Friday, February 24, 2012

ကျွန်တော်ခံစားမိသောပုံရိပ်များ







ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ







၂၄-၂-၂၀၁၂                                                                                                                             ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေဟာ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စလို့
သဘောထား နိုင်ရမယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေဟာ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေ အားလုံး ဖြစ်နေတဲ့ ဒုက္ခတွေလို သဘောထား နိုင်ရမယ်။ ဒီပြည်နယ်မှာ ဘာလို့ ငြိမ်းချမ်းရေး မရနိုင်ရတာလဲ။ အားလုံး ၀ိုင်းစဉ်းစား ကြရမယ်။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲ။ ၁၉၄၇         ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပြီး လက်မှတ်ရေးထိုးခဲ့လို့ ပင်လုံစာချုပ်ဆိုတာ ပေါ်လာပြီး လွတ်လပ်ရေး ရခဲ့တာပါ။ မနေ့ညက ကချင် ခေါင်းဆောင်
တွေနဲ့ စကားပြောဖြစ်ခဲ့တဲ့ အခါမှာ ပင်လုံစိတ်ဓာတ်ဆိုတာ မြစ်ကြီးနားကနေ စပြီး သွားခဲ့တာလို့ ကချင်ခေါင်းဆောင်တွေက သတိပေးပါတယ်။

ဒီနိုင်ငံမှာရှိတဲ့ ချမ်းသာ ကြွယ်ဝမှု မှန်သမျှဟာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်။
ဒီချမ်းသာ ကြွယ်ဝမှုတွေကို မျှမျှတတ ၀င်ယူဖို့က အရေးကြီးတာပါပဲ။ ဒီလို စနစ်တစ်ခုဖြစ်ဖို့
ကြိုးစားနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဆိုတဲ့ နေရာမှာ ဗမာလည်း ပါပါတယ်။ အများစုဖြစ်လို့ ဗမာတွေအနေနဲ့ ပိုပြီး သဘောထား ကြီးနိုင်ရမယ်။ ပိုပြီး ကြိုးစားရမယ်။ ငြိမ်းချမ်းရေးနဲ့ တန်းတူ ညီမျှရေးအတွက် ပိုပြီး လုပ်ဆောင်ရမယ်။ ဒါဟာ လူအများစုရဲ့ တာဝန်ပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး     မရှိဘဲ ဒီနိုင်ငံ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ တစ်နေရာမှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံလုံးရဲ့ အလားအလာကို ထိခိုက်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ
ကာက်နုတ်ချက်)

ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။







ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ဒါဆိုရင် ပြည်သူကို စော်ကားရာရောက်ပါတယ်။ လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုစော်ကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။

