မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF
သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။
မိန့်ခွန်းတွင်
မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးအပေါ်အမြင်၊
ရင်းနှီးမြှုပ်နှံသူများအပေါ် သတိပေးစကား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၏
အရေးကြီးပုံနှင့် တိုင်းပြည်တွင်းခြစားလာဘ်စားမှု တိုက်ဖျက်ရေး အထူး
လိုအပ်နေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က
ထည့်သွင်းပြောကြားသွားခဲ့သည်။
အဆိုပါ မိန့်ခွန်း အပြည့်အစုံကို
မဇ္ဈိမက မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။
---

“ကျမ အခုလို ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို
တက်ရောက်ခွင့် ရရှိတဲ့အတွက် Professor Schwab နှင့် တကွ ကမ္ဘာ့စီးပွါးရေး
ဖိုရမ် စီစဉ်ပြုလုပ်သူ organizer အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို
တက်ရောက်ခွင့် ရတာဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပြီး ကျမအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါ။ ကျမအနေနဲ့ ကမ္ဘာအရပ်ရပ်က လူတွေနဲ့
တွေ့ဆုံခွင့်
ရခဲ့ပြီး တွေ့ဆုံတဲ့သူတိုင်းကလည်း ကျမတို့ နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေလဲ
ဆိုတာကို အထူးစိတ်ဝင်စား ကြပါတယ်။ ဒီမနက်မှာ ကျမအနေနဲ့ ပြောချင်တာက
တချို့တွေက Burma လို့ ခေါ်ကြပြီး တချို့တွေက Myanmar လို့ ခေါ်ကြတဲ့ ကျမတို့
နိုင်ငံရဲ့ တိုးတက်မှုတွေအတွက် လိုအပ်တဲ့ commitment အကြောင်းပါပဲ။
Commitment ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်မှာ စိတ်ရောကိုယ်ပါ
နှစ်မြှုပ်လုပ်ကိုင်မှု၊ ရည်ရွယ်ချက် ခိုင်မြဲမှု၊ သန္နိဋ္ဌာန်ဖြင့်
စဉ်ဆက်မပြတ် ကြိုးစားမှုတွေနဲ့အတူ ရည်မှန်းချက် ရှင်းလင်းပြတ်သားမှုတွေ
ပါဝင်ပါတယ်။ ကျမအနေနဲ့ မကြာခဏ အမေးခံရလေ့ ရှိတဲ့ မေးခွန်းတခုကတော့
မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်လှည့်
သွားနိုင်ခြေ ရှိ/မရှိ ဆိုတဲ့ မေးခွန်းပါပဲ။
“လူတွေ
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အကြောင်း ပြောဆိုနေကြတဲ့အခါမှာ ကျမတို့
မေးခွန်းထုတ်ရမှာက အဲဒီ့ စကားရပ်ဟာ ဘာကိုဆိုလိုသလဲ ဆိုတာကိုပါ။ ၂ဝ၁ဝ
ခုနှစ် နှောင်းပိုင်း ကျမ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့တဲ့
နောက်ပိုင်းမှာ
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအဖြစ် နိုင်ငံရေး အကျဉ်းသားတွေ
လွတ်လာတာတွေ၊ အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးအတွက် ခြေလှမ်းတချို့တွေ၊
နောက် ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့
ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာတွေ
အဲလိုခြေလှမ်းတွေကို အားလုံးပါဝင်ခြင်းရဲ့ လက္ခဏာတွေလို့ မြင်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ကျမတို့တွေလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ကြပါတယ်။
အဲဒီမှာ ကျမ သတိထားမိတာက အလေးပေးမှုဟာ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုဆီကို
ဦးတည်ချက် ပြောင်းသွားတာ ပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့
အမြင်တွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်
နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားကြတယ်လို့လည်း ကျမ ကြားသိခဲ့ရပါတယ်။
တပြိုင်တည်းမှာပဲ အရေထူနေပြီ ဖြစ်တဲ့ လုပ်ငန်းရှင် တချို့ အပါအဝင်
တခြားသူတွေက ဘာပြုပြင်ပြောင်းလဲမှုလဲ ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။
ဒါကြောင့်မို့ reform ဆိုတဲ့ စကားလုံးကို အသုံးပြုသူတွေက စိတ်ကြိုက်
အဓိပ္ပါယ်ဖွင့်နေကြတာမို့ ကျမအနေနဲ့ တိုင်းပြည်ထဲက တိုးတက်မှုတွေ
အကြောင်းပဲ ပိုပြောချင်ပါတယ်။ ဒါပေမယ့် ကျမအတွက်တော့ ကျမတို့
နိုင်ငံသားတွေရဲ့ အခြေအနေ
တွေ တိုးတက်လာမှုကိုပဲ
ပြုပြင်ပြောင်းလဲမှုလို့ အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။
“Commitment
အကြောင်းကို ပြောရမယ်ဆိုရင်တော့ ကျမအနေနဲ့ မြန်မာနိုင်ငံဟာ
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရာ ကနေ နောက်ကို ပြန်ဆုတ်နိုင်သလားလို့
မေးခံရတဲ့ အခါမျိုးမှာ ပြန်ဖြေခဲ့တာက နောက်ပြန်ဆုတ်မဆုတ်ဟာ စစ်ဘက် အနေနဲ့
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာပေါ်
မူတည်နေပါတယ်လို့ ပြန်ဖြေ ခဲ့ပါတယ်။ ကျမအနေနဲ့ အဲဒါကို အကျယ်ချဲ့
ပြောချင်တာကတော့ ကျမတို့ရဲ့ အောင်မြင်မှုတွေ၊ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်သွား မသွားဆိုတာတွေက national commitment
အပေါ်မှာ မူတည်နေပါတယ်။ ကျမတို့ရဲ့ နိုင်ငံကို တိုးတက်လာစေချင်သူ မှန်သမျှဟာ
အဲဒီ့ commitment မျိုး ရှိရပါမယ်။ ကျမတို့ အနေနဲ့ ကျမတို့ ဘာလိုချင်တယ်
ဆိုတာကို သိရပါမယ်။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ရိုးရှင်းတဲ့ ဆောင်ပုဒ်လေး
ဖြစ်တဲ့ “ကမ္ဘာ့အခြေ အနေကို တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့
ဆောင်ပုဒ်လေးကို နှစ်သက်ရခြင်း ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ မြန်မာ
နိုင်ငံရဲ့
အခြေအနေကို တိုးတက်စေချင်ပါတယ်။ ကျမတို့ ပြုပြင်ပြောင်းလဲမှု (reform)
လို့ ပြောတဲ့အခါ အဲဒါကိုပဲ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့
ပြုပြင်ပြောင်းလဲမှုလို့ ပြောတဲ့အခါ အုပ်စုတခု၊ ပုဂ္ဂိုလ်တယောက်၊
အဖွဲ့အစည်းတခု အတွက်ပဲ အကျိုးရှိမယ့်ဟာမျိုးကို မဆိုလိုပါဘူး။ သာမန်လူထု
