Monday, December 12, 2011

ကရင်နီပြည်သူများ၏ အကျိုးဖြစ်ထွန်းမှုလုံလောက်စွာ ရရှိခံစားနိုင်စေရန်အတွက် ဂျပန်အစိုးရမှ မြန်မာအစိုးရအား တွန်းအားဆောင်ရွက်ပေးသွားရန် လိုအပ်သည်ဟု KNPP က ဆိုသည်။

ကရင်နီပြည်နယ်ရှိ လောပိတအမှတ်-၂  ရေအားလျှပ်စစ်စက်ရုံကို ပြန်လည်မွမ်းမံပါက စက်ရုံအနီးတ၀ိုက်တွင် နေထိုင်သည့် ကရင်နီပြည်သူများ၏ အကျိုးဖြစ်ထွန်းမှုလုံလောက်စွာ ရရှိခံစားနိုင်စေရန်အတွက် ဂျပန်အစိုးရမှ မြန်မာအစိုးရအား တွန်းအားဆောင်ရွက်ပေးသွားရန် လိုအပ်သည်ဟု KNPP က ဆိုသည်။
“အထူးသဖြင့် ဒီဒေသတ၀ိုက်မှာနေထိုင်တဲ့ လူထုတွေဟာ စက်ရုံတည်ဆောက်တုန်းက အဓိက ဆိုးကျိုးခံခဲ့ရတဲ့လူတွေဖြစ်တယ်။ ထွက်လာတဲ့ရလဒ်ကလည်းပဲ သူတို့က အဓိက ခံစားရမယ့်လူ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် အဲသလို မဟုတ်ဘူးဗျ။ ကျနော်တို့ ကရင်နီပြည်သူတရပ်လုံးကလည်းပဲ မီးအလုံအလောက်ရတဲ့ အဆင့်မှာ မရှိဘူးဆိုတော့ ကျနော်တို့ အကျိုးခံစားခွင့်ဟာ ဒေသခံတွေမှာ ဘာမှ မရှိဘူး ဆိုတာကို ဂျပန်အစိုးရကိုပြန်ပြီး စဉ်းစားစေချင်တယ်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောသည်။
လွန်ခဲ့သည့် ၂၀၀၃-၄၊ ၂၀၀၆ ခုနှစ်များက ဂျပန်အစိုးရမှ လူမှုရေးစာနာထောက်ထားသည့် အကူအညီဖြင့် လောပိတရေအားလျှပ်စစ် စက်ရုံကို ပြန်လည်မွမ်းမံခဲ့ပြီးဖြစ်သော်လည်း ယခုအခါတွင် စက်ရုံတခုလုံးအား ပြန်လည်မွမ်းမံရန် လိုအပ်နေပြီဖြစ်သည်။ သို့သော် ယခုတခါ ဂျပန်အစိုးရအနေဖြင့် လောပိတရေအားလျှပ်စစ်အား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ - Oversea Development Assistance အထောက်အပံ့ဖြင့် ပြန်လည်မွမ်းမံရန် ထောက်ပံ့ကူညီသွားမည်ဆိုပါက အကျိုးခံစားခွင့်ရှိသူများအရေးကို ထည့်သွင်းစဉ်းစားပေးရန် လိုသည်ဟု ဆိုသည်။
KNPP အတွင်းရေးမှူး-၁ ခူဦးရယ် (ဓါတ်ပုံ-ကေတီ)
“စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဦးစွာ ခံစားရမည့်သူများ ဖြစ်သကဲ့သို့ အကျိုးရလဒ်ကို ဦးစားပေးစံစားရမည့်သူများ ဖြစ်သည်ကို ဂျပန်အစိုးရနှင့် ဗမာအစိုးရတို့အနေဖြင့် သိရှိထားသင့်ပြီး ကူညီပံ့ပိုးမှုကို အလေးပေးစဉ်းစားပေးသင့်ပါကြောင်း မိမိတို့မှ အလေးအနက်ထား တောင်းဆိုအပ်ပါသည်” ဟု KNPP မှ နိုဝင်ဘာလ ၆ ရက်နေ့ဖြင့် ထုတ်ပြန်လိုက်သော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရမှ လောပိတရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင်မွမ်းမံသွားမည့် လုပ်ငန်းစဉ်ကို မကန့်ကွက်သော်လည်း ရရှိလာသည့် အကျိုးကျေးဇူးများကို ကရင်နီပြည်သူများအနေနှင့် မျှဝေခံစားခွင့်ရရှိရန် မြန်မာအစိုးရကို ဖိအားပေးသည့်သဘောသာဖြစ်သည်ဟု ပြောသည်။
လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းစတင်တည်ဆောက်ခဲ့စဉ်က ဒေသခံကရင်နီပြည်သူ ၁၂၀၀၀ ကျော်တို့သည် မိမိတို့ နေရပ်ရင်းမှ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံခဲ့ကြရသည်။ မြန်မာအစိုးရမှ စီမံကိန်းလုံခြုံရေးကို အကြောင်းပြချက်ဖြင့် တပ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံနှင့် မြန်မာပြည်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားတာဝါတိုင်များ၏ လုံခြုံရေးတို့အတွက် မြေမြှုပ်မိုင်း အလုံးပေါင်း ၁၈၀၀၀ ခန့် ထောင်ထားခဲ့သည်ဟု နိုဝင်ဘာလ-၂ ရက်နေ့က ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ KDRG မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
“ဒီနေ့အထိ လောပိတ အနီးတ၀ိုက်မှာ မြေမြုပ်မိုင်းတွေ ရှိနေတုန်းပါပဲ” ဟု KDRG တာဝန်ခံ ခူတော်ရယ်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့၏ နှစ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြစဉ်က ကရင်နီပြည်နယ် လောပိတအရပ်တွင် တည်ဆောက်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စက်ရုံအား အိုဒီအေ အကူအညီဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရန် သဘောတူခဲ့ကြသည်။
မြန်မာပြည်၏ ဆိုးဝါးလှသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်နေခဲ့သည့်အတွက် ဂျပန်အစိုးရမှ မြန်မာပြည်အား ပေးနေသည့် အိုဒီအေအထောက်အပံ့ကို ၁၂နှစ်ခန့် ရပ်တန့်ထားပြီးမှ ယခုတခါ ပြန်လည်ပေးသွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
လောပိတ ရေအားလျှပ်စစ် စက်ရုံကို ၁၉၆၀ ခုနှစ်အနှောင်းပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အပေါ် တင်ရှိနေသည့် စစ်လျော်ကြေးဖြင့် ဂျပန်အစိုးရ၏ အကူအညီနှင့် စတင်တည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၆၈ မီဂါဝပ်ရှိ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးလျက်ရှိသည်။
ကရင်နီပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ်-၁နှင့် အမှတ်-၂ ဟူ၍ရှိသော်လည်း အဆိုပါစက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အားအများစုကို မြန်မာပြည်ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပြင် အစိုးရလုပ်ငန်းစက်မှုဇုံနယ်များတွင်သာ အဓိက ပို့ဆောင်အသုံးပြုနေပြီး ဒေသခံကရင်နီပြည်သူ ၈၀ ရာခိုင်နှုန်းမှာ ယနေ့တိုင် လျှပ်စစ်မီးများ ရရှိခံစားရခြင်းမရှိကြသေးကြောင်း သိရသည်။

