Monday, May 14, 2012

ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း

။ ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း မြို့တော်စည်ပင် သတင်းစာ ရှင်းလင်းပွဲတွင် ဌာနအတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။

“လက်ရှိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အခုလို ဆုံးဖြတ်တာပါ။ နောက်ပိုင်းတော့ လိုအပ်ချက်ရှိလာရင်
ဆောက်ပါမယ်။ ခုကတော့ လျာထားမှုကနေ ခေတ္တ ပယ်ထားပါတယ်။ ဒီစစ်တမ်းကလည်း ကျနော်တို့ အနည်းဆုံး တပါတ်အကြာ ကောက်ယူခဲ့တာပါ။ အနီးအနား မြို့နယ်ပေါင်း ၆ မြို့နယ်ရဲ့ ကားသွားလာမှုကို ကောက်ယူခဲ့တာ
ဖြစ်တယ်။ စစ်တမ်းအရ အဲဒီနေရာမှာ လမ်းချဲ့ပြီး မီးပွိုင့်စနစ် ထပ်တိုး ဆောင်ရွက်တာနဲ့တင် ယာဉ်ကြောပိတ်ဆို့မှု
ပြေလည်နိုင်ပါတယ်။ ဒီအပိုင်းတော့ ဆောင်ရွက်ဖို့လုပ် ဆောင်သွားပါမယ်။ ဆောက်ရင် ပိုက်ဆံကုန်တာပဲ ရှိမယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

ဆုံးဖြတ်ချက်အရ လှည်းတန်း၊ ရွှေဂုံတိုင်နှင့် အင်းစိန်မြို့နယ်များတွင်သာ တည်ဆောက်သွားမှာဖြစ်ပြီး စည်ပင် အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ တည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။
skybridge1
ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့် ကုန်းကျော်တံတား တည်ဆောက်ရန်အတွက် မြေစမ်းမှုပြုလုပ်နေသည့် အလုပ်သမားများကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ 

“အခုက စည်ပင်ကနေ ဆောင်ရွက်ရမှာဆိုတော့ ငွေကြေးကုန်ကျမှု အပိုင်းအရ လုပ်ငန်းရှင်တွေဆီက ချေးပြီး
ဆောင်ရွက်သွားမှာပါ။ ဒီတော့ စနစ်တကျနဲ့ အကုန်အကျ နည်းအောင် ဆောင်ရွက်သွားမယ်။ ခုက တာမွေပိုင်းက မလိုအပ်လို့ မတည်ဆောက်တာပါ” ဟု ပြောသည်။

တည်ဆောက်ရေးပိုင်းတွင် ရေရှည်ခံ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ/မရှိကို လုပ်ဆောင်ရာတွင် စစ်တမ်းကောက်ယူပြီးမှ ဆောင်ရွက်သည့် အလေ့အထဖြင့် မြို့တော်စည်ပင် အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့တော်ဝန် ဦးလှမြင့် ကလည်း ထပ်မံဖြည့်စွက်ပြောသည်။

“အရင်ကတော့ စစ်တမ်းကောက်ယူပြီး လုပ်ဆောင်မှုမျိုး မရှိခဲ့ဘူး။ ခုလက်ရှိမှာတော့ ဘာလုပ်လုပ် မြို့တော်စည်ပင် အနေနဲ့ စစ်တမ်းကောက်ပြီးမှ ပြည်သူတွေအတွက် လိုအပ်မှု ရှိ/မရှိကို လုပ်ဆောင်ပေးတယ်။ ဒါမှလည်း ပြည်သူတွေ အနေနဲ့ ဘာကြောင့် လုပ်ဆောင်ရသလဲ ဆိုတာကို သေချာနားလည်စေမယ်”ဟု မြို့တော်ဝန်က ပြောသည်။

စစ်တမ်းကောက်ယူမှုအပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းတခုဖြစ်သော Vertect က ကူညီဆောင်ရွက်ပေးခဲ့ပြီး ခုံးကျော် တံတား တည်ဆောက်ရေးအတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများနှင့် ချေးငွေယူသော ကုမ္ပဏီများ စာရင်းကိုမှု ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

