ပင်လယ်ကမ်းခြေတစ်လျှောက်မှာ နေထိုင်သူတွေပြောလေ့ရှိပါတယ်။ “ပင်လယ်က ကြမ်းတယ်”တဲ့။ သူတို့က ကြမ်းတမ်း လှတဲ့ ပင်လယ်ပြင်ထဲမှာ နေ့တဓူဝ ၀မ်းစာရှာရင်း ဘ၀ကိုကျင်လည်နေရသူတွေ။ မြန်မာပြည်ဒေသ တချို့က လူတွေဟာ ပင်လယ်ပြင်ခိုးပေါက် ကျဉ်းကျဉ်းလေးကတဆင့် စွန့်စားဖြတ်သန်းပြီး အိမ်နီးချင်း နိုင်ငံ တွေနဲ့ ကုန်ကူးသန်းကြရတယ်။ သူတပါးနိုင်ငံမှာ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြသူတွေလည်း အဲဒီ ရေလမ်းလေး ကိုပဲ အားကိုးအားထားပြုနေကြရတယ်။
မြန်မာ့ရေပိုက်အတွင်းကို ထိုင်းဘက်ကခိုးဝင်လာလို့ မြန်မာရေတပ်က ဖမ်းမိလိုက်တဲ့ လှေလေးတစီးပေါ်မှာ ရုတ်တရက် ကြုံတွေ့လိုက်ရသော ဖြစ်ရပ်လေးတခုအကြောင်း ကျနော့သူငယ်ချင်းတဦး ရေးပို့လာတဲ့ စိတ်မကောင်းစရာ၊ ကြေကွဲစရာ ဖြစ်ရပ်မှန်လေးကိုတင်ပြ ပေးလိုက်ရပါတယ်ဗျာ…
ကိုနေမင်းသူရေ …
“ခရစ္စမတ်လက်ဆောင်” စာစုလေးကို ဖတ်ပြီးချိန် ကျနော့စိတ်အတွေးထဲမှာ အရိပ်လိုဖြစ်နေတဲ့ မှုန်ပြပြအတိတ်က ပန်း ချီကားချပ်လေးတွေကို တရေးရေးပြန်မြင်ယောင်မိလာတယ်။ တသက်မမေ့နိုင်စရာ ဘ၀စာမျက်နှာ အပိုင်းအစလေး တွေပေါ့ဗျာ….
ကိုနေမင်းသူက ဗျုဟာကနေ (အခုတော့ ဗျူဟာ ၁ / ၂/ ၃ ) အင်း (သူပြောတဲ့ “အင်း” ဆိုတာ.. အင်းတော်၊ အင်းမ၊ အင်းယား စစ်ရေယာဉ်များကို ဆိုလိုတာပါ။ ခုတော့ အင်းတော်နဲ့ အင်းယားတို့ပဲ ရှိတော့တယ်။ အင်းမက ရောက်ပြီး အ စောပိုင်းကာလကတည်းက ပင်လယ်ပြင်မှာ မြုပ်သွားခဲ့တာပါ) စီးခဲ့တာကိုး။
ကျနော်လည်း ရတနာရေနံစင်ကို ၁၉၉၃ မှာ ၀င်ဖူးတယ်။ အောက်ဘက်က Ned Drill Offshore Rig (ရဲတံခွန်)ကိုတော့ ၁၉၉၄ မှာ ၀င်ဖူးတယ်၊ အပေါ်အထိရောက်ဘူးတယ်ဗျ။ ကျနော့်ကို အဲဒီ့အပေါ်က ပြင်သစ် လူမျိုးတွေက Small Soldier လို့တောင် အသိအမှတ်ပြုသွားသေးတယ်…. အမှတ်တရတွေပါဗျာ။ ကိုနေမင်းသူ ရေးသလို ကျနော်လည်း သင်္ကြန် လက်ဆောင် ရဖူးတယ်ဗျ။