မြန်မာစစ်သားတွေအသတ်ခံရ

အပြည်ပြည်ဆိုင်ရာ မြစ်ကြောင်းတွင်း ပူးတွဲကင်းလှည့်တပ်ဖွဲ့ ကင်းလှည့်နေတုန်း မဲခေါင်မြစ်တွင်းမှာ လက်နက်ကိုင် တပ် ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်သား ၃ ဦး အသတ်ခံရတယ်လို့ လုံခြုံရေးဆိုင်ရာ သတင်းရပ်ကွက်က ဆိုပါတယ်။ မြန်မာ၊ လာအို ပူးတွဲကင်းလှည့်တပ်ဖွဲ့ဟာ နော်ခမ်းခေါင်းဆောင်တယ်လို့ ယုံကြည်ရတဲ့ အဖွဲ့နဲ့ မနေ့က ရွှေတြိဂံဒေသ မြောက်ဘက် ကီလိုမီတာ ၂၀လောက်မှာ ရှိတဲ့ ဘန့်ဒုံဆမ်ပု အရပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အောက်တို ဘာလ ၅ ရက်က အဲဒီနားမှာပဲ တရုတ်သင်္ဘောသား ၁၃ ယောက် အသတ်ခံခဲ့ရပါသေးတယ်။
မဲခေါင်မြစ်ကြောင်းတလျှောက် လုံခြုံရေးပေးဖို့ တပ်ဖြန့်ထားတဲ့ မြန်မာနဲ့ လာအိုစစ်သားတွေနဲ့အတူ လုံခြုံရေးပူးတွဲ ယူ တဲ့အနေနဲ့ ယူနန်ပြည်နယ်၊ ကွမ်းလေဆိပ်ကမ်းကနေ ချင်းရိုင်းနယ်၊ ချင်းဆန်ဆိပ်ကမ်းကို ခုတ်မောင်းလာတဲ့ ပုဂ္ဂလိက ကုန်တင်သင်္ဘော ၉စင်း စောင့်ရှောက်ပေးဖို့ မော်တော်ဘုတ် ၁၁စင်းနဲ့အတူ လက်နက်ကိုင်ရဲတွေကို တရုတ်က ပို့ပေး ခဲ့ချိန်မှာ ဒီတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တရုတ်ပြည်က သူတို့ သင်္ဘောသာတွေသေဆုံးပြီးနောက်မှာ မြန်မာ၊ လာအို၊ ထိုင်းနဲ့ပူးတွဲဆောင်ရွက်ဖို့အတွက် မဲခေါင်မြစ်အတွင်းကင်းလှည့်ဖို့ မော်တော်ဘုတ်တွေနဲ့အတူ လက်နက်ကိုင်ရဲ အင်အား ၃၀၀ ကျော် ကို တပ်ဖြန့်ထားပါတယ်။
တရုတ်ပြည် ကွမ်းလေဆိပ်ကမ်းကနေ ရွှေတြိဂံထိ သွားလာတဲ့ မြစ်ကြောင်း ကင်းလှည့်တပ်ဖွဲ့နဲ့အတူ ထိုင်းအာဏာပိုင် တွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး သူတို့တာဝန်ကတော့ ရွှေတြိဂံကနေ ချင်းဆန်ဆိပ်ကမ်းထိ ကင်းလှည့်ဖို့ တဦး တည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။ တရုတ်သင်္ဘောသား ၁၃ ယောက်ဟာ တရုတ်နယ်စပ်တောင်ပိုင်း၊ မြစ်ကြောင်းပိုင်းမှာ အသတ်ခံရတာဖြစ်ပြီး တရုတ်က မူးယစ်ဆေးဝါး စစ်ပွဲ တွေနဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပြည့်နေတဲ့ ဒီဒေသကို ဖြတ်ပြီး တောင်ပိုင်းကိုသွားနေတဲ့ သင်္ဘောသားတွေနဲ့ကုန်တင် သင်္ဘောတွေ ဘေးကင်လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေပါတယ်။