“ဒါက ခုချိန်မှာ ပြောဖို့ စောသေးတယ်။ သေချာစိစစ်ဦးမှာပါ။ သူတို့တွေဘက်က ဘယ်လောက် လုပ်ပေးနိုင်မလဲ။ အဓိက ပြည်သူတွေအပေါ် ဘယ်လောက် စေတနာထား လုပ်ဆောင်နေလဲဆိုတာကို ကြည့်ပြီးမှ လုပ်မှာမို့ပါ” ဟု မြို့တော်ဝန်က ဆိုသည်။

ဂျပန်နိုင်ငံ ဂျကာကုမ္ပဏီမှ မိုးပျံတံတား နှစ်စင်း ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသော်လည်း လောလောဆယ်
ဆောက်လုပ်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားသည်။

လျာထားသော တံတားသုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားမှာမူ စတင် ဆောက်လုပ်နေပြီး တနှစ်နီးပါး ကြာမြင့် မည်ဟု သတ်မှတ်ထားသည်။ ကျန် တံတားနှစ်စင်းမှာမှု တိုင်းတာမှုများသာ ဆောင်ရွက်ရသေးသည့် အတွက် ပြီးဆုံး မည့်ကာလ မခန့်မှန်းနိုင်သေးကြောင်း မြို့တော်စည်ပင်က ဆိုသည်။

သို့ရာတွင် လျာထားသော တံတားများကို ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရန် သမ္မတကြီးက ညွှန်ကြားထားသည်။

ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့်  ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း
သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် ပြောကြားနေစဉ် (ဓာတ်ပုံ - သမ္မတရုံး ဝက်ဘ်ဆိုဒ်)
နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း အသစ်လွှင့်တင်လိုက်သော နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အစိုးရသစ်အနေနှင့် လမ်းများဆောက်၊ တံတားဖောက် စသည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ပြည်သူလူထု၏ လိုအပ်ချက်ကို
မထိတွေ့နိုင်ဘဲဖြစ်နေကြောင်း၊ အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပြည်သူများ အဆင်ပြေစေရေး ထိရောက်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ နှိုင်းယှဉ်ရင် များစွာကွာဟနေမှုအပေါ်  အားမလိုအားမရဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို၊ ထက်ဝက်ကျော်သော မြို့လူထုရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ၊ ထရံကာ မီးဘေးစိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ၊ သူတို့ရဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်တွေ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို၊ လုပ်ငန်းခွင်က အပြန်မှာလည်း ညမိုးချုပ်မှ အိမ်ပြန်ရောက်၊ မနက်မိုးလင်း အစောကြီး ပြန်သွား၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလိုအားမရဖြစ်နေတဲ့ လူတန်းစားအလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လမ်းဘေးဈေးသည်များကို အာဏာပိုင်များက တားမြစ်မှု၊ မြို့တွင်းကားရပ်ရန် နေရာရှားပါးမှု စသည့်ပြဿနာများအထိ ပြောင်းလဲအောင် စီမံရမည်ဟု သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။
လတ်တလော အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး ဗဟာဗျူဟာ ဒုတိယအဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ခပ်သွက်သွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုးတက်လိုသော ဆန္ဒရှိသော်လည်း အလုပ်မလုပ်ကြလျှင် တိုးတက်နိုင်မည် မဟုတ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိပြီး နိုင်ငံတကာချေးငွေမှာလည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၀၁၈ သန်းသာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း သိရှိရသည်။
“အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီးဖြစ်ပါတယ်။ မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူး။
တိုးတက်လိုတဲ့အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျနော်တို့ တွန်းတင်ရပါမယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် ခေါင်းမာဂိုဏ်းသားဟု အများက ယူဆသည် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်ထားသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သမ္မတ ဦးသိန်းစိန် ပြောဆိုသော မိန့်ခွန်းအပြည့်အစုံကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများက အပြည့်အစုံ ဖော်ပြခြင်းမပြုဘဲ အရေးကြီးသောသတင်းများကိုချန်ထားခဲံသည်။

