Wednesday, September 14, 2011
မူဆယ်--ကျောက်ဖြူ ရထားလမ်း
မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဆိုသော ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ဒေါ်လာ ၂၀ ဘီလီယံ(ဒေါ်လာသန်းနှစ်သောင်း) ရှိသည့် မူဆယ်-ကျောက်ဖြူ (တရုတ်-မြန်မာ) အမြန်လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုစီမံကိန်းအတွက် မြန်မာနိုင်ငံအနေဖြင့် မနစ်နာရဘဲ အသာစီးရရှိစေရန်အတွက် အသေးစိတ် ညှိနှိုင်း ဆွေးနွေးနေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ သို့သော် ထိုစီမံကိန်းအတွက် အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် မြန်မာနိုင်ငံရှိ မြေယာဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရန်လိုပြီး လက်ရှိ ကျင်းပနေသော လွှတ်တော်မှ အဆိုပါ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ကြောင်းလည်း ၄င်းကဆက်လက် ပြောသည်။ လက်ရှိတွင် အနောက်နိုင်ငံများမှ ကုန်စည်များကို တရုတ်နိုင်ငံက ပင်လယ်ကူးသဘောင်္များမှ တစ်ဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ကျော်၍ သယ်ဆောင်နေရခြင်း ဖြစ်သည်။ ထိုရေလမ်းကြောင်းမှာ ကျဉ်းလွန်းပြီး လုံခြုံရေး အခြေအနေများကြောင့် ၎င်းတို့၏ အိန္ဒိယအပါအဝင် အနောက်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး လမ်းကြောင်းကို ထားဝယ်မှ တစ်ဆင့် မြန်မာနိုင်ငံကိုဖြတ်၍ အသုံးပြုရန် လိုလားနေကြခြင်းဖြစ်သည်။ ထိုရထားလမ်း ဖောက်လုပ်ရာတွင် လမ်းဘေး ဝဲယာရှိ နေအိမ်နှင့် ယာမြေများရှိပါက နစ်နာမှု မရှိအောင် မည်သို့ ပြုလုပ်ရန် အစီအစဉ်ရှိပါသလဲဟု အမေးကို ဦးအောင်မင်းက “မြန်မာနိုင်ငံသားတွေ မနစ်နာအောင် စိစစ်နေတယ်။ ညှိနှိုင်းတာတွေ လုပ်နေတယ်။ စည်ကမ်းချက်ထဲမှာ ဘာပါလဲဆိုရင် မြေသိမ်းထားရင် မြေဖိုးလျော်ရမယ်။ အတတ်နိုင်ဆုံး အဆောက်အအုံတွေ မထိခိုက်အောင် လမ်းကြောင်းကို ရွေးထားတာပါ။ မြေကတော့ အကယ်၍ သိမ်းဆည်းရင် ပိုင်ရှင်မရှိတဲ့ နိုင်ငံတော်မြေဆိုလည်း နိုင်ငံတော်က တန်ဖိုးသတ်မှတ်ပြီး ရှယ်ယာအဖြစ် ပြန်ထည့်မယ်။ မြေကြီးကို သိမ်းရင်လည်း တန်ရာတန်ကြေးနဲ့ ဝယ်ပါ့မယ်။ သိပ်မကြာခင်မှာ BOT စာချုပ် ချုပ်နိုင်မယ်လို့ ယူဆပါတယ်။ သဘောတူ လက်မှတ်ရေးထိုးနိုင်တဲ့ ဒီဇင်ဘာလကုန်မှာ လုပ်ငန်းစမယ်။ ငါးနှစ်အတွင်း ရထားလမ်း ပေါက်သွားမယ်”ဟု ၎င်းက ရှင်းပြသည်။ ထိုရထားလမ်း ဖောက်ဖြစ်ပါက မြန်မာနိုင်ငံသားများ လုပ်ကိုင်နိုင်သော လုပ်ငန်းခွင်အားလုံးကို မြန်မာလုပ်သားများ ခန့်အပ်နိုင်ရန် စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုသွားမည်ဟု ဆိုသည်။ လျှပ်စစ်ရထားများ ပြေးဆွဲမည့် လမ်းကျယ်အမျိုးအစား ဖြစ်ပြီး၊ ကုန်ချိန် တန်လေးထောင် သယ်ဆောင်နိုင်သော ရထားများ ပြေးဆွဲမည်ဟု ဆိုသည်။ ထိုရထားများမှာ တစ်နာရီလျှင် ၁၂၅ မိုင်(၂၀၀ကီလိုမီတာ) နှုန်း ပြေးဆွဲနိုင်သော လျှပ်စစ်ရထားများ ဖြစ်သည်။ ရွှေလီအရှေ့ဘူတာနှင့် မူဆယ်ဘူတာ အကြားတွင် နယ်စပ် စစ်ဆေးရေး စခန်းများ ထားရှိမည်ဖြစ်သည်။ ရထားလမ်း ဖြတ်သန်းသွားမည့် ဒေသများမှာ မူဆယ်၊ လားရှိုး၊ မန္တလေး၊ မကွေး၊ မင်းဘူး၊ အမ်း၊ ကျောက်ဖြူ စသော ဒေသများဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
အစိမ်းရောင်ရွာတည်မည်အစိုးရ
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို နိုင်ငံတိုင်း စဉ်ဆက်မပြတ် လုပ်ဆောင်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်လာမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စံပြရွာ (Green Village) ကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် တည်ထောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၃-၈-၂၀၁၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ကိစ္စအတွက် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သော Green Development Green Growth (GDGG) အဖွဲ့ကို မြန်မာနိုင်ငံမှ ပညာရှင် ၁၀ ဦး ပါဝင် တည်ထောင်ပြီး လုပ်ဆောင်သွားကြမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောသစ်ပင်ပညာရှင် ဦးအုန်း(FREDA)၊ ဦးသိန်းထွန်း၊ ဒေါက်တာ ခင်မောင်လွင်နှင့် အစိုးရအငြိမ်းစား အရာရှိကြီးများ ပါဝင်ကြကြောင်း သိရသည်။ အစိမ်းရောင်ရွာ တည်ဆောက်ရေးအတွက် ယင်းတို့အဖွဲ့က သီအိုရီအပိုင်းဖြင့် စမ်းသပ်ပြီးစီးကြပြီဟု သိရှိရကာ အောက်တိုဘာလ အတွင်း၌ ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင် ၁၀ ဦး ထည့်ဝင်သည့် ရန်ပုံငွေဖြင့် အသင်းကို စတင်လည်ပတ်နေပြီဖြစ်ကာ NGO ဆန်ဆန်ဖြင့် သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်သွားမည် ဖြစ်သည့်အပြင် အစိမ်းရောင်ရွာအတွက် နေရာကို တိကျစွာ မသတ်မှတ်ရသေးဘဲ ဆက်စပ်သတင်းများအရ ရန်ကုန်မြို့အတွက် လည်းကူးမြို့နယ် အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဖြစ်နိုင်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
နေပြည်တော်ကဒီမိုကရေစီနေ့
