Sunday, May 13, 2012

ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို



မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းဌာနများကိုပြောပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း SSA တပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်း SSDP တပ် အပါအ၀င် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
"ကျွန်တော်တို့ ဒီအပစ်ရပ်ထားတဲ့ UNFC အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ အပစ်ရပ်ထားတဲ့ သဘောတူညီချက်တာဝန် ရှေ့လုပ်ရမည့် လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ ဒီဟာကို ထုတ်ဖော်တာပါ။ ကချင်မှာ အပစ်ရပ်ဖို့ပေါ့။ အပစ်မရပ်ဘူး ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေ ဆက်ပြီးတော့ အပစ်ရပ်တာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောမျိုး၊ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ သဘောမျိုး တင်ပြတာပါ" လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေဟာ ဒေသတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပြီး နိုင်ငံခြား အကျိုးစီးပွားအတွက် တိုင်းရင်းသား အချင်းချင်းအပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေ ဖန်တီးနေတဲ့အပေါ် UNFC အဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ပွဲတွေ မရပ်တန့်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ မလုပ်ဘဲ စောင့်ကြည့် အကဲခတ်ဖို့ UNFC အနေနဲ့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်



မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။ "ဒါကအင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ ကတော့ ကြိုဆိုတယ်။ ကျွန်တော်တခု ပြောချင်တာကတော့ ပြည်ပမှာ ရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ် တိုင်းပြည်အတွက် ပြန်ပြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ် ဆိုရင် အဲဒီသူတို့ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုတော့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည် အတွက်ကတော့ သူတို့ ပြန်လာမယ် ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်း ရှိနေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ် ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့ ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေ ရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲဝင်ဝင် ပြန်လုပ်မယ် ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ ပဲများပါတယ်။ အကျိုး ဆုတ်ယုတ်စရာဘာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။" နိုင်ငံတကာက မိမိတို့ နိုင်ငံကို ကူညီထောက်ပံ့မှုများ ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ၀န်ကြီး ဌာနများနဲ့  အစိုးရအဖွဲ့ အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ စီမံကိန်းများ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့  လည်း သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။

ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ



ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။ "ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။" အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။ အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ သတင်းဌာနများကဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက - သူ မကြားသိတဲ့အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး သတင်းဌာနဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရပါတယ်။ အောင်ရွှေဆိုင် ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။ "တယောက်က ယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကို တက်တယ်။ ကားသမားကို ၀ိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ မထောက်တာလည်း မတွေ့ပါဘူး ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီးလုပ် သွားတာ။ ဂတ်ရှေ့မှာဗျ။" အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအ၀င် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်း က တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

Friday, May 11, 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မေလမှစပြီး လုံခြုံရေး တင်းကြပ်လာပြီဟု မြစ်ကြီးနား ဒေသခံများပြောသည်။


ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် အစိုးရက ပိုမိုလုံခြုံရေး တင်းကြပ်လာသည့်အနေဖြင့် ရပ်ကွက်တိုင်းတွင် အလည့်ကျ ည ကင်းစောင့်ခိုင်းသည်ဟု ဒူကထောင် ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ယခု လဆန်းမှစပြီး ရပ်ကွက်တိုင်းတွင် တစ်အိမ် တစ်ယောက်ဖြင့် ညတိုင်း လူ ၅ ယောက်စီ အလည့်ကျ စောင့်ရကြောင်းနှင့် အကယ်၍ တစ်အိမ်မှ တစ်ယောက်မသွားပါက အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။