Sunday, May 13, 2012

ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို



မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းဌာနများကိုပြောပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း SSA တပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်း SSDP တပ် အပါအ၀င် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
"ကျွန်တော်တို့ ဒီအပစ်ရပ်ထားတဲ့ UNFC အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ အပစ်ရပ်ထားတဲ့ သဘောတူညီချက်တာဝန် ရှေ့လုပ်ရမည့် လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ ဒီဟာကို ထုတ်ဖော်တာပါ။ ကချင်မှာ အပစ်ရပ်ဖို့ပေါ့။ အပစ်မရပ်ဘူး ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေ ဆက်ပြီးတော့ အပစ်ရပ်တာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောမျိုး၊ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ သဘောမျိုး တင်ပြတာပါ" လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေဟာ ဒေသတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပြီး နိုင်ငံခြား အကျိုးစီးပွားအတွက် တိုင်းရင်းသား အချင်းချင်းအပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေ ဖန်တီးနေတဲ့အပေါ် UNFC အဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ပွဲတွေ မရပ်တန့်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ မလုပ်ဘဲ စောင့်ကြည့် အကဲခတ်ဖို့ UNFC အနေနဲ့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်



မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။ "ဒါကအင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ ကတော့ ကြိုဆိုတယ်။ ကျွန်တော်တခု ပြောချင်တာကတော့ ပြည်ပမှာ ရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ် တိုင်းပြည်အတွက် ပြန်ပြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ် ဆိုရင် အဲဒီသူတို့ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုတော့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည် အတွက်ကတော့ သူတို့ ပြန်လာမယ် ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်း ရှိနေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ် ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့ ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေ ရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲဝင်ဝင် ပြန်လုပ်မယ် ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ ပဲများပါတယ်။ အကျိုး ဆုတ်ယုတ်စရာဘာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။" နိုင်ငံတကာက မိမိတို့ နိုင်ငံကို ကူညီထောက်ပံ့မှုများ ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ၀န်ကြီး ဌာနများနဲ့  အစိုးရအဖွဲ့ အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ စီမံကိန်းများ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့  လည်း သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။

ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ



ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။ "ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။" အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။ အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ သတင်းဌာနများကဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက - သူ မကြားသိတဲ့အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး သတင်းဌာနဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရပါတယ်။ အောင်ရွှေဆိုင် ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။ "တယောက်က ယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကို တက်တယ်။ ကားသမားကို ၀ိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ မထောက်တာလည်း မတွေ့ပါဘူး ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီးလုပ် သွားတာ။ ဂတ်ရှေ့မှာဗျ။" အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအ၀င် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်း က တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

Friday, May 11, 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မေလမှစပြီး လုံခြုံရေး တင်းကြပ်လာပြီဟု မြစ်ကြီးနား ဒေသခံများပြောသည်။


ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် အစိုးရက ပိုမိုလုံခြုံရေး တင်းကြပ်လာသည့်အနေဖြင့် ရပ်ကွက်တိုင်းတွင် အလည့်ကျ ည ကင်းစောင့်ခိုင်းသည်ဟု ဒူကထောင် ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ယခု လဆန်းမှစပြီး ရပ်ကွက်တိုင်းတွင် တစ်အိမ် တစ်ယောက်ဖြင့် ညတိုင်း လူ ၅ ယောက်စီ အလည့်ကျ စောင့်ရကြောင်းနှင့် အကယ်၍ တစ်အိမ်မှ တစ်ယောက်မသွားပါက အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။