ကြာသပတေးနေ့တွင် ကျရောက်မည့် ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပရန် အစိုးရက ပြင်ဆင်နေခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

“မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မကျင်းပခဲ့ဘူးတဲ့ ဒီမိုကရေစီနေ့ ဆိုတာကို ပထမဆုံး ကျင်းပတာ ဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာလို့ ပြောချင်ပါတယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
အစိုးရက အဖွဲ့ချုပ်ကို ဖိတ်ကြားထားခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း ရှိမရှိ မသိရကြောင်း ဦးဉာဏ်ဝင်း ပြောသည်။
ပြည်ပအခြေစိုက် သတင်းဌာနများကို ဖိတ်ကြားထားသည်ဟု အစိုးရသတင်းစာတွင် ယနေ့ ရေးသားထားသော်လည်း မြန်မာသတင်းဌာနများ ပါဝင်ခြင်း မရှိပေ။
“ကျနော်တို့ကိုတော့ မဖိတ်ပါဘူး။ ဖိတ်ရင်တော့ သတင်း သွားယူရတာပေါ့ဗျာ” ဟု နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ၏ ထိုင်းနိုင်ငံဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။
အိန္ဒိယအခြေစိုက် မဇ္ဈိမ သတင်းဌာန၏ ထိုင်းနိုင်ငံရုံးခွဲ တာဝန်ခံ ကိုစိန်ဝင်းကလည်း “ ကျနော်တို့ကို မဖိတ်ပါဘူး။ နယူးဒေလီရုံးကိုလည်း ဖိတ်တယ် မကြားရပါဘူး” ဟု ပြောသည်။
ရန်ကုန်မှ နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားမှု မရှိဟု သိရသည်။
“ဖိတ်စာလည်း မရသေးပါဘူး။ ကြည့်ရတာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ကျင်းပမယ်ထင်ပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ)၏ ခေါင်းဆောင် ဦးသုဝေက ဧရာဝတီကို ပြောသည်။
ကြာသပတေးနေ့ အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ “ခမ်းနားသိုက်မြိုက်စွာ” ကျင်းပမည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။
အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ သက်ဆိုင်ရာ ဒေသ အစိုးရ တာဝန်ရှိသူများ၊ မြန်မာပြည်ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ များ၊ NGO များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။
အစိုးရသစ်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့်အညီ စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်နေကြောင်း၊ ဒီမိုကရေစီကျင့်စဉ်နှင့် အခွင့်အရေးများ ခိုင်မာစွာ ဖြစ်ထွန်း လာစေရန် ရည်ရွယ်လုပ်ဆောင်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
အစိုးရက နိုင်ငံရေးအင်အားစုများကိုလည်း ဒီမိုကရေစီနေ့တွင် ပါဝင်ရန် ဖိတ်ခေါ်သင့်ကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟိန်းလတ်က ပြောသည်။
“တကယ်တမ်း ဒီမိုကရေစီကိုဖော်ဆောင်ပြီး ပြည်သူ တရပ်လုံးရဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးဖို့ ရည်ရွယ် လုပ် ဆောင်နေတဲ့ ပြည်သူ့အစိုးရဆိုရင် ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ် တွေအပြင် အကျဉ်းထောင်ထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးပါ ဖိတ်ခေါ်ပြီး ကျင်းပသင့်တာ” ဟု ကိုဟိန်းလတ်က ပြောသည်။
နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ၂၀၀၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
NLD ရုံးချုပ်တွင်လည်း ဒီမိုကရေစီနေ့ ကျင်းပရန် ယမန်နေ့က ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦး မိန့်ခွန်းပြောမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“နိုင်ငံရေးနယ်ပယ်က လူတွေရော ၊သံတမန်တွေရော စိတ်ဝင်စားသူတွေရောကို ဖိတ်ကြားမှာ ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ဥပဒေ
ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန် ကာလအတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ ဓာတ်ပုံရိုက်ကူး မှုကြောင့် ထိန်းသိမ်းခံရသူ ကိုစည်သူဇေယျကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထပ်တိုးပြစ်ဒဏ် ၁၀ နှစ် ယနေ့ ချမှတ်လိုက်သည်။
ကိုစည်သူဇေယျသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီးဖြစ်ရာ ယခုထပ်မံ ချမှတ်လိုက်သည့် အီလက်ထရောနစ်ပုဒ်မ ပြစ်ဒဏ်အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်သည်။
“စုစုပေါင်း ၁၈ နှစ် ကျသွားတယ်ဗျာ။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပဲ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ အယူခံထပ်တက်ဖို့ လုပ်နေတယ်” ဟု ကိုစည်သူဇေယျ၏ ဦးလေးဖြစ်သူက ဧရာဝတီသို့ ပြောသည်။
X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) တို့ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် ဦးဇေယျကို မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ အီလက်ထရောနစ်ပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ဦးဇေယျသည် ယခုအခါ ရှမ်းပြည်နယ်ရှိ သီပေါထောင်တွင် အကျဉ်းကျခံနေရသည်။
