ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေကာတာ
စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ
လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က
စိုင်းပြင်းနေသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ဇွန်လ ၁
ရက်နေ့တွင် ပြောဆိုလိုက်သည်။
CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက် တောင်းဆိုမှုများ
ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD မှ မေလ ၃ဝ
ရက်နေ့ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ KDNG က သုံးသပ် ပြောဆိုလိုက်ခြင်း
ဖြစ်သည်။
“ICOLD အဖွဲ့က မြစ်ဆုံရေကာတာစီမံကိန်း သုံးသပ်တာကို
တိုက်ရိုက်ပါဝင်မှု မရှိဘူး ဆိုတာ ထုတ်ပြန်တယ်။ ဒါပေမယ့် CPI က သူတို့
မြစ်ဆုံမှာ လေ့လာမှုလုပ်ဖို့ တောင်းဆိုခဲ့တာတော့ မှန်တယ်ဆိုတာကို
ထုတ်ပြန်ထားတယ်” ဟု KDNG ပြောရေးဆိုခွင့် ရှိသူ မဆိုင်းမိုင်က ပြောသည်။

ICOLD
၏ ထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်
သူတွေဟာ သူတို့ လုပ်ငန်းတွေကို လာရောက်အကဲဖြတ်ဖို့အတွက် နိုင်ငံတကာက
ရေကာတာကြီးတွေ ဆောက်လုပ်ရေးနဲ့ စီမံခန့်ခွဲမှုရေးရာ သဘာရင့်
ကျွမ်းကျင်သူတွေကို တိုက်ရိုက် မေတ္တာရပ်ခံထားသည်” ဟု ဖော်ပြပါရှိသည်။
CPI မှ မြစ်ဆုံရေကာတာ အပေါ် လေ့လာသုံးသပ်မှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုထားကြောင်း KDNG က ဆိုသည်။
မြစ်ဆုံရေကာတာ
စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချရမှု ရှိသည့်အပြင် အကျိုးရလဒ်များစွာ
ရှိကြောင်း သက်သေပြရန် အတွက် ICOLD က ပြန်လည် သုံးသပ်မှုလုပ်ငန်းတွင်
ပါဝင်လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့် မေလ အအစောပိုင်းက တရုတ်သတင်းဌာန တခုတွင်
CPI က ပြောဆိုသည်ဟု KDNG က ဆိုသည်။
ထို့ပြင် မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာ အစိုးရနှင့် CPI အကြိမ်ကြိမ်
ပြောဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
သမ္မတ
ဦးသိန်းစိန်က ပြည်သူလူထုဆန္ဒအရ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားမှုကို
CPI က စီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများကို ဆက်လက်
လုပ်ဆောင်နေသဖြင့် မြန်မာအစိုးရက ဆိုင်းငံ့ ထားမှုအပေါ် “မထီမဲ့မြင်
လုပ်တာပဲ” ဟု မဆိုင်းမိုင်က ပြောသည်။
စီမံကိန်းအတွင်း စက်ယန္တရားများနှင့် တရုတ်ဝန်ထမ်းများ ရှိနေခြင်းနှင့် ပြောင်းရွှေ့ခံ ရွာသားများကိုလည်း ၎င်းတို့၏
နေရပ်သို့
ပြန်လည်နေထိုင်ခွင့် မပြုသေးသည့်အပြင် မြစ်ကြီးနားမြို့ စီတာပူ
ရပ်ကွက်တွင် ဖွင့်ထားသော CPI ရုံးကို လည်း ရုပ်သိမ်းခြင်း မရှိသေးသဖြင့်
ဒေသခံများက သံသယ ဝင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
အစိုးရအနေဖြင့်
မိမိနိုင်ငံမှ သဘောဝသယံဇာတများကို တခြားနိုင်ငံများအား
ရောင်းချခြင်းကြောင့် လျှပ်စစ်မီး မလုံမလောက်ဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းက
မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက်
လာရကြောင်း မဆိုင်းမိုင်က ပြောသည်။
“ဆန္ဒပြမှု အဓိကအကြောင်းအရင်းက
အစိုးရက ကိုယ့်နိုင်ငံက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေ၊ ရေအားလျှပ်စစ်တွေကို
ကိုယ့်နိုင်ငံမှာ မသုံးဘဲ တခြားနိုင်ငံကို တင်ပို့ရောင်းချလို့ ဖြစ်တယ်။
ရွှေလီဓါတ်တိုင်ပျက်လို့၊ မိုးမရွာလို့ ရေအား မလောက်လို့ ဆိုတဲ့ဟာက လုံးဝ
မဖြစ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။
ပြင်သစ်နိုင်ငံ
ပဲရစ်မြို့တွင် အခြေစိုက် ICOLD အဖွဲ့သည် ရေအား လျှပ်စစ် ကုမ္ပဏီများ
ပါဝင်သော အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး
အင်ဂျင်နီယာများ၊ ဘူမိဗေဒ ပညာရှင်များ၊ အတိုင်ပင်ခံ လုပ်ငန်းများ၊
တက္ကသိုလ်များ၊ ဓါတ်ခွဲခန်းများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ဟု ICOLD ၏ အင်တာနက် စာမျက်နှာ တွင်
ဖော်ပြထားသည်။
ICOLD သည် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဆည်များအား
ဘေးကင်းစွာ၊ စီးပွါးရေးအရ တွက်ချေကိုက်စွာ တည်ဆောက်နိုင်ရန်အတွက်
သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းများ၊
နည်းပညာပိုင်းဆိုင်ရာ
လေ့လာ အကူအညီပေးမှုများဖြင့် ဆည်ကြီးများအား ဆောက်လုပ်ရာတွင် စီမံကိန်းချမှတ်ပြုလုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊
ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် ကူညီရန် ဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့သည်
CPI ကုမ္ပဏီနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိပြီး လက်ရှိ ဥက္ကဋ္ဌမှာ Dr
Jinsheng Jia ဖြစ်ပြီး သူသည် တရုတ်နိုင်ငံ အကြီးစားရေကာတာ စီမံကိန်း
ကော်မရှင် CHINCOLD ၏ ဒု-ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ထားသည် ဟု သိရသည်။ မြန်မာ
နိုင်ငံသည် ICOLD အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် လျှောက်လွှာ တင်ထားသည်။