ဒီတရုတ်သင်္ဘောသားတွေ အသတ်ခံရမှုနဲ့ ထိုင်းရဲတွေက စစ်သား ၉ ဦးကို ဖမ်းထားပါတယ်။ ထိုင်း၊ အမှတ် ၃ တပ်တော် ရဲ့ ဖမောန်အထူးတပ်ဖွဲ့မှာ တွဲဖက်ထားတဲ့ အရာရှိ ၉ယောက်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူတို့ကတော့ ဒီ စွဲဆိုချက်ကို ငြင်းပယ်ပြီး နော်ခမ်းခေါင်း ဆောင်တဲ့ ဗမာပြည်၊ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်နေတဲ့ ဂိုဏ်းမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ကနဦးထွက်ဆိုချက်မှာ သူတို့မဲခေါင်မြစ်ကြောင်းထဲ ၀င်တဲ့အချိန် မှာ အရာရှိ ၉ ဦးက ဟွာဖင်းနဲ့ ယုရှင်း သင်္ဘော ၈စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့တယ်။ သင်္ဘောပေါ်မှာ မြင်းဆေး (ယာဘ) အလုံးပေါင်း ၉၂၀,၀၀၀ တွေ့ခဲ့တယ်။ ရေထဲမှာ သင်္ဘောသားတွေရဲ့အလောင်းတွေတွေ့တော့ စစ်သားတွေဟာ လူသတ် သမားတွေအဖြစ် သံသယ ဖြစ်ခံရသူတွေ ဖြစ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သား ၉ ယောက်အပေါ် စွဲဆိုထားတဲ့ အမှုကို  စဉ်းစားပေးဖို့အတွက် အရှေ့နေချုပ်ရုံးကို အခု တင်ပြထားပါတယ်လို့ အမှတ် (၅) ရဲတိုင်း၊ ဒုတိယ အကြီးအကဲ ရဲ ဗိုလ်ချုပ် ဆစ်သီပေါန်ဆရီချန်ထာ့ပ် က မနေ့က ပြောပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ရှေ့နေတွေနဲ့ ရဲတွေပါတဲ့ အ ဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားပါတယ်လို့ ရဲဗိုလ်ချုပ် ဆစ်သီပေါန်က ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ နိုင်ငံခြားက သက်သေ တွေကို မေးမြန်းဖို့ လိုနေတုန်းပါပဲလို့ သူက ပြောပါတယ်။

ဒုက္ခသည် ၄၅၀၀ ကျော်သည် အစားအစာ၊ ရေနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည်များပြောသည်။

ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်တစ်လျှောက် ကန်ပိုင်တီနှင့် ဒဘက်ချောင်းကြား နယ်ခြားမှတ်တိုင် ၅ နှင့် ၁၄ ကြားရှိ ဒုက္ခသည် ၄၅၀၀ ကျော်သည် အစားအစာ၊ ရေနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည်များပြောသည်။

“မြစ်ကြီးနားမြို့ ဗန်းမော်ဘက်တော့ အဆင်ပြေတယ်လို့ကြားတယ်။ ကျွန်တော်တို့ကတော့ ချောင်မှာဆိုတော့ ဒီကနေထပ်ပြေးဖို့လည်းမရှိတော့၊ ခုလောလောဆယ်က စောင့်နေရုံပဲရှိတယ်။ ဆန်ကတော့ ရှန်လောတ် (KIO)တွေကပေးနေတာ၊ ဆန်တမျိုးထဲကိုတော့ အချိန်မှီ စားနိုင်အောင်စီစဉ်ပေးတယ်။ ကျန်တာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာစားတယ်။ ကျွန်တော်တို့က ဆရာတွေဆိုတော့ ကျွေးတာနဲ့ အသက်ဆက် ရှင်သန်နေကြတယ်။” ဟု နယ်ခြားမှတ်တိုင် ၁၃နှင့် ၁၄ ကြားရောက်ရှိနေသူ ခရစ်ယာန်ဓမ္မဆရာတစ်ဦးပြော သည်။

