Saturday, December 3, 2011
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏နေအိမ်တွင်တွေ့ ဆုံ
1-12-2011       ဓါတ်ပုံ AP
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ၏နေအိမ်တွင်တွေ့ ဆုံခဲ့သည်။
ဟီလာရီ ကလင်တန်ဟာ နေ့လည် ၁ နာရီ အမေရိကန်သံရုံးမှာ
သတင်းစာရှင်းလင်းပွဲလုပ်မယ်
လို့ သိရှိရပြီး ညမှာပြန်ထွက်ခွာမယ်လို့ လဲ သိရပါတယ်။
ဟီလာရီ ကလင်တန်၏ ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ယနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့
ကြောင်း သိရသည်။
 ယင်းနောက် ဟီလာရီ ကလင်တန်နှင့်အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ ဆုံကာ ညစာစားပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရွှေတဂုံဘုရား ဖူးမျှော်
1-12-2011       ဓါတ်ပုံ ဒီမိုကောင်းကင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့ကြောင်း သိရသသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ သမတ ဦးသိန်းစိန်နှင့် တွေ့ ဆုံ
၁-၁၂-၂၀၁၁
မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်ဖြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့  ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ
 ဒီကနေ့ နေ့ လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့
ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းအာလုံးလွတ်ပေးရန် ကချင်ဒေသ ထိုးစစ်များရပ်တန့် ရန်နှင့် နိုင်ငံရေးတွင်ပြည်သူအားလုံးပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။
သမတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေးပိတ်ဆို့ မှုများ ဖွင့်ပေးရန်တောင်းဆိုသည်ဟု
သိရှိရသည်။
မနက်ဖန် ၂ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ တွင် တောင်းဆိုဆန္ဒပြ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။
“အန်တီစုက ဗိုလ်ချုပ် သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ movie တည်ဆောက်ချင်လို့ ကျနော်တို့ဆီကနေ အကြံဉာဏ်လေးတွေ တောင်းတယ်။ အန်တီစု ဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေကို လာပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။ ရုပ်ရှင်ရိုက်ဖို့အတွက်ပါ။ ဗိုလ်ချုပ်ရဲ့ biography ကို ရုပ်ရှင်အဖြစ် အန်တီစု ရှိနေတဲ့အချိန် အတွင်းမှာ ဖြစ်သွားစေချင်တဲ့ဆန္ဒလေးပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ကျနော်တို့ ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဒါရိုက်တာပိုင်းတွေရောကို ခေါ်ပြီးတော့ ပြောတာပါ။ ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတစ်ခုကို ကျနော်တို့ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံတကာက အကူအညီတွေနဲ့ပေါ့နော် ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲ ဆိုတဲ့ သဘောတရားနဲ့ ကျနော်တို့ဘက်က လုပ်ချင်တဲ့ပုံစံလေးနဲ့ ဖြစ်ချင်တဲ့ပုံစံလေးကို အန်တီစုကနေ ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေကိုလည်း ခေါ်မေးပြီးတော့ အန်တီစုဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း ပြောပြတဲ့သဘောပါပဲခင်ဗျ ဒီနေ့ကတော့။”
အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်ဆောင်ဆန်းမွေးဖွားခဲ့တဲ့ နှစ်တစ်ရာပြည့်အမှီ ၂၀၁၅ ခုနှစ်မှာ ဒီဇာတ်ကားကို ထုတ်နိုင်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ကိုနေတိုးက ဆက်ပြောပါတယ်။
“ဒီမှာက အခုကတော့ ဒီကားရိုက်ဖို့အတွက် အဓိကက ကျနော်တို့ ကဒ်တူး ရေးပြီးတော့မှ ဇာတ်ကားဖြစ်မြောက်ရေး ကော်မတီလေးတစ်ခု ဖွဲ့ဖို့အကြောင်းလေးကိုတော့ နောက်ဆုံး ပြောဖြစ်သွားတာပေါ့။ ဆိုတော့ အဓိက ကတော့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ ဒီ နောက်ထက်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ဒီကားလေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားဖို့အတွက် အန်တီစုက ကျနော်တို့ကို ဆွေးနွေးတာပေါ့နော်။”
ကော်မီတီဖွဲ့တယ်ဆိုပေမဲ့လည်း ဘယ်သူက ဘယ်လိုအခန်းကဏ္ဍမှာ ပါကြမယ်၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို ဘယ်လို ရှာကြမယ်ဆိုတဲ့ အသေးစိတ် တာဝန်ခွဲဝေမှုတွေကတော့ အတိအကျ မဆုံးဖြတ်ရေးသေးဘူးလို့ ဆိုပါတယ်။
တကယ်လို့ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် မြန်မာ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင် ဖြစ်လာမှာပါ။
အရင် န၀တ စစ်အစိုးရတက်လာပြီး မကြာသေးခင်ကာလအထိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ထားခဲ့တယ်လို့ လူအများက သုံးသပ်ခဲ့ကြတာပါ။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်လို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သို့လောသို့လော ပြောဆိုမှုတွေ အနုပညာရှင် အသိုင်းအ၀ိုင်းကြားမှာရော၊ မြန်မာလူထုအကြားမှာပါ ရှိခဲ့ပေမဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပါ။
