Friday, June 1, 2012

မြစ်ဆုံရေကာတာ စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က စိုင်းပြင်းနေသ

ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က စိုင်းပြင်းနေသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက် တောင်းဆိုမှုများ
ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD မှ မေလ ၃ဝ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ KDNG က သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ICOLD အဖွဲ့က မြစ်ဆုံရေကာတာစီမံကိန်း သုံးသပ်တာကို တိုက်ရိုက်ပါဝင်မှု မရှိဘူး ဆိုတာ ထုတ်ပြန်တယ်။ ဒါပေမယ့် CPI က သူတို့ မြစ်ဆုံမှာ လေ့လာမှုလုပ်ဖို့ တောင်းဆိုခဲ့တာတော့ မှန်တယ်ဆိုတာကို ထုတ်ပြန်ထားတယ်” ဟု KDNG ပြောရေးဆိုခွင့် ရှိသူ မဆိုင်းမိုင်က ပြောသည်။
myintson
ICOLD ၏ ထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက် သူတွေဟာ သူတို့ လုပ်ငန်းတွေကို လာရောက်အကဲဖြတ်ဖို့အတွက် နိုင်ငံတကာက ရေကာတာကြီးတွေ ဆောက်လုပ်ရေးနဲ့ စီမံခန့်ခွဲမှုရေးရာ သဘာရင့် ကျွမ်းကျင်သူတွေကို တိုက်ရိုက် မေတ္တာရပ်ခံထားသည်” ဟု ဖော်ပြပါရှိသည်။

CPI မှ မြစ်ဆုံရေကာတာ အပေါ် လေ့လာသုံးသပ်မှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုထားကြောင်း KDNG က ဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချရမှု ရှိသည့်အပြင် အကျိုးရလဒ်များစွာ ရှိကြောင်း သက်သေပြရန် အတွက် ICOLD က ပြန်လည် သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့် မေလ အအစောပိုင်းက တရုတ်သတင်းဌာန တခုတွင် CPI က ပြောဆိုသည်ဟု KDNG က ဆိုသည်။

ထို့ပြင် မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာ အစိုးရနှင့် CPI အကြိမ်ကြိမ်
ပြောဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်က ပြည်သူလူထုဆန္ဒအရ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားမှုကို CPI က စီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသဖြင့် မြန်မာအစိုးရက ဆိုင်းငံ့ ထားမှုအပေါ် “မထီမဲ့မြင် လုပ်တာပဲ” ဟု မဆိုင်းမိုင်က ပြောသည်။

စီမံကိန်းအတွင်း စက်ယန္တရားများနှင့် တရုတ်ဝန်ထမ်းများ ရှိနေခြင်းနှင့် ပြောင်းရွှေ့ခံ ရွာသားများကိုလည်း ၎င်းတို့၏
နေရပ်သို့ ပြန်လည်နေထိုင်ခွင့် မပြုသေးသည့်အပြင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ဖွင့်ထားသော CPI ရုံးကို လည်း ရုပ်သိမ်းခြင်း မရှိသေးသဖြင့် ဒေသခံများက သံသယ ဝင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

အစိုးရအနေဖြင့် မိမိနိုင်ငံမှ သဘောဝသယံဇာတများကို တခြားနိုင်ငံများအား ရောင်းချခြင်းကြောင့် လျှပ်စစ်မီး မလုံမလောက်ဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းက မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက် လာရကြောင်း မဆိုင်းမိုင်က ပြောသည်။