နယ်ခြားမှတ်တိုင် ၅ နှင့် ၆ ကြားတွင် ဒုက္ခသည် ၁၀၀ ကျော်၊ နယ်ခြားမှတ်တိုင် ၇ နှင့် ၈ ကြားတွင် ဒုက္ခသည် ၆၀၀ ကျော်၊ နယ်ခြားမှတ်တိုင် ၁၀ တွင် ဒုက္ခသည် ၁၀၀၀ ကျော်နှင့် နယ်ခြားမှတ်တိုင် ၁၃ နှင့် ၁၄ ကြားတွင် ဒုက္ခသည် ၂၆၀၀ ကျော် ရှိသည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းမှ ထိုဒုက္ခသည် ပေါင်း ၄၅၀၀ ကျော်သည် နိုဝင်ဘာလဆန်းပိုင်းမှ ထိုနေရာသို့ရောက်ရှိ၍ ယခုချိန်ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထောက်ပံ့သောဆန် (လူတဦးလျှင်တနေ့ ဆန်နို့ဆီ ၂ ဗူးနှုန်း)ကို အဓိက မှီခိုနေရသည်ဟု ဆိုသည်။

“အာလူးတောင်မစားနိုင်တော့ဘူး၊ အသားကတော့မပြောနဲ့တော့။ ကြာလာရင်တော့ ဒုက္ခရောက်ဖို့ပဲ။ ဘာမှ စိုက်ပျိုးလို့မရဘူး။ ခဏတဖြုတ်တော့ နေလို့ရတယ်။” ဟု ဆက်ဆိုသည်။

ထိုနယ်စပ် စခန်း ၄ ခုသည် တခုနှင့် တခုကြားတောင်ပေါ်ခရီးကို ဆိုင်ကယ်ဖြင့်သွားလျင် ၄ နာရီကြာ၍ မြောက်ဘက်အကျဆုံး မှတ်တိုင် ၅ နှင့် ၆ ကြားရှိစခန်းသည် အအေးဆုံးနှင့် စားဝတ်နေရေး အခက်ဆုံးဖြစ်သည်ဟု ပြောသည်။

“NGO တွေလာဖို့ရှိမယ်လို့တော့ထင်တယ်။ ကျွန်တော်တို့ ရောက်တာတော့ တလရှိပြီ။ လာရောက်လည်ပတ်ပြီးခွန်အားပေးကြပါ” ဟု  မှတ်တိုင် ၁၃ နှင့် ၁၄ ကြား ရောက်ရှိနေသူ ဆရာတဦးပြောသည်။

တရုတ်နိုင်ငံတွင် နေထိုင်သည့်ကချင်လူမျိုးများ လာရောက်လှူဒါန်းမှု အချို့ရှိသည်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီမရရှိဟု သိရသည်။

ထိုဒုက္ခသည်စခန်းများအတွက် တစ်ခုတည်းသောဆေးပေးခန်းမှာ ဇိုင်းအောင်စခန်းအနီး မုန်ဂါဇွပ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဖွဲ့လှစ်ထားသောဆေးခန်းငယ်တစ်ခုဖြစ်ပြီး ကိရိယာတန်ဆာပလာမပြည့်စုံဘဲ ဆေးဝါးများသည် စားပွဲခုံတလုံးပေါ်တွင် တင်ထားသမျှသာဖြစ်သည်ဟု ဆိုသည်။

“အဆင်မပြေတဲ့နေရာမှာ ဒုတိယလိုက်တာက သောက်ရေ၊ ရေက အောက်ဘက်မှာ သေးသေးလေး။ လူက ရာချီပြီးခပ်သောက်၊ အဲမှာ အချင်းချင်းပြန်တိုး၊ တိုက်ကြ။  ရေတခါ ခပ်နိုင်ဖို့အရေး နာရီိပိုင်းနဲ့စောင့်ရတာ။” ဟု သောက်ရေသုံးရေ အခက်အခဲကို ဇိုင်းအောင်စခန်းမှ ကချင်သတင်းဌာနသို့ ပြောသည်။

ယခုချိန် ထိုဒုက္ခသည်စခန်းများသို့ ၀ိုင်းမော်မြို့နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်ပြေးလာကြသူများ ရောက်လာနေကြဆဲဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ၆ လကျော်ကြာ မြန်မာအစိုးရတပ်နှင့် KIO ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြသူများ ၅၀၀၀၀ ကျော်ပြီဟု WPN မှ ပြောသည်။

စင်္ကာပူရောက် မြန်မာ အမျိုးသမီး တစ်ဦးလို့ ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့်