၁၀ ဦးသေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည့် အဆိုပါ သင်္ကြန်အတက်နေ့ ဗုံးကွဲမှုကြောင့် ဖမ်းဆီးခံရသူများတွင် ကိုစည်သူဇေယျ၊ ဦးဇေယျတို့အပြင် ကိုဘိုဘိုသိန်းနှင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင် စသူတို့လည်း ပါဝင်သည်။
ကိုဘိုဘိုသိန်း အပါအ၀င် ၅ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့သည်။
အာဏာပိုင်များက ကိုဖြိုးဝေအောင်ကို ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။
ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (ဓာတ်ပုံ )

Tuesday, September 13, 2011
မြစ်ဆုံနောက်ဆက်တွဲ
မြစ်ဆုံဆည် နောက်ဆက်တွဲ ရေးသားသူ- ကိုတင့် (ဘူမိအင်ဂျင်နီယာ)၂၀၁၁ ဂျွန်လ ၁၄ရက်နေ့က တွေ့မြင်ရတဲ့ မြစ်ဆုံဆည် စီမံကိန်း မြင်ကွင်းတခု(ပုံကို နှိပ်ပြီးထပ်မံပုံကြီး ချဲ့ကြည့်နိုင်ပါသည်)မြစ်ဆုံဆည် နောက်ဆက်တွဲရေးသားသူ- ကိုတင့် (ဘူမိအင်ဂျင်နီယာ)EIA အစီရင်ခံစာ ကောက်နှုတ်ချက်မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး လေ့လာထားတဲ့ EIA လို့ အတိုခေါ်တဲ့ Environmental Impact Assessment အစီရင်ခံစာကို ဖတ်ကြည့်တဲ့အခါ တစ်ချို့အပိုင်းတွေ မလေ့လာရသေးဘူး ဆိုတာ တွေ့ရ သည်။ တရုတ်ဖက်၊ မြန်မာဖက် ၂ ဖက်လုံးက ပါဝင်ဆောင်ရွက်သူတွေရဲ့ အမည်များကို ဖေါ်ပြထားသည်။ အစီရင်ခံစာကို အပိုင်း ၃ ပိုင်းခွဲထားပြီး အပိုင်း (၁)မှာ ဆည်ဆောက်မယ့် နေရာ (EIA မှာ ပြထား တာနဲ့ ဆောက်တဲ့နေရာ နဲနဲကွာပါတယ်။ တမံအူကြောင်းကို နောက်ပိုင်းမှာ အထက်ကို ရွှေ့လိုက်ပုံရ တယ်။)၊ ဧရာဝတီမြစ်အကြောင်း မိတ်ဆက်နဲ့ အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒ၊ တရုတ်အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ဖေါ်ပြထားသည်။မြန်မာအစိုးရရဲ့ မူဝါဒက “တိုင်းပြည်ရဲ့ ကြွယ်ဝမှုဆိုတာ ထိုတိုင်းပြည်၏ တိုင်းသူပြည်သားများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝဝန်းကျင်နှင့် သဘာဝရင်းမြစ်များ ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝ ဝန်းကျင်ဆိုင်ရာ မူဝါဒသည် နိုင်ငံသူနိုင်ငံသားများ၏ ကောင်းမွန်ပြည့်ဝသော အသက်ရှင်ရပ်တည် ထူထောင်ရေးနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ကြံဆပေါင်းစည်းမှုများအကြား ချိန်ညှိနိုင်ရန် ဖြစ်သည်။" နိုင်ငံတိုင်းသည် ကိုယ့် တိုင်းပြည်၏ သဘာဝရင်းမြစ်များကို တိုင်းပြည်၏ သဘာဝဝန်းကျင်ဆိုင်ရာ မူဝါဒ များအတိုင်း စီမံခန့်ခွဲ သုံးစွဲခွင့်ရှိရမည်။ သို့သော် အခြားတိုင်းပြည်များ၏ အကျိုးအပိုင်းအခြားကို မကျော် လွန်အောင် အထူး ဂရုပြုရပေမည်။ လက်ရှိအခြေအနေနှင့် အနာဂါတ်မျိုးဆက်အတွက် သဘာဝရင်းမြစ် များကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်။ ထူထောင်ရေး လုပ်ကိုင် ဆောင်ရွက်ရာ၌ သဘာဝဝန်းကျင် စောင့်ရှောက်ရေးသည် အမြဲရှေ့တန်းတင်ထားရမည်။ ” ဒါအပြင် မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ သယံဇာတ စီမံမှု ဥပဒေတွေကို ပြထားသေးတယ်။ ဒါပေမယ့် EIA လို့ခေါ်တဲ့ ဆောက်လုပ် ရေး လုပ်ငန်းကြီးများ မလုပ်ခင် သဘာဝဝန်းကျင် ထိခိုက်ခံရမှု ဆန်းစစ်ချက်ကို မဖြစ်မနေ ဆောင်ရွက် ရမည်ဆိုတာကို ပြဌာန်းမထားပါ။တရုတ်အစိုးရ၌လည်း Environmental Protection Law ရှိသည်။ ၁၉၇၉ က ပြဌာန်းထားသည်။ EIA Law ကို တရုတ်အမျိုးသားကွန်ဂရက်တွင် ၂၀၀၃၌ တင်သွင်းခဲ့သည်။ Article 1 သည် ရည်ရွယ်ချက် ဖြစ်ပြီး သဘာဝဝန်းကျင် ထိခိုက်မည့် တည်ဆောက်ရေးလုပ်ငန်းများမှ ကာကွယ်ရန်ဟု ဖေါ်ပြထားသည်။ Article 2 က ထိခိုက်မှုမှ ကာကွယ်ရေးနှင့် မလိုလားအပ်သော ဆိုးကျိုးများ နည်းပါး ကျဆင်းရေး တို့အတွက် ဆန်းစစ် လေ့လာခြင်းနှင့် နည်းလမ်းများရှာဖွေရန် ဖြစ်သည်။ Article 4 က ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာ မှုများ ဆောင်ရွက်ရန်၊ Article 5 က လူထုနှင့် ပညာရှင်များ ပါဝင်ရန် တိုက်တွန်းချက်၊ Article 17 က ဆောက်လုပ်ရေး လုပ်ငန်းများက ပတ်ဝန်းကျင်ထိခိုက်မှု၊ အကျိုးအမြတ် အစရှိသည့် လေ့လာမှု အစီရင်ခံစာ တင်သွင်းရန်တို့ ပါဝင်သည်။မြစ်ဆုံဆည်ဟုသာ ဆိုသော်လည်း ကချင်ပြည်နယ်အတွင်း ဆည်အတွဲလိုက် တပြိုင်နက် ဆောက်မည့် စီမံကိန်း ဖြစ်သည်။ မြစ်ဆုံ၊ လာဆာ၊ ချီဘွေ၊ ရီနမ်၊ ကောင်းလန်ဖူး၊ ဝူစို့၊ ပီစာတို့ဖြစ်သည်။ ဤဆည်များကြောင့် ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါနှင့် ကျေးငှက်များ ထိခိုက်ပျောက်ဆုံး သွားနိုင်ပုံကို အကျဉ်းချုပ် ပြထားသည်။ သစ်တောများနှင် ဆေးဖက်ဝင်ရှားပါးအဖိုးတန်သော အပင်များ ကုန်းခန်း ပျောက်ဆုံးသွားနိုင်သည်။ ကချင်ဒေသနှင့် ယဉ်ကျေးမှုသည် အဆိုးဆုံး အခြေအနေ ရောက်နေသည်။ မြစ်ဆုံဆည်က ထိခိုက်မှုများသဖြင့် ဆည် ၂ ခု ခွဲဆောက်ရန် အကြံပြုထားသည်။ (မလျော်ကန်သော အကြံပြုချက် ဖြစ်သည်။ ဆိုးကျိုး အတူတူပင် ဖြစ်သည်။)အပိုင်း ၂ ၌ သစ်ရွက်၊ သစ်ခက် လိပ်ပြာမကျန် အကောင်မျိုးစိတ်၊ အပင်မျိုးစိတ် စုံလင်အောင် လေ့လာ တင်ပြထားသည်။ စာရင်းများကို အသေးစိတ် တင်ပြထားသည်။ အပိုင်း ၃ ၌ ရေနေသတ္တဝါများနှင့် ရေ အရည်အသွေး တင်ပြချက်များပါသည်။ ဘေးမဲ့တောများကိုလည်း ဖေါ်ပြထားသည်။ ရေလွှမ်းခံရမည့် ဘေးမဲ့တောများ ကချင်ပြည်နယ်တွင်း၌ ရှိသည်။ သစ်ခုတ်၍ ကုန်တော့မည်။ ထုတ်သမျှသစ် တရုတ်ကို ဈေးပေါပေါနှင့် ထုတ်သည်။EIA ဆက်ရန်မြစ်ဆုံလို ဆည်ကြီးဆောက်တဲ့အခါ ပတ်ဝန်းကျင်ထိခိုက်မှု အတော်များနိုင်သည်။ မြေဆီလွှာနှင့် မြေ မျက်နှာသွင်ပြင် ထိခိုက်မှု၊ ရေစီးကြောင်းနှင့် ရေထုဝန်းကျင်ထိခိုက်မှု၊ သက်ရှိ သက်မဲ့ သဘာဝ၊ နေထိုင်မှု နှင့် ဂေဟစနစ်ထိခိုက်မှု လူတို့ နေထိုင်ရာ ပျောက်ဆုံးမှု ပြောင်းရွှေ့စေမှု၊ အသက်မွေးဝမ်းကြောင်း ထိခိုက်မှု၊ သစ်တောပြုန်းတီး စသည့် များပြားလှသော အကြောင်းများကို အထက်ပါ ထူထဲလှသော အစီရင်ခံစာက မဖေါ်ထုတ်ခဲ့ပါ။ အပင်မျိုးစိတ် အကောင်မျိုးစိတ်များသာ ဦးစားပေး ဖေါ်ပြသဖြင့် ရုက္ခဗေဒနှင့် သတ္တဗေဒ ပညာရှင်များသာ ပါဝင်သော အဖွဲ့ ဖြစ်ပုံရသည်။ဆည်ဆောက်နေစဉ် နှင့် ရေလှောင်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို လေ့လာတင်ပြရန် အချက်များ ကျန်နေသေးသည်။ ပညာရပ် သဘောအရ ပြောရလျှင် ယခု အဖွဲ့ လုပ်ဆောင်ထားသည်မှာ Bio Impact Assessment သာဖြစ်ပါသည်။ Soil & Water အပေါ် အနည်းငယ်သာ ထိတွေ့ထားသည်။ River Basin တစ်ခုလုံးကို အပေါ်စီးမှ ဖြစ်ဖြစ် ခြုံငုံ မသုံးသပ်ပါ။ ရာသီဥတုနှင့် ၊ သဘာဝဘေး တို့ကို မဖွင့်ဆိုထားပါ။ Social Impact Assessment, Health Impact Assessment, Cultural Impact Assessment များ တိတိပပ မပါပါ။ ပြည်တွင်း တခြား စီမံချက်ကြီးများမှာ လူမသိသူမသိ ပေမယ့် လုပ်သွားကြသည့် လေ့လာမှုတွေမှာ ဆိုလျှင် ယင်းတို့သာမက Traffic and Landuse တို့ကို ပါ လေ့လာကြတာ တွေ့ထားရပါသည်။ ယခု ဆောင်းပါးတွင် အရေးကြီးသော အကြောင်းအရာများကို အကျဉ်းမျှ ပြောလိုက်ပါသည်။ဆည်မဆောက်မှီဆည်ဆောက်တဲ့အခါ တမံရဲ့အထက် ချောင်းဖျား မြောင်းဖျားက စီးဝင်တဲ့ ရေမှန်သမျှကို စုဆောင်း သိုလှောင်ထားမှာ ဖြစ်တဲ့အတွက် ရေလှောင်ကန် အကြီးစားကြီး ဖြစ်လာမှာပါ။ အဲဒီတော့ လူနေကျေးရွာ လယ်ယာ အိုးအိမ် အများအပြား မြုပ်မှာ ဖြစ်တဲ့အတွက် ပြောင်းရွှေ့နေရာချထားတာတွေ မဖြစ်မနေ လုပ်ကြရပါတယ်။ အဲဒီတော့ နောက်ဆက်တွဲ အနေနဲ့ အသက်မွေး ဝမ်းကြောင်းရမှု အခက်အခဲ၊ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ၊ ကလေးငယ်တွေ ပညာသင်ကြား အခက်အခဲ စတဲ့ လူမှု ဒုက္ခတွေ အဲဒီဒေသမှာ နေသူတွေ ခံကြရပါတယ်။ တရုတ် ရုပ်သံမှာ တရုတ်ငတိတွေက စက္ကူပုံးနဲ့ ဖျော်ရည်ဗူးလေး လာပေး တာကို တွေ့ရပါတယ် (Figure 1)။ တစ်ခါ နယ်မြေစိုးမိုးရေးအတွက် စစ်တိုက်ကြပြန်ပါတယ်။ အဲဒီမှာ စစ်နဲ့ ဆက်စပ်ပြီး ပြည်သူတွေမှာ ဒုက္ခရောက်ရပြန်ပါတယ်။အထက်ပါပုံကတော့ အတော်ကို စော်ကားမော်ကား အပြုအမူပါပဲ။ နေရာထိုင်ခင်းတွေ ပျောက်ရတာ၊ ဘဝ အသစ်ပြန်စရတာ၊ ရေရှည်မှာ သက်မွေးမှု ခက်မှာတွေကို မသိချင်ယောင်ဆောင်ပြီး လာနှစ်သိမ့်တာ။တစ်ခါ ရေလှောင်တဲ့အတွက် ခြင်တွေ ပေါက်ဖွားလာပြီး ငှက်ဖျားရောဂါ တစ်နယ်လုံးမှာ ပျံ့နေဦးမှာပါ။ ပြီးတော့ မြစ်ဆုံဆည် တစ်ခုနဲ့ မပြီးပါဘူး အထက်မှာ ရေကူဆည်တွေ တန်းစီပြီး ဆောက်မှာ ဖြစ်တဲ့ အတွက် ကချင်ဒေသရဲ့ နေရာ အတော်များများဟာ ရေအောက် ရောက်မှာပါ။ ရှေ့က EIA အစီရင်ခံစာက မြစ်ဆုံက ပိတ်မယ့်အစား အခြား (၂) နေရာမှာ ပိတ်ဖို့ ပြောထားပါတယ်။ နားမလည်လို့ ပြောတာလို့ပဲ ယူဆပါတယ်။ ဘယ်မှာ ပိတ်ပိတ် လိုချင်တဲ့ လျှစ်စစ်ပမာဏ အတွက် ရေပမာဏကို လိုချင်သလောက် လှောင်မှာ ဖြစ်လို့ဆိုးကျိုးက အတူတူပါပဲ။ နောက်တစ်ခုက ဆည်တွေ ဆောက်ပြီးသွားလျှင် ဘယ်သူ့အုပ်ချုပ်မှုအောက် ထားမှာလဲ ဆိုတာ မေးစရာပါ။ အခုဆို တရုတ် ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ယာတွေ (Figure 2) ဆောက်ပြီး တရုတ်တွေ မြန်မာပြည်ထဲမှာ နေချင်သလို နေလို့ရပါပြီ။ အကယ်၍ တရုတ်က ဆည်တွေကို စီမံခန့်ခွဲလျှင် ကချင်ပြည်နယ် တစ်ဝက်ကျော် ရေလှောင်ကန်တွေ ဖြစ်ကုန်လို့ တမံအထက်ပိုင်းကို တရုတ်လက်အောက်လို့ ယူဆရမှာလား။ မြစ်ဆုံဆည်စီမံကိန်းမှ တရုတ်အလုပ်သမားများ အနောက်က ဝန်ထမ်းအိမ်ရာတွေပါ... Figure 2ဆည်ဆောက်နေစဉ်ဆည်ဆောက်ဖို့အတွက် မြေနေရာအခင်းအကျင်း ပြင်တဲ့အခါ တောင်ကုန်းတွေကို ခုတ်ဖြတ် ရတယ်။ မြေထိုး၊ မြေသယ် ယန္တယားတွေ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် မောင်းလို့ရအောင် လမ်းကျယ်တွေ ဖေါက်ရတယ်။ တန် ၄၀ မြေသယ်ကား အစီးပေါင်းများစွာ အခေါက်ပေါင်းများစွာ နေ့စဉ် နားနေ သွားနေနိုင်အောင် နေရာတွေ လမ်းတွေဖေါက်ရတယ်။ လမ်းဖေါက်တဲ့အခါမှာ အဝင်အထွက် တစ်စီးနှင့် တစ်စီး စောင့်စရာမလိုအောင် လမ်းခွဲတွေပါ ထည့်ပြီး ဖေါက်တော့ ဆည်ဆောက်မယ့်နေရာကို ဗဟိုပြုပြီး ၁၅ ကီလိုလောက်ဟာ လမ်းတွေ နဲ့ ပြည့်သွားနိုင်တယ်။ အဲဒီလမ်းကြောင်းတွေ တလျောက် သစ်တောတွေ အကုန်ခုတ်၊ တောင်တွေဖြိုချလုပ်ရပါတယ်။ အဲဒီမှာ မြေပြင်ဟာ အကြီးအကျယ် ပျက်စီးပါတယ်။တစ်ခါ လျှပ်စစ်ဓါတ်အားပေး စက်ရုံဆောက်၊ လျှပ်စီးကြိုးတွေ သွယ်ဖို့ တိုင်တွေ အများကြီး စိုက်ရပါမယ်။ လျှပ်စီးကြိုးသွယ်ရာ (တရုတ်နိုင်ငံထိ) လမ်းတလျှောက် လမ်းဖေါက်ရမယ်။ အဲဒီမှာ သစ်ခုတ်ရဦးမယ်။ ရေလှောင်ဧရိယာလို့ သတ်မှတ်ပြီးလျှင် အဲဒီနေရာကို သစ်တောက မပိုင်တော့ပါဘူး။ ပျော်ပျော်ပါးပါးကြီး သစ်ခုတ်လို့ရပါပြီ။ ဆည်တွေကို တန်းစီပြီး ဆောက်တာဖြစ်လို့ ဆည်တစ်ခုနဲ့ တစ်ခု ဆက်ဖို့လမ်း လိုပါတယ်။ လမ်းထွင်၊ သစ်ခုတ်နဲ့တော မကုန်မခြင်း လုပ်ချင်သလို လုပ်နိုင်ပါတယ်။ တောပြုန်းမယ်။ EIA အစီရင်ခံစာမှာလည်း တောခုတ်တာကို ထောက်ပြထားပါတယ်။ တောပြုန်းတော့ တောကို မီနေတဲ့ သတ္တဝါတွေ အခြေပျက်အနေပျက်ဖြစ်မယ်။ တောနဲ့ဆိုင်တဲ့ ဂေဟစနစ်တစ်ခုလုံး ကချင်နယ်မှာ ပျက်ပါလိမ့်မယ်။ ရာသီဥတု ပြောင်းလဲမှု အများကြီး ဖြစ်လာပါမယ်။ မူလစိုက်ပျိုးမြေ၊ တောင်ယာမြေ ဆုံးသွားတဲ့အတွက် ဒေသခံတွေက တောင်ယာသစ်တွေ ရှာကြရပါမယ်။ မြစ်ဆုံဆည်စီမံကိန်းမှ မြေသားလမ်းတခု(Figure 3)အခုလိုတောင်တွေကို ခုတ်တဲ့အခါ မြေစာအပိုတွေ အများကြီးထွက်လာပါတယ်။ ဘယ်ကို သွားပစ်ကြမှာလဲ။ အချို့ကို လမ်းဖို့နေရာမှာ သုံးနိုင်ပါတယ်တယ်။ ဒါက မပြောပလောက်ပါဘူး။ အခြားမြေစာတွေကို ချောက်တွေထဲ ထိုးချတာပါ။ အဲဒီ ချောက်တွေကတစ်ဆင့် ရေစီးနဲ့ အောက်ဖက် မြစ်မထဲကို အားလုံးစီးဝင် ပို့ချကုန်ပါတယ်။ (Figure 4) အဲဒီမြေစာတွေ ရေထဲများလာတော့ ရေထုထဲက အောက်ဆီဂျင် ကုန်သွားတယ်။ အနီးဝန်းကျင်က ရေသတ္တဝါတွေအတွက် အန္တရာယ် ရှိနေတယ်။ ဒီမြေစာတွေ မြစ်ရေမှာ မမြောနိုင်တဲ့ အဆုံး ပို့ချပြီး သောင်ထွန်းဦးမယ်။Figure 4ဆည်တစ်ခုဆောက်တယ်ဆိုတာ လုပ်သားအင်အား၊ ယန္တယား အင်အား အများကြီး လိုပါတယ်။ သူတို့ဆီက ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေ ဘယ်မှာ သွားထာမလဲ။ တောထဲ ပစ်ထားမှာလား ပြန်သုံး နိုင်အောင်လုပ်မှာလား။ တစ်ခါ တရုတ်အလုပ် သမားတွေရဲ့ ခန္ဓာဗေဒလိုအပ်ချက်နဲ့ အလုပ်လက်မဲ့ ဒေသခံ လူမျိုးစုများရဲ့ ဆက်ဆံရေးကို ဘယ်လို စီမံထားသလဲဆိုတာ မသိရသေးဘူး။ လူမျိုးစုငယ်လေးတွေ ပျောက်ကွယ်မဲ့ အရေးကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါမယ်။နောက်တစ်ချက် ပိုဆိုးပါတယ်။ ဆည်ကို Concrete Face Rockfill Dam (CFRD) ဆောက်မယ်လို့ ဆိုပါတယ်။ ကျောက်တွေကို လိုအပ်တဲ့ အမြင့် ရောက်တဲ့အထိ ပုံထားပြီးမှ ရေလှောင်တဲ့ မျက်နှာစာ ဖက်မှာ ကွန်ကရိအလွှာနဲ့ ချုပ်ထားတာမျိုးပါ။ အဓိပ္ပါယ်က ကျောက်ဖို့မယ်။ အဲဒီကျောက်တွေ ဘယ်က ရမလဲ။ အနားမှာ ရှိတဲ့ တောင်တွေ ဖြိုချရမှာပေါ့။ ဖြိုချတဲ့အခါ ကျောက်သက်သက် ထွက်တာမဟုတ်ပါဘူး။ မြေစာတွေပါထွက်တာ။ အဲဒါတွေ မြစ်ထဲရောက်ပြန်ဦးမယ်။Figure 5 ဆည်ဆောက်ပြီးသွားတဲ့အခါမေခနဲ့ မလိခကို ကချင်မှာ ရွာတဲ့မိုးနဲ့ မြောက်ဖက်က ရေခဲအရည်ပျော်ရာက လာတဲ့ရေ စီးဝင်တာပါ။ ဒီနေရာမှာလည်း နိုင်ငံတကာ စံနှုန်းအရ ဆည်ကြီး တစ်ခု တည်ဆောက်ဖို့ catchment area လို့ခေါ်တဲ့ ရေစီးဝင်မယ့် ဒေသတစ်ခုလုံးရဲ့ မိုးရေချိန်ကို နှစ် တစ်ရာ ဒါမှ မဟုတ် ရနိုင်သမျှ အချက်အလက်တွေ ရှိထားရပါတယ်။ ဒါမှ ရေစီးဝင်နှုန်း အပြောင်းအလဲကို နီးနီးစပ်စပ် ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ခုလိုအချက်အလက် မပြည့်စုံပဲဆောက်ခဲ့လို့ မိုးများတဲ့နှစ်တွေမှာ ဆည်က မခံနိုင်တော့တဲ့အခါ ဖောက်ချလို့ အောက်ပိုင်းမှာ ရေလွှမ်းရတဲ့အဖြစ်မျိုးတွေ မြန်မာပြည်တ၀ှမ်းက ဆည်တွေမှာ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ မြစ်ဆုံက စပြီးပိတ်တဲ့ အခါ မြစ်ဖျားဖက်က စီးသမျှရေ အောက်ဖက်ကို မလာနိုင်တော့ပါ။ အဆိုးဆုံး ထိခိုက်မှုပါပဲ။ ရေလှောင်ကန်ကြီးတွေ ကချင်နယ်မှာ ပေါ်လာပါမယ်။ ဆည်ရဲ့ အထက်ပိုင်းမှာ မြေအောက် ရေမြင့်လာလို့ တောင်တွေ ရေဝလာမယ်။ ဒါပေမယ့် တောပြုန်းနေပြီ ဖြစ်လို့ ရေဝနေတဲ့ တောင်စောင်း ပြိုတာ ခဏခဏ ကြုံရနိုင်တယ်။ ရေလှောင်ကန်ထဲမှာ စက်လှေ သုံးပြီး ဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းကြပါလိမ့်မယ်။ဆည်ဆောက်ပြီး ချက်ချင်း လျှပ်စစ် မထုတ်နိုင်ပါဘူး။ လုံလောက်တဲ့ ရေလှောင်နိုင်အောင် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ရေစုရပါတယ်။ အဲဒီကာလမှာ ဧရာဝတီမှာ ရေမဝင်နိုင်ပါဘူး။ တစ်ခါ လှောင်ရေကို လျှပ်စစ်တာဘိုင်ဖက်ကို ပို့ပြီး လျှပ်စစ်ထုတ် ပိုတဲ့ရေက မူလ မြစ်ကြောင်းဖက်ကို ပြန်ဝင်။ ဒါပေမယ့် စက်လည်ပြီး ထုတ်တဲ့ရေက မူလမြစ်တွင်း စီးရေပမာဏနဲ့ နှိုင်းယှဉ်လျှင် အလွန်နည်းပါတယ်။ အချုပ်ဆိုရလျှင် ဧရာဝတီကို ရေဝင်နည်း (သို့) ရေမဝင်သလောက် ဖြစ်သွားပါတယ်။အထက်ပါ ဓာတ်ပုံကတော့ မြစ်ဆုံဆည် စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ တရုတ်ကျောက်လုပ်ငန်း ကုမ္ပဏီရဲ့ ၂၀၁၁ဇူလိုင်လ ၆ရက်နေ့က အစည်းအဝေးတခုပါ...