“ဆန္ဒပြမှု အဓိကအကြောင်းအရင်းက အစိုးရက ကိုယ့်နိုင်ငံက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေ၊ ရေအားလျှပ်စစ်တွေကို ကိုယ့်နိုင်ငံမှာ မသုံးဘဲ တခြားနိုင်ငံကို တင်ပို့ရောင်းချလို့ ဖြစ်တယ်။ ရွှေလီဓါတ်တိုင်ပျက်လို့၊ မိုးမရွာလို့ ရေအား မလောက်လို့ ဆိုတဲ့ဟာက လုံးဝ မဖြစ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အခြေစိုက် ICOLD အဖွဲ့သည် ရေအား လျှပ်စစ် ကုမ္ပဏီများ ပါဝင်သော အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အင်ဂျင်နီယာများ၊ ဘူမိဗေဒ ပညာရှင်များ၊ အတိုင်ပင်ခံ လုပ်ငန်းများ၊ တက္ကသိုလ်များ၊ ဓါတ်ခွဲခန်းများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ဟု ICOLD ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ICOLD သည် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဆည်များအား ဘေးကင်းစွာ၊ စီးပွါးရေးအရ တွက်ချေကိုက်စွာ တည်ဆောက်နိုင်ရန်အတွက် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာ
လေ့လာ အကူအညီပေးမှုများဖြင့် ဆည်ကြီးများအား ဆောက်လုပ်ရာတွင် စီမံကိန်းချမှတ်ပြုလုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊
ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် ကူညီရန် ဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့သည် CPI ကုမ္ပဏီနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိပြီး လက်ရှိ ဥက္ကဋ္ဌမှာ Dr Jinsheng Jia ဖြစ်ပြီး သူသည် တရုတ်နိုင်ငံ အကြီးစားရေကာတာ စီမံကိန်း ကော်မရှင် CHINCOLD ၏ ဒု-ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ထားသည် ဟု သိရသည်။ မြန်မာ နိုင်ငံသည် ICOLD အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် လျှောက်လွှာ တင်ထားသည်။




 

Thursday, May 31, 2012

After You


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”

အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။

“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
 “After me”....
 “After me”....
 “After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
 ( ကျွန်တော်နှစ်သက်သည်အတွက် အများဖတ်ကြည်နိုင်အောင်  ကိုဥဏ် ( ပန်းလောင်မြေ ၏ စာမှတ်စုများမှကူးယူပါသည် )

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ



တစ်နေ့ ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”
တက္ကစီဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟု ပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျားတည်တည် ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ”
“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။
“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေက ဆိုသည်။
“ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”
“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေကတစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီ တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”
“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”
“ဟာ…ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”
“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”
“မဖြစ်တော့လည်း ဘာနစ်နာသွားတာမှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလည်း မလို၊ လျှော့ပေးစရာလည်း မလို၊ ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွား တော့လည်း ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာ သွားအောင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”
“အင်း…ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။
“ဟာ အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော်လေ့လာထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့ အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”
“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”
“ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”
စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ သည်။ သည်မှာ အလုပ်သမား ၅ ယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။
“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လည်း များမယ့်ပုံ”
အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။
“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။
“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။
“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”
ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့ ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။
သူက အေးအေးဆေးဆေး။
“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွား လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီးထဲက တခြားလူတွေ ခံစားရလိမ့်မယ်”
“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ် ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…”
“ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။
“ဟုတ်တယ်လေဗျာ၊ ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့ သူ့ကိုလည်း သဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့တော့ ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။
ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie] (ဖေမြင့် ဘာသာပြန်သည် ။)

တစ်ကြိမ်မှာ တစ်ခု


ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”

“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။
(  ဆရာ ဖေမြင်၏ နှလုံးသား ရသစာစု များမှ )

ခွေး= လူ

စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။ `
ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´ တဲ့။ သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ
ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား ။  ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။  `ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ´
သူကမေးသည် ။  `ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ် ´လို့ဆိုင်ရှင်ကဖြေသည် ။ 
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံ အကြွေတွေနှိုက်ထုတ်လိုက်သည် ။  `ကျွန်တော့်မှာ ၂
ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ ` ဆိုင်ရှင်က ပြုံးသည်။
ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည် ။  ခွေးမကြီးဆိုင်ခန်းထဲပြေး
ဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီရ်ျ လိုက်ပါလာသည် ။ 
ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည် ။ 
အဲသည်ထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။  သူက ထော့တီးထော့နဲ့နှင့်
လမ်းမလျှောက်တတ်သလို ။  ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည် ။ 
`ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´  ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစäာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း
ဆိုင်ရှင်က ရှင်းပြသည် ။  ကောင်လေးက ပိုရ်ျ စိတ်ဝင်စားသွားသည်။  `ဒီခွေးလေး ကျွန်တော်
ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။  `ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါ ပေးပါ့မယ်´ 
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။  သူကမကျေနပ်သည့် အမူအရာမျိုးနှင့်
ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီး ပြန်ပြောသည်။  `အလကားပေတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊
ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူှး ၊ ကျွန်တော်
တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခု
အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့် ၅၀ စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်´  သို့သော်
စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။  `မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊
ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး´ 
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျ
ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။  `ကျွန်တော်လဲကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ
သူ့ကို ကိုယ်ချင်းစာပေးမဲ့ လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။  ကောင်လေး၏
ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ်တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။  
(မူရင်း။   ။Dan Clark ၏ Puppies for Sale)