ဗိုလ်ချုပ်လို ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ရိုက်ကူးမှာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက သန့်ရှင်း ကောင်းမွန်စေချင်တဲ့အကြောင်း ဒီကနေ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက ပြောပါတယ်။
“ဗိုလ်ချုပ်ရဲ့သမိုင်းကို ရိုက်မှာဆိုတော့ အရမ်းကို historical ဖြစ်တယ်။ အတ္ထုပ္ပတ္တိတစ်ခု ရိုက်မှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာရော အနုပညာပိုင်းဆိုင်ရာရော အရာအားလုံးကို သန့်ရှင်းသော၊ စည်းလုံးသော၊ ရိုးသားသောအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတ္ထုပ္ပတ္တိမျိုးကို တည်ဆောင်ချင်တယ်ပေါ့။ ငွေကြေးပိုင်းကအစပေါ့။ ကျနော်တို့တွေ အများကြီး စုပေါင်း ကြိုးစားလိုက်မယ်ဆိုရင် အတ္ထုပ္ပတ္တိကောင်း Art တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ အချိန်တော်တော်ယူရမှာပါ။”
အဆိုတော် ချစ်သုဝေ ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ရုပ်ရှင်လောက က အထင်ကရပုဂ္ဂိုလ်တွေ၊ ဂီတပညာရှင်တွေ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Thursday, November 24, 2011
ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ၀န်ကြီးကလင်တန် မြန်မာပြည် သွားမည်
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ထိစပ်ဆက်ဆံရေး မူဝါဒသစ်အရ နိုင်ငံခြားရေး ၀န်ကြီးကလင်တန်ဟာ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်အတွင်းမှာ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်တွေတင်မကဘဲ လူမှုအခြေပြုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား လူနည်းစုခေါင်းဆောင်တွေကိုလည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုရော ရန်ကုန်ကိုပါ သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်ကို မြန်မာပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဖြစ်လာအောင် တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
“ဒီခရီးစဉ်ဟာ ရာစုနှစ်ဝက်အတွင်း အမရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်တာမို့ သမိုင်းဝင်မယ့်ခရီးစဉ်ဖြစ်ပါတယ်။ မြန်မာအပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်လမ်းသွားမူဝါဒရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ထိစပ်ဆက်ဆံရေး မူဝါဒကိုလည်း ကျင့်သုံးသွားမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ ဒီခရီးစဉ်အတွင်း အလေးအနက်ထား ပြောသွားမှာဖြစ်ပါတယ်။
မကြာခင်က မျက်မြင်တွေ့လာရတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီးတော့ နောက်ထပ် အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင်နဲ့ ဒီတိုးတက်မှုတွေအပေါ် အမေရိကန်ဘက်က အားဖြည့် ကူညီနိုင်ဖို့ ကိစ္စတွေကို ပြောဆို ဆွေးနွေးသွားမှာဖြစ်ပါတယ်”
အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦး ပြောသွားတာပါ။ ခရီးစဉ်အတွင်း နေပြည်တော်မှာတော့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိသလို ရန်ကုန်မှာတော့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အခြား တိုင်းရင်းသား လူနည်းစုအဖွဲ့တွေနဲ့ လူမှုအခြေပြုအဖွဲ့တွေကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
“မတူကွဲပြားတဲ့ လူမှုအခြေပြုအဖွဲ့တွေ တိုင်းရင်းသားလူနည်းစုအဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ပေါ်မှုတွေအပေါ် သူတို့ရဲ့ အမြင်သဘောထားတွေကို ရယူသွားမှာပါ။ ဥပဒေအကြံပေး Cheryl Mills လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell နဲ့ မူဝါဒရေးဆွဲရေးညွန်ကြားရေးမှူး Jake Sullivan တို့လည်း ပါသွားမှာဖြစ်ပါတယ်”
အခု နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ ခရီးစဉ်ကို မြန်မာအစိုးရက ကြိုဆိုထားပါတယ်။ မြန်မာ အစိုးရသစ်ဘက်က အပြောင်းအလဲအချို့လုပ်လာပြီးတဲ့နောက် အမေရိကန်ဘက်ကလည်း မြန်မာနဲ့ ပိုပြီး ထိစပ်လာတဲ့ အမေရိကန် မြန်မာဆက်ဆံရေးသစ် ဖြစ်လာတယ်လို့ ပြောရမှာပါ။
အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် မြန်မာ့အရေးလေ့လာသူ ပါမောက္ခ David Steinberg ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာဘက်က အပြောင်းအလဲတွေကို အခုလို ချီးကျူးတာထက် ပိုပြီး တုံ့ပြန်အရေးယူဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအပြောင်းအလဲတွေကို အသိအမှတ်ပြုသင့်ပါတယ်။ နှုတ်အားဖြင့်တော့ လုပ်ထားပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒါကို အသိအမှတ်ပြုရုံတင် မဟုတ်ဘဲ နှစ်ဘက်ဆက်ဆံရေး ပိုကောင်းလာဖို့ ကျနော်တို့ဘက်က အလေးအနက်ရှိနေတယ် ဆိုတာကို ပြဖို့ တစုံတရာ သိမ်သိမ်မွေ့မွေ့ ပြောဆို ဆောင်ရွက်ရပါမယ်”