မဲတောင်းတယ်ဆိုတာ ပြည်သူလူထုအတွက် အမှန်တစ်ကယ်လုပ်ပေးနိုင်ဖို့ အခွင့်အရေးတောင်းတာပဲဖြစ်တယ်။ အခွင့်အရေးဆိုတာကလည်း ခုချိန်ထိ မစဉ်းစားသေးဘူး။ လွှတ်တော်ထဲမှာ လစ်လပ်တဲ့နေရာ ၄၈နေရာပဲရှိတယ်။ ၄၈နေရာမှာအောင်နိုင်ဖို့ ကျွန်မတို့ အင်မတန်ကြိုးစားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတခုအဖြစ် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားလို့ရပြီ ဆိုတာ အခုဆို နှစ်လလောက်ပဲ ရှိပါသေးတယ်။ အဲဒီ နှစ်လလောက်ထဲမှာ ကျွန်မတို့ရဲ့ပါတီကို ဦးမော့လာပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေ ဦးဆောင်ခဲ့ရတာ အင်မတန်မှ ခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ပြည်သူရဲ့ထောက်ခံမှုအနေနဲ့ ဒီအခြေအနေကို ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်မက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါ ဆိုတာ ကျွန်မတို့ကို အခွင့်အရေးပေးပါလို့။ ကျွန်မတို့တွေ စပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စပြီးတော့ ခြေတစ်လှမ်း လှမ်းပါရစေလို့။ နောက်တစ်လှမ်းလို့ပြောတော့ ရှေ့တစ်လှမ်းကရောလို့ မေးဖွယ်ရှိပါတယ်။ ရှေ့တစ်လှမ်းက အနှစ်နှစ်ဆယ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။
ကျွန်မတို့က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ် ဆိုတာ ခုကလေးတွေပါခဲ့ရင်သိမယ်။ လူကြီးတွေလည်း သိမယ်။ ၁၉၉၀ ဆိုတာ၂၂နှစ် ရှိသွားပြီ။ လူငယ်တွေ၊ ကလေးတွေ၊ အများက မမွေးသေးဘူး။ ၁၉၉၀တုန်းက ရွေးကောက်ပွဲကို သိမှာ မဟုတ်ဘူး။
၉၀ရွေးကောက်ပွဲက ဘာကအရေးကြီးသလဲ ဆိုတော့ အဲဒီရွေးကောက်ပွဲမှာ ဒီမို ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၉ တုန်းက ဖွဲ့စည်းပြီးတော့ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပါတီတွေလည်း အများကြီးဝင်ရောက်ကြပါတယ်။ ဒီမိုကရေစီရှိတဲ့ရွေးကောက်ပွဲကို ၀င်လာတဲ့ပါတီတွေလည်း အများကြီးရှိပါတယ်။
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ၈၀ရာနှုန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။ လွှတ်တော်အတွင်း မရောက်ရှိခဲ့သော်လည်း အဖွဲ့ချုပ်က ဘယ်တော့မှအားမလျော့ခဲ့ပါဘူး။ ကျွန်မတို့တွေရဲ့ မူဝါဒတွေကိုလည်း လက်မလွှတ်ခဲ့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရဖို့အတွက် ကျွန်မတို့ဆက်လုပ်သွားပါမယ်။ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှ ခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လား ဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီး ရပ်တည်နိုင်တာပါ။
အဲဒီလိုတည်ရှိနိုင်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
မိုးကောင်းမြို့နယ်အတွက် ရွေးချယ်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပုံရွေးချယ်နည်း ရှင်းပြစရာ ရှိပါတယ်။ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘယ်ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် လာပြီးတော့စည်းရုံးလို့ရှိရင် ပြည်သူတွေဟာ မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ လူအုပ်ကြီးထဲမှာ တစ်ဦးချင်း မေးဖို့ အခွင့်အရေး မရှိဘူး။ ပြည်သူတွေရဲ့ ထောက်ခံမှုကို လိုချင်တယ်။ ဘာလို့ လိုချင်သလဲ ဆိုတာကို ရှင်းပြရမယ်။
ကျွန်မတို့က ဒေါ်ခင်ကြည်ကို မိုးကောင်းမှာ ကိုယ်စားလယ်လောင်းအဖြစ်နဲ့ ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ အဖွဲ့ချုပ်မှာ အခြေခံမူတွေ ရှိပါတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေလေးစားနိုင်လောက်အောင် ရှိရမယ်။ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ပြည်သူတွေလေးစားမှ ကျွန်မတို့ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမယ် ဆိုတာ သိပြီးသားပါ။ အဖွဲ့ချုပ်ထဲမှာဆိုရင် သိက္ခာရှိရှိနဲ့ လျှောက်ခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ၄၈ယောက်ကို ဘယ်လိုရွေးမလဲလို့ ကျွန်မတို့စဉ်းစားရပါတယ်။
ပထမအချက် ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းတွေက ဘာတွေလည်းဆိုရင် အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အဲဒီအထဲမှာ တစ်ခု အနည်းဆုံး ပိုင်ပိုင်နိုင်နိုင် ရှိရမယ်။ မဟုတ်ဘူးဆိုရင် ပြည်သူတွေရဲ့တာဝန်တွေ ၀တ္တရားတွေကို ဘယ်လုပ်နိုင်မလဲ။ စေတနာရှိလို့လည်း မပြီးသေးဘူး၊ အလုပ် လုပ်တတ် ကိုင်တတ်မှ ဖြစ်မှာပါ။ စေတနာလည်းရှိပြီး လုပ်တတ်ကိုင်တတ်ရင် အကောင်းဆုံးပဲ။






စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြန်လည်ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။




တိုင်းရင်းသားတွေ အချင်းချင်း ငြိမ်းချမ်းရေးရဖို့ ပြိုင်ရာမှာ ဘယ်ဘက်က ပိုပြီး တိုက်နိုင်တယ်၊ ခိုက်နိုင်တယ်။ ဘယ်ဘက်က ပိုပြီး လက်နက် အင်အားကြီးတယ်။ ဒါတွေကို ပြိုင်ရမှာ မဟုတ်ဘူး။ ဘယ်ဘက်က ပိုပြီး သဘောထားကြီးတယ်။ ဖြူစင်တယ်။ ဘယ်ဘက်က ပိုပြီး စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုပြီး မွေးမြူနိုင်တယ်ဆိုတာ ပြိုင်ရမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ်တိုင်းရင်းသားတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက ၂၁ ပင်လုံဆိုတာ ပြောလာတာ ရှိပါတယ်။ ပင်လုံမြေမှာ နောက်တစ်ကြိမ် လက်မှတ်ထိုးဖို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြန်လည်ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ ကောက်နုတ်ချက်)

ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရဘောတူညီမှုရနိုင်ရန် နိုင်ငံရေးနည်းဖြင့်အဖြေရှာရန်၊





ကျချင်ပြည်နယ်ခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာ

မြစ်ကြီးနား၊ ဖေဖော်ဝါရီ-၂၄ ကချင်ပြည်နယ်သို့စည်းရုံးရေးခရီးစဉ်ရာက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၄နာရီခန့်က ဗန်းမော်လေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်သွာသွားပြီဖြစ်သည်။ ဗန်းမော်မြို့တွင် နာရီဝက်နီးပါးကြာ မိန့်ခွန်းပြောခဲ့ပြီးနောက် ယင်းမြို့ရှိ Freindship Hotel တွင် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ဗန်းမော်မြို့ရှိ မနောကွင်းတွင်မိန့်ခွန်းပြောကြားရာ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရဘောတူညီမှုရနိုင်ရန် နိုင်ငံရေးနည်းဖြင့်အဖြေရှာရန်၊ ဖက်ဒရယ်စနစ်ဆိုသည်မှာခွဲထွက်ပိုင်ခွင့်လုံးဝမဟုတ်ခြင်းကို ပြည်သူများနားလည်စေလိုကြောင်း၊ဒုက္ခသည်များအားညီနေသူများကို ကျေးဇူတင်ကြောင်းနှင့် ဆက်လက်ကူညီပေးရန်စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင်လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားများ ညီညီညွတ်ညွတ်နှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့ ကချင်ပြည်နယ် နမ္မတီးမြို့ ဟောပြောပွဲတွင် ပြောကြားလိုက်သည်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင်လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်။ အဖွဲ့ချုပ် စဖွဲ့ထားစဉ် ကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်းညီညွတ်ရေးကို ဦးတည်ရန် ဖြစ်တယ်”ဟု လူထုပရိသတ် ငါးသောင်းခန့်အား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိုးကောင်းမြို့နယ်အတွင်းရှိ လူငယ်များ အလုပ်လက်မဲ့ပြဿနာမှာ ကြီးမားပြီး လူငယ်များနှင့် ထိုက်တန်သည့် အလုပ်အကိုင်များ နည်းပါးနေကြောင်း ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မိုးကောင်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန်လည်း မဲဆွယ်စည်းရုံးခဲ့သည်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် NLD ပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်းလည်း ပြောကြားသည်။

“အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက (အမျိုးသားဦးရေထက်) နည်းနည်းလေး သာပါသေးတယ်။ ထိရောက်
အောင် အမျိုးသမီးတွေကို တဝက်မက အသုံးပြုဖို့လိုတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တတ်နိုင်သလောက်
ရွေးချယ်တာ ဖြစ်တယ်”ဟု ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်မည် ဖြစ်သည်။

နမ္မတီးမြို့တွင် ဟောပြောပြီးနောက် မိုးကောင်းမြို့ အိုးတန်းဘောလုံးကွင်းတွင်လည်း ဆက်လက် ဟောပြောခဲ့သေး သည်။