“ရပ်ကွက်တိုင်းမှာ ကင်းစောင့်ဖို့ နေရာလုပ်ထားတယ်။ အဲဒီနေရာမှာ အလေ့ကျသွားစောင့်ရတယ်။ တစ်အိမ် တစ်ယောက် တစ်ညကို ၄၊ ၅ ယောက်သွားစောင့်ရတယ်။ တစ်အိမ်က တစ်ယောက်မသွားဘူးဆိုရင် အရေးယူမှာတဲ့။ ဘယ်လို အရေးယူမယ်ဆိုတာက မသိသေးဘူး။ အခုချိန်ထိတော့ အရေးယူခံရတာ မရှိသေးဘူး။ ရပ်ကွက်လူကြီးတွေ အမိန့်ပေးတာပဲရှိသေးတယ်။” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဂိတ်များနှင့် ရပ်ကွက်အ၀င်အထွက်ပေါက်များတွင်လည်း ညနေ ၇ နာရီ နောက်ပိုင်း ဆယ်ကယ်ဖြင့်သွားလာသူများကို ညကင်းများ၊ မီးတပ်နှင့် ရဲများမှ မော်တော်ဆိုင်ကယ် ထိုင်ခုံအဖုံးများဖွင့်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သီတာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ပတ် မေ ၅ ရက်နေ့ ညတွင်လည်း အမြောက်ကားကြီး ၂ စီးဖြင့် အစိုးရစစ်သားများနှင့် ရဲများက မြစ်ကြီးနားမြို့တွင်း လည့်ပတ်သွားလာသည်ကို မြင်ရသည်ဟု စီတာပူရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

“ရှေ့မှာတော့ ရဲကားတစ်စီးအရင်သွားတယ်။ အဲဒီနောက်မှာ အမြောက်ကား ၂ စီး၊ အဲဒီနောက်မှာတော့ ဆိုင်ကယ်နဲ့ စစ်သားတွေသွားတယ်။ စစ်သားတွေရဲ့နောက်မှာတော့ ရဲကားတစ်စီးပြန်သွားတယ်။ အဲဒီလို လမ်းမကြီးအတိုင်း လည့်ပတ်ကြတာဟုတ်တယ်။” ဟု ၎င်းကပြောသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုများဖြစ်ပေါ်တိုင်း နိုင်ငံပိုင်အစိုးရသတင်းစာများတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကိုစွပ်စွဲထားသော်လည်း KIA က မြန်မာအစိုးရ စစ်ရေးပစ်မှတ်များမှတပါး လက်နက်မဲ့ပြည်သူများကို တိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။



 မြန်မာ့လေကြောင်းက
ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန်  စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။


လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။


မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။


“မြန်မာနိုင်ငံအတွင်း လူစီးများပြီး ခေါက်ရေများများ ပြေးဆွဲနေရတဲ့ ခရီးစဉ်လမ်းကြောင်းတွေအတွက် ကိုလည်း စင်းလုံးငှား လေယာဉ်တွေစီစဉ်သွားမယ်”ဟု မြန်မာ့လေကြောင်းရုံးချုပ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။


လေယာဉ်များကို ငှားရမ်းအသုံးပြုလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့လေကြောင်းသို့ ဆက်သွယ် ငှားရမ်း ရမည်ဖြစ်သည်။


အဆိုပါ လေယာဉ်စင်းလုံး ငှားရမ်းခနှုန်းထားမှာ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀) ကျသင့်မည်ဖြစ်ပြီး   မြန်မာကျပ်ငွေဖြင့်လည်းပေးချေနိုင်ပြီး ငှားရမ်းမည်ဆိုပါက ခရီးစဉ် အသွား၊အပြန် အပြင်စောင့်ဆိုင်းခအပါအ၀င် စုစုပေါင်းကြာချိန် (၃)နာရီအားဋ္ဌားရမ်းအသုံးပြုနိုင်မည်ဖြစ်ပြီး အကယ်၍ သတ်မှတ်နာရီထက်ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏   (၃၀)ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။


စင်းလုံးငှားလေယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းများ၊ အရေးပေါ်လူနာများအတွက်စင်းလုံးငှားရမ်းမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၊ရေနံတူးဖော်ရေးလုပ်ငန်းစသည့် လုပ်ငန်းများတွင်းလည်း ငှားရမ်းနိုင်ကြောင်းသိရသည်။