အမေရိကန်ပြည်ထောင်စုအနေနဲ့ မူဝါဒသစ် ကျင့်သုံးတဲ့နေရာမှာ အရင်တုန်းကရှိတဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း ဆက်ကိုင်ထားဆဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနကတော့ ဒီ အရေးယူမှုတွေ ရုပ်သိမ်းရမယ့်၊ သုံးသပ်ရမယ့် အဆင့်မရောက်သေးဘူးလို့ ယူဆပါတယ်။ ဒီ ဒဏ်ခတ်မှုတွေကို အရေးယူဖို့ဆိုတာလည်း အိုဘားမားအစိုးရအနေနဲ့ သူချည်းလုပ်လို့ရတာမဟုတ်ဘဲ လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက် ယူရမှာပါ။ အမေရိကန်လွှတ်တော်ဘက်က ဒီ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ဆိုတာ အခုအချိန် မဖြစ်နိုင်သေးဘူးလို့ ပါမောက္ခ Steinberg က ယူဆပါတယ်။ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ အခုအခြေအနေထက် လုပ်နိုင်တာတွေတော့ ရှိတယ်လို့ သူက ပြောပါတယ်။
“ကမ္ဘာဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ မြန်မာပြည်ကိုသွားပြီး အခြေအနေတွေကို လေ့လာမယ် ဆိုရင် အမေရိကန်ပြည်ထောင်စုဘက်က ကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ပွင့်လင်းမြင်သာမှုနဲ့ အုပ်ချုပ်မှုကောင်းတွေရှိဖို့ဆိုတဲ့ ဘဏ်တွေရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို မြန်မာပြည်ဘက်က ပြည့်မှီမယ်ဆိုရင် အကူအညီအထောက်အပံ့အချို့ပေးဖို့ စဉ်းစားဆုံးဖြတ်ခွင့် ပြုသင့်ပါပြီ”
အခုလို အမေရိကန်ဘက်က မြန်မာနိုင်ငံနဲ့ဆက်ဆံရေးသစ် ထူထောင်လာတဲ့ကိစ္စမှာ မြန်မာနိုင်ငံ ဘက်က အပြောင်းအလဲအချို့ မြင်လာရတာပါသလို ဒေသတွင်း အခြေအနေကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာနဲ့ အတော်လေးနီးစပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဒေသတွင်းသြဇာကို ဟန်ချက်ထိန်းနိုင်အောင်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒွေး” ပြောတဲ့ “ပညာရှင်ဆိုတာ”
ဒေါက်တာထွန်းလွင် (MCCW)
ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။
တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။
လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။
ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။
ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။
အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။
ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။
နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။
ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။
ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။
နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။
ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။
သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။
ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။
ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။
ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး
  • ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
မြန်မာလို့ သိကြတဲ့ လူမျိုးတစ်မျိုး စပြီးပေါ်လာရပုံကို အချိန်ရရင် ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့လာဖို့ လိုတယ်လို့လည်း ထင်ပါတယ်။
မြန်မာတွေ ပြောနေကြတာတော့ ကြာပါပြီ။ “မြန်မာအစ တကောင်းက” တို့၊ “မြန်မာအစ ကျောက်ဆည်က” တို့။ တချို့ကလည်း ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။
တိတိကျကျ၊ သေသေချာချာ သိချင်စိတ်နဲ့ မြန်မာရယ်လို့ ဖြစ်လာမယ့် မြန်မာအစကို လေ့လာမယ်ဆိုရင် အချိန်ယူပြီး အသေးစိတ်လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက် အချိန်လည်း တော်တော်လေး ပေးရပါတယ်။ စာအုပ်တွေ ဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။
မိမိ မကြာခဏ ရေးခဲ့ပါတယ်။ သမိုင်းကို ပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးနဲ့ ပတ်သက်နေတာမို့ အတိမ်းအစောင်း မခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှား တာတွေကတော့ ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်တွေခေတ်ကနဲ့၊ အရင်က ပညာရှင် တချို့ ပြုစုခဲ့ကြတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ၊ ကျမ်းတွေမှာ တွေ့နေရတော့ မိမိရေးသားပြုစုတဲ့ အကြောင်းအရာ မှန်ကန်နိုင်ဖို့ဆိုတာကလည်း အချိန်ယူလေ့လာဖို့ လိုသလို ဖြစ်နိုင်၊ မဖြစ်နိုင် နှိုင်းချိန်နိုင်တဲ့ စိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။
ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့ မြေပုံစာတို့ ဆိုတာတွေကလည်း သမိုင်းမှန်ဖြစ်ဖို့ အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ ၁၉၁၁ ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာလိုကျောက်စာတွေကို ပိုအလေးထားပြီး သမိုင်းမှန်ကို ရှာလာကြပါတယ်။
ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅) ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်က စပြီး ဒီဘက် ပုဂံပျက်တဲ့ အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကို စတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း (၄၁) ဆက် ကိုတော့၊ အဲ့ဒီမင်းတွေအားလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေ နည်းလွန်းသလို အချို့မင်းတွေရဲ့ အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ (၃) ဆက်မြောက် မင်းဖြစ်တဲ့ ပျုစောထီးကို နေနတ်သားနဲ့ နဂါးမတို့က မွေးတယ် ဆိုတာမျိုးပေါ့။
ဒါပေမယ့်. . .
ပုဂံတည်တာကို ရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉) ရွာနဲ့ စပြီးတည်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီ အရင်ရှိခဲ့တဲ့ နိုင်ငံတွေကတော့ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ ဆိုတဲ့ ပျုနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ပျုခေတ်က စောပါတယ်။
ဒီနေရာမှာ ပျုနိုင်ငံတွေ အကြောင်းလဲ ရေးချင်ပါတယ်။ ပျုလူမျိုးတွေရဲ့ အစ၊ ပျုလူမျိုးတွေ ဘယ်ကလာသလဲဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့ရတာကတော့ ပျုတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ်စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့် သူတွေထက်စောပြီး ခရစ်မပေါ်မီ (၅) ရာစု နှစ်လောက်ကစလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
သူတို့ဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ ပျုနိုင်ငံတွေကို တည်ထောင်ခဲ့ပါတယ်။ ပျုဘုရင်မ ဖြစ်တဲ့ ဗိဿနိုးက ပန်ထွာ ဘုရင်မနဲ့ သရေခေတ္တရာက ပျုဘုရင် ဒွတ္တဘောင်ကိုတော့ သမိုင်းလေ့လာသူ တော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျုမင်းတွေတည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရာကြီး၊ ဘုရားမာ စတဲ့ ပျုဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်ရှားရှိနေပါတယ်။
ပျုတွေအကြောင်းကို လေ့လာတော့ ပန်ထွာဘုရင်မ စိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုး ပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂) မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက် လုယက်ဖျက်ဆီးလို့ သရေခေတ္တရာ ပျက်သွားရတယ်။ အဲဒီမှာ ပျုခေတ်ဟာလည်း ကုန်ဆုံးသွားရတယ်။
ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေက ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကိုလည်း အရင်က ပညာရှင်တွေ လက်ခံခဲ့တာကို ရေးပါ့မယ်။
မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်က ဝင်လာတဲ့ ပျုတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာရှိတဲ့ တိဗက်နယ်စပ်ကနေ အရှေ့တောင်ဘက်ကို ဆင်းလာကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ခရစ်မပေါ်မီ (၄) ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ်တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကို ပြောင်းပြီး ရွာတည်နေကြတာ လူဦးရေကလည်း များလာပါတယ်။ နေထိုင်လုပ်ကိုင် စားသောက်ကြရတာ အဆင်ပြေကြတဲ့အတွက် လူဦးရေက ယန်ဇီ (Yantze) မြစ်ကို ကူးပြီး ယူနန် (Yunan) အရှေ့မြောက်ပိုင်းထိအောင် ရောက်ရှိပြီး တိုးပွားများပြားလာပါတယ်။
အဲဒီလို လူဦးရေတိုးပွားလာတဲ့ အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနိးဝန်ကျင်နိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလုယက်ကြတယ်။ ရှေ့မှာ မိမိရေးခဲ့သလို ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာဟာလည်း သူတို့လက်ချက်နဲ့ ပျက်စီးရပြီး ပျုနိုင်ငံ ပျောက်ကွယ်ခဲ့ရတယ်လို့ ဆိုတယ်။
တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ ပတ်သက်ပြီး ဆက်ရေးရရင် လူဦးရေတိုးတက်များပြားပြီး ယူနန်အရှေ့မြောက်ပိုင်းအထိ ရောက်ရှိလာတဲ့ တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေနဲ့ တွေ့ပြီး နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာလည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုတယ်။
ဒီလိုနဲ့ (၉) ရာစုနှစ် နှောင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ နန်ကျောင်တွေတန်ခိုးအင်အား ယုတ်လျော့လာကြပြီ ဖြစ်တဲ့အတွက် တိဗက်မြန်မာအနွယ်တွေဟာ နန်ကျောင်တွေနဲ့ လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီသို့ ရွှေ့ပြောင်းပြီးလာခဲ့ကြတယ်။
ဦးဆုံးရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူးနယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ ဆိုကြတဲ့ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့ စလင်းနယ်တွေမှာပါ နေထိုင်လာကြတယ်။
