Wednesday, May 16, 2012

နဝရတ်ဟိုတယ်ကို ဦးနေဝင်းမိသားစုဝင်များ လုပ်ကိုင်ခွင့်ပြန်ရ

၁၉၉၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့တော်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သော ဟိုတယ်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ နဝရတ်ဟိုတယ်ကို ကွယ်လွန်သူ နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်း၏ မိသားစုဝင်များ ပြန်လည်လုပ်ကိုင်ခွင့်ရကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းနှင့် ဟိုတယ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ သမိုင်းလမ်းဆုံအနီး ပါရမီလမ်းထောင့် အင်းစိန်လမ်း အမှတ် ၂၅၇ တွင်ရှိသော ယင်းဟိုတယ်ကို ယခုအခါ ပိုင်ရှင်ဟောင်းများက အမိုးအကာပိုင်းနှင့် အပြင်ပိုင်းပြင်ဆင်မှုများကို လုပ်ဆောင်နေခဲ့သည်မှာ တစ်လနီးပါးမျှရှိပြီဖြစ်ကြောင်း ယင်းဟိုတယ်တာဝန်ခံက ပြောကြားသည်။ 
ယခင်ပိုင်ရှင်များပင် ပြင်ဆင်မှုလုပ်နေပြီး နောက်ပိုင်းတွင် တိုင်းရင်းသားပိုင် ဖြစ်မည်၊ မဖြစ်မည်ကို မသိရသေးကြောင်း၊ ဟိုတယ်ကို ပြန်ဖွင့်မည်မှာ သေချာကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) တာဝန်ရှိသူက ပြောကြားသည်။ ယခုအခါ ရန်ကုန်မြို့တွင် ပိတ်ပင်ထားသော ဟိုတယ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါက်တာခင်စန္ဒာဝင်းပိုင်း နဝရတ်ဟိုတယ်သည်လည်း တစ်လုံးအပါအဝင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ယင်းနဝရတ်ဟိုတယ်သည် ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂလိကပိုင် အဆင့်မြင့်ဟိုတယ် ၁၀ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Yahao! Travels Website စာမျက်နှာတွင် Average Overall Rating ရမှတ်မှာ ဝန်ဆောင်မှု ၃ မှတ်၊ သန့်ရှင်းမှု ၃ မှတ်၊ တည်နေရာ ၁ မှတ်နှင့် ဈေးနှုန်းတန်ဖိုး ၂ မှတ်ရထားသည်ဟု ဖော်ပြထားကြောင်း  သိရှိရသည်။

No comments:

Post a Comment