စင်္ကာပူရောက် မြန်မာ အမျိုးသမီး တစ်ဦးလို့ ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံ တင်ထားရကြောင်း စင်္ကာပူ သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေး အေဂျင်စီမှ ထွက်ပြေး လာတာဖြစ်ပါတယ်။ မျက်မြင်များ၏ ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့ အစွန်းက ပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကို ဆန့်တန်းကာ အောက်ကို ခုန်ချတာလို့ သိရပါတယ်။
တက်စီမောင်းသူ တစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုး သမီးဟာ ပြုတ်ကျလာတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်း ကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကို လျော့ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေ လမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကို ပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာ ရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီး လုံးဝလှုပ် ရှားခွင့် မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ်အကူ အမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေဂီတပွဲတော်ရက်ရွှေဆိုင်း

။ ‘ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပရန် ကြေငြာထားသော်လည်း ပွဲမိန့် မရသဖြင့် ကျင်းပမည့်ရက်အား ဒီဇင်ဘာလ နောက်ဆုံးအပါတ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေး
ကော်မတီက ပြောသည်။ 

“သေချာကတော့ ၁၅ ရက်နေ့မှာ မလုပ်နိုင်တော့ဘူး။ နောက်ထပ် မရွှေ့ရအောင် ရက်ကို ကျနော်တို့ ညှိနေတုန်းပါ။ ပွဲခွင့်ပြုမိန့်ကိစ္စကို ကြိုးစားရင်းက ရက်ရွှေ့ရတာပါ” ဟု   ပွဲဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးမှူး ဦးအုန်းကြိုင် က ပြောသည်။ ရန်ပုံငွေ ဂီတပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ပြန်လည် သတ်မှတ်ကာ ကြေငြာပေး မည်ဟု ဆိုသည်။

ယင်းရန်ပုံငွေ ဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၊ ပညာရေးကွန်ယက် အဖွဲ့များနှင့် အနုပညာရှင် များက ပူးပေါင်းစီစဉ်ကြခြင်း ဖြစ်သည်။

dhome4
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ သောကြာနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီကတွေဆုံစဉ်

ဂီတပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်ရန်အတွက်  အားကစားကွင်း တာဝန် ရှိသူများနှင့် ကြိုတင် ညှိနှိုင်းရယူခဲ့သော်လည်း အားကစားကွင်း မအားလပ်သဖြင့် ပွဲအစီအစဉ်များ ဖျက်သိမ်းပေးရန်  ဒီဇင်္ဘာလ ၉ ရက်နေ့က ပွဲဖြစ်မြောက်ရေးကော်မတီထံ အားကစားကွင်း တာဝန်ရှိသူများက ဆက်သွယ် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရထံသို့လည်း လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် ပွဲကျင်းပခွင့် အတွက် ဒီဇင်ဘာလ ၂ ရက်နေ့က လျှောက်ထားခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပေ။ 
nldmove
NLD ဦးစီးကျင်းပသော ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်မှာ ပွဲမိန့်မရသဖြင့် ရက်ပြောင်းရွှေ့ သတ်မှတ်ရ (ဓါတ်ပုံ /nldburma.org)

“အနုပညာရှင်တွေက ကျနော်တို့ကို ကူညီရတာဆိုတော့ သူတို့ မအားတဲ့ကြားက အချိန်တွေ ပြန်ညှိရတယ်။ ရက်ရွှေ့လိုက်တော့ ရောင်းထားတဲ့ လက်မှတ်တွေအတွက်လည်း ပြန်တောင်းပန်ပြီး ဒီဇင်ဘာ နောက်ဆုံးပတ်ထဲမှာ လုပ်မယ်ဆိုပြီး ပြောပြနေရတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းက ပြောသည်။ 

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားများ ပညာရေးအတွက် ကူညီရန် ဂီတရန်ပုံငွေပွဲ ကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲတွင် Emperor ၊ Metalzone ၊ Lazy Club ၊ Big Bag ၊  Plus 3 ၊ Spectrum ၊ Reason ၊ Wanted ၊ Vertical Vibration ၊ The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅၀ ကျော်က
မေတ္တာဖြင့် ကူညီသီဆိုကြမည် ဖြစ်သည်။

ပွဲလက်မှတ် ဈေးနှုန်များမှာ ကျပ် ငါးထောင်မှ ကျပ်သုံးသောင်းအထိ ရှိပြီး ကြိုတင်လတ်မှတ် ရောင်းချထားရာ ကျပ် ၁၅ သိန်းခန့် ရရှိထားသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

ဂီတလောကသားတွေရဲ့ပြသနာဘယ်တော့ရှင်းပေးနိုင်မလဲ


ဂီတလောကသားတွေရဲ့ မကျေလည်မှု ဘယ်တော့ရှင်းပေးနိုင်မလဲ
ဘက်ပေါင်းစုံက ပွင့်လင်း မြင်သာမှုတွေ ရှိလာပြီဆိုတဲ့ လက်ရှိအစိုးရလက်ထပ်မှာ ရုပ်ရှင်လောကသားတွေကတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့အတူ  ရုပ်ရှင်ဆင်ဆာ မူဝါဒနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။