စစ်ရေယာဉ် ရန်ကြီးအောင် (၄၂) မှာ နေတဲ့အချိန်ပေါ့။ သွားတာက ကိုကိုးကျွန်း၊ အပြန်မှာ ဆန်လှေ ၂ စင်းနဲ့ နွားလှေ ၁ စင်း မိတယ်။
အဲဒီ့ခေတ်က လှေတွေနဲ့ ဒိုးဇက် သိပ်မကစားဖြစ်သေးဘူး၊ ဒိုးဇက် ကစားတာထက် ပိုပြီး ၀င်ငွေကောင်းတာလေးတွေ ရှိ နေသေးတယ်၊ ကျနော်ကြုံဖူးသမျှ ဖမ်းမိလှေတွေထဲမှာ စိတ်မကောင်း အဖြစ်ရဆုံး လှေတစင်း ရှိဖူးတယ်၊ ၉၄ ခုနှစ် အ တွင်းမှာပဲ။ အဲဒီတုန်းက ရန်ကုန်ကနေ အောက်ဂွင်ကိုအသွား လမ်းကြောင်းပေါ်မှာ ကျနော်က 8 – 12 Main Ward (နီ၊ ဖြူ၊ ပြာ တာဝန်ကျတပ်ဖွဲ့အလိုက် ကြည့်ကင်း တာဝန်ထမ်းဆောင်ရချိန်ကို ပြောတာပါ) ကျပြီး Night Tea ဆွဲလိုက်သေး တယ်။
ပြီးတော့ အိပ်နေတုန်း အသံတချို့ကြောင့် လန့်နိုးခဲ့တယ်။ နာရီကြည့်လိုက်တော့ အိပ်တာ ၂ နာရီတောင် မကြာသေးဘူး ပဲ့စင်ပေါ်တက်လာတော့ ရှေ့ကစက်လှေ ရပ်ပါ မရပ်ရင်ပစ်မယ်ဆိုပြီး၊ လှမ်းအော်နေရင်း ဟွန်းပေးနေတဲ့အချိန် ဆလိုက် မီးနဲ့ ထောက်ထားတော့ လှေကလေးက သေးသေးလေး။ တည်နေရာက ထားဝယ် အပြင်ဘက်လောက်ကျတယ်။ မိနစ် ပိုင်းအတွင်းပဲ လှေက လာကပ်တယ် လှေသား ၉ ယောက်၊ လှေစီး ၁၈၄ ယောက် (ကျား + မ + ကလေး+ရင်ခွင်ပိုက်) အစုံပဲ။ ခရီးစဉ်က ကော့သောင်းကနေ ထားဝယ်အပြန်၊ အလျား ပေ ၉၀၊ အနံ ၁၂ ပေ၊ ရေစူး ၁၅ ပေလောက်ရှိမယ့် တကယ့် သေးသေးလေး ၊ လှေကို ကြည့်လိုက်ရင်.. လူတွေပဲမြင်ရတယ်၊ ပြွတ်သိတ်နေတာ အတွင်းမှာ ၊ ပေါင်းမိုးမှာ ဦးမှာ ပဲ့မှာ လူတွေနဲ့ ပြည့်ထားတဲ့ လှေငယ်လေး၊ ကျနော် တွေးနေမိတယ်၊ ဒီလူတွေ ဘာလုပ်တာလဲ….? ဘယ်ကလာ တာလဲ….? ဘယ်ကိုပြန်မှာမို့ ပင်လယ်ထဲ ရောက်နေကြတာလဲ….? သူတို့ အပျော်ခရီးထွက်လာတာတော့ မဟုတ်ဘူး။ ဘာလုပ်စားကြတာလဲ …..? စီအိုက ဘာလို့ ဖမ်းတာလဲ…? ဆိုတဲ့ အတွေးတွေ အစီအရီပေါ့ဗျာ။
မကြာလိုက်ပါဘူး အဖြေသိရတယ်။ လှေဝမ်းထဲမှာ ကက်ဆက်၊ အောက်စက်၊ ပါတိတ်မျိုးစုံ၊ စက်ဘီးတာယာ၊ မောင်းတိန်း စက်ဘီးတွေအများကြီး လူတွေက ရှမ်းကမ်းမှာ အလုပ်လုပ်ပြီး တစ်ရာသီသိမ်းလို့ပြန်လာတာ အကောက်ခွန်မဲ့ ပစ္စည်း တွေပေါ့။