တရပ်လုံးအတွက် အကျိုးရှိမယ့် အရာမျိုးကိုပဲ ဆိုလိုပါတယ်။ ကျမအနေနဲ့
သာမန်လူထု တရပ်လုံးလို့ ရည်ရွယ်ချက်ရှိရှိ သုံးရတာက ကျမတို့ နိုင်ငံဟာ
လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျမတို့ အားလုံး ပါဝင်ပါတယ်။
“ဒါကြောင့်မို့လို့
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ ကျမတို့အတွက် အလွန် အရေးကြီးပါတယ်။
အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်ရာကနေ အချိန်ကြာလာတာနဲ့ အမျှ
national commitment ကို ကျမတို့ လုပ်ဆောင်ရပါမယ်။ ဘာလို့လဲဆိုတော့
national commitment ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ တကွ နိုင်ငံရဲ့
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ ယူဆောင်လာစေနိုင်လို့ ဖြစ်ပါတယ်။
“ကျရှုံးနေတဲ့
နိုင်ငံတွေနဲ့ ကျရှုံးရခြင်းအကြောင်း၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာတွေကို ကျမ
အနေနဲ့ အများကြီး
လေ့လာနေ ခဲ့ပါတယ်။ ကျမ လေ့လာခဲ့သမျှ အရာတွေ အားလုံးထဲက
နှစ်ခြိုက်နေမိတာကတော့ Paul Collier
ရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာပါ။
သူရေးသား ထားတာက ပြုပြင်ပြောင်းလဲမှု နည်းဗျူဟာတွေ အလုပ်ဖြစ်ရေး အတွက်
အတိုင်းအတာတခုအထိ ပညာတတ်တဲ့ လူဦးရေ အလုံအလောက် ရှိမှုဟာ အလွန်အရေးကြီးကာ
မရှိမဖြစ်လို့ ဆိုခဲ့ပါတယ်။ သူဆိုလိုတာက နိုင်ငံမှာ ရှိတဲ့ လူဦးရေ
အချိုးအစားရဲ့ အများစုဟာ အလယ်တန်းပညာ ရှိရမယ်လို့ ဆိုလိုတာပါ။
အလယ်တန်းပညာလို့ သူပြောသွားခဲ့တာက ကျမစိတ်ကို နှစ်ခြိုက်သွားစေတဲ့ အရာပါ။
သူက PhD ဘွဲ့ရသူတွေ၊ တက္ကသိုလ်ဘွဲ့ရတွေ ရှိရမယ်လို့ မပြောခဲ့ပါဘူး။
ပြုပြင်ပြောင်းလဲရေးတွေကို အောင်မြင်စွာ လုပ်ဆောင်
နိုင်ဖို့အတွက်
အလယ်တန်းပညာတတ်တဲ့ လူဦးရေ အမြောက်အများပဲ လိုအပ်တာပါလို့ ပြောခဲ့တာပါ။
“အဲဒါဟာ
ကျမရဲ့ တွေးခေါ်ပုံနဲ့လည်း တော်တော်လေး လျော်ညီပါတယ်။ မြန်မာနိုင်ငံမှာ
အခြေခံပညာရေး လိုအပ်ပါ တယ်။ အဲဒါကို အရင်ကတည်းက ကျမ အလေးအနက်
ပြောခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်အဆင့် ပညာရေးတွေ ဘွဲ့လွန်
ပညာရေးကိုပဲ အလေးအနက်ထားပြောကြတာ များပါတယ်။ ကျမ အနေနဲ့ အခြေခံပညာရေး
ဆိုတာကို ရှင်းပြရရင် အဲဒါဟာ မူလတန်း ပညာရေးကို ဆိုလိုတာ မဟုတ်ပါဘူး။
ကျမဆိုလိုတာက လူတွေ လုံလောက် တဲ့ ဝင်ငွေရအောင် လုပ်ကိုင် စားသောက်ဖို့အတွက်
လိုအပ်တဲ့ ပညာရေးမျိုးကို ဆိုလိုတာပါ။ အဲဒါဟာ ရိုးရှင်းပါတယ်။
“မြန်မာနိုင်ငံမှာ
ရှိတဲ့ လူငယ်တွေကို ကြည့်ရင်လည်း အလုပ်လက်မဲ့နှုန်းက မြင့်မားနေပါတယ်။
အဲဒီ့ပြဿနာဟာ ချိန်ကိုက်ဗုံးတခုလိုပါပဲလို့ ကျမ အမြဲပြောခဲ့ပါတယ်။ အဲလို
အလုပ်မရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိဘတွေအပေါ်မှာ ဘယ်အချိန်အထိ