သတ္တိ

အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့"
သူမက မေးသည်။
"ဟုတ်တယ်"
"အင်းလေ… ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"
* * * * * * * *

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်။ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့နည်းလမ်း တစ်ခုပဲရှိတော့တယ်။ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်။ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်။ "မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော် ပေးပါ့မယ်" တဲ့။

အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလည်း ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား" တဲ့။

ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး

"အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ"

[ဖေမြင့်၊ နှလုံးသားအာဟာရ ရသစာများ၊ ]

အဖေ

1989 ခုနှစ် အာမေနီးယားပြည်တွင် ရစ်ချတာစကေး 8.2 ရှိသည် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု
ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည်အချိန်အတောအတွင်း
လူပေါင်း 30.000 ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေ ဖရို ဖရဲ ကစဥ့် ကလျားကြားမှာ ဖခင် တစ်ယောက်
ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူသားရှိနေမည့် စာသင်ကျောင်းဆီသို့ပြေးလာသည်။
သို့သော်ကျောင်းကိုရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီး။ရုတ်တရက်သူရင်ထဲ ဆို့နင့်ကာ ကယောင်
ချောက်ချားဖြစ်သွားသည်။သည့်နောက်မှာသားကိုသူပေးထားသည် ကတိစကားကိုပြန်ပြီးသတိရသည်။
.ဘယ်လိုကိစ္စမိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲံ ဖေဖေ အရောက်လာမယ်စိတ်ချဆိုသောစကား။ သူမျက်လုံးအစုံ
ထဲမှာမျက်ရည်တွေအိုင်လာသည်။   သူရှေ့တွင်တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သောနေရာတွင် အုတ်ပုံအစု
အဝေးတစ်ခုရှိနေသည်။ ဘယ်လို့မှ မျှော်လင့်နိုင်စရာမရှိအောင်ပိပြားနေသည်အုတ်ပုံကြီးတစ်ခု။ သို့သော်သား
ထံပေးခဲ့သည် ကတိစာကားကိုမူ သူထပ်တလဲလဲကြားနေသည်။စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာသူ
နေ့စဉ်နံနက်တိုင်းလိုက်ပိုနေကျဖြစ်သည် သူ သားငယ်၏ စာသင်ခန်းရှိရာနေရာကိုမှန်းဆရှာဖွေမိသည်။
သားတို့အခန်းသည်အဆောက်အဦး၏လက်ယာဘက် အပိုင်းအနောက်ဘက်အခြမ်းမှာ။သည်နေရာသို့သူပြေး
သွားသည်။ ပြီးအုတ် ကိုး အုတ်ပဲ့တွေကိုစတင်တူးဆွဖယ်ရှားခြင်းပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘ
တွေရောက်လာကြသည်။...ငါ့သားလေးသေပါပြီး...ငါ့သမီးလေး မရှိတော့ဘူ..စသည်ဖြင့် သောကမီး ပရိဒေဝမီး
တွေတောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ် ရှိသည်တခို့မိဘများက တော့
( သွေးရူး သွေးတန်း လုပ်ကိုင်နေဟန်ရှိသော ) သူအား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကိုးပုံမှ
ဖျောင်းဖျခေါ်ယူကြသည်။ မရတော့ပါဘူးဗျာ..ဘယ်သူမှအသက်မရှိတော့ပါဘူးဗျာ.အဲဒီလိုလုပ်နေလို့အကိုး
မထူးတော့ပါဘူးအိမ်သာပြန်ပါဗျာ..စိတ်ထိန်းမှပေါခင်ဗျာမြင်တဲ့အတိုင်းပဲဘာလုပ်လိုရအုံးမှာလည်းစသဖြင့်
ပြောကြသည်။တခို့ကဆိုလျှင်..ဟောလူ တော်ပါတော့ဗျာ ..ခင်ဗျာလုပ်တဲ့အတွက် ပိုတောင်ဆိုးဦးမယ်ဟု
ပြစ်တင်ကြသည်။သည်လိုလာပြောသည်မိဘတိုင်းကိုသူကစကားတစ်ခွန်းပဲပြန်ပြောသည်။ဒီမှာ..ခင်ဗျာအခု
လုပ်နေတာကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောဟုဆိုသည်။ ဒီလူတွေကိုလျစ်လျူရူ ကာ သူသားကို
ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူ
ဖယ်ရှားသည်။ သည်အချိန်မီးသတ်အရာရှိရောက်လာပြီး သူကိုဆွဲထုတ်ဖို့ကြိုးစားသည်။ မီးတွေလောင်နေ
ပြီးဘယ်နေရာကမဆို အချိန်မရွေးထပေါက်နိုင်တယ်..ခင်ဗျာအတွက်အန္တရာယ် ရှိတယ် ကျွန်တော်တို့
လုပ်ပါ့မယ် ကိုယ့်အိမ် ကိုယ်ပြန်ပါဟုဆိုသည်။သားကိုချစ်သောအဖေကတော့သူစကားကိုအလေးမထား
ခင်ဗျာကူပ် ကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောပါဟုပြန်ပြောသည်။  ရဲကလည်းရောက်လာသည်
ခင်ဗျာသွေး ရူး သွေးတန်းတွေ လျှောက်လုပ်မနေနဲ့  ခင်ဗျာကြောင့်တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်အိမ်
ပြန်ပါ..ကျွန်တော်တို့လုပ်ပါမယ်....ရဲ ကိုလည်းခင်ဗျာကူညီမှာလားမကူညီဘူးလားဟုမေးသည်။
မည်သူကမျှမကူညီ သို့သော်ကိစ္စမရှိသူဘာသာသူတစ်ယောက်တည်းဇွဲနပဲကြီးစွာသူတူးဖော်သည်။သူမှာ
အရေးကြီးနေတာတစ်ခုပဲရှိတယ်..ငါ့သားလေးသေပြီးလား..အသက်ရှင်နေသေးလား  ဒါ အရေးကြီးသည်။
မျက်မြင်ဒိဋ သူတွေဖို့လိုသည်..သူတစ်ယောက်တည်းအုတ်ကိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်...8 နာရီ.....
12  နာရီ.....24  နာရီး....36  နာရီ..38  နာရီ..မြေုက်ဍ်  အုတ်အင်္ဂတေ တုံးကြီးတစ်တုံးကို သူဆွဲထုတ်ပြီးသည်
နောက်တွင် သား၏“ အသံကို ကြားရသည် ..ချင်ချင်းပင် သားနံမည်ကို သူအသံကုန်အော်ခေါ်လိုက်သည်။
...အာမန်း....ပြန်အော်သံကြားရသည်..ဖေဖေ..ဖေဖေလား..သားပါဖေဖေရ..သူငယ်ချင်းတွေကိုလဲသား
ပြောထားတယ်..ဘာမှမကြောက်နဲ့ ငါ့အဖေ မသေသေးရင်ငါ့ကိုသေချာပေါက်လာကယ်မှာ..ငါ့လွတ်ရင်
မင်းတို့လည်းလွတ်မယ်လို့...ဖေဖေ သားကိုကတိပေးထားတယ်မဟုတ်လား..ဘယ်လိုကိစ္စမိုးကြုံကြုံ
သားမစိုးရိမ်နဲ့ဖေဖေ အရောက်လာမယ်စိတ်ချဆိုတာလေအခုဖေဖေပြောထားတဲ့အတိုင်းပဲရောက်လာပြီး
လေ။  အဲဒီအောက်မှာဘယ်လိုအခြေအနေရှိလဲသားဟု အဖေကမေးသည်...သားတို့ 33 ယောက်မှာ 14
ယောက်ပဲကျန်တယ်..သားတို့ကြောက်လဲကြောက်တယ်ဆာလဲဆာတယ် ရေလဲငတ်တယ် ဖေဖေရောက်
လာတော့အရမ်းဝမ်းသာတာပဲ...ကျောင်ကြီးပြိုကျတော့ သားတို့နေရာလေးကွတ်ပြီးကြိဂံ မမြှောင့်လေး
တစ်မြှောင့်မပိပဲကျန်နေတယ်..အဲဒါကြောင့်သားတို့မသေတာ..ကဲ ..ကဲ..ထွက်ခဲ့တော့သားရေ..နေဦး
ဖေဖေရ တခြားလူတွေအရင်ထွက်ပါ့စေ...သားမှာကဘယ်လိုကိစ္စမိုးကြုံကြုံ သားကမစိုးရိမ်ဘူး ဖေဖေ
လာကယ်မယ်ဆိုတာသိနေတယ်။။ (   ကျွန်တော်၏ဖခင်အားသတိရသောအားဖြင့် ဆရာဖေမြင်၏ နှလုံး
သား စာစုများမှကူယူဖော်ပြပါသည်  )