အဆိုတော် သားစိုး
ဒါပေမယ့် ဂီတလောကသားတွေ အကြားမှာတော့ မကျေလည်တဲ့ အသံတွေ ကြားနေရဆဲဖြစ်ပါတယ်။
ဂီတအစည်းအရုံးကနေပြီး ဂီတသမားတွေ ဖန်တီးသီဆိုထားတဲ့ တေးသီချင်းတွေကို ဘယ်နေရာမှာမဆို စီးပွားရေးအရ သုံးစွဲခွင့်နဲ့ ပတ်သက်လို့ အလွှာလိုက် ပေးဆောင် အသုံးပြုကြမယ် ဆိုပေမယ့် အဲဒီကိစ္စကို ဘာမှ ဆောင်ရွက်မပေးမှုအပေါ် အဆိုတော် သားစိုးနဲ့ ဂီတ လောကသား တချို့က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
“သီချင်းတွေကို အလွှာလိုက် ဆောင်ရွက်ပေးမယ်ဆိုပြီး ဖြစ်မလာတာ ကျနော်တယောက်တည်းတင်မဟုတ်ဘူး။ တခြားဂီတသမားတွေလည်း အဲဒီကိစ္စကို သိချင်နေကြတယ်။ ဂီတအစည်းအရုံးအနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေး စေချင်ပါတယ်” လို့ သားစိုးက ပြောပါတယ်။
ဂီတအစည်းအရုံးအနေနဲ့ သီချင်းတပုဒ်ကို စီးပွားရေးအရ အသုံးပြုတော့မယ်ဆိုတာနဲ့ ရေး၊ ဆို၊ တီး၊ အသံဖမ်း၊ ဖြန့်ချိစသဖြင့် အလွှာ အသီးသီးအလိုက်ကို သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေးဆောင် အသုံးပြုရမယ်ဆိုပြီး သတ်မှတ်ပေးထားခဲ့တာပါ။
“၂၀၀၉ ခုနှစ် နှစ်ကုန်တုန်းကပဲ FM တွေက ကျနော့်သီချင်းကို ထုတ်လွှင့်ခအဖြစ် တနှစ်လုံးစာ အတွက် ကျပ် ၈၀၀၀ ပေးဖူးပါတယ်။ အဲဒီကစပြီး မရလိုက်တာ အခု ၂၀၁၁ နှစ်ကုန်အထိပါပဲ” လို့ သူက ဆိုပါတယ်။
ပြည်တွင်းထုတ် ဂျာနယ်တွေမှာတော့ ဂီတအစည်းအရုံးက FM ရေဒီယိုတွေမှာ တေးသီချင်း သုံးစွဲမယ်ဆိုရင် သုံးစွဲခအဖြစ် မည်ရွေ့ မည်မျှ ပေးဆောင်သုံးစွဲမယ် ဆိုတာကို ဂီတအစည်းအရုံးအနေနဲ့ ဖြေရှင်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ရေးထားတာ တွေ့ရပေမယ့်လည်း ယခုလက်ရှိမှာတော့ အဆိုတော်သားစိုးက FM အသံလွှင့်ဌာနတွေ၊ ပြည်တွင်း ရုပ်သံဌာနတွေက သူတို့ရဲ့ တေးသီချင်းတွေကို အသိပေးခြင်းမရှိဘဲ သုံးချင်သလို အသုံးပြုတယ်လို့ ပြောနေပါပြီ။
“FM တွေ အပါအဝင် MRTV 4 တို့ Sky Net တို့လို တီဗီ Channelတွေ က သီချင်းတွေကို ကျနော်တို့ဆီက ၀ယ်ပြီးလွှင့်ရမှာကို လွှင့်ချင်သလို လွှင့်ပြီးမှ ဂီတ အစည်းအရုံးကို လာပြီးရှင်းတယ်။ ပြောင်းပြန်ဖြစ်နေပါတယ်” လို့ သားစိုးက ဆိုပါတယ်။
City FM (ရန်ကုန်) စတင် တည်ထောင်ကာစ အချိန်ကလည်း တေးသီချင်းတွေကို ဖန်တီးသီဆိုသူတွေကို အသိမပေးဘဲ သုံးစွဲခဲ့တဲ့အတွက် ဂီတအနုပညာရှင် အယောက် ၂၀ ကျော် ကန့်ကွက် လက်မှတ်ထိုးပြီး သူတို့ရဲ့ တေးသီချင်းတွေကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ဖူးတဲ့ သာဓကရှိခဲ့ဖူး ပါတယ်။
အဲဒီလို ကန့်ကွက်မှုတွေကြောင့် City FM အနေနဲ့ ကန့်ကွက်ထားတဲ့ အနုပညာရှင်တွေရဲ့ တေးသီချင်းတွေကို ရှောင်ပြီး ထုတ်လွှင့်ခဲ့ရဖူးတာလည်း ရှိခဲ့ပါတယ်။
“City FM ဥက္ကဋ္ဌ ဦးလှမြင့်ဆွေက အဲဒီလို ကန့်ကွက် လက်မှတ်ထိုးထားတဲ့ တေးရေးတွေ၊ အဆိုတော်တွေရဲ့ နာမည်ပါတဲ့ ကြော်ငြာဘုတ်တွေ ဆိုရင် ရန်ကုန်မြို့တွင်းမှာရှိတဲ့ စည်ပင် နယ်နိမိတ် အတွင်းမှာ ထောင်ခွင့် မပေးဘူး” လို့ တေးရေး ဆရာတဦးက ပြောဖူးပါတယ်။
အဲဒီလို တေးရေးတေးဆို နာမည်ပါတဲ့ ကြော်ငြာဘုတ်တွေကို ရန်ကုန်မြို့တွင်းမှာ ထောင်ခွင့်မရတဲ့အတွက် ထုတ်လုပ်သူ အခက်အခဲ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ခိုးကူးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်အစည်းအရုံးက လွှတ်တော်အထိ တင်ပြထားပြီးပေမယ့်လည်း ဂီတအစည်းအရုံး အနေနဲ့တော့ ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကိုလည်း အဆိုတော်သားစိုးက ပြောပါတယ်။
ရုပ်ရှင် အစည်းအရုံးလိုပဲ ဂီတအစည်းအရုံးအနေနဲ့လည်း ဖြေရှင်းစရာတွေ ရှိနေသေးတဲ့အတွက် အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ဂီတလောကသားတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စီစဉ်တဲ့ပွဲ ဇော်ဝင်းထွဋ်လည်းပါမယ်
ဒီဇင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းမှာ အဆိုတော် အနုပညာရှင်များ၊ တေးဂီတ၀ိုင်းများစွာ ပါဝင်ပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပမယ် ဆိုတဲ့ ဂီတပွဲကြီးက ပါမစ်မရသလိုလို၊ ပွဲပျက်မလိုလို သတင်းကြားနေပါတယ်။