မိမိဒေသတွင် လာရောက် စည်းရုံးသည့် မည်သည့် ပါတီ ကိုယ်စားလှယ်လောင်းကိုမဆို မေးခွန်းမေးရန် လိုအပ်သလို၊ ကိုယ်စားလှယ်လောင်း ဘက်ကလည်း မဲဆန္ဒရှင်များအား ထောက်ခံခိုင်းသည့် အကြောင်းအရင်းကို ရှင်းပြနိုင်ရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့တွင် ထည့်သွင်း ဟောပြောခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုးကောင်းမြို့မှ ကြာသာပတေးနေ့ ညနေ ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်
ရောက်ရှိလာပြီး ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ညစာစားပွဲ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့ရှိ Unity ဟိုတယ်တွင် တည်းခိုမည်ကာ သောကြာနေ့ မနက် ၈ နာရီ အချိန်တွင် မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ဟောပြောဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်သည်။

၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများလည်း သောကြာနေ့တွင် ကျင်းပမည့် “မြစ်ဆုံ၏ ကျေးဇူး ပဲ့တင်သံ” အမည်ပေးထား
သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ တက်ရောက်ရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။





Thursday, February 23, 2012

ပြည်သူအသဲနှလုံးလူထုသွေးသားနှင့်ဒေါ်အောင်ဆန်းစုကြည်






ကလေးလေးတွေ အင်မတန်များတဲ့ မြို့ဆိုတော့ ပင်လုံဆိုတာ ဘာလဲလို့ နည်းနည်း ရှင်းပြမယ်နော်။ နို့မိုဆိုရင် ကလေးတွေက ပင်လုံဆိုတာ ဘာပါလဲဆိုတာ မသိဘူး။ ကျွန်မက ဒီမှာတော့ နည်းနည်း လေးပဲ ရှင်းပြလို့ရမယ်။ နောက်ပိုင်းမှာ လူကြီးတွေက ကလေးတွေ အများ သိအောင်လို့ ပင်လုံအကြောင်း ဆက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လေ့လာပြီးတော့ ရှင်းပြကြပါ။ နည်းနည်းလေး တိုတိုနဲ့ ရှင်းပြရမယ်ဆိုရင် ၁၉၄၇ ခုနှစ်တုန်းက ကျွန်မတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ဆိုပြီးတော့ ကျွန်မတို့ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ပထမဆုံး လုပ်ခဲ့တယ်။ အရင်တုန်းကဆိုလို့ရှိရင် ဗမာက တစ်မျိုး၊ ရှမ်းက တစ်ဖုံ၊ ကချင်က တစ်လမ်းနဲ့ အဲဒီလိုဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်မှာကျတော့ တိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာ၊ ဗမာတွေကလည်း တိုင်းရင်းသားတွေနဲ့ အတူတူပါပဲ၊ ဒါပေမယ့် အများစု ဖြစ်ခဲ့တယ်။ အများစုဖြစ်တဲ့ ဗမာတွေနဲ့ အခြားတိုင်းရင်းသားတွေဟာ လက်တွဲပြီးတော့ လုပ်လို့ရှိရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန် ရလိမ့်မယ်ဆိုတဲ့ သဘောတူညီချက်အရ ပင်လုံစာချုပ်ဆိုတာ ရှမ်းပြည်နယ် ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်တဲ့ စာချုပ်ဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ ပြောရမယ်ဆိုလို့ရှိရင် ပင်လုံဆိုတာ မြို့လေးတစ်မြို့ရဲ့ နာမည်ဖြစ်တယ်။ အဲဒီမြို့လေးမှာ တိုင်းရင်းသားတွေဟာ ပထမဦးဆုံးအကြိမ် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်တစ်ခုကို လက်မှတ်ထိုးခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီစာချုပ်ကို ပင်လုံစာချုပ်လို့ ခေါ်တယ်။ - ဒေါ်အောင်ဆန်းစုကြည် (ကချင်ပြည်နယ်၊ မိုးကောင်း အိုးတန်းဘောလုံးကွင်း၌ ဟောပြောခဲ့သည်များမှ ကောက်နှုတ်ချက်)