“ရပ်ကွက်တိုင်းမှာ ကင်းစောင့်ဖို့ နေရာလုပ်ထားတယ်။ အဲဒီနေရာမှာ အလေ့ကျသွားစောင့်ရတယ်။ တစ်အိမ် တစ်ယောက် တစ်ညကို ၄၊ ၅ ယောက်သွားစောင့်ရတယ်။ တစ်အိမ်က တစ်ယောက်မသွားဘူးဆိုရင် အရေးယူမှာတဲ့။ ဘယ်လို အရေးယူမယ်ဆိုတာက မသိသေးဘူး။ အခုချိန်ထိတော့ အရေးယူခံရတာ မရှိသေးဘူး။ ရပ်ကွက်လူကြီးတွေ အမိန့်ပေးတာပဲရှိသေးတယ်။” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဂိတ်များနှင့် ရပ်ကွက်အ၀င်အထွက်ပေါက်များတွင်လည်း ညနေ ၇ နာရီ နောက်ပိုင်း ဆယ်ကယ်ဖြင့်သွားလာသူများကို ညကင်းများ၊ မီးတပ်နှင့် ရဲများမှ မော်တော်ဆိုင်ကယ် ထိုင်ခုံအဖုံးများဖွင့်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သီတာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ပတ် မေ ၅ ရက်နေ့ ညတွင်လည်း အမြောက်ကားကြီး ၂ စီးဖြင့် အစိုးရစစ်သားများနှင့် ရဲများက မြစ်ကြီးနားမြို့တွင်း လည့်ပတ်သွားလာသည်ကို မြင်ရသည်ဟု စီတာပူရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

“ရှေ့မှာတော့ ရဲကားတစ်စီးအရင်သွားတယ်။ အဲဒီနောက်မှာ အမြောက်ကား ၂ စီး၊ အဲဒီနောက်မှာတော့ ဆိုင်ကယ်နဲ့ စစ်သားတွေသွားတယ်။ စစ်သားတွေရဲ့နောက်မှာတော့ ရဲကားတစ်စီးပြန်သွားတယ်။ အဲဒီလို လမ်းမကြီးအတိုင်း လည့်ပတ်ကြတာဟုတ်တယ်။” ဟု ၎င်းကပြောသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုများဖြစ်ပေါ်တိုင်း နိုင်ငံပိုင်အစိုးရသတင်းစာများတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကိုစွပ်စွဲထားသော်လည်း KIA က မြန်မာအစိုးရ စစ်ရေးပစ်မှတ်များမှတပါး လက်နက်မဲ့ပြည်သူများကို တိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။



 မြန်မာ့လေကြောင်းက
ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန်  စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။


လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။


မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။


“မြန်မာနိုင်ငံအတွင်း လူစီးများပြီး ခေါက်ရေများများ ပြေးဆွဲနေရတဲ့ ခရီးစဉ်လမ်းကြောင်းတွေအတွက် ကိုလည်း စင်းလုံးငှား လေယာဉ်တွေစီစဉ်သွားမယ်”ဟု မြန်မာ့လေကြောင်းရုံးချုပ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။


လေယာဉ်များကို ငှားရမ်းအသုံးပြုလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့လေကြောင်းသို့ ဆက်သွယ် ငှားရမ်း ရမည်ဖြစ်သည်။


အဆိုပါ လေယာဉ်စင်းလုံး ငှားရမ်းခနှုန်းထားမှာ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀) ကျသင့်မည်ဖြစ်ပြီး   မြန်မာကျပ်ငွေဖြင့်လည်းပေးချေနိုင်ပြီး ငှားရမ်းမည်ဆိုပါက ခရီးစဉ် အသွား၊အပြန် အပြင်စောင့်ဆိုင်းခအပါအ၀င် စုစုပေါင်းကြာချိန် (၃)နာရီအားဋ္ဌားရမ်းအသုံးပြုနိုင်မည်ဖြစ်ပြီး အကယ်၍ သတ်မှတ်နာရီထက်ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏   (၃၀)ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။


စင်းလုံးငှားလေယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းများ၊ အရေးပေါ်လူနာများအတွက်စင်းလုံးငှားရမ်းမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၊ရေနံတူးဖော်ရေးလုပ်ငန်းစသည့် လုပ်ငန်းများတွင်းလည်း ငှားရမ်းနိုင်ကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်မှဒုတိယအဆင့်မဟာဗူဟာရေးဆွဲရန်မှာကြား

ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် င်းလဲဒုတိယအဆင့် မဟာဗျူဟာ ရေးဆွဲကာ ပြုပြင်ပြောမှုများ လုပ်သွားရန် သောကြာနေ့နံနက် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန် မှာကြားသွားသည်ဟု သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

“အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ရှေးကနှင့်မတူဘဲ စိတ်ဓါတ်အရ၊ လူမှုဆက်ဆံရေးအရ ပြည်သူ့အကျိုး စီးပွားအတွက် ပြည်သူများကို မိမိတို့မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူ မလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက္က ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” ဟု ဦးသိန်းစိန်က ညွှန်ကြား သွားသည်။

ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားသည်။
p
“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။

ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတ က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး
ဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်”
ပြောဆိုသွားသည်။

သောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိသည်။

မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ် သတင်းစာရှင်းလင်းပွဲပြုလုပ်



ကလိုထူးဘော (ယခင် DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ခေါ်ဗိုလ်နှုတ်ခမ်းမွေးအား ထိုင်းနိုင်ငံမှ မူးယစ်ရာဇာစာရင်းထဲ ထည့်သွင်းကာ ဆုငွေထုတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းသတင်းမီဒီယာများအား ဖိတ်ကြား၍ ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားသည်။
သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယနေ့နံနက် ၉နာရီခွဲမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့ပြီး ၎င်းတို့လက်နက်ကိုင် အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး
ကိစ္စနှင့် လုံးဝပတ်သက်ခြင်းမရှိပဲ နယ်စပ်အကောက်အခွန်၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မိုင်းတွင်းတူးဖေါ်သည့် လုပ်ငန်းများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးဆန်းအောင်က ရှင်းလင်းပြောဆိုသွားသည်။
မူးယစ်ဆေးဝါး နှင့်ပတ်သက်သည်ဟု ထိုင်းနိုင်ငံ၏ သံသယကို ရှင်းလင်းသွားစေရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဋ္ဌာနတို့ပူးပေါင်း၍ လာရောက်စစ်ဆေးမေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်သည်ဟုလည်း ရှင်းလင်းပွဲတွင် ပြောသည်။
ကလိုထူးဘော အဖွဲ့အား ထိုင်းအစိုးရမှ ယခုကဲ့သို့ စွပ်စွဲသည့်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပင်ရန် မြန်မာအစိုးရသို့ အဆိုပြုသွားမည်ဟု
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း ယခုလောလောဆယ် မဟုတ်သေးကြောင်းလည်း သတင်းထောက်တဦး၏ မေးမြန်းချက်ကိုဖြေကြား ပြောဆိုသွားသည်။
 
ကလိုထူးဘော အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး (ဓါတ်ပုံ-သူရမျိုး YPI)
ကလိုထူးဘောခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်အား ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးစာရင်းထဲတွင် ပါဝင်နေသည်ဟု ထိုင်းနိုင်ငံ ချယ်နယ် (၃) ရုပ်သံ ဧပြီလ ၂၀ ရက်နေ့ကထုတ်လွှင့်သွားခဲ့ပြီးနောက် ကလိုထူးဘောအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ယခုလို သတင်းမီဒီယာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းမီဒီယာများမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ချယ်နယ် ၃ ရုပ်သံအပါအ၀င် သတင်းမီဒီယာသမားများပါ
တက်ရောက်ခဲ့ကြသည်။
ကလိုထူးဘောအဖွဲ့ (ယခင် ဒီကေဘီအေ) အဖွဲ့သည့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (ကေအန်ယူ) အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့တဖွဲ့ဖြစ်ကာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့်ငြိမ်းချမ်းရေး ပျက်ပြားကာ မြ၀တီမြို့ကို တိုက်ခိုက်ခဲ့သည်။ ၎င်းနောက် ယခုနှစ်အစောပိုင်းတွင်
အစိုးရနှင့်ငြိမ်းချမ်းရေးပြန်လည် ရယူခဲ့သည်။       ။