အဆိုတော် ဇော်ဝင်းထွဋ်
ဒါပေမယ့် အဲဒီပွဲ ကျင်းပဖြစ်ရင် အင်ပါယာတီးဝိုင်းနဲ့အတူ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်လည်း ပါဝင် သီဆိုမယ်လို့ ပြောပါတယ်။
“ကျနော်က တပုဒ် နှစ်ပုဒ် ၀င်ဆိုဖြစ်မယ်။ တီးဝိုင်းစီစဉ်ပေးမယ်” လို့ ဇော်ဝင်းထွဋ်ကဆိုပါတယ်။
ဒီဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံမှာ ရှိသမျှသော တေးဂီတ၀ိုင်းများစွာ ပါဝင်မှာဖြစ်ပြီး အဆိုတော် အနုပညာရှင်ပေါင်း ခန့်မှန်းခြေ ၅၀ နီးပါးလောက် သီဆို ပါဝင်မှာပါ။
ဒီဖျော်ဖြေပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ကျင်းပမှာဖြစ်ပြီးတော့ ပြည်ထောင်စု တိုင်းရင်းသားတွေအတွက် ပညာရေး ရန်ပုံငွေ အဖြစ် ဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။
“အရင်ကဆိုရင် တို့မြန်မာပြည်မှာ တခုခုလုပ်မယ်ဆိုရင် ဟိုဟာကြောက်ရ၊ ဒီဟာကြောက်ရ။ ဟိုမျက်နှာကြည့်ရ ဒီမျက်နှာကြည့်ရတွေက တအားများခဲ့တာကိုး။ အခုက အဲလိုမဟုတ်ဘဲ ဖေးဖေးမမနဲ့၊ စိတ်တူကိုယ်တူနဲ့ အထူးသဖြင့် အန်တီစုရဲ့ အိုင်ဒီယာတွေ အများကြီးပါပါတယ်။ အန်တီက လုပ်စေချင်တာကိုး။ အဓိကက ပိုက်ဆံရှာတာထက် ပြန်လည် စည်းလုံးညီညွတ်စေတာ မျိုးကို သူက လိုချင်တာ” လို့ အဆိုတော် ဇော်ဝင်းထွဋ်က ဆိုပါတယ်။
သူ့အနေနဲ့ အနုပညာရှင် အများအပြားပါဝင်မယ့် စိတ်ဓာတ်ခွန်အား နိုးကြားစေနိုင်တဲ့ တေးစီးရီးမှာလည်း ပါဝင် သီဆိုသွားဦးမှာလို့ ပြောပါတယ်။
တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ဟာ “မဟာ” တေးစီးရီးခွေ ထွက်ရှိပြီးတဲ့ နောက် အဲဒီအခွေထဲက အစိုးရရဲ့ ပေါ်လစီသီချင်းတွေကြောင့် ပရိသတ် တချို့ရဲ့ ပြစ်တင် ဝေဖန်သံတွေနဲ့ အတူ အောင်မြင်မှုတွေ မှေးမှိန်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူး ပါတယ်။
ယင်းကဲ့သုပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာအများဆုံးရရှိခဲ့ဖူးတဲ့ အဆိုတော် စိုင်းထီးဆိုင်ဟာလည်း တေးရေးမြသန်းစံရေးစပ်တဲ့ စစ်အစိုးရ အကျိုးပြုပေါ်လစီ တေးသီချင်းတွေ သီဆိုခဲ့ သည့်နောက်ပိုင်း ပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာလျော့နည်းသွားခဲ့တာတော့ အမှန်ပါ။
၁၅ ရက်နေ့ပွဲကို ပရိသတ်က မျှော်လင့်နေသလို ပါဝင်မယ့် ဂီတပညာရှင်တွေလည်း တော်တော်လေး စိတ်အား ထက်သန်နေတာ တွေ့ရပါတယ်။
ဒီပွဲ မပျက်ပါစေနဲ့လို့ ဆုတောင်းရင်း …။

သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွှန်ကြားစာ ပို့ထားကြောင်း သိရသည်။

။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွှန်ကြားစာ ပို့ထားကြောင်း သိရသည်။ 

ကချင် စစ်ပြေးရှောင် ဒုက္ခသည်များအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံး အကြိမ်
ငွေကျပ် သိန်း ၇၀၀ နှင့် အဝတ်အထည်များ ပေးအပ်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို တနင်္လာနေ့က ပြုလုပ်ရာ၌ ၎င်းစာအား ကချင်ပြည်နယ် ဝန်ကြီးချုပ်  ဦးလဂျွန်ငံဆိုင်းက ဖတ်ပြခဲ့ခြင်း ဖြစ်သည်။ 

“ကယ်ဆယ်ရေး အလှူငွေ ပေးအပ်ပွဲလုပ်ရင်းနဲ့ ဂျာနယ်သတင်းထောက်တွေကို ရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိက
တော့ တပ်ထိုးစစ်မဆင်ဖို့၊ ခုခံတိုက်ခိုက်ရုံမှလွဲပြီးမှ စစ်ကြောင်းမထိုးဖို့၊ သွားပြီးတော့မှ မတိုက်ဖို့ဆိုတဲ့ စာဖတ်ပြ တာပါ။”ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။ 

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခြင်းဖြစ်ကာ  နံနက် ၈ နာရီမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ပြည်နယ်နယ်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာဝန်များများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းထောက်များအပါအဝင် စုစုပေါင်း လူ ၆ဝဝ ကျော် တက်ရောက်ခဲ့သည်။ 

“ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဦးစီးဦးဆောင်တွေ အလုပ်လုပ်နေတာ ဖြစ်တယ်။  အချင်းချင်း အထင်မှားအမြင်မှားမဖြစ်ဖို့။” ဟု အခမ်းအနား တက်ရောက်သူ မြစ်ကြီးနားမြို့ခံတဦးက ဆိုသည်။ 

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကမူ အဆိုပါညွှန်ကြားစာနှင့်ပတ်သက်၍ တရားဝင် မသိရသေးကြောင်းနှင့် အစိုးရဘက်မှ ဆက်လက် ထိုးစစ်ဆင်နေပြီး  ယနေ့ထိ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။ 

“ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်းဘဲ။ အခု တပ်အင်အားတွေ ထပ်တိုးချဲ့မယ့် အစီအစဉ်တွေလည်း ရှိနေသေးတယ်။ မနက်ဖြန်လည်း စောင့်ကြည့်ရမယ်။ ဒါပေမယ့် သူတို့ အစိုးရတပ် ကျနော်တို့ နယ်မြေထဲမှာ ဝင်ရောက်နေတယ် ဆိုရင်လည်း မရဘူး။ ကျနော်တို့က လုပ်သင့်တာ ဆက်လုပ်ရမှာပဲ။” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နယ်မြေအတွင်း ယနေ့ထိ တိုက်ပွဲများ ဆက်လက်
ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု KIO စစ်ဘက်သတင်းများအရ သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း ယခုလ ၁ဝ ရက်နေ့မှ စတင်၍ KIA ၏ တပ်ရင်း ၉ နယ်မြေအတွင်းသို့ အစိုးရတပ်များ ယနေ့ထိ ဝင်ရောက်လာနေဆဲဖြစ်သည်ဟုလည်း သိရသည်။ 

“ကွတ်ခိုင်နယ် ဟူးဖြတ်ဒေသဘက်မှာ လက်နက်အပြည့်ပါလာတဲ့ လားတွေနဲ့ စစ်သား ၁ဝဝ ကျော် တနေ့ကနေ ကျနော်တို့ ရင်း ၉ နယ်ဘက်ကို ဝင်လာနေတာဘဲ။ သမ္မတက စာပို့တယ်ဆိုရင်လည်း ဒီနေ့ ၁၂ ရက်လေ။ စစ်ရေး လှုပ်ရှားမှုက လုံးဝ မရပ်သေးဘူး။ ထိုးစစ်ဆင်နေတဲ့ တပ်တွေဆုတ်တာ မရှိသေးဘူး။ အစိုးရက အမြဲတမ်း လိမ်နေ
တော့ ပြောတာနဲ့လုပ်တာ တခြားစီပဲ။”ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္စျိမကို ပြောသည်။