ဆည်အောက်ဖက်က စပြီး မြေအောက်ရေ နိမ့်ဆင်းသွားမယ်။ မြစ်ကြီးနားက စပြီး ရေနည်းတဲ့ အခက်အခဲကို ရင်ဆိုင်ရမယ်။ ဧရာဝတီထဲကို မြစ်ချောင်း ပေါင်းဆုံက ရေဝင်တာပါ။ ရေသက်သက်ချည်း မဟုတ်ဘဲ ကျောက်စ၊ မြေစတွေပါ ပါတယ်။ အရင်က ရေအဝင်များတော့ အဲဒီကျောက်စ၊ မြေစတွေကို မြစ်အကြေထိ သယ်သွားနိုင်တယ်။ အခု ရေအဝင်နည်းလာလျှင် မြစ်အညာမှာပဲ ပို့ချမယ်။ သောင်တွေ မြစ်အထက်ပိုင်းမှာတင် ထွန်းကြပြီး မြစ်ကောသွားနိုင်တယ်။ မြစ်ကြောင်း ကျဉ်းလာတော့ သွားလာ သယ်ယူပို့ဆောင်ရေး ထိခိုက်နိုင်တယ်။ ငါးမျိုးတွေက ရေကျချိန်ဆို အထက်ဆန်ပြီး မျိုးရင်းတွေရှိရာ မြစ်ညာမှာ သွားနေကြ၊ သေကြ မျိုးဆက် ချန်ကြလုပ်တယ်။ မြစ်အထက်ကပိတ်လိုက်တော့ အထက်ဆန်တဲ့ငါးတွေ ဆန်လို့မရဘူး။ တစ်ခါ ရေနည်းသွားတဲ့အတွက် လမ်းမှာတင် သေကြလို့ မျိုးဆက်တောင် မချန်နိုင်ရှာဘူး။ (ယန်ဇီမြစ် အတွေ့အကြုံက လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်။)ဧရာဝတီက ပင်လယ်ဝအထိစီးတဲ့မြစ် ဖြစ်လို့ မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှာ ရေငံဝင်လေ့ရှိတယ်။ မိုးတွင်းမှာ အပေါ်ရေချိုက ရေငံကို အောက်ဖက်တွန်းချတယ်။ ရေနည်းချိန်၊ မိုးအလွန်မှာ ရေငံ အထက်ကို ပင့်တယ်။ ဒီလိုနဲ့ ရာစုနှစ်ပေါင်းများစွာ ရှိနေတာ။ ရေချို ရေငံပိုင်းမှာ ငါးပုဇွန် အပေါက်များတယ်။ စပါးစိုက် လို့ကောင်းတယ်။ အကယ်၍ ရေချို အဝင်နည်းသွားလျှင် အဲဒီ ဂေဟစနစ် ပျက်မယ်။ ငါးပုဇွန်တွေရဲ့ ဓလေ့ ပျက်မယ်။ ရေငံအတိုးများလို့ မြေဆီလွှာထိခိုက်တာ များမယ်။ ဆားပေါက်မယ်။ စိုက်ပျိုးရေးကို ထိခိုက် မယ်။ (နိုင်းမြစ်ဝှမ်းက အစွမ် ဆည် (Aswam Dam) သက်သေ ရှိတယ်။)ဆည်ဆောက် ရေလှောင်ပြီး အစောပိုင်းနှစ်တွေမှာ ငလျင် အသေး၊ အလတ် နဲ့ အကြီးတစ်ချို့ မကြာခဏ လှုပ်ပါလိမ့်မယ်။ အခုဖေါ်ပြချက်တွေက အကျဉ်းချုပ်ပါ။ ဒါမျိုးတွေပါတဲ့ Risk Assessment လုပ်ထားတယ်လို့ မကြားမိပါ။ EIA မှာလည်း ဒါတွေကို လုပ်သင့်ကြောင်း ထောက်ပြ ပြောဆိုရမှာဖြစ်ပါသည်။ဆည်ကထွက်တဲ့ အကျိုးစီးပွါးကို တရုတ်က ရမယ်။ အဆိုးစီးပွါးကို မြန်မာပြည်သူတွေက ရမယ်။ မျှတပါရဲ့လား။ကိုတင့် (ဘူမိအင်ဂျင်နီယာ)ပေးပို့ပေးတဲ့ ကိုစောနောင်အား ကျေးဇူးတင်ပါသည်... ဆောင်းပါးအတွက် လိုအပ်မည့် ဓာတ်ပုံ အချို့အား ထပ်မံဖြည့်စွက် ဖော်ပြလိုက်ပါတယ်။
Posted byဒီမိုဝေယံatTuesday, September 13, 2011
Labels:မြစ်ဆုံဆည်သတင်းများ
Artigos Relacionados: removeRelatedDuplicates(); printRelatedLabels();

အပြည်ပြည်ဆိုင်ရာဆည်ကော်မရှင်နှင့်သိန်းစိန်အစိုးရ
။ မြန်မာနိုင်ငံ၏ ဆည်ကြီးများ တည်ဆောက်ရေး စီမံကိန်းတွင် "အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် ICOLD ၏ အကြံပြုချက်များ ရယူရန်နှင့် ဆည်ကြီးများဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆို ဗဟိုအစိုးရကို တိုက်တွန်းကြောင်း" အဆိုကို အင်္ဂါနေ့ အထက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက် သည်။
မြန်မာ ဆောက်လုပ်ရေး တတ်သိပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသ ပညာရှင်များနှင့် ငလျင် ပညာရှင်များ စုပေါင်းထားသည့် MCOLD (Myanmar Commission on Large Dams) အဖွဲ့ ဖွဲ့စည်းရေး ဖြစ်သည်။
လျှပ်စစ်ဒုဝန်ကြီး ဦးမျိုးမြင့်၏ အဆိုကို အမတ် ၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး၊ အစိုးရသစ်၏ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်သော်မှလည်း ထောက်ခံကြောင်း ဖြည့်စွက်ဆွေးနွေး သွားခဲ့သည်။
ဦးခင်သော်မှ ICOLD (International Commission on Large Dams) သို့ စစ်အစိုးရ လက်ထက်တွင် ဝင်ခွင့်ရရန် ကြိုးစားခဲ့သေးပြီး အခက်အခဲများရှိနေခြင်းကြောင့် ဝင်ခွင့်မရခဲ့ကြောင်း လွှတ်တော်ဆွေးနွေးပွဲတွင် ပြောသွားသည်ဟု အမတ်များက ပြောသည်။ သို့သော် ICOLD သို့ ဝင်ခွင့်ရရန် ကြိုးပမ်းသည့် ခုနှစ်နှင့် မည်သည့် အခက်အခဲကြောင့် ဝင်ခွင့်မရသည်ကို ပြောသွားခြင်းမရှိဟု သိရသည်။
ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဦးမျိုးမြင့်၏ အဆိုကို ထောက်ခံသူများဖြစ်သည့် ချင်းပြည်နယ် ချင်းအမျိုးသား တိုးတက်ရေးပါတီ မဲဆန္ဒနယ် ၄ မှ ဦးစတီဗင်သာဘိတ်၊ ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ မဲဆန္ဒနယ် ၂ မှ ဦးစိုင်းကျော်ဇောသန်း၊ ကြံ့ခိုင်ရေးပါတီမှ အမတ်များဖြစ်သည့် မကွေး မဲဆန္ဒနယ် ၆ မှ ဦးစိုးမြင့်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၈ မှ ဦးရှုမောင်တို့မှ ICOLD ၏ နည်းပညာနှင့် အကြံပေးချက်များ အကူအညီ ရယူကာ ဆည်များ ဆောက်လုပ်နိုင်ရန် အကြံပြု ဆွေးနွေးသွားသည်။
အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီး ဖြစ်သော်လည်း ဗဟိုအစိုးရက မည်သည့် အချိန်တွင် အကောင်အထည် ဖေါ်မည်၊ မည်သို့ ဖွဲ့စည်းမည်ကို အမတ်များအနေဖြင့် မသိရှိနိုင်သေးဘဲ ဖြစ်နေသည်။
ICOLD သည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ရှိကာ၊ နိုင်ငံတကာမှ ဆည်ဆောက်လုပ်ရေး တတ်သိ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသပညာရှင်များနှင့် ဖွဲ့စည်းထားသည်။
