လျှပ်စစ်မီး မလုံလောက်မှု
အပေါ်မကျေနပ်၍ ငြိမ်းချမ်းစွာဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားပြီး
ရက်သတ္တ ၁ပတ်ကျော်အကြာတွင် နိုင်ငံတော်ပိုင်
လုပ်ငန်းအဖြင့်သာလုပ်ကိုင်ခွင့်ရှိသည့် လျှပ်စစ်ဓါတ်အား
ထုတ်လုပ်ဖြန့်ဖြူးခြင်းတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းများအား
စတင်ဖိတ်ခေါ်လိုက်သည်။
ယနေ့ထုတ် အစိုးရပိုင်
သတင်းစာများတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ် (၁) နှင့် (၂)
လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီတို့မှ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် မဟာ လျှပ်စစ်ဓါတ်အားလိုင်းထဲ
ဓါတ်အားထည့်ဝင်ခြင်း၊ ရယူဖြန့်ဖြူးခြင်း နှင့် သီးခြား လျှပ်စစ်ဓါတ်အား
ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု အသိပေး
ကြေညာထားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့
ကြေညာချက်ရခြင်း၏ ရည်ရွယ်ချက်ကို “နိုင်ငံအနှံလျှပ်စစ်မီးများ
အမြန်ရရှိစေရေး” ဟုဖေါ်ပြထားရာ ယခုတလော ဖြစ်ပွားခဲ့သည့် လျှပ်စစ်မီးမှန်ရေး
ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်မှုများ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း
ရန်ကုန်မြို့ခံတဦးက ကောက်ချက်ချသည်။
ယခုလက်ရှိ
အနေအထားတွင်မဟာဓါတ်အားလိုင်းဟု ခေါ်ဆိုသည့် National Grid ထဲတွင်
မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင် သထုံ၊ ဖားအံမှ မြောက်ပိုင်း
ရှမ်းပြည်နယ်၊ မန္တလေး မုံရွာတို့အထိပါဝင်လျှက်ရှိကာ
ယင်းတိုင်းနှင့်ပြည်နယ်မြို့ကြီးများတွင် လျှပ်စစ်ဓါတ်
ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် မပြုထားသည်ကိုတွေ့ရသည်။
ရခိုင်၊ တနင်္သာရီ
ဒေသရှိမြို့ကြီးများဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် စစ်တွေတို့တွင်
ဒေသလိုအပ်ချက်အရ ယခင်ကတည်းက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းကို
ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုထားခဲ့ရာ ယခုကဲသို့ ပြည်တွင်း
ပြည်ပ ပုဂ္ဂလိက လုပ်ငန်းများအား မဟာဓါတ်အားလိုင်းရောက်ရှိသည့် ဒေသများတွင်
ဖိတ်ခေါ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံတနိုင်ငံလုံးတွင်
ဓါတ်အား ထုတ်လုပ်နိုင်သည့် ပမာဏ ၁၅၀၀ မက်ဂါဝပ် ၀န်းကျင်သာရှိပြီး
ရန်ကုန်မြို့က ၆၀၀ မက်ဂါဝပ် သုံးစွဲနေပြီး မန္တလေးက ၁၂ မက်ဂါဝပ်၊
နေပြည်တော်က ၅၀ မက်ဂါဝပ်ခန့် သုံးစွဲနေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ
ဆောင်းပါး၌လည်း ဖေါ်ပြထားသည်။
လူဦးရေ သန်း ၆၀ ရှိသည့်
မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ကာ လူဦးရေ ၄ သန်းသာရှိသည့် စင်္ကာပူနိုင်ငံတွင်
မက်ဂါဝပ် ၁ သောင်း ၁ ထောင်ဝန်းကျင်သုံးစွဲနေသည်ကိုလည်း ယင်းဆောင်းပါးတွင်
ဖေါ်ပြထားသည်။
ယင်းဆောင်းပါးတွင်ပင်
လက်ရှိ အစိုးရက ချမှတ်ထားသည့် ၂၀၂၀ ခုနှစ်အထိ လျှပ်စစ်ဓါတ်အားထုတ်လုပ်
ဖြန့်ဖြူးရေး စီမံကိန်းများအရ ဘတ်ဂျက်မှန်မှန်ရခဲ့လျှင် ၂၀၂၀ ခုနှစ်၌
မက်ဂါဝပ် ၁၉၀၀ ကျော်ပိုမိုရလာမည်ဖြစ်သော်လည်း တိုးတက်လာမည့် လူဦးရေ ၊
စက်မှုလုပ်ငန်းများ၏ အခြေအနေကြောင့် လောက်ငှနိုင်မည်မဟုတ်ဟုလည်း
ဝေဘန်သုံးသပ်ပြထားသည်။
မိုးရာသီစတင်ဝင်ရောက်ခါစ
ပြုနေသည့် မေလနှောင်းပိုင်းတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်
လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရကာ စက်မှုဇုန်
စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ကိုယ်ပိုင် မီးစက်ဖြင့်
လည်ပတ်နေရသည့် အခြေအနေလည်း ဖြစ်သည်။ ။

No comments:
Post a Comment