စက်တင်ဘာလ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံရှိ လူ့အခွင့်အရေးကောင်စီရုံးချုပ်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ရသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
“အထွေအထွေ အတွင်းရေးမှူးချုပ် (မစ္စတာ ဘန်ကီမွန်း) က မြန်မာအစိုးရရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကောင်းမြင်မှု ဆက်လက်ရရှိမယ့် အခွင့်အရေးကို လက်လွတ်မခံဖို့ ပြောပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုရေး စိန်ခေါ်မှုတွေအပေါ် ကူညီရေး ကုလသမဂ္ဂက ဆက်လက် လုပ်ဆောင်လိုတာကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အစည်းအဝေး၌ မစ္စတာဘန်ကီမွန်းက နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ဆက်လက်၍ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း သိရှိရသည်။
မစ္စတာဘန်ကီမွန်းနှင့် ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံရာ၌ မြန်မာအရေးကိစ္စများအပြင် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဒေသတွင်းအရေးများကိုလည်း အမြင်ချင်းဖလှယ်ကြကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။
မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်ကမူ မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် နိုင်ငံတကာ၏ သံသယများကို ဖယ်ရှားရန် အမြန်ဆုံး သက်သေပြသင့်သည်ဟု ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
နိုင်ငံ ၁၄ နိုင်ငံပါဝင်မည့် Friends of Burma အစည်းအဝေးကို ကျင်းပရန်လည်း မစ္စတာ ဘန်ကီမွန်းက ဖိတ်ခေါ်ထားကြောင်းနှင့် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် အနာဂတ်ကို ဆွေးနွေးသွားမည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ဖွယ်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန် အထက်လွှတ်တော်က စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးတို့တွင် ပြောင်းလဲတိုးတက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအား ပိတ်ဆို့ အရေးယူမှု သက်တမ်းတနှစ်ထပ်တိုးရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
လွှတ်တော်ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ မက်စ် ဘိုးကပ်စ်က “ပြီးခဲ့တဲ့ လတွေမှာ မြန်မာအစိုးရရဲ့ အားတက်စရာ ခြေလှမ်းတချို့ကို တွေ့ရပါတယ်။ မနှစ်က နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တယ်၊ အတိုက်အခံတွေနဲ့ စကားပြောတယ်။ ဒါပေမယ့် ဒါတွေ အားလုံးကြောင့် အဆင်ပြေပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ၂ လအကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်ပြယ်ကြောင်း ကြေညာတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း ထိမ်းသိမ်းထားဆဲ ဖြစ်တယ်” ဟု ပြောသည်။
Cliton Global Initiative (CGI) က နယူးယောက်မြို့တွင် ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်သွယ်ရေးဂြိုလ်တုမှတဆင့် တိုက်ရိုက် မိန့်ခွန်းပြောကြားမည်ဟု ကြေညာထားသည်။ ယင်းအစည်းအဝေးသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ အကြီးအကဲများ တက်ရောက်မည်ဖြစ်သည်။
No comments:
Post a Comment