မှီခိုနေလို့ ရမှာလဲ။ နောက်ပြီးတော့ ဘယ်သူတွေက သူတို့ကို အလုပ်ခဲ့မှာလဲ။
တခါတလေမှာ
ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ဟာ မပြတ်မသား ဖြစ်နေတတ်ပါတယ်။
ပွင့်လင်းလာတဲ့ မြန်မာပြည်ကို စိတ်ဝင်စားလို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်က
လာရောက်ကြတဲ့သူတွေ မှတ်ချက်ပြုကြတာက အစိုးရအနေနဲ့ ချမှတ်ထားတဲ့
လုပ်ငန်းစဉ်တွေကို ဘယ်သူက အကောင်အထည် ဖော်မှာလဲလို့ မေးကြပါတယ်။ ဘယ်သူတွေက
အဲဒီ့ လုပ်ငန်းစဉ်
တွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြမှာပါလဲ။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဖို့ အာမခံနိုင်တဲ့
သူတွေကို ကျမတို့ ဘယ်လိုရှာမလဲ။ ဒီတော့ ကျမတို့ အနေနဲ့ capacity ကို
လိုအပ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက မြင်သလို တအားမြင့်မားတဲ့
capacity တွေ အထိ မလိုအပ်သေးပါဘူး။ အခြေခံကနေ တိုးတက်ဖွံဖြိုးလာမယ့်
capacity တွေပဲ လိုအပ်ပါတယ်။ အဲဒီ့ကဏ္ဍအတွက် လူကြီးမင်းတို့အားလုံးဆီက အကူအညီ
ရချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ
အောင်မြင်ဖို့အတွက် ခိုင်ခန့်တဲ့ အခြေခံ
ဖောင်ဒေးရှင်းတွေ
ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို လူကြီးမင်းတို့ကို လေးလေးနက်နက်
တွေးစေချင်ပါတယ်။ အခုလောလောဆယ်အခါမှာတော့ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့
ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ် အများကြီး ရဖို့ မတွေးပါနဲ့။
ရင်းနှီးမြှုပ်နှံသူတွေဟာ အကျိုးအမြတ်ကို မျှော်လင့်ပြီး
ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတာ ဆိုတာကိုတော့ ကျမနားလည်ပါတယ်။ ကျမတို့
အနေနဲ့ အဲဒီ့အချက်ကိုလည်း သဘောတူ လက်ခံပါတယ်။ ဒါပေမယ့်
ရင်းနှီးမြှုပ်နှံမှု
တွေ ဆီကနေ အကျိုးအမြတ်ရဖို့ ကျမတို့ဘက်ကလည်း
မျှော်လင့်နေပါတယ်။ လာရောက် ရင်းနှီးမြှုပ်နှံသူတွေနည်းတူ ကျမတို့
တိုင်းပြည်အတွက်လည်း အကျိုးရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်
ကျမတို့အတွက်လည်း လေးလေးနက်နက်
တွေးပေးစေချင်ပါတယ်။ ဖိုရမ်ထဲမှာ ရှိတဲ့
ဟောပြောသူ speaker တွေရဲ့ စကားတွေကိုလည်း ကျမ နားထောင်ခဲ့
ပြီးပါပြီ။
အဲဒီ့အထဲက မှတ်ချက်တခုကတော့ ကျမရဲ့ စိတ်ကို ဆွဲဆောင်ခဲ့ပါတယ်။
အလွန်ရိုးရှင်းတဲ့ မှတ်ချက်လေးပါ။ ကျမတို့အနေနဲ့ မညီမျှမှုတွေနဲ့
ခြစားမှုတွေကို ကိုင်တွယ်ဖြေရှင်းရဦးမယ် ဆိုတာပါပဲ။ ကျမအနေနဲ့အဲဒါကို လုံးဝ
သဘောတူပါတယ်။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို
ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ခြစားမှုတွေနဲ့ မညီမျှမှုတွေကို
တိုက်ဖျက်ရမှာပါ။ ရင်းနှီးမြှုပ်နှံမှု ကြီးထွားလာခြင်းနဲ့အတူ
