ယခု ဂျပန် နျူကလီးယား ပေါက်ကွဲမှု အန္တရာယ် ကပ်ဘေး ဆိုးကနေ ရှောင်ရှားဖို့ အသက်စွန့်လုပ်နေကြတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ မြင်ကွင်းက ဂရိဒေသမှ သူရဲကောင်း စပါတာ ၃၀၀ ရဲ့ စွန့်စားမှုကို ပြန်အမှတ်ရစရာ
ဖြစ်လာသည်။
ဂရိကို ကျူးကျော်ဖို့လာတဲ့ ရန်သူ ပါရှန်း (ယခု အီရန်) တစ်သန်းကျော် ရှိ စပ်တပ်ကြီးကို သာမိုပီလီ တောင်ကြားမှာ စပါတာ သူရဲကောင်း ၃၀၀ က အသက်ပေးတိုက်ခဲ့တဲ့ သမိုင်းဝင် ဇာတ်လမ်း ရှိသည်။ အင်အား အဆမတန်ကြီးပြီး လက်နက် ယန္တရားပဉ္စလက် ပေါင်းစုံနဲ့ ချီလာတဲ့ ပါရှန်ဘုရင်က စပါတာတွေကို လက်နက်ချရင် သူကောင်းပြုဖို့ ကမ်းလှမ်းကြည့်သည်။ မရ။ စပါတာ ၃၀၀က နောက်ဆုတ်ဖို့လည်း မစဉ်းစား။ ကိုယ့်အသက်တွေ သေမှာ သိသိနဲ့ မနိုင်မှန်းသိတဲ့ ခေါဘဏီတပ်ကြီးကို ခံတိုက်ရင်း စွန့်လွှတ်စတေးခဲ့ကြသည်။
ရလဒ်က ရန်သူ ပါရှန်းတွေကို အချိန်ဆွဲ တိုက်ထားနိုင်တာနဲ့အမျှ ဖရိုဖရဲ စိတ်ဝမ်းကွဲနေတဲ့ ဂရိဒေသကြီး ပြန်လည် စည်းလုံးမိလာပြီး နောက်ဆုံး အောင်ပွဲ ဆင်နိုင်ခဲ့ကြသည်။ စပါတာ သူရဲကောင်း ၃၀၀ ရဲ့ စွန့်စားမှုက ငထွေရူးတို့ ညောင်ဦးဖီးတို့လို ဒဏ္ဍာရီမဟုတ်။ တကယ် အသက်ပေးသွားတဲ့ သမိုင်းဝင် စွန့်စားမှုကြီး ဖြစ်သည်။
နယူးယော့ခ် ကမ္ဘာ့ကုန်သွယ်ရေး စင်တာကြီး အကြမ်းဖက်တိုက်ခိုက်ခံရတော့ အသက်ပေးသွားတဲ့ မီးသတ်သမား ၃၄၀ ရဲ့ စွန့်လွှတ်မှုကလည်း သမိုင်းဝင် ဖြစ်သွားသည်။ မီးစွဲလောင်နေတဲ့ WTC မိုးပျံအဆောက်အဦကြီး အထပ် ထပ်ကနေ လူတွေ ထောင်သောင်းချီ ဆင်းပြေးလာချိန်မှာ မီးသတ်သမား ၃၄၀ က မီးငြိမ်းဖို့ အပေါ်ကို တက်နေကြသည်။ အားလုံး အသက်လု ဆင်းပြေး နေရတဲ့ အချိန်မှာ မိမိတာဝန်အတွက် အများနဲ့မတူနဲ့ လားရာဘက် တက်ရင်း အသက်ပေး သွားခဲ့ကြသည်။
လူ့အဖွဲ့အစည်းတွေမှာ အရေးအကြောင်း ဖြစ်လာတဲ့အခါ ကပ်ကမ္ဘာပျက်မှု ကြုံရတဲ့အခါ သူရဲကောင်းတွေ ပေါ်မြဲဖြစ်သည်။ ယခု နျူကလီးယား အန္တရာယ် ဘေးဆိုးကြီးကနေ ကာကွယ် ရှောင်ရှားနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ စွန့်စားမှုတွေကို တကမ္ဘာလုံး စောင့်ကြည့်နေကြသည်။ သူတို့က စပါတာတွေလို နယူးယော့ခ် မီးသတ်သမားတွေလို သူရဲကောင်းများ ဖြစ်သည်။ သို့သော် သူတို့က အသက်ရှိ စွန့်စား လုပ်ကိုင်နေသူများ ဖြစ်သည်။
ပြီးခဲ့တဲ့အပတ် ငလျင်နဲ့ ဆုနာမီကြောင့် ဖူကူရှီမာ ဒိုင်အီချီ ဓာတ်ပေါင်းဖိုတွေကနေ နျူကလီးယား ယို့စိမ့် ပေါက်ကွဲထွက် လာမှာမို့ လူ သိန်းပေါင်း များစွာ အိုးအိမ်တွေ စွန့်ပစ် ပြေးခဲ့ကြရသည်။ ဒါပေမဲ့ နောက်ဆုံး လက်ကျန် စက်ရုံ အလုပ်သမား ၁၈၀ ကတော့ နျူကလီးယား ဘေးဆိုးကြီးကို ကာကွယ်ဖို့ သူတို့ အသက်တွေ စတေးရင်း လုပ်ကိုင်နေကြ သည်။
အမေရိကန် စွမ်းအင် အရာရှိ Robert Alvarez က “အခု ဂျပန် အလုပ်သမားတွေရဲ့ ဆောင်ရွက်ချက်က ကြီးမားတဲ့ သူရဲကောင်း လုပ်ငန်းကြီးပါ။ ရေဒီရေးရှင်းတွေ ပျံနှံ့ထွက်လာရင် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ သူတို့ အသိဆုံးပဲ။ ဟိုက်ဒရို ပေါက်ကွဲမှုကြီး ဖြစ်လာရင် သိပ်ကြောက်ဖွယ်ကောင်းတယ်။ ဒါပေမဲ့ သူတို့ တာဝန်ကို အစွမ်းကုန် ဆောင်ရွက် နေကြတယ်။ ဂျပန်တွေဟာ တာဝန်ကို ရိုသေတဲ့ လူမျိုးဆိုတာ ကမ္ဘာကို ပြသနေကြတယ်။ ကပ်ဆိုးကို တားဆီနိုင်ပြီး သူတို့ ပြန်လာရင် အနည်းဆုံးတော့ သွေးဖြူဥ ကင်ဆာနဲ့ လည်ချောင်း ကင်ဆာမျိုးတွေ ရကြလိမ့်မယ်” ဟု ဆိုသည်။
ဂျပန် ဘုရင်ကိုယ်တိုင်ကလည်း အလုပ်သမား သူရဲကောင်းများကို လေးစားဦးညွှတ်ကြောင်း ပြောခဲ့သည်။
မောက္ခ နိုင်ငံတကာ သတင်း
No comments:
Post a Comment