ICOLD ကို ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဆည်တည်ဆောက်မှုများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရန် အကြံပေးခြင်း၊ ဆည်ကြံ့ခိုင်မှုရှိရန်အကြံပေးခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်များ တွက်ချက်ပေးခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယင်း၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ကိုအောင်ဒင်ပြောတဲ့ဧရာဝတီတော်လှန်ရေး
ဧရာဝတီ တော်လှန်ရေး
အောင်ဒင်-
--8,9, 2011။-
(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ
သမ္မတဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ ဆန္ဒ ကိုလုံးဝ ဂရုမစိုက်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်၊
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း က "ဧရာဝတီရောဂါသည်များ", “ဧရာဝတီရောဂါ နဲ့ အမီလိုက်နေသူများ" လို့ လှောင်ပြောင်သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ် လို့ ကြိမ်းဝါးလိုက်ပါတယ်၊
စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ၊
ဒီလိုပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကောင်းတဲ့အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင်ပါပဲလို့ ဝန်ခံသွားပါတယ်၊
သူကပြောပါသေးတယ်၊
"မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့နေရာလျှောက်စီးနေတာ" လို့ ဧရာဝတီမြစ်ကြီးကိုတောင်အပြစ်တင်သွားပါသေးတယ်၊
ဒါပေမည့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ကျော်အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့တာကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်၊
ဦးဇော်မင်း ဟာ ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပြီး နအဖအစိုးရသက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ၊

သူဒေါသတကြီးနဲ့ပြောမှပဲ အရင်က သေသေချာချာမသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်၊
မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာမည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်၊ တရုတ်အစိုးရက ရာနှုံးပြည့်ရင်းနှီး မြှုတ်နှံတာဖြစ် ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်၊ ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့၊
လျှပ်စစ်ဓာတ်အားရောင်းလို့ ရမည့်အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ၊
သူအဆိုအရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများအမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာပြည်သူများအမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာက ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေ သာမက နောင်လာမည့် မျိုးဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုး အမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမား လှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး၊
(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်
တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းက ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ခံတပ် တံတိုင်းကြီးတွေပါ၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂ က ကမ္တာ့အမွေအနှစ်တပါးအဖြစ်အသိအမှတ်ပြုထားတာပါ၊
ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုးရက မဟာတံတိုင်းအသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံအတွင်းမှာ မဟုတ်ပါ၊
တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာတာကြီးများ ဖြစ်ကြပါတယ်၊
အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာအစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်၊
ခြံစည်းရိုးခြင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊
သမိုင်းဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ၊
သမိုင်းဟောင်းမှာတုံးက မဟာတံတိုင်းဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှ နဲ့အာဖရိက ကအာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊
ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ပြောင်းရတဲ့ မြို့၊ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွားတဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီးတွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေ ကို တရုတ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့အပေါင်းအပါ အာဏာရှင်များက အလွယ်တကူ မေ့လျော့လိုက်ကြပြီး တရုတ် ရှေးဘုရင်များက မဟာတံတိုင်းကြီး အတွက် ဂုဏ်ယူဝင့်ကြွား ကြသလို တရုတ်အာဏာရှင်များနဲ့အပေါင်းအပါ များကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊
ဒါကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ၊
အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့်သံသယကိုအတည်ပြုပေးလိုက်ပါပြီ၊
(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏
ဦးဇော်မင်းက ပြောသွားပါသေးတယ်၊ "မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပါတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး" တဲ့၊
အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့်အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ "ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။
ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာရှိသေးလဲ" လို့ အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ၊
မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာတာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက်မစီးဆင်းနိုင်ပဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ၊
ပြီးတော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက် ပိုင်း ကို ဆက်လက်စီးဆင်းနိုင်မှာပါ၊
အဲဒီရေလှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ၊
အဲဒီ နုန်းတွေက ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံအနည်ထိုင်ကြမှာပါ၊
ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့်ရရင်တောင်မှ နုံးတွေအတွက်ကတော့ ထွက်ပေါက်မရှိပါ၊
အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံအနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊
ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာတာနဲ့ အမျှ၊ အောက်ကြမ်းပြင်မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့အမျှ၊ လျှပ်စစ်စွမ်းအားထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်၊
ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့ ၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊
နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန်ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်၊
လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေး နဲ့ အခြားကိစ္စများအတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ၊

မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည်ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ၊ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ၊
(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း
ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခဆရာကြီးထံ ချဉ်း ကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပြည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်၊
ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံပဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခအဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့ လက်ညှိုးအချောင်း ၁၀၀၀ နဲ့ သူ့ကို ပူဇော်နိုင်မှ ပြန်လာခဲ့ ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်၊ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းကထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက် ညှိုး တွေကိုဖြတ်၊ အဲဒီ လက် ညှိုး တွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့ သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်၊
အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက် ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့လိုက်ရှာတဲ့ အင်္ဂုလိမာလ ရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်၊
အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေမှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက် ညှိုး တချောင်းကို ရဖို့ သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့၊ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလ က နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရား က ကိုယ်ထင်ပြပါသတဲ့၊
အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊
အင်္ဂုလိမာလ က "ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်" လို့ပြောတော့ ဘုရားက "ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊သင်သာ ပြေးသူဖြစ်သည်" လို့ အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့၊
အခုလဲ ဦးသိန်းစိန် နဲ့ စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုးတန်ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရ အလိုကျ မိခင်ဧရာဝတီ ကို သတ်ဖို့ကြိုးစားနေပါပြီ၊
ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ၊
ကျနော်တို့ မြန်မာပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလဦးသိန်းစိန် အစိုးရက အမိဧရာဝတီ ကို မသတ်နိုင်အောင် တားဆီးကြရမှာပါ၊
ဧရာဝတီ တော်လှန်ရေး စပါပြီ၊
လေးစားစွာ၊
လေးစားစွာဖြင့်
အောင်ဒင်

Subscribe to:
Posts (Atom)