အဲ မိုးလင်းတော့ လူတွေကိုစစ်ရေယာဉ်ပေါ်တင်တယ်၊ ကလေးတွေ ငိုလိုက်တာမှ ညံနေတာပဲ လူတွေလည်းများတော့ ပျော်ဖို့တော့ အကောင်းသား တယောက်ပြီးတယောက် အတိုချုပ်စစ်တယ်၊ ဘယ်ကလဲ၊ ဘာသွားလုပ်တာလဲ၊ ဘယ်ကို ပြန်မှာလဲ၊ အဖြေတွေကလည်း အစုံ။
အဲဒီ့အထဲမှာ ထိုင်းဘက်ကမ်း ဖန်ဖလားဘက်မှာ ပြည့်တန်ဆာလုပ်ပြီးပြန်လာတဲ့ မိန်းကလေးတွေက ဆယ်ယောက် ကျော်တယ်၊ အသက် ၇၈ အဖွားကြီးတဦး (ရွှေ ၁၀ သားလောက် ဘော်လီအင်္ကျီထဲ ထည့်ပြီး ဖွက်ထားတာ) ကျနော်တို့ ပြန်ပေးလိုက်တယ်။ ကလေးတွေက အယောက် ၃၀ လောက်ရှိမယ်။ လူအားလုံးက ထိုင်းဘက်မှာအလုပ်လုပ်ပြီး ပြန်နား ကြတာလေ။ (မြန်မာပြည်ဘက်မှာ စိုက်ပျိုးစားရင် ၀မ်းတောင် မ၀ကြတော့ဘူးတဲ့ဗျာ)
လှေပေါ်ပါတဲ့ပစ္စည်းက အများသား၊ နောက်ဆုံးအနီးဆုံးဖြစ်တဲ့ မလိကျွန်းကို ၀င်အပ်တယ်၊ လူတွေလည်း ဖမ်းပေါ့ဗျာ၊ လူတွေကိုတော့ လ၀ကမှာ ဒါဏ်ဆောင်လိုက်ရင် ပြီးတာပဲ၊ ပစ္စည်းအားလုံးက ပိုင်ရှင်မဲ့ ဖြစ်သွားပြီ။ မလိအိမ်ထောင်သည် လိုင်းက အကုန်ထွက်ပြီး သယ်ကြတာတောင် တနေကုန်တယ်ဗျာ။ လှေဝမ်းထဲမှာသာ သိပ်မသိသာတာ သောင်မှာပုံ လိုက်တော့ တော်တော်များတယ်၊ ဒါတွေအားလုံးဟာ လှေပေါ်မှာပါတဲ့ လူတွေပဲဖြစ်ဖြစ်၊ ကုန်သည်တွေရဲ့ ပစ္စည်းတွေပဲ ဖြစ်ဖြစ်၊ မြန်မာပြည်သူတွေရဲ့ ချွေး၊ သွေး၊ အသက်တွေနဲ့ ရှာထားတဲ့ အပူစာတွေပါဗျာ၊ ထိုင်းကပစ္စည်းကို အလကားရ တာ မဟုတ်ဘူး၊ လက်ဆောင်ပေးလိုက်တာ မဟုတ်ဘူး၊ ကိုယ့်ဆီက ရှိတာလေးရင်းပြီး ၀ယ်လာခဲ့ရတာ။
မေးကြည့်မိတော့ အဲဒီလောက်များတဲ့ လူတွေကြားထဲ ညဦးပိုင်း လှေပေါ်မှာ ကလေးမွေးသေးတယ်တဲ့ ကျနော့ရဲ့ ခံစား ချက် ထိပ်ဆုံးရောက်တဲ့အချိန်၊ ကလေးက မွေးပြီး မကြာခင်ဆုံးသွားလို့ ရေထဲချလိုက်တယ်တဲ့၊ မကြာပါဘူး စစ်သင်္ဘော ရောက်လာတာပါတဲ့။