အဲဒီနောက် ဒီနယ်တွေနဲ့ ဆက်သွယ်လို့ လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီ မြစ်ရှိတဲ့၊ အားလုံးရဲ့ အလယ်ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊ အုပ်ချုပ်သူအကြီးအကဲ မင်းရှိတဲ့ပြည်အဖြစ် သတ်မှတ်ပြီး နိုင်ငံသစ်ကို တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိ ခဲ့ရပါတယ်။
ဒါပေမယ့်...
ဒီဘက် (၂၀၀၀) ခုနှစ် ဝန်းကျင်မှာတော့ အခုလေ့လာတွေ့ရှိ ကောက်ချက်ချခဲ့တာတွေကို မှန်တယ်လို့ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါပြီ။
ပျုလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့ အစဟာ ခေတ်သစ်သမိုင်းပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတဲ့ တိဗက်နယ်စပ်က လာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေဆိုတာလည်း လက်ခံလို့ မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ်လာမယ့် မြန်မာမြေထဲမှာ ပထမဆုံး ပျုနိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ ပျုလူမျိုးတွေဟာ တခြားကလာခဲ့ကြတဲ့ လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေ စပြီးပေါ်လာတဲ့ ကျောက်ခေတ်နဲ့ ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ကျောက်ခေတ်ဦး လူသားတွေကစပြီး အစဉ်အဆက် နေထိုင်လာရာကနေ ပျုတွေဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့ လက်ခံနေကြရပြီ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းကြတာ မတွေ့ရပါဘူး။
အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း (၄၀) လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ်သတ္တဝါတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရာနေရာက ပုံတောင်ပုံညာဒေသဖြစ်ပါတယ်။ အဲဒီ ပုံတောင်ပုံညာဒေသက တွေ့ရှိတဲ့ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံတကာမှ ပညာရှင်တွေက ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း (၄၀)လောက် ရှိပြီဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာဂ်မြို့၊ ကာနက်ဂီ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Synposium, USA) ဆွေးနွေးပွဲမှာ တက်ရောက်လာခဲ့ကြတဲ့ ပညာရှင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။
ပညာရှင်တွေဟာ မြန်မာမြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ အဲဒီကျောက်ခေတ်မှာ သုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။
ကျောက်လက်နက်ကိရိယာတွေကိုတော့ အထက်အညာဒေသဖြစ်တဲ့ မကွေး (ချင်းမအောင်ကုန်း)၊ ချောက်၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရား အရှေ့ဘက်ဒေသ၊ မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ (ဝက်ဆိုးကုန်း)၊ ဝိုင်းတောင်ကြီးရွာ (ထောက်မကုန်း)၊ ကနီမြို့နယ် အိုင်တောင်ရွာ (သူဌေးကုန်း)၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ (ကြက်မြုံကုန်း)၊ ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း) နဲ့ မုံရွာမြို့နယ် လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိရာမှာ လူသိများတာကတော့ နွယ်ခွေလူသားကျောက်ဖြစ်ရုပ်ကြွင်းပဲဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာအနီးရှိ ယာကွက်ထဲက တွေ့ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြတ်လျှောက်သွားရင်း ခလုတ်တိုက်မိလို့ ငုတ်နဲ့ တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ်မဟုတ်ပဲ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုးက အပေါ်မေးရိုးဖြစ်ပြီး အံသွားတစ်ချောင်းနဲ့ ရှေ့သွား တစ်ချောင်းပါတာကို တွေ့ရပါတယ်။ ဒီမေးရိုးနဲ့ သွားတွေကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက်တဲ့ အခါ မေးရိုးဟာ အနည်းဆုံး နှစ် (၂) သိန်း သက်တမ်းရှိပြီ ဖြစ်တဲ့ မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။
မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိ ရပါတယ်။ ပြဒါးလင်းဂူရဲ့ နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူသားတွေရဲ့ ဓလေ့အတိုင်း ရေးဆွဲထားတဲ့ ပန်ချီပုံတွေ တွေ့ရပြီး၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် (၂၅၀၀၀) လောက်က ပန်ချီလက်ရာတွေလို့ ခန့်မှန်းခဲ့ကြပါတယ်။
မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်းကာလတွေမှာသာ မကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့တယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။
ကြေးခေတ်အထောက်အထားတွေ ဖြစ်တဲ့ ကြေးလက်နက်ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုးကြာရွာ၊ မထုံချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ်။
ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေသနဲ့ နှောကန်ဒေသ၊ တောင်သာမြို့နယ် အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းဒေသတွေမှာ တွေ့ရှိခဲ့ပါတယ်။ ညောင်ကန်ဒေသမှာ မန္တလေး ရှေးဟောင်းသုတေသနက တူးဖော်ရရှိခဲ့ရာမှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊ ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃) ခု တွေ့ခဲ့ရပါတယ်။
ဟန်လင်းဒေသတဝိုက်မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျုစာပါရှိတဲ့ တံဆိပ်တုံးတွေ၊ ပျုအရိုးအိုးတွေ လက်စင်းရာပါ အုတ်ချပ်တွေ၊ ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင်ပါ မြေ ဆီမီးခွက်တွေနဲ့ အိုးပုံစံအမျိုးမျိုးကို တွေ့ရတဲ့အတွက် ဒီဒေသဟာ ကျောက်ခေတ်က စပြီး ပျုတွေနေထိုင်ကြတဲ့ ပျုခေတ်အထိ အစဉ်တစိုက် နေထိုင်လာခဲ့ကြတဲ့ ဒေသတခုဖြစ်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။
ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချတာကတော့ ပျုတွေဟာ မြန်မာမြေထဲကို တခြားဒေသတွေကနေ ဝင်ရောက်လာပြီး အခြေချနေထိုင်ကာ မြို့ပြနိုင်ငံတည်ထောင်လာကြသူတွေ မဟုတ်ပဲ ကျောက်ခေတ်ကတည်းက နေထိုင်လာကြတဲ့ အမျိုးအနွယ်တွေ ဖြစ်ကြောင်း၊ အဲဒိကမှ မြို့ပြနိုင်ငံပေါ်ထွန်းခဲ့တဲ့ ခေတ်အထိ ယဉ်ကျေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေထိုင် လာခဲ့သူတွေ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာဆိုတာလည်း တခြားဒေသတွေကနေလာရောက်တဲ့ သူတွေမဟုတ်ဘဲ ပျုတွေရဲ့ အနွယ်ဘဲဖြစ်ကြောင်း၊ ပျုနိုင်ငံဖြစ်တဲ့ သရေခေတ္တရာ ပျက်ပြီးတဲနောက်မှာမှ ပျုရွာ (၁၉) ရွာနဲ့ စပြီး ပုဂံမှာ မြို့တည်ကာ ပုဂံမှာမှ မြန်မာဖြစ်လာတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့ လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျုတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာဘုရင်မနဲ့ အရင်ဘဝက မောင်နှမ တော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးထောင့်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံး၊ မြောင်းတွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်းတယ် ဆိုတာမျိုးတို့၊ သာသနာသက္ကရာဇ် (၁၀၁) ခုနှစ်မှာ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမေသူရ ဆိုတဲ့ သူမြတ် (၇) ဥိးတို့က မြို့အင်္ဂါ (၇) ပါး တို့နဲ့ ပြည့်စုံတဲ့ သရေခေတ္တရာကို တည်ခဲ့တယ် ဆိုတာမျိုးတို့ အရင်က စာအုပ်တွေမှာ ဖတ်ခဲ့ရတယ်ဆိုရုံလောက်နဲ့ ဒီကနေ့ လက်တွေ့ကျတဲ သိပံ္ပခေတ်မှာ အမှန်လို့ ယူမှတ်ပြီး တရားသေကိုင်စွဲထားလို့ မရတော့ပါဘူး။ သုတေသနပြုနေကြတဲ့ ပညာရှင်တွေ ကိုယ်တိုင်လည်း ဘာကိုမှ ပုံသေကားချပ်မသတ်မှပဲ သုတေသနအထောက်အထားတွေ ပိုပြီးခိုင်လုံရင် ခိုင်လုံနေသလို မိမိတို့ရဲ့ နှိုင်းချိန်တွေးဆချက်တွေ ကို ပြောင်းသင့်က ပြောင်းရတဲ့အကြောင်း ရေးလိုက်ပါရစေ။
Wednesday, November 23, 2011
ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)
  • ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လား ဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာ တစ်ခုပါ။ ဘဝဖြတ်သန်းမှု ဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။
ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့ အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီး ရှိပါတယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း လွတ်လပ်စွာ တွေးပြီး လွတ်လပ်စွာ ရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင်ပါတယ်။
ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာ ပြနေတဲ့ ကိုရီးယားဇာတ်ကားတွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရော အရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တု တစ်အုပ် ရေးနိုင်တဲ့သူတွေ ရှိပါတယ်။ ငွေရပြီးစတမ်း ဘာရေးရမလဲ ဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင် ရေးနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ် အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ရေးသားဖို့၊ ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့ အကြောင်းအရာ အဖြစ်အပျက်ကို ပြုစုရမှာ ဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာ တာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့ လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်းတစ်ပါးရဲ့ အကြောင်းကို ပြုစုမယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာ စာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာ အလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင် မရေးနိုင်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူ မရှိပဲထားလို့ ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာမျိုးမို့ စေတနာနဲ့ ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်း မရပါ။ စာမျက်နှာတွေ များအောင်ဆိုပြီး ရှိတာထက် ပိုပြီး ချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါတယ်။ ရသဖွဲ့ သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်း ပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာ ဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန် မရေးပဲ လူပြိန်းကြိုက်ဆိုတာမျိုးတွေ ထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာ သွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။
ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာ ထားပါဦး။ အခုထိ သမိုင်းဆောင်းပါး အချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာ တွေ့နေရပါသေးတယ်။ တတိယအကြိမ် ပြန်ရိုက်ပြီး ရောင်းနေရတဲ့ ပုံဂံနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီး တည်တံ့အောင်၊ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ်တပါးဖြစ်တဲ့ မြန်မာတွေရဲ့ ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင် မှားပြီး ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက်နစ်နာလှပါတယ်။
အဲ့ဒါကတော့...
နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင်ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှ ရတဲ့ ရာဇတမန်အမတ်ရဲ့သား ဖြစ်တယ်။
နံပါတ် (၂) လူမျိုးအနေနဲ့ ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီက မွေးလို့ ရခိုင်မြန်မာလူမျိုးဖြစ်တယ်။
နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ အတွက် ကျန်စစ်သားက ကုလားကို မုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်း ဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။
အလွန်စိတ်မကောင်းစရာဖြစ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။
ရှင်းရရင်တော့...
နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့ သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ်ပါ။ ဦးကုလားရဲ့ မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီ မင်းသမီးနဲ့ လူသားမဟုတ်တဲ့ နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုးကလည်း နိုင်ငံတကာ လက်သင့်ခံတဲ့ သမိုင်းရှု့ထောင့်ကကြည့်ရင် ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာ မရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲ ပါတဲ့ နေနတ်သားနဲ့ နဂါးမဇံသီးက မွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက်မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့ မိခင် အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါရစေ။
နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုး ဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီ ဆိုတာက ဝေသာလီပြည် ရခိုင်ဘုရင်ရဲ့ သမီးတော် မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ ခေါ်တဲ့ နယ်နဲ့ ဘင်္ဂလားနယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသား ဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကို ကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့ သား ဆိုတာလည်း မဟုတ်နိုင်တော့ပါ။
နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေ ပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေ လက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် ကျန်စစ်သားက ရန်ခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ် ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။
တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေ ရေးတာတွေကို ဇာတ်ထုပ်ခင်းပြီး ကပြခဲ့ကြတာ စာရေးသူလည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန် လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီး တာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာ တစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်းလို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့ အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ်ထုပ်မှာ ကျန်စစ်သားကို အားလုံးက မုန်းကြတဲ့ ကုန်းရုပ်ကီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ်မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာ တင်ရေးတဲ့ ရသဖွဲ့ ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ ရပါတယ်။
စာရေးသူ အနေနဲ့ စာရေးသူတို့ရဲ့ နိုင်ငံသမိုင်းမှာ ထင်ရှားပြီး နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်းမြတ်တွေရဲ့ အကြောင်းကို ဓာတ်ပုံတွေ စုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာ ကြာပါပြီ။ အခမှပဲ ရေးဖြစ်ပါတော့တယ်။
သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက် ကနေ ရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့ လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါး ကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါး ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင် ဘိုးတော်ဘုရားနဲ့ မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲ ဖြစ်ပါတယ်။
ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်းမှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကို ဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှားတွေ ပါလာမှာ စိုးတဲ့အတွက် အချိန်ယူပြီး သတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာ ထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတမ္တဘောင်မင်းတို့ရဲ့ ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင်ငံတွေ မတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့ အကြောင်းကိုလည်း သုတေသနပြုကြတဲ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေနဲ့ အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစု ထားပါတယ်ဆိုတာကို ရေးလိုပါတယ်။
ဟိန်းဇေ
(အပိုင်း - ၂ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ) မကြာမီ ဆက်လက်တင်ပါမည်။
Saturday, November 19, 2011
ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည်
အနှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ပြောဆိုအပြီးတွင် ဟီလာရီကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိုဘားမား ပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ဘာလီသို့ နိုဝင်ဘာ(၁၇) ရက်နေ့က ရောက်ရှိလာစဉ်
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် သည်  ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေ စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းဆုံးဖြတ်ချက်မချမီတွင် အိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်စကားပြောခဲ့ကြောင်း သိရသည်။ ဟီလာရီကလင်တန်နှင့် အတူ  ဘာလီတွင်ကျင်းပနေသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်လာသည့် အိုဘားမားက မြန်မာနိုင်ငံ တွင်ဖိနှိပ်မှုများနှစ်ပေါင်းများစွာ ကြုံ တွေ့ရပြီးသည့်နောက်ပိုင်း အစိုးရ သည် ပြောင်းလဲလာသည့်လက္ခဏာ များပြသလာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည်အရေးပါသော ခြေလှမ်းများဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကန့်သတ်မှုများ လျှော့ချခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
''ဒါတွေဟာ နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံမှာအပြောင်း အလဲဆီကိုလှမ်းတဲ့အရေးပါဆုံးခြေ လှမ်းတွေပါ။နောက်ထပ်လုပ်စရာ တွေအများကြီး လည်းရှိပါသေးတယ် '' ဟုအိုဘားမားကပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် အပြည့်အဝအသွင်ကူးပြောင်းရန် ပြင်ဆင်ထားခြင်းရှိ၊မရှိမှာ မရှင်း လင်းသေးကြောင်းအိုဘားမားက ပြောကြားခဲ့သည်။
သို့ရာတွင်  တောက်ပသောအနာဂတ်အတွက် ဖြစ်တန်စွမ်းများကို လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ''အမှောင်ကာလကိုနှစ်ပေါင်း များစွာဖြတ်သန်းပြီးတဲ့နောက် လွန် ခဲ့တဲ့ရက်သတ္တပတ်တွေမှာ တိုးတက် မှုရောင်စဉ်တန်းတွေကိုမြင်တွေ့ခဲ့ရ ပါတယ် ''ဟု အိုဘားမားက မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။ ယခုခရီးစဉ်သည် အမေရိကန်-မြန်မာဆက်ဆံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲ တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသူတို့ကသုံးသပ်သည်။
အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာနေလာပြီးနောက်ပိုင်း ရွေးကောက်ပွဲများကျင်းပပြီး  စစ်ဘက်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရသစ် တက်လာပြီးနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးဆောင်ရွက်မှုများ စတင်ပြုလုပ်လာခဲ့သည်။
ဟီလာရီကလင်တန်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင်တိုးတက်မှုရှိစေရေး အမေရိကန်က မည်သို့ကူညီနိုင်မည်ကို လေ့လာသွားမည်ဖြစ်သည် ဟု အမေရိကန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော အမေရိကန်မှအဆင့် အမြင့်ဆုံးပုဂ္ဂိုလ်မှာ မက်ဒလင်း အောဘရိုက် ဖြစ်ပြီး ၁၉၉၅ ခုနှစ် က အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာသံအမတ်အဖြစ်လာ ရောက်ခဲ့ခြင်း ဖြစ်သည်။မက်ဒလင်းကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ တွင်မှ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ထိုစဉ်က  အမေရိကန်သမ္မတ ဘီလ်ကလင် တန်ကခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံသို့လာရောက် စဉ်က သံအမတ်သာ ဖြစ်သေးသည်။