ခြစားဖို့အခွင့်အရေးတွေ ကြီးထွားလာမှာကို အလိုမရှိပါဘူး။ မညီမျှမှုတွေ
ကြီးထွားလာမှာကို အလိုမရှိပါဘူး။ အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ
ရထားပြီးသားလူတွေ ပိုပြီး အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ ရသွားမှာကို
မလိုလားပါဘူး။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုလား တယ်ဆိုတာက
ရိုးရိုးရှင်းရှင်းလေးပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေကို တတ်နိုင်သမျှ
များများ ဖန်တီးပေးချင် လို့ပါ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်
အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ဟာ အလွန့်အလွန်ကို အရေးကြီးပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေ များပြာလာတာနဲ့ အတူ အလုပ်လက်မဲ့ လူငယ်တွေကို
အလုပ်အကိုင်တွေမှာ အဆင်သင့်ဖြစ်ဖို့အတွက် သင်ကြားပေးမယ့် သင်တန်းတွေလည်း
လိုအပ်ပါတယ်။ အသက်မွေးမှု သင်တန်းတွေနဲ့ formal မဟုတ်တဲ့ သင်ကြားမှုတွေ
ဒေါက်တာဘွဲ့ အစီအစဉ်တွေထက် အများကြီး ပိုမို လိုအပ်ပါတယ်။ အဲလိုပြောတာ ဟာ
ကျမအနေနဲ့ အဆင့်မြင့် ပညာရေးတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ ကျမအနေနဲ့
အဆင့်မြင့် ပညာရေးတွေ ကို အရမ်းတန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျမတို့
နိုင်ငံရဲ့ လိုအပ်ချက်ကို လက်တွေ့ကျကျ ကြည့်ရမှာပါ။ အခြေခံ
ကျွမ်းကျင်မှုတွေ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းက လူတယောက်အနေနဲ့ ကျမ
လူကြီးမင်းတို့ကို စကားပြောနေတာပါ။ အခြေခံကျွမ်းကျင်မှုတွေသာ လူတွေမှာ
ပြည့်စုံလာရင် အားလုံးဟာ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ ပါဝင်နိုင်လာမှာ
ပါ။ ကျမတို့ အနေနဲ့ national commitment ကို အလိုရှိပါတယ်။ အဲဒါမရှိဘဲနဲ့
ကျမတို့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အနေနဲ့ national commitment
ကို ဒေသဆိုင်ရာ commitment တွေ၊ တကမ္ဘာလုံးဆိုင်ရာ commitment
တွေနဲ့
ချိတ်ဆက်ပြီး တူညီတဲ့ ရည်မှန်းချက်တွေအတွက် လုပ်ကိုင်ချင်ပါတယ်။ ကျမတို့
အနေနဲ့ ပိုမိုကြွယ်ဝပြီး ပိုမို
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို
အလိုရှိပါတယ်။ အဲဒီ့လို ပိုမိုကြွယ်ဝပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီး
တည်ဆောက်ရာမှာ ကျမ တို့အနေနဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ချင်ပါတယ်။
ကျမတို့အနေနဲ့ အရေးမပါသူ ဖြစ်မှာကို မလိုလားပါဘူး။ ကျမတို့ အနေနဲ့ နောက်မှာ
ပြတ်ကျန်နေခဲ့မှာကို အလိုမရှိပါဘူး။ ကျမတို့အနေနဲ့ မှားတဲ့လမ်းကြောင်းကို
ရွေးချယ်ပြီး
ဘေးရောက်သွားမှာကိုလည်း အလိုမရှိပါဘူး။
“ကျမအနေနဲ့