လူ့ဘ၀ကို မိနစ်ပိုင်း ၀င်လာလိုက်တဲ့ မြန်မာနိုင်ငံသားလေး၊ သူ့ခမျာ သူ့အမေ၀မ်းထဲမှာ နေတုန်း ရေခြားမြေခြားမှာ ပင်ပန်းဆင်းရဲစွာနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ဒဏ်တွေကြောင်လား။ ဘ၀ဆက်တိုင်း မြန်မာပြည်သား ၀မ်းထဲ မဝင်ပါရစေနေနဲ့ လို့ ဆုများတောင်းခဲ့မိလေသလား။ မြန်မာပိုင်နက်ထဲ ရောက်တော့မှ ဆုံးရလေသလားကွယ်။ ကလေးအမေကလည်း ဘာလို့စောစောစီးစီး မပြန်တာလဲ၊ ကိုယ်ဝန်နဲ့ဆို လေယာဉ်တောင် ၇ လအထိပဲ စီးခွင့်ရှိတာ၊ ပင်လယ်ခရီးကို ဘယ်လိုပုံ စံနဲ့ နောက်ဆုံးအချိန်ကျမှ ပြန်ဖြစ်တာလဲ။ သူ့ မိဘတွေလက်ထဲမှာ မျက်နှာမြင်မယ်လို့ အားခဲပြီးပြန်ခဲ့လေ သလား။ ကျနော့်အတွေးထဲက လားပေါင်းများစွာ …
ဖမ်းမိလှေပေါ်မှာ ထမင်းမချက်ရတော့ ခရီးသည်တွေအားလုံး ရယ်ဒီမိတ်လေးတွေ လွေးကြတာပေါ့။ ကလေးတွေက သောက်ရင် ပက်စီ၊ ကျွဲရိုင်း၊ စပွန်ဆာ၊ စားရင် ခေါက်ဆွဲခြောက်ထုပ်ကို ပဲလှော် ၀ါးသလိုစားတာ၊ ကျနော်လည်း အဲဒီ့ အချိန်ကျမှ ဒီလိုစားလို့ရပါလားဆိုတာ သိခဲ့ရတယ်။
ကျနော် အတွေးပေါင်းများစွာနဲ့ ကျနော်တို့ စစ်ရေယာဉ်ပေါ်က လူတွေကလည်း စိတ်မကောင်းခြင်းများစွာနဲ့ ကျနော်တို့ ရေယာဉ်ကလူတွေ ဘာတခုမှ မယူဘူးဗျာ (အံ့သြဖို့ ဘယ်လောက်ကောင်းလိုက်လဲ)၊ မလိ ရှေ့တန်းစခန်းကတော့ ကျွန်း လုံးကျွတ်ထွက်ပြီး သယ်နေကြတာများ၊ Working Party (လုပ်အားပေး) လုပ်ရတဲ့ မျက်နှာတွေနဲ့ တခြားစီ ကျနော်တို့ ရေယာဉ်က လူတွေကို မလိကျွန်းမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဆိုပဲဗျာ၊ နောက်ဆုံး ကျွန်းစီအို (ကျွန်းစခန်းမှူး) က လက် ဆောင်ပြန်ပေးပါတယ်တဲ့၊ ပါတိတ် တထုပ်ပါ၊ နောက်တရက်မှာ မလိကနေ ခွာတယ် ၊ ဇာဒက်ကြီးကို ဦးတည်မောင်းနေ တုန်း…
မကြာခင် သဘောင်္ပေါ်မှာ တန်ပူလာ (ရေတပ်က အရာရှိ/စစ်သည်များ အပျော်တမ်းကစာလေ့ရှိသော ကစားနည်းတမျိုး) ကစားတော့ ကျနော် ဂိန်းတယ် ရတဲ့ဆုက ရွေပါတိတ် ၁ ထည် ..
အရောင်တူ အသွင်တူ အဖွဲ့အစည်းတခုတည်းအတွင်းမှာ တာဝန်ထမ်းဆောင်သူချင်း အတူတူ စိတ်စေတနာနဲ့ ပြုမူလုပ် ဆောင်ပုံ မတူကွဲပြားမှုရှိနေတာကို ခွဲခွဲခြားခြား မြင်တတ်ကြပါစေ…။
No comments:
Post a Comment