Sunday, September 18, 2011

ဦးကျော်ဆန်းနဲ့ ငြိမ်းချမ်းရေး

ကိုလိုနီခေတ်က ကျေးလက်မှာ သူကြီးဆိုတာ အာဏာအရှိဆုံး မဟုတ်လား။ အဲဒီလိုသူကြီးတွေထဲမှာ “နှစ်လုံးပြူးသေနတ်” ရထားတဲ့သူကြီးက ပိုပြီးအာဏာရှိတာပေါ့။
ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ “နှစ်လုံးပြူး” ရ ထားတဲ့သူကြီး ဖြစ်တယ်။ သူပြောနေတဲ့ စကားတွေနဲ့သူပြောနေတဲ့ အကြောင်းအရာတွေကိုကြည့်ရင် သူဟာ အခြားသော ဝန်ကြီးတွေလို မဟုတ်ဘဲ၊ “နှစ်လုံးပြူး” ရ ထားသူဖြစ်တယ်ဆိုတာ သိသိသာရှိလှတယ်။
သူဟာအခြားသော ပြည်ထောင်စုဝန်ကြီးတွေအားလုံးထက် ပြောနိုင်ဆိုနိုင်သူဖြစ်တယ်။ (နအဖ) စစ်အစိုးရ လက်ထက်ကလည်း ပြောရေးဆိုခွင့်အာဏာပိုင် အဖွဲ့ခေါင်းဆောင်၊ ယခု ဦးသိန်းစိန် အစိုးရအဖွဲ့မှာလည်း ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင်ဖြစ်တယ်။
အမျိုးသားလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးဆွေအောင်မေးတဲ့ “မေးခွန်းနဲ့ အဆို” ကို ဖြေကြားပြောဆိုရာမှာ သူ့ပါဝါကိုပြသွားတယ်။
အဲဒီလို ပါဝါပြရင်း “ငြိမ်းချမ်းရေး ဖခင်ဟုပြော၍ရသည့် သခင်ကိုယ်တော်မှိုင်း” ဆိုပြီး “ဝှေ့” သွားသေးတယ်။
ဒါဟာ “ငြိမ်းချမ်းရေး” ကြားဝင်ဆောင်ရွက်မယ်ဆိုသူတွေကို သတိပေးလိုက်တာပဲ ဖြစ်တယ်။ “သခင်ကိုယ်တော်မှိုင်း” လည်း ပမာမထားဘူးဆိုတဲ့ သဘောဖြစ်တယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးလှုပ်ရှားမှု/ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ ပတ်သက်လာရင်  (ဖဆပလ) (မဆလ) အုပ်စိုးသူတွေနဲ့ သူတို့ဟာ “ချိုတူ ဘို့တူ” တွေဖြစ်တယ်ဆိုတဲ့အချက်ကို ပြသလိုက်တာဖြစ်တယ်။
“ပြည်တွင်းသောင်းကျန်းမှုသမိုင်း” စာအုပ် စတင်ပုံနှိပ်နေပြီး၊ မကြာခင်ထုတ်ဝေမယ်လို့ဆိုတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းရေးနဲ့ ပတ်သက်လို့ သူတို့သဘောထား (ယခင်/ယခု) ဘာမှမပြောင်းလဲဘူးဆိုတာကို ထုတ်ဖေါ်ပြသနေတဲ့ အချက်တစ်ခုပဲ မဟုတ်ပါလား။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စကို အခုလို ခပ်တင်းတင်း/ ခပ်ရှင်းရှင်း ပြောထားပါတယ်။ “နိုင်ငံတော်အစိုးရအနေနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းလာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြေညာချက်အမှတ် (၁/၂၀၁၁) ပါ အတိုင်း လက်ခံဆွေးနွေးညှိနှိုင်းပြီး ပထမဦးစွာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေး၊ ၎င်းမှတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆက်လက်ဖော်ဆောင်သွားမည်” တဲ့။
“တစ်ဖွဲ့ချင်းဆွေးနွေးမယ်” ဆိုတာကို ထပ်မံအတည်ပြုပြောဆိုတာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဆွေးနွေးပွဲရဲ့ဘောင်ကို ကြိုတင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီဘောင်သတ်မှတ်ချက်ကို ဟောဒီလိုပြောသွားတယ်။
“နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖေါ်ဆောင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သည့် မူဘောင်အတွင်းမှ လိုက်လျောနိုင်သမျှလိုက်လျောပြီး နှစ်ဖက်မျှမျှတတနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်” တဲ့။
ဒီဘောင်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ လက်ခံနိုင်ပါသလော။
ကြားဝင်ဖြေရှင်းမယ်လို့ဆိုသူတွေအတွက်လည်း “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သည့် မူဘောင်အတွင်း” ကနေ ဆောင်ရွက်ကြရလိမ့်မယ်။
ကြားဝင်ဆောင်ရွက်မည့်သူတွေကလည်း ဒီဘောင်ကို လက်ခံနိုင်ပါသလော။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်က “ပွဲစားမဟုတ်၊ နှစ်ဖက်ကြားက ဆောင်ရွက်တဲ့ အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထု အကျိုးဆန္ဒနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကိုရရှိစေဖို့ ပြည်သူလူထုကို အခြေခံပြီးဆောင်ရွက်သွားမယ့်အဖွဲ့ ဖြစ်ပါတယ်”။
ဦးသိန်းစိန်အစိုးရနည်းက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်” ထဲ မဝင်ဝင်အောင်ဆွဲသွင်းနေတဲ့နည်းဖြစ်တယ်။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေးမူက “သူမနာ- ကိုယ်မနာ” တန်းတူရည်တူဆွေးနွေးအဖြေရှာတဲ့နည်း ဖြစ်တယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ကတော့ တမျိုးသားလုံးအကျိုးအတွက် ဒီမိုကရေစီအတိုင်းအတာ ဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့်နဲ့ လုပ်ဆောင်နိုင်ခွင့်ရှိတယ်/မရှိဘူးဆိုတဲ့ အချက်အပေါ်မှာ အဓိက မူတည်နေပါတယ်။

No comments:

Post a Comment