တည်ထားကိုယ်ကွယ်သောစေတီတော်မြတ်ကြီးသည်ဥဏ်တော်အမြင့် (၄၅ )ပေ အချင်ဝက် (၃၅)ပေခန့်ရှိပြီးဂန္ဓကုဠီတိုက်တွင်သီတင်းသုံးစံပယ်နေသောကြေးသွန်းရုပ်ပွားတော်ကြီးမှာအမြင့်(၁၅)ပေခန်ရှိပြီးထိုင်းနိုင်ငံမှပင့်ဆောင်ခြင်းဖြစ်သည်။ဂန္ဓကုဠီတိုက်ဘယ်ဖက်တွင်ကြီးမားသော
ကျောက်တောင်အားထွင်ထုထားသောလျှောင်းတော်မူရုပ်ပွားတော်ကြီးလည်းရှိသည်.မလေးရှားနိုင်kepong မှလူငယ်လူရွယ်များစွာတို့သည်၂၅.၁၂.၂၀၁၁ နေ့တွင်လုပ်အားပေးခဲ့ကြသည်ကိုတွေမြင်ခဲ့ရသည်။

မှတ်တမ်းတင်ဓာတ်ပုံများ