ဒီကိုရောက်လာတာ လူကြီးမင်းတို့ ဘာလုပ်ရမယ်ကို ပြောဖို့ မဟုတ်ပါဘူး။
ကျမပြောချင်တာက ရိုးရိုးလေးပါပဲ။ ကျမတို့ နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ
ဆိုတာကို ပြောပြဖို့ပါ။ ကျမတို့ အနေနဲ့ အဖြေရှာဖွေနေတဲ့
နေရာမှာ
လူကြီးမင်းတို့ဆီက အကူအညီတွေ ရချင်ပါတယ်။ တချို့နိုင်ငံတွေဟာ ခြစားမှု
ပြဿနာတွေကို ထိန်းချုပ်
လျှော့ချဖို့ ကြိုးစားရင်းနဲ့ လက်ရှိအချိန်မှာ
မအောင်မမြင် ဖြစ်နေပါတယ်။ တချိန်မှာ သူတို့ အောင်မြင်လာလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
ကျမတို့ အနေနဲ့လည်း ခြစားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရမှာပါ။ ကျမတို့
အနေနဲ့ အဲဒါမှာ
အောင်မြင်ချင်ပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ သူများတွေထက်
နောက်ကျ ကျန်နေတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲလို နောက်ကျ
ကျန်နေခြင်းကလည်း တခြားနိုင်ငံတွေရဲ့ အမှားတွေကနေ တဆင့် သင်ယူဖို့
အခွင့်အလမ်းကို ရစေပါတယ်။ အဲဒီ့နည်းနဲ့ အမှားတွေကို ရှောင်ရှားကာ
ကျော်လွှားပြီး ခရီးပိုမိုတွင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက်
ပိုမိုမြန်ဆန်သွားမှာ ဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ အမှားတွေကို သတိ
မထားမိတာနဲ့စာရင် ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။
“ဒီအစည်းအဝေးမှာ
လူကြီးမင်းတို့အားလုံး ဒါမှမဟုတ် လူကြီးမင်းတို့ထဲက တချို့ရဲ့
အကြံဉာဏ်တွေကို လှိုက်လှိုက် လှဲလှဲ ကြားလိုပါတယ်။ အားလုံးဆီကတော့
ကြားရလိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့တုန်းဆိုတော့ အားလုံးကနေ အကြံဉာဏ်တွေ
ပေးဖို့ဆိုတာ အချိန်လုံလောက်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။
“အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးကို ကြိုးစားနေဆဲ ဖြစ်တဲ့ နိုင်ငံတနိုင်ငံရဲ့
ပြဿနာကို ဘယ်လိုကိုင်တွယ်
ဖြေရှင်းရမလဲ ဆိုတာ အကြံဉာဏ် ရလိုပါတယ်။
ကျမတို့အနေနဲ့ national commitment ကနေ တဆင့် အမျိုးသား
ပြန်လည်
ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကြိုးစားနေတာမို့ ကျေးဇူးပြုပြီးတော့
လက်တွေ့ကျမယ့် အိုင်ဒီယာတွေ၊ အကြံဉာဏ်တွေ ပေးကြပြီးတော့
ကျမတို့နိုင်ငံအတွက် အခွင့်အလမ်းတွေရော လူကြီးမင်းတို့အတွက် အခွင့်အလမ်း
တွေကိုပါ
တွေးကြပါလို့ ပြောချင်ပါတယ်။
“ကျမအနေနဲ့ လူကြီးမင်းတို့ မေးလာမယ့်
မေးခွန်းတွေကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမပြောချင်တာတွေ အကုန်ပါပဲ။
ကျေးဇူးပြုပြီးတော့ ကျမတို့ နိုင်ငံကို ကူညီပေးကြပါ။ လူကြီးမင်းတို့
အနေနဲ့ အလွန့်အလွန် တန်ဖိုးရှိတဲ့ အလုပ်တွေကို ပြီးမြောက်
အောင်မြင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။”